၂၀၀၈ ခုနှစ်

မေလ ၂ရက်နေ့

အဲဒီနေ့ဟာ မန္တလေးမြို့မှာ မိုးတွေရွာနေတယ်။

နွေရာသီ ပူအိုက်လေ့ရှိလွန်းတဲ့ မေလမို့ မိုးရွာတော့ပျော်တဲ့သူတွေထဲကိုယ်လည်းပါတယ်။

အဆောင်မှာ သူငယ်ချင်းတွေရှိတုန်း ရုတ်တရက်ဆိုသလို ဖုန်းတွေထဲ message တချို့ဝင်လာတယ်။

အဲဒီအချိန်က message ဝင်တာဆိုရင် သူငယ်ချင်းတွေ မိသားစုတွေဆီကပဲ လာလေ့ရှိတာလေ။ခုလို operator တွေဆီက နားညည်းလောက်အောင်လာတာမျိုး မကြုံဖူးသေးဘူး။

အတိအကျတော့ မမှတ်မိပေမယ့်. ဆိုလိုတာကတော့
ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့တို့မှာ မုန်တိုင်း ဝင်မှာ ဖြစ်တဲ့အတွက် သတိနဲ့နေကြဖို့ အင်္ဂလိပ်လိုရေးသားထားတဲ့ message လေးပါ။
အဲဒီအချိန်က ရန်ကုန် ဖုန်းလို့ခေါ်တဲ့ 5နဲ့စတဲ့ ဖုန်းနံပါတ်တွေမှာ msg ဝင်တယ်။

ဒါပေမယ့် 20နဲ့စတဲ့ ကျနော့် ဖုန်းမှာတော့ မရောက်ဘူး။

ဒါနဲ့ပဲ ခပ်ပေါ့ပေါ့ပဲ။ မုန်တိုင်းဝင်တာများ အထူးအဆန်းလုပ် ပို့နေသေးတယ်ဆိုပြီး ဟာသလုပ်နေကြသေးတယ်။
ဒါပေမယ့် သတင်းတစ်ခု စသယ်လာခဲ့တာ ဘယ်သူလည်းတော့မမှတ်မိတော့ဘူး။

ဧရာဝတီတိုင်းမှာ နာဂစ်ဆိုတဲ့ မုန်တိုင်း ဝင်သွားလို့ လူတွေအများကြီးရေထဲပါကုန်တယ်။
အိမ်တွေ မြုပ်ကုန်တယ်ဆိုတဲ့သတင်းကြားတယ်။
ဆူနာမီဆိုတာလည်း နားထဲ ကြားဖူးနေကြပဲ။
အုန်းပင်ထက်မြင့်တဲ့ လှိုင်းတွေ ဝင်ခဲ့တယ်ဆိုတော့ာ်တော်တော့ စိတ်ပူသွားမိတာပေါ့လေ။

အဲဒီအချိန်ခါက သတင်းကခုခေတ်လို တန်းသိရတာမှမဟုတ်တာ။

တီဗီကကြေညာဖို့ဆိုတာကလည်းဝေး၊ ဂျာနယ်တွေလည်း ဆင်ဆာထိတုန်းရှိသေးတယ်။
အားကိုးရတာက တဆင့်စကားတဆင့်နားနဲ့ကြားတာတွေရယ်။Radio၊ ဂြိုဟ်တုကလာတဲ့သတင်းတွေရယ်ပေါ့။
မိုးတွေရွာနေတာကတော့ မဆဲသေးပါဘူး။

မိုးကာအကျီနဲ့ အနီးဆုံး 78: 33 လမ်းနားလောက်မှာရှိတဲ့ အင်တာနက် ကဖေးကို ဆိုင်ကယ်နဲ့ မောင်းသွားပြီး ဘာတွေဖြစ်နေလဲသိဖို့ကြိုးစားတော့တယ်။

Facebook မပေါ်သေးတဲ့ခေတ်လို့ပဲပြောလို့ရတယ်။
တနာရီ ၄၀၀လောက်ပေးရတဲ့ အင်တာနက်ကို ကြိုးစားဖွင့်ရင်း မီဒီယာ စာမျက်နှာတချို့က english လိုရေးထားတဲ့ သတင်းတွေတက်လာတယ်။
ဒါတောင် ayeyarwaddy နဲ့ irrawaddyဘာ ကွဲမှန်း နားမလည်သေးဘူး။

မြန်မာသတင်းတွေကို ရေးတဲ့ အချို့. မီဒီယာတွေကိုတော့ အစိုးရက ပိတ်ထားလို့ polysolve လို့ခေါ်တဲ့ proxy ကျော်တဲ့ website ကနေတဆင့် သွားကြည့်ရတယ်။

သတင်းတွေအရ သိန်းနဲ့ချီတဲ့လူတွေသေကြတယ်တဲ့။

အင်တာနက်လိုင်း နှေးနှေးကို စိတ်ရှည်ရှည်နဲ့ သုံးလို့ မြင်ရတာတွေက တော့ ရေထဲ ပေါ်လောပေါ်နေတဲ့ အလောင်းတွေ၊ မြင်မြင်သမျှရေတွေ၊ ရန်ကုန်မြို့ကြီး သစ်ပင်တွေကျိုးကျေ ပြီး စုတ်ပြတ်သတ်နေတဲ့ပုံတွေ

အချို့ webpage လေးတွေကို download ဆွဲmemory stick ထဲထည့်။ ပုံတချို့ကို သိမ်းဆည်းနဲ့
အဆောင်ပြန်ရောက်တဲ့အခါ အခန်းထဲက ကွန်ပျူတာမှာ ဘာတွေ ဖြစ်နေလဲဆိုတာပြန် ပြောပြဖို့ ကြိုးစားခဲ့တယ်။

နောက်ရက်တွေရောက်ရင်ကိုပဲ ကျောင်းထဲမှာကော၊ လက်ဖက်ရည်ဆိုင်တွေမှာကော နာဂစ်ဆိုတဲ့ စကားလုံး တွင်တွင်ကျယ်ကျယ် ပြောနေကြ ပြီ။

ကျောင်းက လူမှု ကူညီရေးအဖွဲ့အချို့ကတော့ ဧရာဝတီကို ကယ်ဆယ်ရေးသွားမယ်ဆိုပြီးပြောနေကြတယ်။
ဒါပေမယ့် ကျောင်းက မလွှတ်ဖူးတဲ့။
ဟိုမှာ ဒုက္ခ ရောက်နေကြတယ်။ စားစရာ၊ နေစရာ၊ ကျန်တာအားလုံးခက်ခဲနေတယ်။

ဒီကကျောင်းသားတွေလိုက်သွားရင် အကူ အညီ မဖြစ်တဲ့အပြင် အန္တရာယ်များတယ်။တာဝန်ကြီးတယ်ဆိုတဲ့ အကြောင်းနဲ့ပေါ့။

ဖုန်း Message တွေကနေ နာဂစ်အတွက် တတ်နိုင်သလောက် ကူညီ လှုဒါန်းဖို့ ဆော် သြော တဲ့စာတွေ ဖြန့်ကြတယ်။ကျွန်တော်တောင် ၁၀စောင်လား။ ၁၅ စောင်လား ဖြန့်ခဲ့ဖူး။

အဖြစ်အပျက်က အဲဒီ တစ်ရက်နှစ်ရက်တည်းနဲ့ ပြီးခဲ့တာမဟုတ်ပါဘူး။
အင်တာနက် ဆိုင်ပုံမှန်ရောက်နေခဲ့တဲ့ ကျနော်က အလျင်းသင့်သလို နာဂစ် သတင်းစောင့်ဖတ် နေခဲ့တယ်။သေတဲ့ လူတွေ တဖြည်းဖြည်းများလာနေတယ်။

အကူအညီအတွက် နိုင်ငံတကာက လာမယ်ဆိုတာတွေကြားရတယ်။အမေရိကန်က အကူအညီပေးဖို့ ကယ်ဆယ်ရေးသင်းဘောတွေရောက်နေတယ်။
ပင်လယ်ဝမှာ စောင့်နေတယ်ဆိုတာမျိုးတွေသိရတယ်။ နိုင်ငံတကာက ဟိုဟာတွေလှူ၊ ဒီဟာတွေလှူ ဆိုတာတွေ မြင်ရကြားရတယ်။

အင်တာနက်ဆိုင်တွေ မှာ နိုင်ငံရေးနဲ့မလွတ်ကင်းတာတွေ မလုပ်ရဆိုပြီးစာကြီးကြီးကပ်ထားပေမယ့်
ကိုယ်လိုချင်တာအားလုံး ဆိုင်ရဲ့ local network ထဲမှာ ရှာလို့ရတယ်။

အင်တာနက်ဆိုင်လာ သုံးတဲ့သူတွေက ဆိုင်က ဒေတာတွေ stick နဲ့သယ်သွားသလို
သူတို့ သိစေချင်တဲ့ ဒေတာတွေလည်း ချန်ထားခဲ့တတ်ကြတာလေ။

ဒါကြောင့် video, music, photo, books, အကုန် စက်တွေထဲမှာရှိတယ်။
အင်တာနက်လိုင်းတက်အောင်စောင့်နေရင်း local network ထဲ မွှေ ရင်းကနေ. ဧရာဝတီတိုင်းက video တွေ ပေါ်လာတယ်။

ကင်မရာနဲ့ တယောက်ယောက် ပတ်ရိုက်ထားတာ။
တော်တော်ကို ရှည်တဲ့အဲဒီ video ထဲမှာ ရန်ကုန်မြို့မှာ သွပ်ပြားတွေ၊ စလောင်းဖုန်းတွေ ပလူပျံနေတာလည်းပါတယ်။
ဧရာဝတီတိုင်းမှာ ရေထဲပက်လက်မျောနေတဲ့ လူသေတွေ၊ တိရစ်ဆာန် တွေ လည်းပါတယ်။

ဒီလောက်ထိ ကို ဆိုးဝါးခဲ့တာလား။

သိပ်မကြာခင်မှာ ဂျာနယ် တွေမှာ ရေးလာကြတာကိုတွေ့တယ်။ ဒါပေမယ့် သူတို့ ထဲမှာ ကျနော်တို့ ဖန်သားပြင်ပေါ်က မြင်ရတာမျိုးတွေမပါကြဘူး။

သတင်းအမှောင်ချထားတဲ့ ခေတ်ထဲမှာ….

နာဂစ်ဟာ ကြိုတင်သတိပေးခြင်း၊ အရေးပေါ်ကယ်ဆယ်ခြင်း၊ ဘာမှ မရရှိပဲ လူတွေအမြောက်အများသေကြေ၊ ဘဝတွေ အများကြီးပျက်ခဲ့ရတယ်။

ယနေ့ နေပြည်တော်..

အပြင်မှာမိုး တွေသည်းသည်းမဲမဲရွာနေတယ်။

မုန်တိုင်းခပ်ပြင်းပြင်းတစ်ခုတော့ဝင်နေတယ်ထင်တယ်။

နာဂစ်ဖြစ်တာ ၁၀နှစ်မြောက် တဲ့နေ့မှာ.

ပြောင်းလဲမှုတွေအများကြီးမြင်နေရပြီ။

နာဂစ်က အစပြုခဲ့တဲ့ INGO,NGO,CSO တွေလည်း နိုင်ငံအနှံ့အပြား အများကြီး ဖြစ်နေပြီ။

သတင်းတွေလွတ်လပ်လို့ ဘယ်နားဘာဖြစ်နေလဲ ချက်ချင်းသိရပြီ။

ပြည်သူ့အစိုးရ တစ်ခုလည်း ရှိပြီ။

ဒါ ပေမယ့် ဘာဖြစ်မှန်းတောင်မသိပဲ သေဆုံးခဲ့ရ မိသားစု တွေ ပြိုကွဲ ခဲဲ့ရတာကိုတော့ ကိုယ်တွေ့ကြုံခဲ့ရသူတွေ ဘယ်မေ့နိုင်ပါ့မလဲ။

၁၀နှစ်ပြည့်ပြီဆိုတဲ့ အတွက်.အဲဒီအချိန်က အဖြစ်အပျက်တချို့ကို ပြန်ချရေးလိုက်ပါတယ်။

အာသာ
2.5.2018