Many Lives, Many Memories.

Category: Life Page 1 of 7

အိမ်

အခု မီမီဝင်းဖေရဲ့ အမှတ်တရ ဆိုတဲ့သီချင်းရဲ့ remix  ကိုနားထောင်နေရင်းနဲ့ ဟိုးအရင်က အတိတ်တွေကို ပြန်တွေးမိတယ်။ (ဒီသီချင်းကို နားထောင်မိပြီးသတိရမိတဲ့အကြောင်းကဘာရယ်တော့မဟုတ်ပါဘူး၊​ငယ်စဉ်ကာလက အရမ်းကြားဖူးခဲ့တဲ့သီချင်းဖြစ်နေလို့ပဲ)

အသက် ၃၀ ကျော်လာတဲ့ ကာလအတွင်းမှာ ဖြစ်ခဲ့တာတွေက အရမ်းများသလိုပဲ။ နေခဲ့တဲ့ နေရာတွေ အိပ်ခဲ့ရတဲ့နေရာတွေကလည်း အရမ်းများတယ်။

တချို့ဟာတွေဆိုသေချာမမှတ်မိတော့ဘူး။

မိဘနဲ့ စအိပ်ရာခွဲအိပ်ခဲ့တာ အသက် ၁၀ နှစ်မပြည့်ခင်ထင်တာပဲ။

အိမ်က အကြီးကြီးမဟုတ်ပါဘူး။ သေးသေးလေး၊ ကိုယ်  မမွေးခင်တုန်းက လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့သေးတယ်ဆိုတယ်။

အဲဒီလို ဆိုင်မကျ အိမ်မကျ နေရာလေးမှာပဲ ဟိုနား အခန်းကန့်လိုက် ဒီနားအခန်းကန့်လိုက်နဲ့ လုပ်ပြီး အသက် ၂၀ ကျော်တဲ့အထိ နေလာခဲ့တာ။

၁၀ နှစ်ကျော်မှာ ဧည့်ခန်းထဲကို ကုတင်ထုတ်ပေးတာကို မှတ်မိသလိုလိုရှိတယ်။ နောက်တော့ အဲဒီနားမှာ လိုက်ကာ လေးတွေကန့်ပေးပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အခန်းလေးဖြစ်သွားတယ်။

တစ်ဖက်မှာတော့ ဧည့်သည်တွေရှိတယ်။ တစ်ဖက်မှာတော့ လိုက်ကာလေးနဲ့ကိုယ့်အခန်းရှိတယ်။လိုက်ကာဆိုတာ ဆေးခန်းတွေမှာ သုံးတဲ့ အရှင် လေးတွေပါ။ 

ပြန်တွေးကြည့်လိုက်တော့လည်း အဲဒီအခန်းလေးထဲပြန်ရောက်သွားသလိုပဲ။

အဝတ်တွေကို တော့ခြေရင်းက ကုတင် တန်းပေါ်တင်ထားလေးရှိတော့ အောက်ခြေကို ကာထားသလိုဖြစ်နေတာပေါ့။

အိမ်မှာ အဲဒီတုန်းက လျှာထိုး စက်ရှိသေးတယ်။ ပရိဘောဂတွေလည်း လုပ်လေ့ရှိတယ်။

စန္ဒယားတီးတဲ့ ခုံပုံစံလုပ်ထားတဲ့ စာကြည့်စားပွဲရှိသေးတယ်။ အဖုံးကိုအောက်ချလိုက်ရင်စာတင်ရေးတဲ့စားပွဲဖြစ်သွားတာမျိုးပေါ့။ ၂၀၀၂ကနေ ၂၀၀၅ ခုနှစ်အထိ အဲဒီနေရာမှာပဲအိပ်ခဲ့တယ်။ ပြန်တွေးကြည့်ရင်တော်တော်ကျဉ်းတဲ့နေရာလေးပေါ့။ 

အလျား ၁၅ပေ အနံ ၁၀ ပေလောက်ရှိမယ်ထင်တယ်။ 

ခေါင်းရင်းမှာ စာကြည့်တဲ့စားပွဲလေးရှိတယ်။ အရှေ့ဘက်ကိုခေါင်းတည်ထားတယ်။ ဖြစ်ချင်တော့ ဧည့်ခန်းဖြစ်နေတော့ နတ်စင်ကပါ ကိုယ့်အခန်းထဲရောက်နေတယ်။ မြင်းဖြူရှင်လားမသိဘူး။

ဆယ်တန်းရောက်တော့ ကိုယ့်ရဲ့ စာအုပ်တွေကော၊ အချိန်စာရင်း အကုန်လုံးအဲဒီအခန်းလေးထဲမှာပဲ လုပ်ဖြစ်ခဲ့တာ။ ၈/တန်း ၉တန်းလောက်အထိတော့ ကာတွန်းတွေဆွဲသေးတယ်။ အဲဒီအခန်းလေးထဲပဲ တခါတလေ အခန်းအောင်းပြီး ကာတွန်းဆွဲနေတာ။ အခုထိတော့ ကျန်နေလောက်ပါသေးတယ်. အမှတ်တရလေးတွေ။ 

မင်းမြတ်သူရ ဝတ္ထုတွေကို အိပ်ရာထဲမှာ ညအိပ်ချိန် ခိုးပြီး ဓာတ်မီးနဲ့ဖတ်ခဲ့တာမှတ်မိသေးတယ်။

အဲဒီအချိန်က မီးကလည်းမမှန်သေးဘူးကိုး။ နောက်တော့ မျက်မှန်ပါဝါတက်တာအဲဒါတွေကြောင့်ထင်တာပဲ။

၇တန်း အသက် ၁၂ လောက်မှာ စာတွေ မမြင်ရတော့ဘူးဆိုတာသိတာပဲ။ သင်္ချာ ကျူရှင်မှာ မမြင်ရလို့ မှန်ဘီလူးကြီး ယူသွားပြီး စာတွက်ခဲ့တယ်။

၉တန်းရောက်မှ Bio  ဆရာက ပြောလို့ မျက်မှန် စစ်ပြီး စတတ်ဖြစ်တယ်။ အံ့သြဖို့ကောင်းတာ ၂နှစ်လုံးလုံး ဆရာ၊ဆရာမတွေဘယ်သူမှ မျက်မှန် သွားစစ်တော့လို့မပြောခဲ့ကြဘူး။

စာလုပ်တဲ့အချိန်တွေဆိုရင် အဲဒီအခန်းလေးထဲမှာလုပ်ရင်လုပ်တယ်။ နောက်ပြီးရုံးခန်းလို့ခေါ်တဲ့ အမေတို့ အလုပ်လုပ်တဲ့ ဘန်ဂလို လို မျိုးလေးရှိတယ်။ ပတ်ပတ်လည်က အပွင့်၊ နေပူတာကို ယင်းလိပ်တွေနဲ့ကာထားတာ ။ အဲဒီပေါ်တက်လုပ်တယ်။ ၉တန်း ၁၀ တန်းစာကျက်ရင် အဲဒီပေါ်မှာသွားကျက်ရင်ကျက်တယ်။ နောက် အိမ်ခန်းထဲမှာပဲ စတိုးဆိုင်ရှိတယ်။ အဲဒီစတိုးဆိုင် ထဲမှာသွားလုပ်ရင်လုပ်တယ်။ ၅ တန်းကနေ ၆တန်းလောက်အထိ အိမ်မှာကာရာအိုကေ ဆိုင် ဖွင့်သေးတယ်။

ဒါကြောင့် ခုထိ ရှေးသီချင်းတွေ အလွတ်ရနေတာ။ 

အဲဒီတုန်းကမီးစက်ကြီးရှိတယ်။ မီးစက်က ရိုးရိုး အင်ဂျင်ကို ဂျန်နေရတာ နဲ့ချိတ်ထားတာမျိုး။ အကြီးကြီးပဲ။ 

နောက်တော့ ရောင်းပစ်လိုက်တယ်ထင်တယ်။ 

၇တန်းမှာတော့ စတိုးဆိုင်ဖြစ်နေပြီ၊ အဲဒီတုန်းက ၂၀၀၂ ပေါ့။

ဘဝမှာ ပထမဆုံး ဒေါ်လာကို အဲဒီကာလဝန်းကျင်တုန်းက မြင်ဖူးတယ်။

ဟာချီမိတ်ကပ်ဘူးထဲကလားပဲပေါက်တာ။ အဲဒီ ဒေါ်လာလေးကို မြန်မာငွေ ၁၀၀၀ နဲ့ ပြန်ဝယ် ပြီး ပိုက်ဆံအိတ်ထဲ အမြဲသိမ်းထားတယ်။

၁၀တန်းလောက်မှာမီးစက် အသေးလေး ဖြစ်သွားတယ်။ စာလုပ်ရင် အဲဒီဟာလေးနဲ့မီး ဖွင့်ထားတယ်။ ညဘက်ဆို ဆူလို့ နားကြပ်တပ်စာလုပ်တဲ့အကျင့်ရှိတယ်။ စာကျက်ရင်ဖြစ်ဖြစ်သင်္ချာတွက်ရင်ဖြစ်ဖြစ် အဲဒီလို နားကြပ်တပ်လုပ်တယ်။

နောက်တော့ အိမ်မှာ ဘက်ထရီ အကြီးတစ်ခုရှိလာတယ်ထင်တယ်။ ဆယ်တန်း တစ်လျှောက်လုံး မီးစက် ဖွင့်ထားဖို့ကလည်း ဈေးကြီးတာကိုး၊

ဒါကြောင့် မီးတစ်လုံးစာပဲ ဖွင့်လို့ရတဲ့ ဘက်ထရီ အိုး ထားထားတယ်။

စာလုပ်ရင် အဲဒီဟာနဲ့ လုပ်တယ်။ ညဘက်ချိန်ထိ လုပ်သလဲတော့ မမှတ်မိတော့ဘူး။

ဘက်ထရီနဲ့မီးချောင်းက စတိုးဆိုင်ထဲမှာရှိတော့ အဲဒီ နေရာမှာပဲ ထိုင်လုပ်တယ်။

မနက်ခင်းတွေဆို အစောကြီး ထ ကျူရှင်သွားရင်သွားတက်၊

ဒါမှမဟုတ် အိမ်မှာလာသင်ပေးတဲ့ ဆရာတွေနဲ့ သင်တယ်။

အိပ်ရာကလည်း နိုးချင်မှနိုးတယ်။

အထဲမှာဘာစာတွေပါသလဲဆိုတာ အခုတော်တော်မေ့ကုန်ပြီ။

ပျော်ဖို့ကောင်းတာကတော့ မနက်အစော ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ်သွားတက်ရတဲ့ကျုရှင်တွေပဲ။

ကျောင်းသားတွေက ၁၀၀ နီးပါးလောက်ရှိတာ။ အခြား ကျောင်းက ကောင်မလေးတွေကိုလည်း ငမ်းလို့ရတော့ ပျော်တာပေါ့။

ဒါပေမယ့် အိပ်ရာစောစော မထနိုင်တာရယ်၊ လူတွေ အများကြီးနဲ့ စာလိုက်လို့မမှီတာရယ်ကြောင့် မတက်ဖြစ်တော့ဘူး။  နောက်ကျတော့ ညနေခင်း သင်္ချာ နဲ့ physic အတန်း တစ်ခု ပဲ အများနဲ့တက်တာပါတော့တယ်။

ကျန်တာတွေက ဝိုင်းကျူရှင်တွေပေါ့။

ပိတ်ရက်တွေဆိုလည်း ကျူရှင်တွေရှိ၊

စာတွေကျက်၊ နဲ့ကိုယ်ပိုင်အချိန်တော်တော်ရှားတယ်။

၂၀၀၅  ၉တန်းမှာ သီချင်းနားထောင်ရတာသဘောကျနေပြီ၊ ကိုယ့်ဘာသာ မုန့်ဖိုးစုပြီး ကက်ဆက် player လေးဝယ်တယ်။

ပထမဆုံး ကက်ဆက်နဲ့ နားထောင်တဲ့အခွေကတော့ sai sai live ပါ။ အချိန်တိုင်းနားထောင်တယ်၊ ညအိပ်ရင်ကောပဲ။ 

၉တန်းတုန်းက မန္တလေးကို ပြိုင်ပွဲတစ်ခုအတွက်အဖေနဲ့ တခါ သွားခဲ့ဖူးတယ် ။ အဲဒါပထမဆုံးအကြိမ်လားတော့မသိဘူး။ 

ဆေးကျောင်းရှေ့က စတား တည်းခိုခန်းမှာ နေခဲ့တယ်ထင်တယ်။ အချိန်တိုင်း နားထောင်တာ အဲဒီ live သီချင်းခွေပဲ။

တခါတလေကိုယ်ကြိုက်တဲ့ သီချင်းတွေဆိုရင် VCD စက်ဘေးမှာ ကက်ဆက်လေးချထားပြီး အသံသွင်းထားပြီး ပြန်နားထောင်ရတာ။

၁၀တန်း တဝက်လောက်ရောက်ချိန်မှာတော့ CD player လေးဝယ်ပြီးသွားတယ်။

MP3 ပါနားထောင်လို့ရတယ်။ မကောင်းတာကတော့ ဘက်ထရီပဲ။ နားထောင်ချင်ရင် ပလပ်တပ်ပြီးနားထောင်မှပဲအဆင်ပြေတယ်။

အဲဒီလို အခြေအနေနဲ့ စာလုပ်ခဲ့ပြီး ၂၀၀၆မှာ ဆယ်တန်းမှာ ဂုဏ်ထူး ၄လုံးပါပြီးဆေးကျောင်းရောက်သွားတယ်။

ဆယ်တန်းစာမေးပွဲပြီးခါစက အပျော်တွေကိုသတိရမှတ်မိတယ်။ 

ရောက်ရောက်ချင်း သီချင်းတွေဖွင့်တာဆိုတာ၊ ၂၀၀၅/၂၀၀၆ အဲဒီကာလကထွက်တဲ့  DJ အခွေ၊ ကျားပေါက် ရဲ့ နီးနီးလေးနဲ့ဝေးတို့ လိုမျိုးသီချင်းတွေပါတယ်။

နောက်တော့ နွေရာသီတွေက ပျင်းစရာတွေပဲ။

၁၀တန်းဖြေပြီးတဲ့နောက်မှာ အိပ်ရတဲ့နေရာ နောက်တခုကို ရောက်သွားတယ်။ စတိုးဆိုင် ကိုဖြုတ်လိုက်ပြီ။

အဲဒီ စတိုးဆိုင်ကို အခန်းတွေပြန်ကန့်ပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းလေးဖြစ်သွားပြန်တယ်။

၂၀၀၆ ခုနှစ် တက္ကသိုလ် မတက်ခင်ကာလတွေကတော့ အဲဒီကိုယ်ပိုင်အခန်းလေးထဲမှာပေါ့။ 

ဆယ်ကျော်သက်တို့ ရဲ့ သဘောအတိုင်း Eminem အခွေ၊ Rap သီချင်းတွေ ကို CD player ပါ ပါတဲ့ ကက်ဆက်နဲ့ ဖွင့်လို့ပေါ့၊ အသံကျယ်လေ ကြိုက်လေဆိုတဲ့ အရွယ်မျိုး။

ရန်ကုန်ကိုသွား သူငယ်ချင်းဆီသွားလည်တယ်။

အရင်တုန်းက အတန်းထဲမှာစကားမပြောသူငယ်ချင်း မရှိခဲ့သူက သူငယ်ချင်းတွေဆုံပြီဆိုတိုင်း ပါလေ့ရှိတယ်။

လျှောက်လည်တယ်။

သီချင်းရေးတာဆိုတာတွေလုပ်တယ်။

အင်တာနက်ဂျာနယ်ဖတ်နည်းပညာတွေသွားရည်ကျ၊

ဆုဒိုခု ဆော့တယ်။

ကယ်ရီကေးချားဆွဲတယ်။

ဆယ်တန်းအစမှာပဲ အဖေနဲ့အမေက စားသောက်ဆိုင် စီးပွားရေး အသစ်လုပ်တယ်။

မြို့အရှေ့ဘက်မှာ။ နေပြည်တော် လည်း စဖြစ်တဲ့ကာလဆိုတော့ အလုပ်အကိုင် တော်တော်အဆင်ပြေလာတယ်။ ညဘက်ဆို သူတို့က ညည့်တော်တော်နက်မှ အိမ်ပြန်လာတယ်။  မနက် ခင်း ၃နာရီလောက်မှလည်းဖြစ်ရင်ဖြစ်တတ်တယ်။

အိမ်စောင့်ကတော့ ဝမ်းကွဲ အဖွားရယ်၊ ကိုယ် ရယ်၊ အစ်ကိုကြီးရယ်ပေါ့။

ည၈နာရီ ကိုရီးယားကား ကြည့်ပြီးစောင့်ရင်စောင့်တယ်။

ဒါမှမဟုတ်လည်း ဇာတ်ကားတွေကို DVD player နဲ့ကြည့်ပေါ့။ 

ဆေးကျောင်း စတက်တော့မယ်ဆိုတော့ ၂၀၀၆ နှစ်ကုန်ခါနီးလောက်မှာ.. အရာရာ စပြောင်းလဲတော့မယ့်အချိန်ပေါ့။

၁၆နှစ် နီးပါးနေခဲ့တဲ့ အိမ်ကလေးနဲ့ တစတစ ဝေးလာတဲ့အချိန်တွေပဲပြောရမလား။

မန္တလေးမှာ ဘဝသစ်တစ်ခုလို ဖြစ်ခဲ့တယ်။

ကျန်နေခဲ့တဲ့ အိမ်လေးက သူ့ဘာသာဆက်လည်ပတ်နေတယ်။

အမေ နဲ့ အဖေက တစ်လှည့်စီ မန္တလေးကို လာလေ့ရှိတယ်။

ကျောင်းမှာ စာမေးပွဲကာလတွေပဲဖြစ်ဖြစ်၊ ဖျားနာနေတယ်ဆိုရင်ပဲဖြစ်ဖြစ် အမြဲရောက်လာတယ်။

မန္တလေး ၆၈ လမ်း မှာ ခဏနေတယ်။ မန္တလေးကို စသေချာမိတ်ဆက်တဲ့အချိန်ဟာ အေးစိမ့်ပြီး နှင်းတွေဝေနေတဲ့ကာလပါ။

လမ်း၃၀ ဟာ ကိုယ် ့ရဲ့ခြေရာတွေထပ်နေတယ်။

နောက်တော့ လမ်း၇၀ ကအဆောင်မှာသူငယ်ချင်းတွေနဲ့နေတယ်။

အဲဒီအဆောက်အဦးလေးလည်းမရှိတော့ဘူး။

ဒုတိယနှစ်ကို ၇၇ မှာနေတယ်။

နောက်တော့ လမ်း၇၀ ဗထူးကွင်းနားမှာ အခန်းလေး ဝယ်ပေးပြီး ဒုတိယနှစ် နှစ်တစ်ဝက်ကနေ နောက်ဆုံး ဘွဲ့ရတဲ့အထိ အဲဒီမှာပဲနေဖြစ်သွားခဲ့တယ် ။

ပထမနှစ် မှာ Nokia 6233 ဖုန်းကို အမေဝယ်ပေးခဲ့တယ်။ ပထမဆုံး mobile phone လက်ထဲ စရောက်ခဲ့တုန်းက အပျော်လိုမျိုး အခုနေပြန်ရှာလို့မရတော့ဘူး။ 

ဖုန်းကို anycall ကနေဝယ်တယ်။ လက်ထဲ ပထမဆုံးဖုန်းရောက်တဲ့နေ့က အပြန်မှာ မိုးတွေအရမ်းရွာပြီး မန္တလေးမှာ ရေတွေကြီးတယ်။

လင်းလင်း ထမင်းဆိုင်မှာသွားစားတော့ ရေတွေက တက်သလို ခြေထောက်အောက်မှာ ပိုးဟပ်တွေပြေးနေတာကို သတိထားမိတယ်။

ဒါပေမယ့် ပျော်တာပဲ။ 

ပထမနှစ်တက်တုန်းက အပျော်တွေ၊ ရင်ခုန်မှုတွေ၊ စာမေးပွဲကျမှုတွေနဲ့ ဘယ်လို ပြီးသွားသလဲတောင်မသိလိုက်။

တစ်နှစ်တစ်ခါ ၂ခါလောက် အမြဲ ပျဉ်းမနား အိမ်ကိုပြန်တယ်။

ပြန်တဲ့အခေါက်တိုင်း မှာလည်း နေရာအသစ်တွေ ကပြောင်းလဲနေသလိုပဲ။

၂၀၀၇/၂၀၁၀ တွေလောက်မှာတော့ ဆယ်တန်းပြီးစကနေတဲ့ အခန်းလေးထဲမှာပဲ။

အဲဒီအခန်းလေးထဲမှာ အိပ်နေရင်း ဘေးမှာတော့ဆက်လို့မရတဲ့ မိုဘိုင်း ဖုန်းလေးရှိတယ်။

အဲဒီကာလက GSM ဖုန်းတွေသုံးလို့မရသေးဘူး။ အိပ်မက်ထဲမှာ ဖုန်းလိုင်းမိပြီဆိုပြိး အမြဲလိုလိုပါလေ့ရှိတယ်။

အိပ်ရာကနိုးရင် ဖုန်းကို ဖွင့်ဖွင့်ကြည့်ရတာ။

ဒီဇင်ဘာပိတ်ရက်တွေပြီးလို့ မန္တလေးကို အပြန် မန္တလေးထဲစဝင်ပြီဆိုရင်ပဲ ဖုန်းထဲ မတ်ဆေ့တွေ missed call တွေနဲ့ ကြိုဆိုလို့နေတယ်။

နောက်တော့ ဖုန်းလိုင်း စရလာတယ်။ ဖုန်း အင်တာနက်စရတာကတော့ ၂၀၁၁ လောက်မှဖြစ်လိမ့်မယ်။ 

အိမ်ကအခန်းလေးကတော့ နောက်တနေရာကို ရွှေ့ရဖို့ဖန်လာပြန်တယ်။

အိမ်မှာပဲ စားသောက်ဆိုင် အသစ်ထပ်ဖွင့်ဖို့ဖြစ်လာတော့၊ အရင်က နေခဲ့တဲ့ အခန်းလေးကအခု ဆိုင်ခန်း ဧရိယာထဲပါသွားပြန်တယ််။

အဲဒါနဲ့ ငယ်ငယ်က ရှိခဲ့တဲ့ထမင်းစားခန်းဟာပုံစံပြောင်းပြီး အခုတော့ကိုယ် ့အခန်းလေးဖြစ်သွားပြန်ရော၊ အဲဒီထဲမှာ ဘယ်လောက်ကြာကြာနေခဲ့လဲသိပ်မမှတ်မိချင်တော့ဘူး။

နောက်တော့ အဲဒီဘေးက အရင်က မိဘတွေနေခဲ့တဲ့အခန်း၊ ကိုယ် ့အစ်ကိုကြီးနေခဲ့တဲ့အခန်းစီပြန်ရောက်၊

ကျောင်းပြီးတဲ့အချိန်မှာတော့ အိမ်ကတော်တော် ပုံစံပြောင်းနေပြီ၊ အရင်တုန်းက အလုပ်လုပ်ခဲ့ကြတဲ့ရုံးခန်းဆိုတဲ့နေရာလေးက အခုတော့ ခြေတံရှည်ဖြစ်သွားပြီး အပေါ်ထပ်မှာ ကိုယ် ့အတွက်သီးသန့် အခန်းလေးဖြစ်သွားပြန်တယ်။ ၂၀၁၃ ကျောင်းပြိးကာလ..

Childhoold memory အရာရာပြီးဆုံးသွားမယ့်ကာလပေါ့။

အဲဒီ နေရာလေးမှာ တစ်နှစ်လောက်နေခဲ့တယ်။ mobile app တွေ စရေးခဲ့တာအဲဒီအခန်းလေးထဲပဲ။ 

၂၀၁၃ နှစ်ကုန်ခဲ့သလားတောင်မမှတ်မိတော့ဘူး။

အဲဒီ ခြံကြီးနဲ့ အိမ်ကို ရောင်းပစ်လိုက်ပြီး တင်နေတဲ့အကြွေးတွေ ကို အကုန်ဆပ်လိုက်တယ်။

ရှိနေတဲ့စီးပွားရေးတွေ လည်းအကုန်ရပ်သွားတာပေါ့။

တစ်ချိန်တည်းမှာပဲ မန္တလေးမှာ ကိုယ်ကျောင်းတက်တဲ့တစ်လျှောက်လုံးနေခဲ့တဲ့ အခန်းလေးကိုပါရောင်းပစ်လိုက်ရတယ်။

ဘာမှသေချာနှုတ်ဆက်မှုတောင်မလုပ်ခဲ့ရဘူး။

ရောင်းရတဲ့အဓိက ရည်ရွယ်ချက်ကတော့ အကြွေးတွေဆပ်ဖို့ပါပဲ။

အမေကတော့ ပြောတယ်။ ဒီခြံကို သာရောင်းဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် မန္တလေးက အခန်းလေးကို မရောင်းပစ်ခဲ့ပါဘူးတဲ့။

နောက်ထပ် နေရာအသစ်တွေ၊ အိမ်အသစ်တွေ ရှိပေမယ့်လို့ 

ကိုယ်ဟာ နွေးထွေးမှုကို မခံစားရဘူး။ 

အမှတ်တရတွေက အပြင်မှာ ကြည့်စရာမရှိတော့ဘူး။ ခေါင်းထဲမှာ မှတ်ဉာဏ်အနေနဲ့ပဲကျန်နေတယ်။

အမှတ်တရတွေ ရှိနေတဲ့နေရာ၊ ကိုယ့်ဇာတိချက်ကြွေတဲ့နေရာဟာ အခုထိ အိမ်လို့ပဲ မှတ်မိနေတယ်။

မိုင်ပေါင်း သောင်းချီဝေးတဲ့နေရာမှာရောက်နေလို့ အိမ်ဆိုတာကို အိပ်မက်မက်ရင် အဲဒီနေရာ ကာလတွေကို ပဲမှတ်မိနေတယ်။

အပြင်မှာတော့ ပြန်ကြည့်စရာ အဲဒီနေရာမရှိတော့ဘူး။ ကိုယ်လည်းမ ပိုင်တော့ဘူး။

တစ်နေ့ ကိုယ် အဲဒီနေရာတွေ ပြန်ဝယ်နိုင်တဲ့ အခြေအနေရောက်လာခဲ့ရင် 

ငယ်ငယ်က နေခဲ့တဲ့အတိုင်း ပြန်ဆောက်ပြီး ပြန်လည်ပတ်ကြည့်ချင်မိတယ်။

အဲဒီကာလနောက်ပိုင်းတွေဟာ ကျောင်းသားဘဝကုန်ဆုံးလို့ လက်တွေ့ဘဝထဲကိုရောက်ပြီး. ခက်ခဲတဲ့အချိန်တွေပဲ။

အရာရာ ရုတ်တရက်ကြီး ပြောင်းလဲသွားတာတွေကို လက်မခံနိုင်တာ ဖြစ်တယ်။

ကိုယ့်အတွက်တင်မကပါဘူး။ အမေတို့ ၊အဖေတို့ ၊အစ်ကိုတို့ အတွက်လည်း ပါမှာပါ။

တစ်သက်လုံးနေလာခဲ့တဲ့ life style တစ်ခုကို အသက်ကြီးလာမှ ပြောင်းလဲပစ်လိုက်ရတာ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ အဝေးကို ရောက်သွားတဲ့အခါမှာ ဖြစ်တဲ့ခံစားချက်မျိုးလေ..

But, this is the way right?

အဲဒီနောက်ပိုင်း 

ကိုယ့်ရဲ့ profession နဲ့လည်း တဖြေးဖြေးဝေးလာခဲ့သလိုပါပဲ။ ၂၀၁၃ မှာ ကျောင်းပြီးပေမယ့် နေပြည်တော်မှာနေပြီး ကိုယ့်အတွက် တကယ့်အလုပ်မရှိသလို ခံစားခဲ့ရတယ်။

အဲဒါ ၂၀၁၇ ရန်ကုန်ကို ရွေ့လိုက်တဲ့ ကာလအထိပဲ။

၂နှစ်ခွဲကာလဟာ အိမ်မက်ဆိုးတွေကို မက်ဖို့ လုံလောက်ခဲ့သလိုပဲ။

နောက်ထပ် ဖြစ်လာမယ့်ဘဝတစ်ခုအတွက် လမ်းသစ်တွေလည်းပေါ်လာတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အဆက်အသွယ်တွေလည်းအများကြီးပေါ်ထွက်လာတယ်။

မန္တလေးမှာတုန်းကလိုပဲ၊ အမေနဲ့အဖေဟာ ရန်ကုန်ကိုလည်း မကြာမကြာလာတုန်းပဲ။

နေမကောင်းတဲ့အခါ ကိုယ်တိုင်မလာနိုင်ရင်တောင် တယော်ကမဟုတ်တယောက်ကိုလွှတ်ပေးလေ့ရှိတယ်။

အစားအသောက်အဆင်မပြေဘူးဆိုရင် တစ်ပတ်လောက်တော့ လာပြီး ချက်ပြုတ်ကျွေးတယ်။

၃နှစ် ရှိပြီ …

တစ်ခုအတွက် တစ်ခု ပေးရတယ်ဆိုသလိုပဲ။ 

အိမ်ရဲ့ breadwinner လိုမျိုး ကိုယ်ဖြစ်လာတယ်။ တခြားသော ကိစ္စများစွာကိုလည်း တာဝန်ယူထားတာတွေလည်းရှိလာတယ်။

မင်းရဲ့ မျှော်လင့်ချက်အိပ်မက်က ဘာလို့ လို့မေးလာရင်

တစ်ဖက်က ကိုယ်မလဲပြိုနိုင်တဲ့အခြေအနေထိ ဆက် ရှင်သန်နေဖို့ရယ်..

ကိုယ် တို့ အိမ်ပြန်ပြီး အမှတ်တရ တွေနဲ့ ပြန်ပေါင်းစည်းလို့ ရဖို့ရယ်ပေါ့..

လွန်ခဲ့တဲ့ ၁၀နှစ်က..

လွန်ခဲ့တဲ့ ၁၀နှစ်ကို ပြန်ကြည့်လိုက်ရင် ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အမှတ်တရတွေက မနည်းဘူး။

အပြောင်းအလဲတွေကလည်း ခဏခဏပါပဲ။

အိုင်တီလောက ထဲကို ခြေလှမ်းစလှမ်းခဲ့တာ ၂၀၁၂ လောက်တည်းကလို့ ပြောလို့ရမယ်ထင်တယ်။

အဲဒီတုန်းက မိုဘိုင်းGroup တွေမှာ စပြီး ကူတာတွေလုပ်နေပြီ။

Root ဖောက်၊ မြန်မာစာထည့်ဘာညာပေါ့လေ။

Samsung Galaxy S2 လေးတစ်ခုရှိတာ မျောက်အုန်းသီးရသလိုပဲ။

၂၀၁၃ လောက်မှာ ဘွဲ့ရပြီးတော့ အိမ်ပြန်နေတယ်။

ကျောင်းနေဘက် သူငယ်ချင်းတွေ ဆေးရုံမှာ၊ ဆေးကုမ္ပဏီမှာ၊ နာမည်ကြီး NGO တွေမှာ လုပ်နေကြတာမြင်တော့ အားကျပေမယ့် ကိုယ်မလုပ်ချင်တဲ့အရာမှန်း သိနေလို့ ဘာမှမလုပ်ဖြစ်ဘူး။

၆နှစ်လောက် ဝေးကွာနေတဲ့ မိသားစု နဲ့ အေးအေးဆေးဆေးနေတယ်။

MPT ရဲ့လိပ်လိုနှေးတဲ့ internet ကိုလျှောက်၊

ကိုယ့်အတွက် အပိုင်စားရထားတဲ့ သစ်သား အခန်းလေးထဲမှာ ၊ ကွန်ပျူတာတွေဆင်ပြီးနေ့နေ့ညည အင်တာနက်သုံးတယ်။ 

၂၀၁၃ က Wizard tool တွေနဲ့ မိုဘိုင်း App တွေကို စဖန်တီးနေတဲ့အချိန်။

Playstore ပေါ်မှာ ရှိတဲ့ မြန်မာ  App တွေက ရေတွက်လို့ရနေသေးတယ်။

အိမ်ထဲမှာပဲ နေပြီး ကွန်ပျူတာရှေ့ကလွဲပြီး ဘာအလုပ်မှ မလုပ်တဲ့ မောင်ငြိမ်းကို ဆေးခန်းထိုင်တာ၊ ဒါမှမဟုတ်ဆေးရုံမှာ လုပ်တာတွေ မာတာမိခင်ကလုပ်စေချင်တယ်။

တခါတရံ အမေအတင်းဆွဲခေါ်လာတဲ့ လူနာတွေနဲ့ အဖိုး ကို ကြည့်ပေးတာကလွဲလို့ ဘာမှသိပ်မကုဘူး။

ကိုယ့်ဘာသာ ဆေးကုတာကို အားမရဘူးလို့ ပြောတယ်။

ဆေးကုတာ အပြင် ငါ ဘာလုပ်တတ်သေးလဲ တစ်ချိန်လုံး တွေးနေခဲ့တာ။

ကောင်းကောင်းကျွမ်းကျင်နေပြီဖြစ်တဲ့ App develop လုပ်တာတွေကို အသုံးချပြီး ငါ မရှိသေးတာတွေ လုပ်မယ်လို့ စအတွေးဝင်တယ်။ အဲဒီမှာ Myanmar First Aid စပေါ်လာတယ်။

NGO တစ်ခုခုမှာလုပ်ပါလား ဆိုပြီး ပြောလို့၊ နေပြည်တော်မှာရှိတဲ့ NGO မှာ Volunteer လိုလို သွားယောင်ခဲ့သေးတယ်။

တကယ်တော့ အဲဒီမှာ သွားလုပ်ခဲ့မိတာကလည်း သင်ခန်းစာတွေ ရခဲ့ပါတယ်။

နိုင်ငံတော် အဆင့်ပွဲတွေနဲ့ မစိမ်းခဲ့ဘူး။ 

ဗဟိုတွေမှာ ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို အနီးကပ် မြင်ခဲ့လေ့လာခဲ့ရတယ်။

ဟာကွက်တွေလည်း မြင်ရသလို၊ Efficient မဖြစ်တဲ့ စနစ်တွေကိုလည်း သိရတယ်။

အဲဒီ လို သိခဲ့တဲ့အရာတွေကနေပဲ နောက်ပိုင်း လုပ်ဖြစ်တဲ့အရာတွေရဲ့ စိတ်ကူးတွေကို ဆက်ရလာတာပဲ။

တစ်ခါတစ်ရံ mobile clinics တွေထွက်တဲ့အခါ လိုက်ကုတယ်။

ဘာတွေ ကုလဲ၊ ဘယ်လောက်ထိရောက်သလဲဆိုတဲ့ မေးခွန်းတွေလည်း အရမ်းမေးတယ်။

လူနာ တစ်ယောက်ကို ကြည့်တိုင်း အမြဲလိုလို ခံစားမိတာက အတော်များများက လုံလောက်တဲ့ အချက်အလက်မရှိဘဲ၊ အနည်းဆုံး တစ်ခုခုကိုပေးလိုက်ရတာမျိုး ဖြစ်နေခဲ့တယ်။

လူနာမှတ်တမ်း ထဲမှာ အချက်အလက်မစုံတာ၊ အရင်ဘာဖြစ်နေလဲမသိရတာ၊ အချိန်ကန့်သတ်ချက်ရှိတာ၊ 

နောက်ဆက်တွဲ လုပ်ပေးဖို့လိုတာတွေ ရှိမနေတာ၊ စသဖြင့်ပေါ့။

နောက်ဆုံး ဆေးတစ်ခုခုပေးဖို့လိုရင်တောင် ကိုယ်က အမြဲပေးနေကျမဟုတ်တော့ dose တွေမေ့တယ်။

လူအတော်များများကို Referral လုပ်ဖို့ကြံလိုက်ရင် ဘယ်ဆေးရုံ ၊ဘယ်အချိန်မှာဖွင့်နေမှန်းမသိနေဘူး။

လူတွေကို ပြန်ခါနီးရင် ပန်းဖလက်လေးတစ်ခုခု ပေးလိုက်တယ်။ ဖတ်တယ်မဖတ်တယ်မသိရဘူး။

အချို့ ရောဂါတွေကတော့ တကယ့်ကို ကျန်းမာရေးအသိလေး နည်းနည်းတိုးလာတာနဲ့တင်ကာကွယ်လို့ရတာတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့ မသိတော့၊ မဖြစ်သင့်တာတွေဆက်ဖြစ်ကြတယ်။

နောက်ပိုင်း လုပ်ဖြစ်တဲ့ App တွေရဲ့ စိတ်ကူးက အဲဒီအချိန် တည်းက စသန္ဓေတည်ပါတယ်။

၂၀၁၃ ကနေ ၂၀၁၅  လောက်အထိက ဘယ်အလုပ်မှ သေသေချာချာလုပ်နေတယ်ဆိုတာမရှိပါဘူး။ ကိုယ့်အလုပ်ပဲကိုယ်လုပ်နေတယ်။ ကျောင်းဆက်တက်မှာလိုလို ၊ အလုပ်ပဲ လုပ်တော့မှာလိုလို၊ အစိုးရအလုပ်ဝင်မှာလိုလို နဲ့ စိတ်တွေ ထွေတယ်။ 

တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်က ၂၀၁၅လောက်မှာထင်တာပဲ။

နိုင်ငံခြားကျောင်းတက်ကို တက်မယ်လို့ စတွေးတဲ့အချိန်ပေါ့။ 

ဘာတက်ရမယ်မှန်းလည်းမသိ။

စကော်လာဆိုတာ ဘာမှန်းတောင်မသိသေးတဲ့အချိန်။ နားလည်းမလည်ဘူး။ မဟီဒေါက ရန်ကုန်မှာ လုပ်တဲ့လူတွေ့ ပွဲကို အူလည်လည်နဲ့သွားတက်သေးတယ်၊ ဘာမေးရမှန်းလည်းမသိသလို၊ ဘာလုပ်ရမှန်းလည်းမသိခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ၆လလောက်နီးပါး၊ နေပြည်တော်မှာ လုပ်မယ့် နိုင်ငံတကာ Conference အတွက် အပြည့်အဝအချိန်ပေးတယ်။ အဲဒီပွဲပြီးတဲ့နေ့ကစပြီး ၃ နှစ်လောက် ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့တဲ့အဖွဲ့နဲ့ သံယောဇဉ် ပြတ်တော့တာပဲ။

ကိုယ်ဘယ်လမ်းကို လျှောက်မယ်ဆိုတာ သေချာဆုံးဖြတ်ပြီးတဲ့နောက် ကျောင်းအတွက် စပြင်ဆင်တယ်။

သူများတွေ လွယ်လွယ်ကူကူ ဖြေရတဲ့ အရာတွေကိုအချိန်အများကြီး ပြန်လေ့လာပြီး score  တက်ဖို့တွေ ကြိုးစားခဲ့ရတယ်။ ကိုယ်နဲ့ အမြဲပေါင်းနေကျ ငယ်သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့နေတာရယ်၊ အွန်လိုင်းက အသိတွေနဲ့ တစ်ခါတစ်လေ မန္တလေးမှာသွားတွေ့ဖြစ်တာကလွဲလို့ ပျင်းဖို့ကောင်းလွန်းတဲ့နေပြည်တော် က နေ့ရက်တွေကိုခြောက်ကပ်ကပ်ဖြတ်သန်းတယ်။ အများစုလုပ်ဖြစ်တဲ့အရာတွေက အင်တာနက်က Volunteer အလုပ်တွေပဲ။ နေပြည်တော်က လမ်းတွေကို မြေပုံထဲလိုက်ထည့်တယ်။ TED မှာဘာသာပြန်တယ်။

နားထောင်တယ်။

စာတွေ ရေးတယ်( အများကြီးပဲ) ။ ဝတ္ထုအသစ်တွေဖတ်တယ်။ 

 series တွေထိုင်ကြည့်တယ်။ Java သင်တယ်။ App တွေကို ပုံမှန် maintain လုပ်တယ်။

အဲဒီနောက်မှာUNFPA ကတဆင့် Consultant လောကနဲ့ စထိတွေ့တယ်။ 

၂၀၁၇ ကတော့ အပြောင်းအလဲ ကြီးကြီးမားမားစဖြစ်တဲ့နှစ်လို့ပြောရမယ်။ 

ရန်ကုန်ကိုစပြောင်းပြီး လူတွေကြားထဲ စဝင်ဖြစ်ခဲ့တာက ကိုယ့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သွားတယ်။

ဝါးပင်တွေလိုပဲ။ ရှေ့တုန်းက ငြိမ်နေခဲ့ရသမျှတွေက မြန်မြန်ဆန်ဆန်ပဲပြောင်းလဲလာတယ်။

Amsterdam က လျှောက်ထားတဲ့ကျောင်းကော အလုပ်ကော တစ်ပြိုင်တည်း ရခဲ့တယ်။

ဒါပေမယ့် ကျောင်းကို ဦးစားမပေးဖြစ်ဘဲ အလုပ်ကို ပိုဦးစားပေးဖြစ်သွားတယ်။ 

အစောတည်းက ငါ၂နှစ် ၊၃နှစ်လောက်နေရင် အလုပ်ကထွက်ပြီး ကျောင်းဆက်တက်မယ်လို့ တွေးထားခဲ့ပြီးသား။ 

တစ်ခြားအလုပ်တွေရှိနေရက်နဲ့ ဘာလို့အဲဒီအလုပ်ကို ရွေးလဲလို့ တစ်ချို့တွေကမေးတယ်။

အဲဒီတုန်းက ကျနော် အိုင်တီလောကထဲကို ထဲထဲဝင်ဝင်ရှိချင်လို့ ၊ network ကျယ်ပြန့်ချင်လို့ ဆိုတဲ့ အကြောင်းက အဲဒိကပါ။ တကယ်လဲအသိမိတ်ဆွေအသစ်တွေကော၊ တစ်ခါမှမကြားဖူးတဲ့ စိတ်ကူးတွေ၊ အမြင်တွေရခဲ့တယ်။

ဒေတာ နဲ့ပတ်သက်လို့စ ရူးခဲ့တာကတော့ အဲဒီအချိန်ကပဲ။ start up ဆိုတာကိုလည်း အဲဒီကနေစသိခဲ့တာ။

ကိုယ့်ကိုယ်ကို ဘယ်လို identify လုပ်သလဲဆိုတာ အရေးကြီးတယ်။ အဲဒီအချိန်က ငါဟာ  bridge တစ်ခုလို့ တွေးတယ်။ တစ်ဖက်မှာ နေ့တိုင်းကြားနေရတဲ့စိတ်ကူးတစ်ခု ၊လုပ်ထုံးတစ်ခုဟာ တစ်ဖက်မှာ တစ်ခါမှမသိဖူးမကြားဖူးတဲ့ မှော်အတတ်လိုဖြစ်နေတတ်တယ်။

အဲဒီ လို အရာတွေကို ကိုယ်တိုင်နားလည်အောင်လုပ်ပြီး၊ မနီးစပ်တဲ့နယ်ပယ်ကလူတွေနဲ့ နီးစပ်လာအောင် လုပ်ပေးရပြီး ပိုပျော်လာတယ် ။ အပြောင်းအလဲတွေဖန်တီးဖို့အတွက် အပြောင်းအလဲဖြစ်အောင် စတင်တဲ့နေရာ၊ လုပ်နိုင်တဲ့နေရာတွေမှာ ရှိသင့်တယ်ဆိုတာကိုလည်း လက်ခံထားခဲ့တယ်။

အချိန်တိုတိုလေးအတွင်းမှာ အများကြီး လုပ်နိုင်ခဲ့ကြပါတယ်။ 

အားကြိုးမာန်တက် လည်း ကြိုးစားကြတယ်။ တကယ်လည်း အပြောင်းအလဲ ဖြစ်ခဲ့ကြတယ်။

အဲဒီနှစ်ပိုင်းလေးတွကတော့ 

ကိုယ်မှတ်မိတဲ့ အချိန်ကာလတစ်ခုအတွင်း အပျော်ခဲ့ဆုံး အချိန်တွေလိုပဲ။

၂၀၂၀ မှာ ကျောင်းတက်မယ်ဆိုတဲ့စိတ်နဲ့ အလုပ်ကထွက်တယ်။ ရှေ့ပိုင်းမှာ စကော်လာရှစ်တွေလျှောက်ခဲ့တာပဲ။ ဒါကတော့ စတုတ္တ အကြိမ်ဖြစ်မယ်ထင်တယ်။ 

ကိုဗစ်ဖြစ်တော့ ကိုဗစ်နဲ့ပတ်သက်ပြီး စိတ်ကူးနဲ့ စဖန်တီးခဲ့တာတွေကနေ ပိုကြီးတဲ့အရာတွေ ဖြစ်လာတယ်။ လျှောက်ထားတဲ့ စကော်လားရှစ်လည်း အောင်သွားတယ်။ ၂၀၂၀ တစ်နှစ်လုံး မိသားစုနဲ့ အတူတူ နေရတယ်။

တစ်ဖက်မှာ ကိုဗစ်ရယ်၊ တစ်ဖက်မှာ ကျောင်းတက်ဖို့ ပြင်ဆင်ရတယ်၊ အဲဒီနှစ်ခုနဲ့ပဲ အချိန်ကုန်သွားတယ်။

၂၀၂၁ နောက်ပိုင်းကတော့ မပြောတော့ပါဘူး။

လာမယ့်နှစ်တွေကဘယ်လို ဖြစ်လာမလဲဆိုတာ ကြိုတွေးလို့မရတော့ဘူး။ 

လွန်ခဲ့တဲ့ကာလတွေလိုလည်းတဖြေးဖြေးနဲ့ တိုးတက်လာတာမျိုးလည်းမဟုတ်ဘူး။

အခုဟာ အောက်ဆုံးလား ၊ အောက်မှာ ထပ်ရှိသေးလားဆိုတာကို ပြန်ပြန်စမ်းကြည့်နေရတဲ့အချိန်လိုပဲ။

ဒါပေမယ့် အမြဲတမ်းတော့ ဒီလို ဖြစ်မနေနိုင်လောက်ပါဘူး။

အရင်နဲ့မတူတဲ့အရာတွေထဲက သိသိသာသာ ကွာလာတာတစ်ခုကတော့ အသက်အရွယ်ပဲ။

၂၀ ကျော်ကာလတွေမှာ မိုက်ရူးရဲတယ်ပဲပြောပြော ၊ လုပ်ရဲကိုင်ရဲ ၊ဆုံးဖြတ်ရဲ၊ ပြောင်းလဲရဲတယ်။

အခုအရွယ်မှာတော့ တော်တော်စကားပြောပါတယ်။

တစ်ဖက်မှာ လူငယ်တစ်ယောက်လိုပဲ ဆက်ရူးသွပ်နေချင်တဲ့ စိတ်ရယ်၊

တစ်ဖက်မှာ ဖြစ်သင့်ဖြစ်ထိုက်တာကို စကားစပြောနေတဲ့အရွယ်ရယ် ကြားမှာ ကြားညှပ်တယ်။

ခဏခဏကြားရလေ့ရှိတဲ့ မင်းတို့က ငယ်ငယ်လေးရှိပါသေးတယ်ကွာ ၊ အများကြီးလုပ်လို့ရသေးတယ် ဆိုတာကို ကိုယ်က သူများကိုပြန်ပြောရတဲ့အချိန်ရောက်လာတယ်။

အဲဒီအရွယ်မှာ ရှိသင့်ရှိထိုက်တဲ့ ပုံစံ ရှိနေလားဆိုတော့ လည်း ရှိမနေပြန်ဘူး။  

အလုပ်သင့်ဆုံးကတော့ ကိုယ်စွမ်းနိုင်နေတုန်းမှာ ကိုယ်သိခဲ့သမျှကို ပြန်ပေးခဲ့ဖို့၊ ကိုယ်ရှာတွေ့တဲ့ နည်းလမ်းတွေကိုသုံးပြီး နောက်လူတွေ အလုပ်လုပ်နိုင်စေဖို့ပဲ။အဲဒီအကြောင်းက စိတ်ထဲခဏခဏ ဝင်ပါတယ်။ ငါ တာဝန်မကျေဘူးဆိုတဲ့စိတ်ပေါ့။ 

တစ်ဖက်မှာသူနဲ့ဆန့်ကျင်ဖက် စိတ်တွေလည်းဖြစ်ပါတယ်။ တစ်ခုခု လုပ်ချင်ရင် အဲဒီစိတ်ကို အနှောင့်အယှက်ပေးတဲ့စိတ်၊ စိတ်ပျက် အားလျော့စေတဲ့စိတ်တွေပေါ့။ 

ခေါင်းထဲမှာ တစ်ဖက်မှာ နတ်ဆိုးနဲ့ တစ်ဖက်မှာ နတ်ကောင်း ပေါ်နေပြီး အပြန်အလှန် ပြောနေတယ်လို့ တွေးကြည့်ပါ။ 🙂

နောင်လာမယ့်နှစ်တွေ အတွက် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လာမယ်ဆိုတာကို ယုံကြည်ပါတယ်။ 

လွန်ခဲ့တဲ့ ၉ နှစ်လောက်က ဖတ်ဖူးတဲ့စာအုပ်ထဲက စာကြောင်းတစ်ခုရှိတယ်။

စိတ်ရှည်ဖို့ လိုတိုင်းအဲဒီစာကြောင်းကို ခဏခဏ ရွတ်ခဲ့ဖူးတယ်။ 

Everything comes when it must come.

Everything will be clear to you in time. But you must have a chance to digest the knowledge that we have given to you already. 

တံခါးတစ်ချပ်ပိတ်တိုင်း တံခါးတစ်ချပ်ပွင့်နိုင်ပါသေးတယ်။

Camp in US

US က တိုးတက်တဲ့အပိုင်းတွေ ကတော့ ထူးထွေ ပြောနေစရာမလိုပါဘူး။

ပြည်တွင်းစစ်ပြီးကတည်းက  တစ်ခြားနိုင်ငံတွေကိုသာ သွားစစ်တိုက်နေတာ။

သူ့နိုင်ငံထဲမှာ စစ်မဖြစ်တာကြာခဲ့ပြီ။

ဒါကြောင့် သူတို့လုပ်ချင်တဲ့ အရာအားလုံးကို အသေးစိတ်အထိ အေးအေးဆေးလုပ်ခွင့်ရကြတယ်။

ဆောက်လိုက်၊ အာဏာသိမ်းလို့ပျက်လိုက်၊ စစ်ဖြစ်လို့ ပျက်လိုက်ဆိုတာမရှိဘူး။

ဒါကြောင့် များသောအားဖြင့် သူတို့ရဲ့ အဆောက်အအုံတွေတော်တော်များများ ရဲ့ရာဇဝင်က အနည်းဆုံး  ၁၈၀၀ ကျော် ကာလတွေကတည်းကစပြိး အခုထိဒီတိုင်းထားလေ့ရှိတယ်။

ဒီတစ်ခါရေးဖို့စိတ်ဖြစ်တာက

ပြည်နယ်ဥယျာဉ် တွေ ,အမျိုးသားဥယျာဉ် တွေအကြောင်းပါ။

ဒီက ဥယျာဉ်ဆိုတာ ဘလောက်တစ်ခုစာအပြည့် ရှိပြီး​ရေကန်တွေ၊ သစ်ပင်တွေ၊​အနားယူစရာ ပျော်ပွဲစားထိုင်ခုံတန်းတွေပါသလို ကြီးတဲ့အခါ မြို့တစ်ခုစာ ပြည်နယ်တစ်ခုစာအထိ ဥယျာဉ် လို့သတ်မှတ်ထားတာမျိုးလည်းရှိတတ်ပါတယ်။ မနှစ်ကတော့ Yellowstone ကို သွားခဲ့တယ်။ သူက စတုရန်းမိုင် ၃၀၀၀ ကျော် ကျယ်တယ်။

အဲဒီ Park area ထဲစရောက်တာနဲ့ ဖုန်းလိုင်းကမမိတော့ဘူး။ ဘယ်လိုင်းမှ မမိဘူး။

တမင် လိုင်းဖြတ်တောက်ထားသလိုပါပဲ။ အဆက်အသွယ်ဖြတ်နေချင်သူတွေ အတွက်တော့ ကောင်းတာပေါ့။

ပြည်နယ်တော်တော်များများမှာ အဲဒီလို State and National Park တွေရှိကြပါတယ်။

မြန်မာပြည်မှာ Camp သွားတယ်ဆိုရင် Camp ကအဆင်သင့်ထိုးပေးထားတာမျိုး အထိ ရှိပေမယ့်၊ ဒီ က camp တွေသွားရင် မြင်ရမှာက ၁၂ ပေ​၊ ပေ ၃၀ ပတ်လည်ရှိတဲ့ မြေပြင်လေးတစ်ခုပဲ။ သူ့ဆီမှာ မီးမွှေးဖို့ သံစည်ပိုင်းပြတ်လေးကို မြေကြီးထဲတစ်ဝက်စိုက်ထားတာမျိုးပါမယ်။ picnic bench ပါမယ်။ တစ်ခါတစ်လေ ရေကန်အစပ်မှာဖြစ်ရင်ဖြစ်မယ်။ တစ်ခါတစ်လေ တောအုပ်အလယ်မှာဖြစ်ရင်ဖြစ်မယ်။ 

ပေးထားတဲ့နေရာမှာ ကိုယ့်ဘာသာ အိတ်ထဲသယ်လာတဲ့ camp ကို ဆင်ရတာမျိုးပေါ့။

State park တွေမှာ သဘာဝပေါက်တဲ့ သစ်ပင်တွေကို မပြုမပြင်ပဲထားတာမျိုးတွေ့ရမယ်။ အကွက်ကျ စိုက်ထားတာမျိုးလည်းမရှိဘူး။  ဒီကလူတွေက လူ ရွှေ့ပြောင်းတွေကိုသာ လက်ခံတာ၊ 

သူတို့ရဲ့ဒေသ ခံ မျိုးစိတ်အပင်၊အကောင်တွေကို ပြင်ပ က မျိုးစိတ်တွေဝင်ရောက် အစားထိုးမှာကို တော့ အတော် စိုးရိမ်ကြတယ်။ ဒါကြောင့် ဒေသပေါက်ပင်တွေကိုပဲ ရှင်သန်ဖို့ ထားကြတယ်။ ဒီမှာတော့ ဝက်သစ်ချပင်နဲ့ မေပယ်ပင်တွေ အလွန်များတယ်။

မီးတွေဘာတွေ ဖိုဖို့လိုရင် သစ်ကိုင်းခြောက်တွေ လိုက်ကောက်ပြီး ဖိုလို့ရပေမယ့် ချက်ချင်းကုန်တတ်တာကြောင့် ထင်းဝယ်ပြီး ဖိုတာကတော့ ပိုကြာကြာခံပါတယ်။

ထင်းတွေကိုလည်း walmart တို့ဘာတို့မှာ အစည်းလိုက်ရောင်းတယ်။

ဒါပေမယ့် Camp စည်းမျဉ်းတွေထဲမှာ သူတို့ Camp နဲ့ ၁၀မိုင်ပတ်လည်အတွင်းက လာတဲ့ ထင်းကိုပဲ မီးဖိုဖို့အသုံးပြုပါဆိုပြီး ပြောထားတယ်။

Camp Ground တွေက အဲဒီလိုတောအုပ်ပုံစံ သစ်ပင်တွေကြားထဲမှာ ဟို တစ်ကွက် ဒီတစ်ကွက် ရှိတတ်ကြတယ်။ Camp လာထိုးသူတွေက တစ်ချို့ကလည်း ကိုယ်ပိုင်ယူလာတဲ့ Camp တဲလေးပါသလို၊ တစ်ချို့ကလည်း RV လို့ခေါ်တဲ့ Recreational vehicle ၊ ကားအိမ်တွေကို ပါ Camp Ground အထိ မောင်းလာပြီး အဲဒီမှာ စခန်းချကြတယ်။

တစ်ခါတစ်လေ ပါဝါအတွက် ပလက်ပေါက်ပါတဲ့ သံတိုင်လေးတစ်ခုကို Camp Ground ဘေးမှာ ချပေးထားတာမျိုးရှိတယ်။ မိုးရွာရင်လည်းဘာမှမဖြစ်ဘူး။ သူ့ဆီမှာအဖုံးပါတတ်တယ်။

အစားအသောက်တို့ဘာတို့ကတော့ ကိုယ့်ဘာသာ သယ်ရတာများပါတယ်။

 Restroom တို့ ရေချိုးဖို့တို့အတွက်ကတော့ အနီးအနားမှာ တစ်ခုခု ထားပေးတတ်တယ်။

ဒါကြောင့်တောထဲမှာ ကြုံသလို ဖြေရှင်းရတယ်ဆိုတာမျိုးတော့ မရှိတတ်ပါဘူး။

ရေကန်တွေက တစ်ခါတလေ ကန်တော်ကြီးလောက်ရှိတယ်။ တစ်ခါတစ်လေ အင်းယားကန်လောက်။ 

မီဝါကီဘေးက မီချီဂန် ကန်ကြီးကတော့ အတော်ကြီးတယ်။ မိုင်၃၀၀ ကျော်ရှည်ပြီး ၁၁၈ မိုင်လောက် ကျယ်တယ်ဆိုပဲ။ တစ်ခြား ပြည်နယ်တွေမြို့တွေရဲ့ ကမ်းခြေလည်းဖြစ်တယ်။ ဒါကြောင့် ကြည့်လိုက်ရင် ပင်လယ်ကြီးအတိုင်းပဲ။ လှိုင်းလည်းပုတ်တတ်တယ်။

Park တွေထဲကို ကားဝင်ရင် ဝင်ခ ပေးရတယ်။ ခဏခဏ သွားချင်တယ်ဆိုရင် တစ်နှစ်စာပေးတာက ပိုသက်သာတယ်။ ဒေါ်လာ၂၀ လောက်။

Camp ထိုးရင်လည်း Camp ground အတွက် က တစ်ရက်ကို ၂၅ ဝန်းကျင်ကနေ ၃၅ ၊၄၀ အထိ ရှိတတ်တယ်။ ဒီကလူတွေက နွေရာသီ လို ပွင့်လင်းရာသီဆိုရင်လျှောက်သွားတတ်ကြလွန်းလို့များသာအားဖြင့် Booking တွေက ပြည့်နေတတ်တယ်။ 

နည်းနည်းအေးစပြုလာရင်တော့ သူတို့မသွားကြတော့ဘူး။ 

Camp တွေသွားတိုင်း သတိရမိတာက ဟိုး ၉၅ ခုနှစ်၊ ၂၀၀၀ ဝန်းကျင်က ကိုယ့်ဒေသမြို့ကိုပဲ။ ဆောင်းတွေဆို ရာသီဥတုက အေးအေး ၊မြူတွေနဲ့၊​ ကားသံတွေလည်းဆူညံနေတာမရှိ၊​ သစ်ပင်ဝါးပင်တွေကလည်း အလွန်ပေါတဲ့နေရာမျိုး၊ မနက်ခင်းဆို ခြံထဲမှာ မီးဖိုပြီး စောင်ထဲခြုံ၊ အကြော်စား၊ကောက်ညှင်းပေါင်းစား၊ရေနွေးသောက်ရတဲ့အချိန်မျိုးလေး။

အတော် ပြန်သတိရမိပါတယ်။

Yellow Stone သို့တစ်ခေါက်

Camp ထိုးတာကို နှစ်ခါကြုံဖူးတယ်။ အရင်က ထင်ထားတာက camp ထိုးတယ်ဆိုတာ မြို့ပြနဲ့အဝေးကြီး၊ တောအုပ်ကြီးထဲမှာသွားထိုးကြတာလားပေါ့လေ။

တကယ့်တကယ်ကျတော့ အဲဒီလောက်လူတွေနဲ့ အဝေးကြီးမဟုတ်ပြန် ။​Camp ground တွေကို အွန်လိုင်းကနေ ငှားထားလို့ရတယ်။

တောအုပ်ကြီးထဲမှာ camp ထိုးတဲ့သူတွေ နေလို့ရဖို့ ပြင်ဆင်ပေးထားတဲ့ သီးသန့်နေရာပေါ့။ ဒါကြောင့် ကြုံရာနေရာမှာထိုးနေရတာမျိုးတော့မဟုတ်ဘူး။

တကယ့် adventure ကြိုက်တဲ့သူတွေဆိုရင်တော့ ဘယ်သူမှမပြင်ဆင်ပေးထားတဲ့နေရာကို ကိုယ့်ဘာသာ သွားထိုးရင်လည်းရရင်ရမှာပေါ့။

risk တော့ပိုယူရလိမ့်မယ်။

အခုလို ပြင်ဆင်ပေးထားတဲ့နေရာတွေမှာဆိုရင်တော့ ကိုယ့်လိုပဲတခြားလူတွေလည်းမနီးမဝေးမှာရှီနေလိမ့်မယ်။

Yellostone campground ကိုရောက်တော့ ဘေးမှာ အာရှသားမိသားစုတစုလည်းရှီတယ်။ သူတို့ကြည့်ရတာ ဂျပန်တွေနဲ့ပိုတူတယ်။

အဓိကကတော့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်လို့ အဲဒီလို ကောက်ချက်ချမိတာပဲ။

ရောက်ရောက်ချင်းမှာတော့ ကိုယ်နေမယ့် ရွက်ဖျင်တဲလေးတွေကို ကိုယ့်ဘာသာ ပြင်ဆင်ရတယ်။ ရွက်ဖျင်တဲ တခုစာအတွက်အိတ်လေးနဲ့ ထည့်လာတဲ့ စတီးချောင်းတွေ၊ မိုးကာစတွေရှိတယ်။ အဲဒါတွေကို ထုတ်ဆင်ရတာ ပျော်ဖို့ကောင်းသလို စိတ်ညစ်ဖို့လည်းကောင်းပါတယ်။

လုပ်တတ်သွားရင်တော့ တော်တော်မြန်မြန် နဲ့ တဲတလုံးဆောက်လို့ပြီးတယ်။

မြင်ဖူးတဲ့ ရွက်ဖျင်တဲတွေကသေးသေးလေးတွေ၊​ အဲဒီ campround မှာတော့ ဖျင်တဲ အကြီးကြီးတွေကိုပါ ဆောက်ထားကြတာတွေ့တယ်။

မိုးရွာတဲ့တောတွေထဲမှာ ဆိုအဆင်ပြေတာပေါ့။ သယ်ရတာလည်းလွယ်တယ်လေ။

ကိုယ်တွေဖျင်တဲကတော့ တယောက်စာ အိပ်စရာလေးပဲပါတဲ့ tent သေးသေးလေးတွေပါ။

ဒါကြောင့် အိပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ မီးပုံဘေးနားနဲ့ တခြားနေရာတွေမှာပဲ။

sleeping bag တွေက လည်း အလွယ်တကူသယ်လို့ရတဲ့ အိတ်တလုံးနဲ့လာလေ့ရှိတယ်။

အဲဒီ bag ထဲဝင်နေရင် စောင်လည်းမလိုသလို ၊​နွေးလည်းအတော်နွေးတယ်။

စအိပ်ခါစကတော့ ကျဉ်းကျဉ်းကျပ်ကျပ်မနေတတ်ပေမယ့် နောက်တော့ ကွေးအိပ်လို့ရလောက်အောင်တောင်ကျယ်တယ်။

ခေါင်းအုံးမပါခဲ့တော့ ကိုယ့်လက်ကိုယ် ခံအိပ်ရင်းကနေ နောက်နေ့မနက်ကျ လက်တွေနာ၊​ကျောတွေနာတာတော့ နည်းနည်းပါးပါးရှိတာပေါ့။

မြို့ပေါ်ပဲနေခဲ့တဲ့ မောင်နုတွေကိုး။

မနက်ခင်းဆိုရင် ကိုယ်ထတဲ့အချိန်က သိပ်လည်းမစော၊​သိပ်လည်းနောက်ကျလေ့မရှိပါဘူး။

သူများတွေထက် အစောမနိုးရင်တောင် နောက်ဆုံးမှ ထတဲ့သူတော့လည်းမဟုတ်ဘူး။

နေရောင်ကတော့ စထွက်စပြုနေပြီ၊ စောနိုးတဲ့သူတွေက မီးဖို ထဖိုရတယ်။ ရေနွေးတွေဘာတွေ တည်ထား ၊​ကော်ဖီတွေဖျော်ထားပေါ့လေ။

နေသိပ်မမြင့်ခင်အချိန်ထိက တောထဲမှာ အပင်တွေကြည့်ဆိုတော့ တော်တော်ကိုအေးသေးတယ်။

ဒါကြောင့်မီးလှုံ ၊​ကော်ဖီပူလေးသောက်မှ နေသာထိုင်သာရှိတယ်။

နောက်တော့အားလုံးထလာတဲ့အချိန် မနက်စာစားပြီးတော့ ဒီနေ့သွားမယ့်ခရီးစဉ်ကိုစဉ်းစားကြတယ်။

ပစ္စည်းတွေအားလုံးကိုတော့ တချို့ဟာတွေ tent ထဲထားခဲ့ပြီး တချို့ကို ကားနဲ့ပဲသယ်လာခဲ့ကြတယ်။

ဒီနားတဝိုက်မှာ ဝက်ဝံတွေက အစားအသောက်တွေကိုလာဆွဲလေ့ရှိတဲ့အတွက် အပြင်မှာမထားခဲ့ဖို့ ညွှန်ကြားထားတာရှိတယ်။

ကားလေးနဲ့ ကမ့်ထဲကထွက်လာပြီး လမ်းပေါ်ရောက်ပြီး သိပ်မကြာဘူး လမ်းဘေးမှာ လက်မလေးထောင်ပြီး ကားတားနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး၃ယောက်တွေ့တယ်။

သူတို့က ကားကြုံစီးချင်လို့ဆိုတဲ့အတွက် လွတ်တဲ့နေရာပေးပြီးကားပေါ်ခေါ်တင်ခဲ့တယ်။ စကားမပြောမိဘူး ၊ အစက အမေရိကန်ထင်တာ၊​နောက်မှ သူတို့က ဂျာမန်တွေတဲ့။

သူတို့ကို လမ်းမှာပြန်ချပေးခဲ့ပြီး. ကိုယ့်ဘာသာ ဆက်ပြီးခရီးထွက်လာကြတယ်။

စစဆုံး မြင်တဲ့နေရာကတော့ မြင်သာအောင်ပြရင် နဂါးပွက်တောင်လိုပဲ။ ဓာတ်ပုံတွေထဲအရမ်းလှတယ်။

ဒါပေမယ့် အပြင်မှာ ပူလွန်း၊ ခေါင်လွန်းတာကြောင့် သိပ် အလှအပကိုမခံစားနိုင်ဘူး။

သူတို့တွေကတော့ နေပူကျဲကျဲထဲမှာ ဘာမှ​အကာအကွယ်မပါပဲ အဲဒီရေတွေဆူပြီး ပန်းထွက်တာကို စောင့်နေကြတယ်။

ထုံးဓာတ်ကြောင့်ပွက်နေသလိုပဲ။ အရောင်မျိုးစုံထွက်တဲ့အတွက် အတော်လှပါတယ်။

အဲဒီနယ်တဝိုက်ကို ပတ်ကြည့်လို့ရဖို့အတွက် လျှောက်လမ်းတံတားတွေလုပ်ပေးထားပြီး အဲဒီပေါ်ကပဲ သွားခွင့်ပြုတယ်။

အောက်ကိုပေးမဆင်းဘူး၊ အောက်မှာ ဂလိုင်တွေရှိတဲ့အတွက် အန္တရာယ်ရှိကြောင်း ပြောထားတယ်။

အပြန်မှာတော့ heat exhaustion ရနေတယ်။ အရေပြားပေါ်က နေထိတဲ့နေရာတိုင်းဟာ ပူကျစ်ပြီး ချွေးလည်းတစ်စက်မှ မထွက်ပဲ . အပူချိန်မြင့်မားတာကိုခံစားရတယ်။

တခြားသူတွေ သွားနေချိန်မှာ ကားထဲပဲနေခဲ့ပြီးတော့ အနားယူနေတော့တယ်။

နောက်ထပ် ရေတံခွန်တွေ၊ တောင်ကြားကနေ စီးဆင်းနေတဲ့ မြစ်တွေဆီကို အပေါ်ကမြင်ရတဲ့နေရာတွေဆီ ရောက်တယ်။ မြင်ကွင်းတိုင်းဟာ သဘာဝအတိုင်းပဲ ။

အဲဒိရှုခင်းကိုပဲ view point ပေါင်းစုံကနေမြင်နိုင်အောင် ပြင်ဆင်ပေးထားကြတယ်။

လမ်းမှာ bison လို့ခေါ်တဲ့ ပြောင်လိုအကောင်တွေကို ကြည့်ဖို့ လမ်းပေါ်မှာ ကားတွေပိတ်နေတယ်။

အဲဒီနေရာက သူတို့စားကျက်လိုမျိုး ထင်ရတယ်။

အချို့ဆိုရင်မှန်ပြောင်းကြီးတွေနဲ့ ကြည့်ကြတယ်။

bison ကတော့ yellowstone မှာ မင်းသားကြီးပဲ။

လမ်းပေါ်မှာလည်း ကားတွေကြားထဲ ဘယ်သူ့မှဂရုမစိုက်ပဲသွားရင်သွားနေတယ်။

လူတွေကို ပုံမှန်အားဖြင့်တော့ရန်မလုပ်ပါဘူး။ တအားမျက်စိနောက်ရင်တော့ လုပ်တဲ့သတင်းတွေလည်းရှိတယ်။

နေစကျချိန်လေးမှာ အပူချိန်လျော့ပြီး အအေးဓာတ်က သိသိသာသာ ကဲလာတယ်။

အဲပြန်လမ်းမှာ နောက်ထပ်အရမ်းလှတဲ့ ရှုခင်းတစ်ခုဆီကို ရောက်တယ်။

ဘေးက သူငယ်ချင်းက ပြောတယ်​ .. ဒီနေရာမှာ အဖွဲ့ထဲပါလာတဲ့ တစ်ယောက်က သူ့ကောင်မလေးကို propose လုပ်လိမ့်မယ်တဲ့။

video ရိုက်ပေးထားပါလားဆိုတော့ ..ကိုယ်တွေကလည်း ဒါမျိုးဆို တအားကူညီချင်တာလေ.. ရိုက်ပေးတာပေါ့။

အဲဒီနားမှာတောင်ကုန်းလေးရှိတယ်။ နောက်မှာ ရေကန်ကြီးနဲ့ . နေဝင်ချိန်က ရေကန်ထဲကိုဝင်သွားတာ ၊ ဘေးမှာ ဘာမှန်းမသိတဲ့ပန်းပင်တွေ အများကြီးပဲ။

ဖြစ်ချင်တော့ secret လုပ်တာလွန်သွားပြီး အဖွဲ့ထဲက တချို့က မသိကြဘူး။ ခပ်ဝေးဝေးမှာရောက်နေတယ်။ နောက်မှလိုက်လာခဲ့တဲ့ အချိန်ကျတော့ သူတို့က တကယ့် ဇာတ်ရှိန်အတက်ဆုံးအချိန်ကိုကျော်သွားပြီ။

သူတို့အတွဲက တွဲလာခဲ့တာ ၁၀နှစ်ရှိပြီ ပြောတယ်။ ကောင်လေးက အရင် စကော်လာနဲ့ဒီကိုရောက်လာခဲ့ပြီး ကောင်မလေးက တစ်နှစ်အကြာမှာ စကော်လာနဲ့ ပဲ ဒီကိုရောက်လာခဲ့တယ်။

တစ်နှစ်ကြာ ဝေးနေခဲ့ပြီးတဲ့နောက် သူတို့က တနေရာတည်းမှာ အတူတူပြန်ဆုံသွားကြပြီ။ နောက် ပြီးတော့ ဒီ yellowstone က သူတို့ရဲ့ အိပ်မက်ထဲက နေရာတစ်ခုပဲလို့ပြောတယ်။

ဒီနေရာမှာ propose လုပ်မယ်ဆိုတဲ့စိတ်ကို ဟိုးအရင်တည်းကရှိခဲ့တာလို့ ပြန်ပြောပြတယ်။

သူတို့အတွဲကြည့်ရတာ အားကျစရာပါ။ ဆုံဆည်းဖို့ ဖြစ်လာရင် ကံကြမ္မာက မဖြစ်ဖြစ်အောင် ဖန်တီးပေးတဲ့အခါတွေ ရှိတတ်တာပဲလို့ တွေးမိတယ်။

အပြန်လမ်းဟာ ပြုံးပျော်ကြလို့။ နေလည်းဝင်ပြီးလို့ လမ်းဘေးတလျှောက်လုံးမှာမြင်နေရတဲ့ ရေကန်ကြီးကလည်း ပုဇွန်ဆီရောင်သမ်းနေပြီ။

ကားခဏရပ်လို့ ခဏ ရေထဲဆင်းကြတယ်။

အောက်ကကျောက်ခဲတွေနဲ့ ချွန်ပြီး ရေကအေးစက်လို့နေတာ၊ ရေအေးအေးနဲ့မျက်နှာသစ်လိုက်တော့ အတန်ငယ် လန်းသွားတယ်။

ကဗျာ ချစ်တဲ့သူနှစ်ယောက်ကတော့ ကန်ရေပြင်ကြီးကို ကြည့်ပြီး ကဗျာရွတ်နေကြတယ်။

ငါကတော့ ကဗျာလည်းမရွတ်တတ်ဘူး၊ ဘာမှလည်းမပြောတတ်တဲ့အတွက် ရှုခင်းကို အမြင်နဲ့ပဲ ရှု့ပြီး. အသက်ကို ပြင်းပြင်းရှုပြီး ပြန်ရှိုက်ထုတ်လိုက်တယ်။

ပြုံးတော့ပြုံးမိနေမှာပဲ..

Aug 17 2022

YellowStone

Arthur

ရှိဖို့လိုတဲ့ အကြွေးများ(၁)

ကျွန်တော်က အကြွေးရှိရင် မနေတတ်တဲ့သူပါ။

ကိုယ်က သာ သူများကို ချေးထားတာတွေရှိတယ်။ ကိုယ်က သူများဆီက ချေးမိရင် မြန်နိုင်သမျှ​မြန်မြန် ပြန်ဆပ်ရမှ နေတတ်တဲ့သူမျိုးပါ။

မြန်မာပြည်မှာ Payment ကတ်တွေ ခေတ်စားစဉ်က Credit Card နဲ့ Debit Card ကိုတောင် ကွဲကွဲပြားပြားမသိခဲ့ဘူး။

Credit Card ဆိုတာ အကြွေးဝယ်ကတ် ၊ Debit ဆိုတာ ငွေကြိုဖြည့်ထားရတဲ့ ကတ်မျိုး ဆိုတာ နောက်မှသိခဲ့တယ်။

Credit Card တွေလျှောက်ဖို့ဆို မြန်မာပြည်က ဘဏ်တွေမှာ ဘယ်လောက် ဝင်ငွေပုံမှန်ရှိလဲ ၊​ဘာအလုပ်လုပ်လဲ ဆိုတာတွေကို ကြည့်ပြီးတော့မှ ကတ်ထုတ်ပေးကြတယ်။

နောက်ပိုင်းနားလည်လာတာက ၊ ဘဏ်တွေက သူ့ဆီမှာ အပ်ထားတဲ့သူတွေကို တစ်နှစ် 5% လောက်နဲ့ အတိုးပေးတယ်ဆိုရင် အဲဒီငွေတွေကို တစ်နှစ် 10 %,15 to 20% လောက်အထိ အတိုးတင်ပြီးတော့မှ တခြား ငွေလိုတဲ့သူတွေကို Loan အနေနဲ့ ပြန်ချေးတယ်၊ အကြွေးသုံးလို့ရတဲ့ငွေပေးကတ်တွေ ထုတ်ပေးတယ်။ အဲဒီအကြွေးဝယ်ကတ်တွေမှာ အချိန်တန်လို့ ပြန်မဆပ်နိုင်ရင် နောက်ကျကြေးပေးရသလို၊ သူနဲ့ချိတ်ထားတဲ့ merchant တွေဆီကနေ လည်း ကော်မရှင်ခတွေ ဘဏ်ဖက်က ရပြန်တယ်။

အခြား နှစ်စဉ်ကြေး၊ Transaction Fee တွေကလည်းရပြန်တယ်။

ဒါကြောင့် သုံးဖို့တွန်းအားပေးကြတာပေါ့။

မြန်မာပြည်မှာတော့ အကြွေး မယူချင်ရင် မယူပဲနေလည်း ဘာမှမဖြစ်ပေမယ့်

US မှာတော့ လူတွေကို အကြွေးမယူယူအောင် စနစ်က တွန်းအားပေးထားတယ်။ အဲဒီစနစ်က Credit Score ဆိုတဲ့ အချက်ပေါ်မှာ အခြေတည်ထားတယ်။ Credit Score ဆိုတာက လူတယောက် ဘယ်လောက်ထိ အကြွေးယူနိုင်သလို ၊​ဘယ်လောက်ပြန်ဆပ်နိုင်သလဲဆိုတာတွေကို အခြေခံပြီး ရိုးရှင်းအောင် တွက်ချက်ထားတဲ့ နံပါတ်တစ်ခုပဲ။ ၃၀၀ ကနေ ၈၅၀ ကြားမှာရှိတယ်။

အဲဒီ Score က အကြွေးလုံးဝ မယူဖူးရင် မကောင်းသလို၊ ယူပြီး ပြန်မဆပ်ရင်လည်း မကောင်းတတ်ဘူး။

အချို့နေရာတွေမှာ တစ်ခါမှ အကြွေးမယူဖူးရင် ကိုယ်လိုချင်တဲ့အရာ၊ သုံးချင်တဲ့အရာတွေ ငြင်းခံရတာမျိုးဖြစ်တယ်။

ကောင်းတဲ့ Credit Score ရှိရင် ပိုသက်သက်သာသာနဲ့ ဝယ်လို့ရတယ်။ ချွေတာနိုင်တာမျိုးရှိတယ်။ ဥပမာ ကိုယ်က အိုင်ဖုန်းသစ်လိုချင်တာကစလို့၊ အိမ်ဝယ်ဖို့အထိ၊ တစ်လုံးတစ်ခဲတည်း ပေးဝယ််မလား။ လစဉ် အရစ်ကျနဲ့ပေးဝယ်မလား။

အတော်များများက အရစ်ကျနဲ့ပဲဝယ်ချင်တာပေါ့။ ကိုယ့်အတွက် ဝန်မပိဘူးလေ။

ဒါပေမယ့် အဲဒီလိုဝယ်ချင်ရင်တောင် အကြွေးမှတ်တမ်းမရှိခဲ့ရင် ၊ရာဇဝင်မကောင်းရင် ဘယ်သူကမှမချေးပေးဘူး။

Credit Score ဆီမှာပါတဲ့အချက်တွေက ဘယ်တုန်းကစပြီးအကြွေးဝယ်ကတ်တွေစသုံးသလဲ၊ အကောင့်ဘယ်လောက်ဖွင့်ထားသလဲ။ ဘယ်လောက်ထိ အကြွေး ဝယ်နိုင်သလဲ။ ပုံမှန်ပြန်ဆပ်နိုင်ရဲ့လား၊ ရထားတဲ့အကြွေးယူလို့ရတဲ့ ပမာဏထဲက ဘယ်လောက်ပမာဏအထိ သုံးလေ့ရှိသလဲ။​အကုန်သုံးသလား၊ မသုံးပဲနေသလား။ ဝင်ငွေဘယ်လောက်ရှိလဲ၊ အိမ်လခဘယ်လောက်ပေးရသလဲ ။ စတဲ့ မကုန်မခမ်းနိုင်သော အချက်တွေကို အသုံးပြုပြီးမှ Score တွေတွက်လေ့ရှိတယ်။

အဲဒီ ဒေတာတွေ ဘယ်ကရသလဲဆိုတော့၊ Credit Card တစ်ခုလျှောက်ပြီး ကိုယ့်ဒေတာတွေ ပေးလိုက်ပြီဆိုတာနဲ့ သူတို့က တောက်လျှောက် သုံးသမျှ အခြေအနေတွေကို ခရက်ဒစ် ဗျူရိုဆီကို ပုံမှန် ဒေတာပို့ပေးနေတော့တယ်။ အဲဒီ ဒေတာတွေကို အသုံးပြုပြီး

လူတစ်ယောက်စီအတွက် ရီပို့ တွေ ထုတ်တယ်။

လူတစ်ယောက်က ခရက်ဒစ် ကတ်အသစ်လျှောက်မယ်ဆိုတိုင်း ချေးပေးမယ့် ဘဏ်၊ ကုမ္ပဏီကနေ အဲဒီ နောက်ဆုံး ရီပို့တွေကို သူတို့ဘာသာ သူတို့ ဗျူရိုဆီကနေ ယူကြည့်တယ်။ Score က အဲဒီလို ယူကြည့်တဲ့အကြိမ်ပေါ်လည်းမူတည်ပြီး အပြောင်းအလဲ ဖြစ်တတ်တယ်။ အဲဒါက ခရက်ဒစ်ကတ်လိုချင်သူတွေ အများကြီးလျှောက်ခဏခဏ လျှောက်ပြီး System abuse လုပ်တာကို ကာကွယ်တဲ့ပုံစံမျိုးနေမယ်။

US မှာ နေတယ်ဆိုရင် အမေရိကန် အစိုးရဆီမှာ ကိုယ့်အချက်အလက်တွေက ကိုယ်ထင်ထားတာထက်အများကြီးရှိတတ်တယ်။ အချို့အရာတွေက ကိုယ်လိုလိုလားလားပေးခဲ့မိပြီး ကိုယ့်ဘာသာ မမှတ်မိတဲ့အရာတွေပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလဲဖြစ်ရင်ဖြစ်မယ်။ ဖောင်တစ်ခါဖြည့်တိုင်းမှာ ပါသွားတဲ့အချက်တွေက ဘယ်တော့မှ မပျောက်ပျက်သွားပဲ သူတို့ဆီမှာ ကျန်နေတတ်တယ်။ ဒါကြောင့် ဘယ်တုန်းက ဘယ်လိုရေးခဲ့လဲဆိုတာက စလို့ ကိုယ်မမှတ်မိတဲ့ ဓာတ်ပုံတွေပါ သူတို့ ဆီမှာ ကျန်နေနိုင်တယ်။

တစ်ခါက ကျနော် လူမှုဖူလုံရေးနံပါတ်တို့မရသေးခင်က ကျောင်းသားတွေ အတွက်ပေးတဲ့ ခရက်ဒစ်ကို ကိုယ့် Passport နဲ့ပဲ လျှောက်ခဲ့တာရှိတယ်။

ကတ်က စာတိုက်ပုံးထဲရောက်ပေမယ့်လို့ Activate လုပ်တာအဆင်မပြေလို့ ၊ ကိုယ်လည်းစိတ်သိပ်မပါတာနဲ့ မသုံးပဲ ဒီတိုင်းထားလိုက်တယ်။

နောက်တစ်နှစ်ကျော်ကြာလို့ ကတ်အသစ်လျှောက်တဲ့အခါ အဲဒီတုန်းကဖွင့်ခဲ့တဲ့ ကတ်က History ထဲမှာပေါ်နေတယ်။ သူဘယ်လိုများ ဒီ History ကိုရလိုက်လဲစဉ်းစားကြည့်တာ၊ Passport နံပါတ်နဲ့ ချိတ်တာကလွဲလို့ တစ်ခြားနည်းရှိမှမဟုတ်ဘူးလို့ပဲတွေးမိတယ်။

တရုတ်မှာ Social Credit Systemဆိုတာ ကိုကြားဖူးတဲ့အချိန််တုန်းက လွန်လွန်းလှချည်လားဆိုပြီး မြင်ခဲ့တယ်။​လူတွေကို အဲဒီလို တစ်ချိန်လုံး စောင့်ကြည့်နေပြီး အမှတ်ပေးဆုံးဖြတ်နေတာ ဘယ်ကောင်းမလဲဆိုပြီး ထင်ခဲ့တယ်။

တကယ်တော့ အဲဒီ စနစ်ကို အနည်းနှင့်အများ အခြားနေရာတွေမှာလည်းသုံးနေခဲ့ပြီးသားပဲ။ ဥပမာ US မှာပဲ Credit Score မကောင်းရင် ဘာမှ လုပ်လို့မရဘူး။ ဒီလူ အကြွေးဆပ်နိုင်သလား၊ ပေးသင့်သလားဆိုတာကို အဲဒီ Score တွေနဲ့ဆုံးဖြတ်တယ်။ သူတို့အတွက် Risk များတယ်ထင်ရင် အလိုလို ငြင်းတယ်။

ဒါကလည်း အကြောင်းရှိလို့ တဖြည်းဖြည်းနဲ့ ပြောင်းလဲ လာတာလို့ထင်တယ်။

၂၀၀၇/ ၂၀၀၈ ဝန်းကျင်က လူတွေကို (NINJA Loan) No income, No Job and Asset) နဲ့တောင် အကြွေးတွေ ဇွတ်ယူခိုင်း၊ နောက်ဆုံးကျ စီးပွားပျက်ကပ် ဆိုက်သွားခဲ့တာတွေကလည်း သူတို့အတွက် သင်ခန်းစာနေမှာပေါ့။

စိတ်ဝင်စားမိတဲ့အပိုင်းကတော့ ဘယ်လောက်ရှုပ်ထွေးတဲ့ ဒေတာတွေကို ရိုးရှင်းတဲ့ နံပါတ် တစ်ခုဖြစ်သွားအောင် တွက်ပြီး ရီပို့တွေထုတ်ထားတယ်။ အဲဒီ ရီပို့ပေါ်က နံပါတ်ပေါ်ပဲ အခြေခံပြီး ဆုံးဖြတ်ကြတယ်။

လည်နေတဲ့ စနစ်ထဲမှာ အချက်တစ်ခုတိုင်းဟာ အကြောင်းပြချက် တစ်ခုကြောင့် လုပ်ထားတာဖြစ်နေတယ်။

အထပ်ထပ်အခါခါ ဒေတာတွေ ပေးရတာမျိုးလည်း မရှိနေပေမယ့် ရှိပြီးသားဒေတာတွေကို ပို အကျိုးရှိရှိသုံးနေကြတယ်။

ကြုံရင် အဆက် ထပ်ရေးပါဦးမယ်။

Investment Journey

2016 လောက်တည်းက Stock Market တွေ စိတ်ဝင်စားတယ်။

ဒါပေမယ့် stock ဆိုတာဘာမှန်းလဲမသိ။

ဘယ်နားဝယ်ရမှန်းလဲမသိ။

မြန််မာပြည်ကို စတော့မားကတ်တွေ လာရင်ကောင်းမှာဘာညာတွေးတာ။

၂၀၁၇ နှစ်ကုန်လောက်မှ Crypto ဆိုတာကို ကြားဖူး။

စစဖွင့်တဲ့အကောင့် က Binance နဲ့ Kucoin။

အဲဒီတုန်းက ခုလို p2p ကဝယ်ရမလွယ်ဘူး။

ကြားက ပြန်ရောင်းမယ့်သူဆီကနေ ETH မြန်မာငွေ ၂သိန်းဖိုး ပြန်ဝယ်ရတာ။

မှတ်မှတ်ရရ မန္တလေးက နေ ရန်ကုန်ကို ပြန်တဲ့ ကားပေါ်မှာ စပြီး ETH ကို trade ဖူးတာပဲ။

ပြမယ့်သူလည်း မရှိ။ community လည်းမရှိနဲ့

လျှောက်လုပ်ရင်း ထည့်ထားတာလေးပြောင်။

နောက်တော့ ဖုန်းပြောင်းပြီး အကောင့်ကလည်း login ဝင်မရတော့တာနဲ့

ဒီတိုင်းပဲပစ်ထားပြီး.

၂၀၂၀ နှစ်ကုန်ခါနီးကျတော့မှ Binance ကို ပြန်ဆယ်ပြီးသုံးလို့ရတယ်။

အဲဒီအချိန်ကျတော့ p2p ဆိုတာရှိနေပြီ။

သူငယ်ချင်းတွေကိုလည်း ရှင်းပြ၊ တိုက်တွန်း.

အဲဒီနောက် ၂၀၂၁ နှစ်စကစလို့ Bull market စတယ်။

မိုဘိုင်းလောက က သိတဲ့ ကိုယ့်လူရင်းတွေပါတဲ့ signal group ထဲရောက်ပြီး လိုက်ဖတ်ရင်း နည်းနည်းပိုသိလာတယ်။ ကြားဖူးတာတွေရှိလာတယ်။

နောက်တော့ အာဏာသိမ်း ရော။

အစောပိုင်း visa ကတ်နဲ့ ဝယ်တာနောက်ပိုင်း visa ကတ်တွေပိတ်တော့ wise သုံးပြီး singapore ကနေ USDT လိုက်ဝယ်။

Wise ကိုပိတ်ခံရ တော့ ဆက်မဝယ်ဖြစ်တော့ဘူး။

US ကိုရောက်လာတော့ ခရီးတွေသွားရင်းလာရင်းလမ်းမှာ future trade တာတွေလည်းရှိတယ်။

bull market ဆိုတော့ ဆက်တိုက်ပဲ တက်နေတော့ trade တိုင်းမြတ်နေတာကိုး။

ကြားမှာ AIX 51 ရဲ့ tradiing and investment video တွေ ဝယ်ကြည့်သေးတယ်။ အခုတော့သူတို့နာမည်ပြောင်းသွားပြီ။

စက်တင်ဘာလ ၇ရက်နေ့မှာ ဈေးကွက် ပျက်ပြီး

မြတ်ထားသမျှကော အရင်းထဲက တစ်ဝက်လောက်ကော ရှုံးသွားတယ်။

အဲဒီကနေ ဈေးတွေဆက်တိုက်ကျတာ။ တော်တော်ကြာတယ်။

ဒါပေမယ့် စိတ်ဓာတ်အဲလောက်မကျပါဘူး။

ကောင်းတဲ့အပိုင်းလေးတွေ တွေးပြီးကိုယ့်ဘာသာဖြေတာပဲ။

အတူတူလုပ်တဲ့သူငယ်ချင်းလည်း အဲဒီနေ့က ကိုယ့်လောက်မဟုတ်ပေမယ့် တော်တော်ရှုံးသွားတယ်။ သူအဲဒီနောက် trade တာမလုပ်တော့ဘူး။

၂၀၂၂ နှစ်လည်လောက်အထိ ဈေးတွေဆက်တိုက်ကျတုန်းပဲ။

LUNA crash တဲ့အချိန်မှာ အပျော်သဘော 10 ဖိုးဝယ်လိုက်ပြီး

LUNA 10 သန်းရလိုက်သေးတယ်။

အဲဒီကနေ ဈေးရုတ်တရက် ပြန်တက်ပြီး အချို့ ပြန်ရတယ်။

အဲဒီအချိန်က ပျော်စရာပဲ။ souveniors အဖြစ်ဝယ်လိုက်တဲ့ Coin ကနေ ရုတ်တရက် ဈေးပြန်တက်ပြီး မြတ်တယ်ဆိုတာလေ။

၂၀၂၂ နှစ်လည်ပိုင်းမှာ state တော်တော်များများကို လွယ်အိတ်တစ်လုံး luggage တစ်လုံးနဲ့ ခရီးရှည်ထွက်တယ်။ အဲဒီအချိန်ကစလို့ ရှိတဲ့ USDT တွေနဲ့ BTC, BNB,ETH တွေကို နေ့စဉ် 5$ ဖိုး လိုမျိုး အော်တို invest နဲ့ဝယ်တယ်။

တစ်ခါတစ်လေ ဝယ်ထားတာကိုတောင်မေ့နေတယ်။

၂၀၂၂ တစ်နှစ်လုံးလည်း ဝယ်ထားတာကနေ နီရဲလို့။

၂၀၂၃ နှစ်စ ဘဏ်တစ်ချို့ပြိုလဲပြီး binance ကနေ reserve 1 Billion ထုတ်ပြီး BTC တွေစဝယ်လိုက်ချိန်ကစလို့ ဈေးက အကျရပ်သွားတယ်။

တအိအိနဲ့ အတက်ဘက်ကို ပြန်ရောက်လာတယ်။

day trade တွေ လုပ်တိုင်း ရှုံးတဲ့အတွက် မလုပ်တော့ဘူး။

ဖြေးဖြေးနဲ့ နှေးနှေးသွားပြီး risk ပိုသက်သာတဲ့ဘက်ကို ပဲ​ရွေးချယ်တော့တယ်။

အခြားအလုပ်တွေလုပ်ပြီး..

Crypto နဲ့ Stock မှာ

လစဉ် ပုံမှန် invest မယ်ဆိုတဲ့စိတ်ကူးပဲထားတော့တယ်။

2023 အောက်တိုဘာလောက်ကစလို့ Bear market ကနေ လွတ်ပြီလို့ ယူဆကြတယ်။

financial သတင်းတွေပိုဖတ်တယ်။ indicator. တွေအကြောင်း အကုန်မသိပေမယ့် အသုံးများတဲ့ ၁၀ခုလောက်ကိုနားလည်ဖို့ကြိုးစားတယ်။

Noise တွေကို filter လုပ်ကြည့်တတ်ဖို့ လေ့လာတယ်။

Bull market စပြီလို့ သူများတွေ မပြောခင်အချိန်မှာ coin တော်တော်များများ စစုဆောင်းထားပြီး ဖြစ်နေပြီ။

Solana ကနေစပြီး profit စပေါ်တယ်။

နောက်တော့ BNB

ပြီးတော့မှ BTC နဲ့ ETH ကနေ ရတယ်။

သိပ်မထင်ထားဘဲ SHIBA နဲ့ NEAR တို့ကနေလည်း ရတယ်။

လက်ရှိ Crypto market ကြီးတစ်ခုလုံးထဲရောက်နေတဲ့ငွေကြေးက 2.75 Trillion USD ရှိတယ်။

1 trillion = 1 billion x 1000

Nividia ရဲ့ market valuation က 2.118 Trillion ရှိတယ်။

၂၀၂၁ က လွဲခဲ့တဲ့ BTC က တော့ ဒီတစ်ခါ ကျိန်းသေပေါက်တော့ အနည်းဆုံး ၁သိန်းရောက်ဖို့သေချာတယ်။

အဲဒီရောက်ပြီး တော့မှ ဘယ်အထိ ပြန်ကျမလဲ စဉ်းစားတာပေါ့။

ဒီ တစ်ခေါက် Bull market က တစ်နှစ်လုံးကြာမလား တော့ပြောရခက်တယ်။

ဧပရယ် ဝန်းကျင် Bitcoin Halving ပြီးတဲ့အချိန်မှာတစ်ခါ စက်တင်ဘာ​ဝန်းကျင်မှာ တစ်ခါ အခြေအနေ ကြည့်ဖို့လိုတယ်။

အရင်ကလို ဝယ်ပါဘာညာ လည်း ဘယ်သူ့ကိုမှမတိုက်တွန်းပါဘူး။

အခုအချိန်မှ​ ဝယ်ရင်တော့ ခရီးတဝက်ရောက်နေပြီထင်လို့ ပို ပြီး risk ယူရဖို့ရှိတယ်။

အစောပိုင်းကာလတွေက 1 bitcoin ကို တစ်ဒေါ်လာတောင်မတန်ပေမယ့်

တဖြည်းဖြည်းနဲ့

လူအများစု က တန်ဖိုး ရှိတယ်လို့ လက်ခံလိုက်ကြတဲ့အခါ

ဘာမှမဟုတ်တဲ့ 1 and 0 တွေကနေပြီးတော့ တကယ့် တန်ဖိုးတွေ ဖြစ်လာတာ

အံ့သြစရာပဲ။

ရွှေဆိုတာလည်း တကယ်တမ်းကျ ဘာများသေချာအသုံးဝင်လို့လဲ။

ငွေကြေးဆိုတာလည်း စက္ကူတစ်ရွက်ကို အစိုးရက တန်ဖိုးရှိတယ်လို့ သတ်မှတ်လိုက်ပြီး ဖြစ်လာတာ။

ဘာကြောင့် သာမန်ရိုးကျ အရာတွေမှာ မရင်းနှီးပဲ ဒီလို မျိုးဟာတွေမှာ ငွေထည့်လဲဆိုတော့

၁. AI နဲ့ Crypto တွေက နောက်ကြောင်း ပြန်လှည့်ဖို့ မဖြစ်နိုင်တော့တဲ့ အရာတွေလို့ ယုံကြည်တယ်။

၂. လူတွေလက်ခံထားတဲ့ ငွေကြေးတွေရဲ့တန်ဖိုးဟာ နေ့စဉ် အငွေ့ပျံနေတဲ့အတွက် hedge လုပ်စရာ အခြားတစ်ခုရှိဖို့လိုအပ်တယ်။

၃. ကိုယ် နားလည်တဲ့နယ်ပယ်ဖြစ်လို့ အခြား နယ်ပယ်မှာ ရင်းနှီးတာထက် ပို confidence ရှိတယ်။

To the Europe

ဒီနေ့ကတိတိကျကျပြောရရင်တော့ စပိန်ကိုရောက်တဲ့၇ရက်မြောက်နေ့ပေါ့၊ အခုတော့ ဘာစီလိုနားကနေ ဗလန်စီယာကို ပြန်တဲ့ ရထားပေါ်မှာ.၃နာရီလောက်ပဲမောင်းတယ်ထင်တယ်။ဥရောပမှာ ၇ရက်မြောက်ကြာပြီးတဲ့နောက်မှာ .. တွေးမိတဲ့အတွေးတွေလည်းအများကြီးပေါ့။ဒီမှာ အကြာကြီးလိုပဲခံစားမိတယ်။ ဥရောပမြေကို စနင်းမိတာကတော့ ဖရန့်ဖု လေဆိပ်ကနေစတာပေါ့ ၊ ဂျာမန်တွေဟာ ထင်သလောက်မဖော်ရွေပါလားလို့ သိခဲ့တယ်။သူတို့က နည်းနည်းပါးပါးမေးရင်တောင် လေသံပြတ်နဲ့ဖြေလေ့ရှိတယ်။

၁၃ရက်နေ့မနက်စောစော ဖရန့်ဖုကို အရင်စရောက်တယ်။ မနက်ခင်း မိုးတောင်မလင်းသေးဘူး။ ဘန်ကောက်ကနေ ၁၂ နာရီလောက် လေယာဉ်စီးခဲ့ရတယ်။ဥရောပရဲ့ အေးစိမ့်စိမ့် ရာသီဥတု ကို ဂျာမနီ အရောက်မှာ စတင်ထိတွေ့မိခဲ့တယ်။ မြင်မြင်သမျှ မျက်နှာဖြူများကြည့်သာပဲ။ အာရှမျက်နှာတွေ့ရတာနည်းတယ်။ တွေ့မိရင်တောင် အရှေ့အာရှဖြစ်တဲ့ .. ကိုရီးယားတို့ တရုတ်တို့ ၊ ရုပ်မျိုးတွေများတယ်။ ကိုယ်တွေလိုမျိုးအရှေ့တောင်အာရှ ရုပ်သိပ်မပါဘူး။လူဝင်မှုကြီးကြပ်ရေးကို ဖြတ်တော့ ကိုယ့်ကိုယ် ပေါ်မှာ တစ်ခုခုတွေ့တယ် ဆိုပြီး နှစ်ခါစစ်တယ်။ အဲဒါက ဂျာမနီမှာပေါ့။ဂျာမနီကနေ စပိန်နိုင်ငံ ဗလန်စီယာကို သွားတဲ့လေယာဉ်က ပြည်တွင်းလေကြောင်းလိုင်းလို ခပ်သေးသေးပါပဲ. မကြာမီမှာပင်လယ်ကမ်းစပ်က ဗလန်စီယာမြို့ကို ရောက်ခဲ့တယ်။ ဗလန်စီယာ လေဆိပ်ကနေ ထွက်မယ်လုပ်တော့ .လုံခြုံရေးက အိတ်တွေကို နောက်တစ်ခါ အိစ်ရေးဖြတ်ခိုင်းတယ်။တစ်စီးလုံးမှာမှ ကိုယ်တွေ အာရှရုပ် ပေါက်တဲ့သူကို ပဲ စစ်တာဆိုတော့ နည်းနည်းတော့ တင်းမိတာပေါ့လေ.

ကိုယ်တွေ က မက်ထရို ရထားလိုင်း စီးမယ် ကြံပေမယ့် အဖော်တွေ့တဲ့တစ်ယောက်က တက်စီစီးသွားမယ်ဆိုတာနဲ့..တက်စီဖြစ်သွားတယ်။ ဟိုတယ်ကိုရောက်တော့ တက်စီ ခက ၃၀ ယူရိုကျတယ်။ တစ်ကယ်ဆို ၁၅ ယူရိုပဲကျတဲ့လမ်းပါ။ကျန်တဲ့ အလုပ်နဲ့ဆိုင်တဲ့အပိုင်းတွေကတော့ ထားပါတော့။  

Valencia , Spain

ဗလန်စီယာမြို့လေးအကြောင်းကို အရင်ပြောတော့မယ်။ စရောက်ရောက်ချင်းနေ့မှာပဲ ခဏနားပြီး. အပြင်ကို လမ်းလျှောက်ထွက်ခဲ့မိတယ်။ ရာသီဥတုကအေးမြနေတယ်။ ညနေခင်း နေဝင်ခါစအချိန်ပဲ. လမ်းပေါ်မှာ လူသွားလူလာသိပ်မများလှဘူး။ ချစ်စရာကော်ဖီဆိုင်လေးတွေိကိုတွေ့တယ်။ ဈေးသိပ်မကြီးတာကို ပတ်ရှာနေမိတယ်။  လမ်းတွေကိုမသွားတတ်သေးဘူး ။ ဖုန်းနဲ့ ဂျီပီအက်စ် ကြည့်သွားတာကိုပဲ လည်နေတယ်။ ဒါကြောင့် တည်းတဲ့နေရာနဲ့ မနီးမဝေးကိုပဲသွားကြည့်မိတယ်။  လမ်းပေါ်မှာ ကျိုးပဲ့နေတဲ့ပလက်ဖောင်းဆိုတာမရှိဘူး။ လမ်းထောင့်တစ်ဖြတ်စီမှာ လူကူးမျဉ်းကြားရှိတယ်။ တစ်လမ်းမောင်း လမ်းသေးသေးလေးတွေမှာတောင် လမ်းထိပ်မှာ လူကူးမျဉ်းကြားရှိတယ်။ လူကူးမျဉ်းကြားပေါ်က ကူးရင်.. ယာဉ်တိုင်းရပ်ပေးတယ်။ တစ်ခါတစ်လေ မီးပွိုင့်မရှိဘူး။ ကိုယ် ကယာဉ်တွေ အဆက်မပြတ်သွားနေလို့ မကူးသေးပဲစောင့်နေတယ်။သူတို့က ကိုယ့်ကို ပြန်စောင့်တယ်။ နောက်ဆုံး ဖြတ်ကူးဖို့ လက်ပြတော့မှပဲ  ကူးမိတော့တယ်။

နောက်တစ်ခုကတော့ တက်စီ တွေအကြောင်းပြောချင်တယ်။တက်စီတွေကို များသောအားဖြင့် လမ်းလည်ကောင်မှာ လက်တားပြီးငှားလို့မရဘူး။ လမ်းထောင့်တွေမှာ တက်စီစတန်းတွေ ရှိတယ်။သူတို့ဆီကိုသွားငှားရတယ်။ အလှည့်ကျနဲ့ ထွက်ကြတယ်။ ခါးပတ်ကို နောက်ကလိုက်တဲ့သူလည်း ပတ်ရတယ်။တက်စီစတန်းလိုပဲ စက်ဘီးစတန်းတွေလဲရှိတယ်။ စက်ဘီးတွေက ခေါက်လို့ရတဲ့ စက်ဘီးလေးတွေများတယ်။အချို့ဆိုသေးသေးလေးတွေ၊ သူတို့တွေကိုလဲ ကတ်နဲ့ငှားလို့ရတယ်။  ကျွန်တော်တော့ စက်ဘီးမစီးဖြစ်ခဲ့ဘူး။နောက်ပြီးတော်တော်များများ စကိတ်စီးကြတယ်။ လမ်းတွေကလည်း အပေါက်အပြဲကင်းတော့ စကိတ်စီးလို့ရတာပေါ့။ စက်ဘီးအပြင် စကူတာတွေလည်းစီးကြတယ်။ ဒီမှာတော့ ကားတွေက ညာမောင်းကြတာပါပဲ၊ တစ်ခုပဲအထူးအဆန်းဖြစ်နေတာက Traffic ကို သိပ်မတွေ့ရတာပဲ။များသော အားဖြင့်လမ်းတွေက ချောင်နေကြတယ်။ ဘက်စ်ကားတွေ အများကြီးလည်းမတွေ့ရဘူး. တက်စီလည်းတူတူပဲ။ကြည့်ရတာတော့ ကိုယ်ပိုင်ကားလည်းနည်းသလို. လမ်းလျှောက်သူ၊ စက်ဘီ:စီးသူ၊ ရထားစီးသူတွေ အားလုံး အချိုးကျနေလို့ပဲလို့ထင်တယ်။သေချာတာကတော ရန်ကုန်မှာလို တစ်နေရာတည်း ပြွတ်သိပ်ကြပ်ညှပ်နေတာမမြင်ခဲ့ဘူး။ပြီးတော့ မျက်စိနောက်လောက်စရာ ကြော်ငြာဆိုင်းဘုတ်တွေလည်းမတွေ့ဘူး။လမ်းလယ်မှာကပ်ထားတဲ့ ကြော်ငြာဆိုတာကိုရှာမတွေ့တာ။ဆိုင်အားလုံးဟာ ဆိုင်းဘုတ်တွေကအစ တညီတည်းဖြစ်နေတယ်။
နောက်တစ်ခု ကတော့ .ဓာတ်တိုင်တွေမှာ မီးကြိုးတွေ တန်းလန်းဖြစ်နေတာကို မတွေ့ခဲ့ရတာပါ.။ဘယ်နားသွားသွား မီးကြိုးတွေပေါ်နေတယ်ဆိုတာကို မတွေ့ခဲ့ဘူး။

ဗလန်စီယာ ရဲ့ကမ်းခြေဘက်ကိုလည်းရောက်ခဲ့သေးတယ်။အစကတော့ ရန်ကုန်မြစ်နဲ့ယှဉ်ပြီး ဘာကြောင့် ရေတွေဒီလောက်ပြာနေတာလည်း စဉ်းစားနေတာ၊ ရန်ကုန်ကျတော့ မြစ်ဖြစ်ပြီး ဒီမှာ ကျတော့ ပင်လယ်နဲ့ တစ်ဆက်တည်း ဖြစ်နေတာကို၊  ရေနက်ဆိပ်ကမ်း လို့ပြောလို့ရမယ်ထင်တယ်။ထားဝယ်ရေနက်ဆိပ်ကမ်းပြီးရင်ကော ဒီလိုမြို့လေးဖြစ်လာနိုင်မလားလို့စိတ်ကူးယဉ်နေမိတယ်။

ဘာစီလိုနာသို့

၁၇ ရက်နေ့မှာတော့ ဗလန်စီယာကနေ ဘာစီလိုနားကို ရထားနဲ့ထွက်ခဲ့တယ်၊ ဘူတာ ကို မြေပုံပေါ်မှာ ကြည့်လိုက်တော့ သိပ်မဝေးပေမယ့် . လမ်းလျှောက်သွားရင် ၄၅ မိနစ်လောက်ကြာမှာရယ် .အိတ်ကြီးလည်းပါလို့. တက်စီပဲငှားလိုက်တယ်။ဘူတာထဲရောက်တော့.. ဘယ်ကိုသွားရမလဲဆိုတာမသိဘူး။ ဒီလိုပဲတွေ့တဲ့သူတိုင်းကို လက်မှတ်ပြပြီး .မေးရင်းကနေ နောက်ဆုံးရထားပေါ်ရောက်သွားတယ်။ရထားကတော့အမြန်ရထားပါပဲ ။ ထုံးစံအတိုင်း ရန်ကုန်မန္တလေး ရထားလိုတော့ဘယ်ဟုတ်မလဲ။ အခုဒီစာကို အေးအေးဆေးဆေးရေးလို့ရတဲ့ အထိ ငြိမ်နေတယ်။ ရထားထဲမှာတော့အပြင်လို့မဟုတ်၊ နည်းနည်းနွေးနေတယ်။ အနွေးထည်တောင်ဝတ်စရာမလိုဘူး။မှန်နားကျတဲ့အတွက် စိတ်တိုင်းကျ .အပြင်ရှုခင်းကို ကြည့်လို့ရတယ်.

ဘာစီလိုနားကော ဗလန်စီယာကော နှစ်ခုလုံး ကမ်းစပ်မြို့တွေ ဖြစ်တဲ့အတွက် ..ရထားလမ်းကလည်း ပင်လယ်ဘေးမှာ ရှိတယ်။ ရထားစီးရင်းကိုယ့်ရဲ့ညာဘက် မှာ ပင်လယ်ကြီးမြင်ရတာ တော့ပထမဆုံးအတွေ့အကြုံပါပဲ။မြို့သေးသေးလေးတွေ ဖြတ်သွားတယ်။ များသော အားဖြင့် မြို့သေးသေးလေးဆိုပေမယ့် .. သပ်သပ်ရပ်ရပ်တွေကြည့်ပါပဲ။နောက်ဆုံးတော့ဘာစီလိုနာ ဆန့် ဘူတာရုံကိုရောက်သွားတယ်။ ဘူတာရုံက တော်တော်ကြီးတယ်။အထဲမှာ စားသောက်ဆိုင်တွေလည်းများတယ်။ ကော်ဖီစက်တွေ၊ အချိုရည်ရောင်းတဲ့စက်တွေလည်းရှိတယ်။ အကြွေစေ့ နဲ့ မဟုတ်တော့ ဘယ်လို လုပ်ရမလဲမသိတာရယ်။ စျေးကလည်း အပြင်ထက်များနေတာရယ်ကြောင့် ခဏပဲ ရပ်ကြည့်ပြီး မဝယ်ပဲထွက်လာခဲ့တယ်။ရုတ်တရက် ဆိုတော့ ထွက်ပေါက် က ဘယ်နားမှန်းမသိဘူး။ ဘူတာရုံမှာ လာကြိုနေကြတဲ့သူတွေကိုလည်း အများကြီးပဲတွေ့ရတယ်။ဘူတာအပြင်ရောက်တော့. ရာသီဥုတုက ပြန်အေးလာတယ်။

ဖုန်းရဲ့ ဂျီပီအက်စ် ကို ဖွင့်ကြည့်တော့ ကိုယ် Airbnb က ငှားထားတဲ့နေရာနဲ့ သိပ်မဝေးဘူး။ လမ်းလျှောက်သွားလို့ရတယ်။ လက်ဂေ့ဂျ်ကြီးနဲ့ တစ်ဖက်က ဖုန်းဂျီပီအက်စ်ကိုဖွင့်ပြီးသွားရာက နေ..ခဏ နေတော့ နေမယ့်နေရာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်။များသော အားဖြင့် ဟိုတယ်ဈေးတွေက အနည်းဆုံး ၄၀ ယူရိုလောက်ရှိတယ်။၇သောင်းလောက်ပေါ့။ ကိုယ်တွေကတော့ အလကားနေရင်း တစ်ညအိပ်ဖို့ အဲဒီလောက် အကုန်မခံနိုင်ဘူးတွေးတယ်။ ဒါကြောင့် aribnb ကသက်သာတဲ့နေရာတွေရှာပြီးငှားထားလိုက်တယ်။

ကိုယ့်ရဲ့အိမ်ရှင်က ကက်ရှ် မနီးယားက တဲ့။အိန္ဒိယ ပါကင်စတန် နယ်စပ်နားပေါ့။  သဘောတော်တော်ကောင်းပါတယ်။ သူက ကိုယ့်အခန်းသော့ နဲ့အိမ်သော့ကိုပေးပြီးကြိုက်သလိုနေ .ကြိုက်တဲ့အချိန်ပြန်လာလို့ပြောတယ်။ ခဏနားပြီးတာနဲ့လွယ်အိတ်ကောက်လွယ်ပြီး အပြင်ပြန်ထွက်ခဲ့တယ်။အင်တာနက်လိုင်း ကတော့ ၁မီဂါဘိုက်ပါ စက္ကန့်တက်တယ်။ဒါကြောင့် လိုအပ်မယ်ထင်တဲ့ အက်ပ် တွေကို ဒေါင်းလုတ်ဆွဲထားတယ်။ မြေပုံ ၊ဘပ်စ်ကားနဲ့ ၊ ရထား အက်ပ်တွေပေါ့။ကိုယ်သွားချင်တဲ့နေရာကလမ်းလျှောက်ရင်တော်တော်လျှောက်ရမှာဖြစ်တဲ့အတွက်. .မြေအောက်ရထားစီးမယ်လို့ကြံလိုက်တယ်။အနီးဆုံး မြေအောက်ရထားကိုတော့ မြေပုံပေါ်မှာပဲ ရှာတွေ့ပါတယ်။ ထုံးစံအတိုင်း navigation ဖွင့်ပြီးသွားပေါ့။ ဂူဂယ်ရဲ့ navigation ကိသိပ်မကောင်းဘူး။ အခြား offline ပါရတဲ့ appတွေရှိတယ်။

မြေအောက်ရထားစီးဖို့လုပ်တော့ လက်မှတ်ကိုအလိုလျောက်ထုတ်ပေးတဲ့စက်တွေပဲရှိတယ်။ ဗီဇာကတ်နဲ့ဝယ်တာ ဝယ်လို့မရဘူး.ဘာမှားနေလဲမသိဘူး။ ဒါကြောင့် ၁၀ ယူရိုတစ်ရွက်ထည့်လိုက်တော့ လက်မှတ်တစ်စောင်ထုတ်ပေးတယ်။ သူ့ကို တီ၁၀ လက်မှတ်လို့ခေါ်တယ်။ ပုံမှန်ဆို ရထား၊ ဘပ်စ် တစ်ခါစီးရင် ၂ယူရိုလောက်ကျတယ်။တီ၁၀ လက်မှတ်က တော့ မြေအောက်ရထား၊ ဘပ်စ် တွေအားလုံးကို ၁၀ကြိမ်စီးလို့ရတယ်။လက်မှတ်ရပြန်တော့ လည်း ဘူတာထဲဝင်ဖို့ တံခါးပွင့်အောင် မဖွင့်တတ်ဘူး။ ဒါကြောင့် တစ်ယောက်ယောက်လာတဲ့အထိစောင့်ပြီးတော့မှ .ဘယ်လိုလုပ်ရလဲ မေးရတယ်။ရထားထဲရောက်ပြန်တော့ ..ကိုယ်ရထားမှားစီးတာကိုမသိဘူး။ သွားရမယ့်နေရာနဲ့ဆန့်ကျင်ဘက်ပါသွားတယ်။ဘယ်လိုသိလဲဆိုတော့ ..အသံနဲ့ကြေငြာပေးတဲ့အပြင်.. လက်ရှိရောက်နေတဲ့နေရာကို လမ်းကြောင်းပေါ်မှာမီးလေးလင်းပြီးပြတယ်။မှားမှန်းသိတာနဲ့ နောက်ဘူတာရောက်တာနဲ့ ဆင်းပြီး နောက်တစ်စီးစီးဖို့စောင့်တယ်။တော်တော်များများက နားကြပ်တွေတပ်ထားကြတာနဲ့ ..ဘယ်သူ့မေးရမှန်းမသိဖြစ်တာနဲ့ .. ရထားပေါ်မှာ တယောထိုးတဲ့ လူကို မေးပြီး စီးလိုက်တယ်။သိပ်မကြာခင်မှာပဲ.. ကိုယ်သွားချင်တဲ့ဘူတာကိုရောက်သွားတယ်။

 ထွက်ပေါက်ရှာတာတော့သိပ်မခက်ခဲပါဘူး။ လူအုပ်ကြီးနဲ့လိုက်သွားလိုက်တာ ။ အဆင်ပြေသွားတာပဲ။နောက်တော့ လမ်းလျှောက်ရတဲ့အလှည့်ပေါ့၊ လမ်းကတော်တော်ကိုလျှောက်ရတယ်။ ရာသီဥတုအေးလို့ .. မမောဘူး။ချွေးမထွက်ဘူး။ ပလက်ဖောင်းကျဉ်းကျဉ်းလေးတွေမဟုတ်တဲ့ အတွက်လည်း တစ်ယောက်နဲ့တစ်ယောက် ရှောင်နေရတာမျိုးမရှိဘူး။

Makers of Barcelona ကိုသွားလည်ခဲ့တယ်။ သူ့ရဲ့ Founder က Cecilia Tham  လို့ခေါ်တယ်။ဟားဗက် ဘွဲ့ရတစ်ယောက်ပဲ။ သူကပြောတယ်။ သူမရဲ့ မိဘတွေက ဗမာပြည်မှာမွေးတဲ့တရုတ်တွေတဲ့။ ၁၉၇၀ လောက်မှာ ဟောင်ကောင်ကို ပြောင်းလာခဲ့တာ၊ အဲဒီနောက်မှ အခု စပိန်မှာအခြေချနေတာဆိုပဲ။Ted talkမှာကြည့်ရင် သူမ ပြောထားတဲ့ဗီဒီယိုတစ်ချို့ရှိတယ်။MOBမှာသိပ်ကြာကြာမနေဖြစ်ခဲ့ပါဘူး။ ခဏပဲရောက် ၊ ပတ်ကြည့်၊ စကားနည်းနည်းပြောပြီ:ပြန်လာခဲ့တယ်။အဲဒီနောက်မှာတော့. ဘာစီလိုနားရယ် ကိုယ်ရယ်နှစ်ယောက်ထဲပဲ ရှိတော့တာပေါ့.။T10 Ticket ဝယ်ထားလို့ .ဘပ်စ်ကားဖြစ်ဖြစ် မြေအောက်ရထားဖြစ်ဖြစ် စီးလို့ရပေမယ့် .. အလျင်စလိုသွားစရာမလိုတဲ့အတွက် .. လမ်းလျှောက်ပြီးပဲ အိမ်ပြန်ဖို့ စဉ်းစားလိုက်တယ်။
လမ်းကို ပုံမှန်လောက်ပဲ လျှောက်ပြီး မြို့ထဲ ကလမ်းတွေကိုပတ်ကြည့်တယ်။ အရင်ကလို လမ်းပျောက်မှာမကြောက်တော့ ဘူးGPS  ကိုကောင်းကောင်းသုံးတတ်ပြီး ဖုန်းကလည်း အင်တာနက်အဆက်မပြတ်ရနေတာဆိုတော့ သိပ်မစိုးရိမ်မိဘူး။စပိန်ကမြို့ခံတွေကတော့ အလစ်သမားတွေပေါတယ်။ အိတ်ကို ဂရုစိုက်လို့ပြောတယ်။ 
မြို့ထဲကလမ်းတွေက.. ကားတွေနဲ့ပြွတ်သိပ်ကြပ်ညှပ်နေတာမဟုတ်ဘူး။တစ်လမ်းမောင်း လမ်းမကြီးနှစ်ခုက ဘယ်ညာမှာရှိတဲ့အပြင် အလယ်တစ်လျှောက်လုံးမှာက ပန်းဥယျာဉ်ကြီးကြည့်ပဲ။  လျှောက်သွားလိုက်.. တစ်ခါတစ်လေ ..အဲဒီ ဥယျဉ်ထဲက ခုံပေါ်ထိုင်လိုက်နဲ့ပေါ့၊သူတို့လမ်းလျှောက်ကြလို့လားမသိဘူး.။ တော်တော်များများ .. ပုံပျက်ပန်းပျက်ဝနေတယ်ဆိုတာမရှိဘူး။ အားလုံး ကျစ်ကျစ်လစ်လစ်တွေကြည့်ပဲ၊ တစ်ခါတစ်လေသွားရင်းလာရင်းမကြာ မကြာ တွေ့မိတာကတော့.. တစ်ကိုယ်တည်း စက်တပ်ထားတဲ့ ဝှီးချဲလေးနဲ့သွားနေသူတွေ .. အချို့ကတော့.. ချိုင်းထောက်နဲ့သွားနေသူတွေ… မျက်စိမမြင်ပဲ.. တုတ်လေးတစ်ရမ်းရမ်းနဲ့သွားနေသူ .. ခွေးလေးကိုကြိုးနဲ့ဆွဲပြီး လမ်းလျှောက်နေတဲ့ အမြင်အာရုံချို့ယွင်းသူတွေ..ကိုယ်တွေတစ်သက်လုံး.. Disabled အတွက် ကို စဉ်းစားရကောင်းမှန်းမသိခဲ့ပေမယ့်.သူတို့ဆီမှာ ..Disable accessible ဖြစ်တဲ့နေရာတွေအများကြီးပဲ.. ကော်ဖီဆိုင်သေးသေးလေးမှာတောင်.. Disable အတွက်သီးသန့်.. toilet ရှိတယ်။ ကျွန်တော်တို့ဆီမှာ.. အိမ်မှာပဲနေလိမ့်မယ်လို့ ယူဆထားသူ.. အဖိုးကြီးအဖွားကြီးတွေ..၊ မသန်မစွမ်းတွေ အားလုံး.. လမ်းပေါ်မှာ မြင်ရတဲ့အတွက် ..အထူးအဆန်းကြီးတစ်ခုလိုဖြစ်နေတယ်။အချို့ဆို တုန်ချိတုန်ချိ နဲ့ ..လမ်းလျှောက်ရင် ကူတဲ့ လေးချောင်းထောက် ခုံလေးနဲ့ မျဉ်းကြားကနေကူးနေကြတယ်လည်းတွေ့တယ်။အချို့ကျတော့. ကလေးတွေကို တွန်းလှည်းထဲထည့်ပြီး.. လမ်းလျှောက်နေကြတယ်။
အချို့နေရာတွေ အဆောက်အဦးအသစ်ဆောက်နေတယ်။ တစ်ခုသဘောကျသွားတာကတော့ တစ်ခုခုပြုတ်ကျရင် ခေါင်းပေါ် မကျအောင် လို့ လူသွားလမ်းပလပ်ဖောင်းပေါ်မှာ ယာယီဆောက်ထားတဲ့ အမိုးလေးတွေတွေ့တာပဲ.။
နောက်ဘယ်နေရာသွားသွားတွေ့တာကတော့ .ကော်ဖီဆိုင်သေးသေးလေးတွေ.. များသောအားဖြင့် အထဲမှာ နေရာသိပ်မရှိဘူး။အပြင်ပလက်ဖောင်းပေါ်မှာ ခုံတွေ ခင်းထားကြတာများတယ်။ ပလပ်ဖောင်း ဆိုလို့လည်း သေးသေးလေးမဟုတ်တဲ့.အတွက် .လူသွားလမ်းပိတ်သွားတာမျိုးမရှိဘူး။ မနက်စာကို ကော်ဖီနဲ့ မုန့်နဲ့ တွဲလျက်ရောင်းလေ့ရှိတယ်။ ၃ ယူရိုလား ပဲ။ကော်ဖီဆိုင်အပြင် ဘား တွေလည်းများတယ်။ အချို့ကတော့ တွဲထားတာပဲ။ ဘယ်မှာဖြစ်ဖြစ် ဘီယာကတော့ အမြဲရတယ်။တစ်ခုခုမှာရင် ကော်ဖီ ဒါမှမဟုတ် ဘီယာနဲ့ တွဲသောက်ကြတယ်။  ဘီယာကို ရေလို သောက်တာပေါ့။ဘာကြောင့်လဲတော့မသိ.. ဒီရောက်မှာ ဘီယာသောက်လို့ကောင်းနေတယ်။ ကော်ဖီဆိုင်လေးတွေနဲ့ ဘားတွေပေါပုံက ရန်ကုန်မှာ လက်ဖက်ရည်ဆိုင်တွေပေါသလိုပဲလို့ တွေးမိတယ်။သူတို့ဖွင့်တဲ့အချိန်တွေကလည်း ဘယ်လိုလည်းတော့မသိဘူး။ တစ်ခါတစ်လေ တစ်နေကုန်ပိတ်ထားတယ်။ ညကျမှဖွင့်တယ်။ အချို့ကျတော့ လည်း ညဆိုအစောကြီးပိတ်တယ်။
နောက်တစ်ခု ကြုံခဲ့ရတာကတော့.. ဘယ်သွားသွား ချပေးရင်.. ခက်ရင်းနဲ့ ဓားပဲချပေးတယ်။  ဓားကများသောအားဖြင့် မသုံးတာများတယ်။ ထမင်းတောင် ခက်ရင်းနဲ့ စားရတာမျိုးကြုံရတယ်။ ကောင်းတာကတော့ တစ်ခါတည်းအများကြီး မစားမိတော့ဘူးပေါ့။

Airbnb အတွေ့အကြုံ


Airbnb အကြောင်းလည်း  အကျယ်ချဲ့ ပြောဖို့လိုသေးတယ်။လွန်ခဲ့တဲ့လအထိ airbnb ဆိုတာ သတင်းတွေထဲမှာ မကြာ မကြာပါဘူး တာပဲ ကြုံဖူးတယ်။ဘာမှန်းသေချာမသိဘူး ။ နောက်တော့  airbnb website ကိုဝင်ကြည့်တော့ .. ဈေးတွေက အရမ်းသက်သာတာတွေ့ရတယ်။အထူးသဖြင့် hostel လိုနေရာမျိုးလည်းမနေချင်ဘူး။ ကိုယ့်ပစ္စည်းတွေ စိတ်မချ ဖြစ်နေရတာ ကို မကြိုက်ဘူး။ဟော်တယ် ၊ မော်တယ်တွေက လည်း ဈေးများလွန်းတယ်။ (ကိုယ့်အတွက်ပေါ့လေ) ။ ဒါကြောင့် အတွေ့အကြုံအသစ်အနေနဲ့ airbnbကို သုံးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။တကယ်တော့ airbnb ကိုငှားတာ စပိန်ကို ရောက်တဲ့နေ့ကျမှ ပါ။ Airbnb ဆိုတာ လက်ရှိ ..Uber တို့ Grab တို့လိုမျိုးပဲ.. B2C business model.လူတိုင်းက အိမ်ရှင် (host ) လည်းဖြစ်နိုင်တယ်။ ဧည့်သည် (guest )လည်းဖြစ်နိုင်တယ်။သူတို့ website ကိုသွားပြီး.. အိမ်တွေလိုက် ရှာ ပြီး တည်းခိုနိုင်သလို.. ကိုယ်တိုင်ငှားရမ်းချင်သူ အိမ်ရှင်အဖြစ် လည်းလျှောက်နိုင်တယ်။အိမ်ရှင်က ဘယ်လို service တွေပေးနိုင်လဲဆိုတာကို website ထဲမှာလိုက်ကြည့်နိုင်တယ်။ဥပမာ၊ kitchen ပေးသုံးသလား၊ wifi ရှိသလား ၊ ဓာတ်လှေခါး၊ Airconditioner ရှိမရှိ စတာတွေပေါ့ သူတို့ ဘယ်လို စည်းကမ်းတွေချထားလဲဆိုတာလည်းကြည့်နိုင်တယ်။ ဆေးလိပ်မသောက်ရတို့ ၊ပါတီမလုပ်ရတို့စတာတွေပေါ့။Rating နဲ့Review တွေကိုလိုက်ဖတ်ကြည့်ပြီး. စိတ်ချရတဲ့အိမ်မျိုးကို ကျွန်တော်တော့ငှားတယ်။တစ်ယောက်တည်း သီးသန့်ခန်းလိုချင်လား၊ သူများနဲ့ shared တဲ့အခန်းလား၊ ဒါမှမဟုတ် တစ်အိမ်လုံးငှားချင်လား စတာတွေပါကြည့်လို့ရတယ်။
15 euro ကနေ 20 euro ကြားမှာ နေလို့ ဖြစ်တာတွေ တော်တော်များများရှိပါတယ်။၃ရက်ဆိုတော့ ..60 Euro ( မြန်မာငွေ တစ်သိန်းနီးပါးကျတယ်)။ CB ကထုတ်ထားတဲ့visa card နဲ့ငှားလို့ရတယ်။ website မှာငှားလိုက်တာနဲ့.. ပိုက်ဆံကို airbnb က 24 hour ထိန်းထားတယ်။နောက်မှ အိမ်ရှင်ဆီကိုလွှဲပေးတယ်။
အိမ်ရှင်နဲ့တိုက်ရိုက် စကားပြောရတယ် ။message ပို့ပြီး . သူက ဘယ်အချိန်လာမလဲ.. နေရာတွေဘာတွေ အသေးစိတ်ပြောပြတယ်။ အခြားသိချင်တာရှိရင်လည်းမေးလို့ရတယ်။
Barcelona မှာကော valencia မှာကော airbnb ပဲသုံးခဲ့တယ်။

ဘာစီလိုနာက ဆန္ဒပြပွဲ

2017 Catalan Independence Referendum

ကျွန်တော်သွားတဲ့အချိန်က ဘာစီလိုနားမှာ ကက်တလန် ကိစ္စပွဲဆူနေချိန်ပေါ့ ။ ကက်တလန်အများစုရှိတဲ့ ဘာစီလိုနားကို ..သီးသန့် လွတ်လပ်တဲ့ နေရာအဖြစ်ခွဲထွက်ဖို့ .. ဒေသလွှတ်တော်က နေ မဲခွဲဆုံးဖြတ်လိုက်တယ်။အဲဒီမှာလူတွေကအောင်ပွဲခံကြတယ်။ဗဟိုအစိုးရကတော့ .. လက်မခံဘူး။ ဒေသလွှတ်တော်တစ်ခုလုံးကို ဖြုတ်ပစ်လိုက်တယ်ကြားတယ်။ဒါကြောင့် စပိန်ကို ရောက်တော့ .. နေရာတော်တော်များများမှာ အလံတွေ ချိတ်ထားတာတွေ့တယ်။အလံတွေကများသော အားဖြင့်ဆင်တယ်။ အချို့နေရာတွေမှာတော့ .. မတူဘူး။အဓိပ္ပါယ်ကတော့ ..ကွဲမယ်ထင်တယ်။ များသောအားဖြင့် ခွဲထုတ်ရေးကိုထောက်ခံတဲ့သူတွေက အလံတွေများတယ်။စရောက်ရောက်ချင်းတစ်ရက်ကတော့ ဆန္ဒပြပွဲတစ်ခုနဲ့တိုးခဲ့သေးတယ်။ဆန္ဒပြတာလည်း အော်ဟစ်နေတာမဟုတ်ဘူး။လူတွေ လမ်းမပေါ်မှာ ဒီတိုင်းထွက်ပြီးစကားပြောနေကြတယ်။ ဘပ်စ်ကားတွေ ရပ်ထားတယ်။Taxi တွေလည်းရပ်ထားတယ်။ ဘေးနားမှာ ရဲကားတွေစောင့်နေတယ်။ အဲဒီနားတစ်ဝိုက်ကတော့ လမ်းပိတ်နေတာပေါ့။ဘာဆက်ဖြစ်မလဲစောင့်ကြည့်နေတယ် ။ ဘာမှဖြစ်မလာဘူး။တော်တော်ကြာတော့… လမ်းပိတ်နေတဲ့အခြမ်းဘက်က.. ကားတစ်စီးကနေ ဟွန်းအရှည်ကြီးဆွဲတီးလိုက်တယ်။အဲဒါနဲ့ လမ်းပေါ်ရပ်နေတဲ့လူအုပ်ကြီးက .ဘာတွေလည်းမသိကြွေးကြော်ပြီး လက်ခုပ်တွေတီးပြီး လူစုခွဲသွားတယ်။


အိမ်ပြန်ရောက်တော့ အိမ်ရှင်ကိုမေးကြည့်တော့.. ဒီလိုဆန္ဒပြပွဲတွေက နေရာပေါင်းစုံမှာရွှေ့ပြီးလုပ်နေတာလို့ပြောတယ်။၁၂ရက်နေ့ကတင် လူပေါင်းသိန်းချီပါတဲ့ ဆန္ဒပြပွဲတစ်ခုဖြစ်သွားသေးတယ်တဲ့။ ဒါကလွဲလို့ ကျန်တဲ့နေရာတွေအေးအေးဆေးဆေးပါပဲ.။သွားလာ လှုပ်ရှားမပျက်ကြဘူး။

ပထမတစ်ရက်ကိုတော့ Hop on Hop off bus စီးတယ်။ သူကတော့ ယူရို ၂၆ လားပေးရတယ်။နှစ်ထပ်ကားတွေပေါ့။ အပေါ်က အမိုးဖွင့်ထားတယ်။ 24 hour အတွင် ကြိုက်တဲ့ Ho ho bus တက်စီးလို့ရတယ်။ဘာစီလိုနာတစ်ဝိုက်ကို ပတ်ပြတယ်။ ကိုယ့်လို ဘယ်နားသွားလည်ရမှန်းမသိတဲ့သူအတွက်အဆင်ပြေတယ်။ ဒါပေမယ့်သူက sightseeing နဲ့မတူဘူး။HO HO bustine ဆိုပြီးသက်သက်ရှိတယ်။အဲဒီ လိုင်းက လမ်းကြောင်း ၃ခုပြေးတယ်။Bus တွေလည်းအများကြီးပဲ၊ကိုယ် က တစ်စီးနဲ့လိုက်သွား.. ကိုယ်စိတ်ဝင်စားတဲ့ နေရာရောက်ရင် ဆင်းနေခဲ့လိုက်…ကြိုက်သလောက်လျှောက်ပတ်ကြည့်ပြီး နောက်လာတဲ့ ကားတစ်စီးနဲ့ ပြန်လိုက်သွားလို့ရတယ်။ကားတွေက မိနစ်၂၀ တစ်ခါလားပဲထွက်တယ်။နောက်ပြီး audio guide လည်းပါတယ်။ ကားပေါ်ကိုတက်ရင် နားကြပ်တွေပေးတယ်။ ခုံတိုင်းဘေးမှာ.နားကြပ်ပေါက်ရှိတယ်။ဘာသာစကား ၁၀ မျိုးလားရှိတယ်။ ကြိုက်တဲ့ ဘာသာကို ခလုတ်နှိ်ပ်ပြီးနားထောင်လို့ရတယ်။
အချို့နေရာတွေက တကယ်ကိုလှတယ်..လမ်းက ဂန္ဓဝင်ဆန်တယ်ပဲပြောမလား။ အချို့လမ်းတွေထဲ ကားဖြတ်သွားတဲ့အခါ ရှေးဟောင်းအငွေ့အသက်ပါတယ် အဆောက်အဦးတွေ က ကိုယ့်အပေါ်က မိုးထားသလိုပဲ အမိုးဖွင့်ကားပေါ်က ကြည့်ရတာတော်တော် ပီတိဖြစ်စရာကောင်းတယ်။
တော်တော်များများ အဆောက်အဦးတွေက သက်တမ်းသိပ်မရှိသေးဘူး။ ၁၈၀၀ နောက်ပိုင်းမှဆောက်ထားတာတွေ။

ဗလန်စီယာကတော့ BC 138 လောက်တည်းကဆောက်ထားတာပြောတယ်။ သူ့ဆီမှာတော့ ဘုရားကျောင်းတွေများတယ်။ ဘာစီလိုနားလောက်တော့ ကြည့်စရာသိပ်မပေါဘူး။ Old town လို့ခေါ်တဲ့အရပ်က တော်တော်မျက်စိလည်ဖို့ကောင်းတယ်။ သူ့ဆီမှာပဲ ..တော်တော်များများ အဆောက်အဦးဟောင်းတွေ ..ဘုရားကျောင်းတွေစုနေတယ်။ ဗလန်စီယာနဲ့ ဘာစီလိုနာနဲ့ကို မိုင်၂၀၀ကျော်ဝေးတယ်။ ရန်ကုန် နေပြည်တော်အကွာအဝေးလောက်ရှိတယ် ကြာချိန်ကတော့ ၃နာရီလောက်ပဲ။ ဘူတာတွေက မြို့ထဲမှာရှိတော့. သွားရတာအဆင်ပြေတယ်။
လေဆိပ်တွေကတော့ နှစ်ခုလုံးမြို့ပြင်မှာရှိကြတာပဲ။ Valencia လေဆိပ်ကို သွားတော့.. မြေအောက်ရထားစီးသွားတာ..  ရထားက လေဆိပ်အောက်ခြေအထိ ရောက်တယ်။ တန်းပြီး လေဆိပ်ထဲဝင်သွားရုံပဲ။ လေယာဉ်ချိန်မှီသွားချင်သူတွေအတွက်တော်တော်အဆင်ပြေတယ်။ ဘပ်စ်ကား တိုးစီးစရာမလိုတော့ဘူး။ Taxi ဖိုး ဆိုလည်းတော်တော်စျေးကြီးမှာ။
၁၃ရက်နေ့ကရောက်တယ်။ ၂၂ရက်နေ့မှာပြန်လာခဲ့တယ်။

ဘန်ကောက်ကို ရောက်တယ်ဆိုရင်ပဲ.. အပူချိန်က သိသိသာသာကို တိုးလာတယ်။ တကယ်ဆိုရင် ..ဘန်ကောက်ကနေ ဂျာမနီကိုသွားတာက မြန်မာနိုင်ငံကို ဖြတ်သွားရတာ။ ကိုယ်တွေဆီမှာ တိုက်ရိုက် flight တွေမရှိတော့.. ပိုဝေးတဲ့ ဘန်ကောက်ကို အရင်သွား.. ပြီးတော့ မှ ဘန်ကောက် ကနေ နောက်ကြောင်းပြန်မြန်မာလေဆိပ်ပေါ်ကဖြတ်.. ဥရောပဖက်ပြန်ထွက်ရတာ။ တွေးကြည့်ရင် အလကားနေ ဘန်ကောက်လေဆိပ်ကို ပိုက်ဆံသွားပေးရသလိုပဲ။
ဘယ်တော့များမှ  မြေအောက်ရထားလိုင်းတွေ၊ ပလက်ဖောင်းကျယ်ကျယ်တွေ၊ မဖြစ်စလောက် လမ်းလယ်ကျွန်းလေးမဟုတ်ပဲ. .ပန်းခြံတစ်ခုစာလောက်ဖန်တီးထားတဲ့ လမ်းတွေ ဘယ်တော့များမှ ဖြစ်မလဲလို့.မဝံ့မရဲမျှော်လင့်မိတယ်။ ဘာမှမဟုတ်တဲ့ ကိစ္စတွေကို ဖြေရှင်းနေကြရင်းနဲ့ ..လိုက်လေဝေးလေဖြစ်နေတာကိုလည်း.. တော်တော်စိတ်မကောင်းဖြစ်မိတယ်။ အပြင်ကိုထုတ်ပြောလို့လည်း မကောင်းဘူး။ မင်းကစောက်ကြီးကျယ်တာလားဖြစ်မယ်။
ဒါပေမယ့်.. လူနေမှုအဆင့်အတန်းဆိုတာဘာလဲ, quality of life ဆိုတာဘာလဲ  အမြည်းလောက်သိခဲ့ရတဲ့အတွက် တစ်ခုတော့ကောင်းပါ၏။
ဤတွင်.. ခရီးသွားမှတ်တမ်းပြီး၏။

Arthur

၂၃. ၁၁.၂၀၁၇ (ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်)

Time loop

September..2. 2012

Last night, I was working till 4 am.
I was upgrading my phone os to the latest version.
Playing with the gadgets is my hobby. Maybe I have nothing else to do. Since I don’t have any strings to be attached, I don’t need to hang out with my girlfriend.
Sometimes, I wonder how it would be like having a girlfriend. But, I know It can’t happen that easily.
So, the 23-year-old young life is still enjoyable with modern tech things.
Well, I have successfully upgraded the to latest OS version.
The feeling that I solved something and getting a new experience on mobile tech is pretty good.

In this early morning, one of my friend from the hospital came to me and requested help for his phone.
I haven’t washed the face yet when I was testing on his device. It took me an hour to solve. Then, his phone was ok.
On the last weekend of August, I was assigned for the night shift at the central woman hospital.
They were really tough days.
Although I was free the whole day, it’s hard to say that I was being free. Because of sleep deprivation, I was drowsy and never wanted to leave the bed.No matter what I tried to sleep, I couldn’t. That day sleeping made the whole body fatigue and physically tired.
So, I didn’ like it.
I was unhappy. Days were alone .and nights were alone…
No one to care about me………..No one to care about my appetite.Damn! I miss my home. And want to have a girl who can take me out of this lonely life.

But now, I have to spend my boring days on the mobile, and surfing net.
It is a virtual life.
There are many friends in my account…
They look friendly and kind but, virtual friends can’t be like a real one. Sigh.!!

Reading for my blog would be a good habit for me.

Good night. Friends.
Oh. sorry, It’s the” good morning”.
I will treat you all if I have a real girlfriend who cares me in real life.

 

Arthur..

Juvenile Idiopathic Arthritis

ယနေ့က မေလ ၂ရက်နေ့။
ကျွန်တော်ကတော့ ခုထိ နေပြည်တော်မှာပဲရှိနေသေးတယ်။ နာဂစ်ဖြစ်ခဲ့တာ ၁၀နှစ်မြောက်တဲ့နေ့ပေါ့။
မနေ့က သူငယ်ချင်းတွေနဲ့ Peacock မှာ အေးအေးဆေးဆေး တွေ့ပြီးစကားပြောဖြစ်ကြတယ်။
ထွေရာလေးပါးပြောရင်း ရဲမွန်ကို ဝမ်းကွဲညီမလေးတစ်ဦးမှာဖြစ်နေတဲ့ ရောဂါအကြောင်းမေးလိုက်မိတယ်။
ရဲမွန်က လက်ရှိ နေပြည်တော်ကလေး ဆေးရုံမှာဆိုတော့ သူကအဲဒီ case ကို ကြည့်ခဲ့ရသူလေ။

အဲဒီညီမလေးက အသက်၁၀နှစ်ဝန်းကျင်ပဲရှိဦးမယ်။ အမျိုးတွေများလွန်းတဲ့အတွက် အမေကပြောမှ ညီမတော်မှန်းသိတယ်။ မနှစ်က အဖိုးမဆုံးခင် အိမ်ကို လူနာလာကြည့်ရင်းနဲ့ အဲဒီကလေးကိုတွေ့မိတာ။
စသိသိချင်းမှာတော့ သူက ခြေထောက် ကို ဒူးကနေဆန့်လို့မရဘူး။ Lock Knee ဖြစ်နေတယ်။
ဘာကြောင့်လဲဆိုတာကို တော့ မသိခဲ့ဘူး ။ အရိုးဆေးရုံမှာရှိတဲ့သူငယ်ချင်းတွေကို မေးပြီး ဘယ်နေ့ OPD လာပြလို့ရမလဲ စုံစမ်းခဲ့တယ်။ ကလေးအဖေကို လည်း သေချာသွားဖို့မှာခဲ့တယ်။ ဒါပေမယ့်သူတို့မသွားခဲ့ဘူး။
အခု တစ်နှစ်လောက်ကြာတဲ့အခါ ကျမှ သူတို့ဆေးရုံသွားပြတယ်လို့ပြောတယ်။ အရိုးနဲ့ပတ်သက်ပြီးသွားတာဖြစ်ပေမယ့် ဆေးရုံက ကလေးဆေးရုံကိုပြန်လွှဲလိုက်တယ်။ သူ့ဆီမှာ နှလုံးပါကြီးနေတယ်တဲ့။

ဘာဖြစ်မှန်းသေချာသူတို့ကသိပ်မသိကြဘူး။
ရဲမွန်ကိုမေးကြည့်လိုက်တော့ လူကြီးမှာဆိုရင် Rheumatic arthritis , ကလေးမှာဆိုရင် Juvenile idiopathic arthritis လို့ခေါ်တယ်တဲ့ .Immune disease တစ်မျိုးဖြစ်နေတဲ့အတွက် system ပေါင်းစုံကို ထိဖို့များတယ်လို့သူတို့ကပြောတယ်။ ဒူးကပြဿနာကတော့ စဖြစ်ဖြစ်ခြင်းမှာ သိခဲ့ရင် ပြန်ပြင်လို့ရသေးတယ်။အခုအချိန်မှတော့ ပြင်လို့မရတော့ဘူးလို့ဆိုတယ်။

သူတို့က တောင်သူလယ်သမားတွေ၊ ငွေများများစားစားရှိတာလည်းမဟုတ်ဘူး။
ဒီလို Immune ရောဂါကဘာလို့ သူတို့ဆီမှာလာဖြစ်ရလဲလို့ တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ်။
ပျောက်ကင်းအောင် ကုသနိုင်တဲ့အရာလည်းမဟုတ်ဘူး။
ထိရောက်တဲ့အကြံဉာဏ်လေး မပေးနိုင်ဘူး။

သူတို့တွေဆီမှာ psychosocial support အများကြီးလိုနေမှာပဲလို့ထင်တယ်။
ဘယ်လိုဝဋ်ကြွေးများလဲ။ ကိုယ့်ကိုယ်ကို အပြစ်မတင်သင့်ဘူးလို့ထင်ပေမယ့် ဘာမှမလုပ်ပေးနိုင်တာကိုတော့ မကျေနပ်ဘူးဖြစ်နေတယ်

 

အာသာ

နာဂစ် ၁၀နှစ်ပြည့်

၂၀၀၈ ခုနှစ်

မေလ ၂ရက်နေ့

အဲဒီနေ့ဟာ မန္တလေးမြို့မှာ မိုးတွေရွာနေတယ်။

နွေရာသီ ပူအိုက်လေ့ရှိလွန်းတဲ့ မေလမို့ မိုးရွာတော့ပျော်တဲ့သူတွေထဲကိုယ်လည်းပါတယ်။

အဆောင်မှာ သူငယ်ချင်းတွေရှိတုန်း ရုတ်တရက်ဆိုသလို ဖုန်းတွေထဲ message တချို့ဝင်လာတယ်။

အဲဒီအချိန်က message ဝင်တာဆိုရင် သူငယ်ချင်းတွေ မိသားစုတွေဆီကပဲ လာလေ့ရှိတာလေ။ခုလို operator တွေဆီက နားညည်းလောက်အောင်လာတာမျိုး မကြုံဖူးသေးဘူး။

အတိအကျတော့ မမှတ်မိပေမယ့်. ဆိုလိုတာကတော့
ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့တို့မှာ မုန်တိုင်း ဝင်မှာ ဖြစ်တဲ့အတွက် သတိနဲ့နေကြဖို့ အင်္ဂလိပ်လိုရေးသားထားတဲ့ message လေးပါ။
အဲဒီအချိန်က ရန်ကုန် ဖုန်းလို့ခေါ်တဲ့ 5နဲ့စတဲ့ ဖုန်းနံပါတ်တွေမှာ msg ဝင်တယ်။

ဒါပေမယ့် 20နဲ့စတဲ့ ကျနော့် ဖုန်းမှာတော့ မရောက်ဘူး။

ဒါနဲ့ပဲ ခပ်ပေါ့ပေါ့ပဲ။ မုန်တိုင်းဝင်တာများ အထူးအဆန်းလုပ် ပို့နေသေးတယ်ဆိုပြီး ဟာသလုပ်နေကြသေးတယ်။
ဒါပေမယ့် သတင်းတစ်ခု စသယ်လာခဲ့တာ ဘယ်သူလည်းတော့မမှတ်မိတော့ဘူး။

ဧရာဝတီတိုင်းမှာ နာဂစ်ဆိုတဲ့ မုန်တိုင်း ဝင်သွားလို့ လူတွေအများကြီးရေထဲပါကုန်တယ်။
အိမ်တွေ မြုပ်ကုန်တယ်ဆိုတဲ့သတင်းကြားတယ်။
ဆူနာမီဆိုတာလည်း နားထဲ ကြားဖူးနေကြပဲ။
အုန်းပင်ထက်မြင့်တဲ့ လှိုင်းတွေ ဝင်ခဲ့တယ်ဆိုတော့ာ်တော်တော့ စိတ်ပူသွားမိတာပေါ့လေ။

အဲဒီအချိန်ခါက သတင်းကခုခေတ်လို တန်းသိရတာမှမဟုတ်တာ။

တီဗီကကြေညာဖို့ဆိုတာကလည်းဝေး၊ ဂျာနယ်တွေလည်း ဆင်ဆာထိတုန်းရှိသေးတယ်။
အားကိုးရတာက တဆင့်စကားတဆင့်နားနဲ့ကြားတာတွေရယ်။Radio၊ ဂြိုဟ်တုကလာတဲ့သတင်းတွေရယ်ပေါ့။
မိုးတွေရွာနေတာကတော့ မဆဲသေးပါဘူး။

မိုးကာအကျီနဲ့ အနီးဆုံး 78: 33 လမ်းနားလောက်မှာရှိတဲ့ အင်တာနက် ကဖေးကို ဆိုင်ကယ်နဲ့ မောင်းသွားပြီး ဘာတွေဖြစ်နေလဲသိဖို့ကြိုးစားတော့တယ်။

Facebook မပေါ်သေးတဲ့ခေတ်လို့ပဲပြောလို့ရတယ်။
တနာရီ ၄၀၀လောက်ပေးရတဲ့ အင်တာနက်ကို ကြိုးစားဖွင့်ရင်း မီဒီယာ စာမျက်နှာတချို့က english လိုရေးထားတဲ့ သတင်းတွေတက်လာတယ်။
ဒါတောင် ayeyarwaddy နဲ့ irrawaddyဘာ ကွဲမှန်း နားမလည်သေးဘူး။

မြန်မာသတင်းတွေကို ရေးတဲ့ အချို့. မီဒီယာတွေကိုတော့ အစိုးရက ပိတ်ထားလို့ polysolve လို့ခေါ်တဲ့ proxy ကျော်တဲ့ website ကနေတဆင့် သွားကြည့်ရတယ်။

သတင်းတွေအရ သိန်းနဲ့ချီတဲ့လူတွေသေကြတယ်တဲ့။

အင်တာနက်လိုင်း နှေးနှေးကို စိတ်ရှည်ရှည်နဲ့ သုံးလို့ မြင်ရတာတွေက တော့ ရေထဲ ပေါ်လောပေါ်နေတဲ့ အလောင်းတွေ၊ မြင်မြင်သမျှရေတွေ၊ ရန်ကုန်မြို့ကြီး သစ်ပင်တွေကျိုးကျေ ပြီး စုတ်ပြတ်သတ်နေတဲ့ပုံတွေ

အချို့ webpage လေးတွေကို download ဆွဲmemory stick ထဲထည့်။ ပုံတချို့ကို သိမ်းဆည်းနဲ့
အဆောင်ပြန်ရောက်တဲ့အခါ အခန်းထဲက ကွန်ပျူတာမှာ ဘာတွေ ဖြစ်နေလဲဆိုတာပြန် ပြောပြဖို့ ကြိုးစားခဲ့တယ်။

နောက်ရက်တွေရောက်ရင်ကိုပဲ ကျောင်းထဲမှာကော၊ လက်ဖက်ရည်ဆိုင်တွေမှာကော နာဂစ်ဆိုတဲ့ စကားလုံး တွင်တွင်ကျယ်ကျယ် ပြောနေကြ ပြီ။

ကျောင်းက လူမှု ကူညီရေးအဖွဲ့အချို့ကတော့ ဧရာဝတီကို ကယ်ဆယ်ရေးသွားမယ်ဆိုပြီးပြောနေကြတယ်။
ဒါပေမယ့် ကျောင်းက မလွှတ်ဖူးတဲ့။
ဟိုမှာ ဒုက္ခ ရောက်နေကြတယ်။ စားစရာ၊ နေစရာ၊ ကျန်တာအားလုံးခက်ခဲနေတယ်။

ဒီကကျောင်းသားတွေလိုက်သွားရင် အကူ အညီ မဖြစ်တဲ့အပြင် အန္တရာယ်များတယ်။တာဝန်ကြီးတယ်ဆိုတဲ့ အကြောင်းနဲ့ပေါ့။

ဖုန်း Message တွေကနေ နာဂစ်အတွက် တတ်နိုင်သလောက် ကူညီ လှုဒါန်းဖို့ ဆော် သြော တဲ့စာတွေ ဖြန့်ကြတယ်။ကျွန်တော်တောင် ၁၀စောင်လား။ ၁၅ စောင်လား ဖြန့်ခဲ့ဖူး။

အဖြစ်အပျက်က အဲဒီ တစ်ရက်နှစ်ရက်တည်းနဲ့ ပြီးခဲ့တာမဟုတ်ပါဘူး။
အင်တာနက် ဆိုင်ပုံမှန်ရောက်နေခဲ့တဲ့ ကျနော်က အလျင်းသင့်သလို နာဂစ် သတင်းစောင့်ဖတ် နေခဲ့တယ်။သေတဲ့ လူတွေ တဖြည်းဖြည်းများလာနေတယ်။

အကူအညီအတွက် နိုင်ငံတကာက လာမယ်ဆိုတာတွေကြားရတယ်။အမေရိကန်က အကူအညီပေးဖို့ ကယ်ဆယ်ရေးသင်းဘောတွေရောက်နေတယ်။
ပင်လယ်ဝမှာ စောင့်နေတယ်ဆိုတာမျိုးတွေသိရတယ်။ နိုင်ငံတကာက ဟိုဟာတွေလှူ၊ ဒီဟာတွေလှူ ဆိုတာတွေ မြင်ရကြားရတယ်။

အင်တာနက်ဆိုင်တွေ မှာ နိုင်ငံရေးနဲ့မလွတ်ကင်းတာတွေ မလုပ်ရဆိုပြီးစာကြီးကြီးကပ်ထားပေမယ့်
ကိုယ်လိုချင်တာအားလုံး ဆိုင်ရဲ့ local network ထဲမှာ ရှာလို့ရတယ်။

အင်တာနက်ဆိုင်လာ သုံးတဲ့သူတွေက ဆိုင်က ဒေတာတွေ stick နဲ့သယ်သွားသလို
သူတို့ သိစေချင်တဲ့ ဒေတာတွေလည်း ချန်ထားခဲ့တတ်ကြတာလေ။

ဒါကြောင့် video, music, photo, books, အကုန် စက်တွေထဲမှာရှိတယ်။
အင်တာနက်လိုင်းတက်အောင်စောင့်နေရင်း local network ထဲ မွှေ ရင်းကနေ. ဧရာဝတီတိုင်းက video တွေ ပေါ်လာတယ်။

ကင်မရာနဲ့ တယောက်ယောက် ပတ်ရိုက်ထားတာ။
တော်တော်ကို ရှည်တဲ့အဲဒီ video ထဲမှာ ရန်ကုန်မြို့မှာ သွပ်ပြားတွေ၊ စလောင်းဖုန်းတွေ ပလူပျံနေတာလည်းပါတယ်။
ဧရာဝတီတိုင်းမှာ ရေထဲပက်လက်မျောနေတဲ့ လူသေတွေ၊ တိရစ်ဆာန် တွေ လည်းပါတယ်။

ဒီလောက်ထိ ကို ဆိုးဝါးခဲ့တာလား။

သိပ်မကြာခင်မှာ ဂျာနယ် တွေမှာ ရေးလာကြတာကိုတွေ့တယ်။ ဒါပေမယ့် သူတို့ ထဲမှာ ကျနော်တို့ ဖန်သားပြင်ပေါ်က မြင်ရတာမျိုးတွေမပါကြဘူး။

သတင်းအမှောင်ချထားတဲ့ ခေတ်ထဲမှာ….

နာဂစ်ဟာ ကြိုတင်သတိပေးခြင်း၊ အရေးပေါ်ကယ်ဆယ်ခြင်း၊ ဘာမှ မရရှိပဲ လူတွေအမြောက်အများသေကြေ၊ ဘဝတွေ အများကြီးပျက်ခဲ့ရတယ်။

ယနေ့ နေပြည်တော်..

အပြင်မှာမိုး တွေသည်းသည်းမဲမဲရွာနေတယ်။

မုန်တိုင်းခပ်ပြင်းပြင်းတစ်ခုတော့ဝင်နေတယ်ထင်တယ်။

နာဂစ်ဖြစ်တာ ၁၀နှစ်မြောက် တဲ့နေ့မှာ.

ပြောင်းလဲမှုတွေအများကြီးမြင်နေရပြီ။

နာဂစ်က အစပြုခဲ့တဲ့ INGO,NGO,CSO တွေလည်း နိုင်ငံအနှံ့အပြား အများကြီး ဖြစ်နေပြီ။

သတင်းတွေလွတ်လပ်လို့ ဘယ်နားဘာဖြစ်နေလဲ ချက်ချင်းသိရပြီ။

ပြည်သူ့အစိုးရ တစ်ခုလည်း ရှိပြီ။

ဒါ ပေမယ့် ဘာဖြစ်မှန်းတောင်မသိပဲ သေဆုံးခဲ့ရ မိသားစု တွေ ပြိုကွဲ ခဲဲ့ရတာကိုတော့ ကိုယ်တွေ့ကြုံခဲ့ရသူတွေ ဘယ်မေ့နိုင်ပါ့မလဲ။

၁၀နှစ်ပြည့်ပြီဆိုတဲ့ အတွက်.အဲဒီအချိန်က အဖြစ်အပျက်တချို့ကို ပြန်ချရေးလိုက်ပါတယ်။

အာသာ
2.5.2018

Page 1 of 7

Powered by WordPress & Theme by Anders Norén