Many Lives, Many Memories.

Category: My Story Page 1 of 6

လွန်ခဲ့တဲ့ ၁၀နှစ်က..

လွန်ခဲ့တဲ့ ၁၀နှစ်ကို ပြန်ကြည့်လိုက်ရင် ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အမှတ်တရတွေက မနည်းဘူး။

အပြောင်းအလဲတွေကလည်း ခဏခဏပါပဲ။

အိုင်တီလောက ထဲကို ခြေလှမ်းစလှမ်းခဲ့တာ ၂၀၁၂ လောက်တည်းကလို့ ပြောလို့ရမယ်ထင်တယ်။

အဲဒီတုန်းက မိုဘိုင်းGroup တွေမှာ စပြီး ကူတာတွေလုပ်နေပြီ။

Root ဖောက်၊ မြန်မာစာထည့်ဘာညာပေါ့လေ။

Samsung Galaxy S2 လေးတစ်ခုရှိတာ မျောက်အုန်းသီးရသလိုပဲ။

၂၀၁၃ လောက်မှာ ဘွဲ့ရပြီးတော့ အိမ်ပြန်နေတယ်။

ကျောင်းနေဘက် သူငယ်ချင်းတွေ ဆေးရုံမှာ၊ ဆေးကုမ္ပဏီမှာ၊ နာမည်ကြီး NGO တွေမှာ လုပ်နေကြတာမြင်တော့ အားကျပေမယ့် ကိုယ်မလုပ်ချင်တဲ့အရာမှန်း သိနေလို့ ဘာမှမလုပ်ဖြစ်ဘူး။

၆နှစ်လောက် ဝေးကွာနေတဲ့ မိသားစု နဲ့ အေးအေးဆေးဆေးနေတယ်။

MPT ရဲ့လိပ်လိုနှေးတဲ့ internet ကိုလျှောက်၊

ကိုယ့်အတွက် အပိုင်စားရထားတဲ့ သစ်သား အခန်းလေးထဲမှာ ၊ ကွန်ပျူတာတွေဆင်ပြီးနေ့နေ့ညည အင်တာနက်သုံးတယ်။ 

၂၀၁၃ က Wizard tool တွေနဲ့ မိုဘိုင်း App တွေကို စဖန်တီးနေတဲ့အချိန်။

Playstore ပေါ်မှာ ရှိတဲ့ မြန်မာ  App တွေက ရေတွက်လို့ရနေသေးတယ်။

အိမ်ထဲမှာပဲ နေပြီး ကွန်ပျူတာရှေ့ကလွဲပြီး ဘာအလုပ်မှ မလုပ်တဲ့ မောင်ငြိမ်းကို ဆေးခန်းထိုင်တာ၊ ဒါမှမဟုတ်ဆေးရုံမှာ လုပ်တာတွေ မာတာမိခင်ကလုပ်စေချင်တယ်။

တခါတရံ အမေအတင်းဆွဲခေါ်လာတဲ့ လူနာတွေနဲ့ အဖိုး ကို ကြည့်ပေးတာကလွဲလို့ ဘာမှသိပ်မကုဘူး။

ကိုယ့်ဘာသာ ဆေးကုတာကို အားမရဘူးလို့ ပြောတယ်။

ဆေးကုတာ အပြင် ငါ ဘာလုပ်တတ်သေးလဲ တစ်ချိန်လုံး တွေးနေခဲ့တာ။

ကောင်းကောင်းကျွမ်းကျင်နေပြီဖြစ်တဲ့ App develop လုပ်တာတွေကို အသုံးချပြီး ငါ မရှိသေးတာတွေ လုပ်မယ်လို့ စအတွေးဝင်တယ်။ အဲဒီမှာ Myanmar First Aid စပေါ်လာတယ်။

NGO တစ်ခုခုမှာလုပ်ပါလား ဆိုပြီး ပြောလို့၊ နေပြည်တော်မှာရှိတဲ့ NGO မှာ Volunteer လိုလို သွားယောင်ခဲ့သေးတယ်။

တကယ်တော့ အဲဒီမှာ သွားလုပ်ခဲ့မိတာကလည်း သင်ခန်းစာတွေ ရခဲ့ပါတယ်။

နိုင်ငံတော် အဆင့်ပွဲတွေနဲ့ မစိမ်းခဲ့ဘူး။ 

ဗဟိုတွေမှာ ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို အနီးကပ် မြင်ခဲ့လေ့လာခဲ့ရတယ်။

ဟာကွက်တွေလည်း မြင်ရသလို၊ Efficient မဖြစ်တဲ့ စနစ်တွေကိုလည်း သိရတယ်။

အဲဒီ လို သိခဲ့တဲ့အရာတွေကနေပဲ နောက်ပိုင်း လုပ်ဖြစ်တဲ့အရာတွေရဲ့ စိတ်ကူးတွေကို ဆက်ရလာတာပဲ။

တစ်ခါတစ်ရံ mobile clinics တွေထွက်တဲ့အခါ လိုက်ကုတယ်။

ဘာတွေ ကုလဲ၊ ဘယ်လောက်ထိရောက်သလဲဆိုတဲ့ မေးခွန်းတွေလည်း အရမ်းမေးတယ်။

လူနာ တစ်ယောက်ကို ကြည့်တိုင်း အမြဲလိုလို ခံစားမိတာက အတော်များများက လုံလောက်တဲ့ အချက်အလက်မရှိဘဲ၊ အနည်းဆုံး တစ်ခုခုကိုပေးလိုက်ရတာမျိုး ဖြစ်နေခဲ့တယ်။

လူနာမှတ်တမ်း ထဲမှာ အချက်အလက်မစုံတာ၊ အရင်ဘာဖြစ်နေလဲမသိရတာ၊ အချိန်ကန့်သတ်ချက်ရှိတာ၊ 

နောက်ဆက်တွဲ လုပ်ပေးဖို့လိုတာတွေ ရှိမနေတာ၊ စသဖြင့်ပေါ့။

နောက်ဆုံး ဆေးတစ်ခုခုပေးဖို့လိုရင်တောင် ကိုယ်က အမြဲပေးနေကျမဟုတ်တော့ dose တွေမေ့တယ်။

လူအတော်များများကို Referral လုပ်ဖို့ကြံလိုက်ရင် ဘယ်ဆေးရုံ ၊ဘယ်အချိန်မှာဖွင့်နေမှန်းမသိနေဘူး။

လူတွေကို ပြန်ခါနီးရင် ပန်းဖလက်လေးတစ်ခုခု ပေးလိုက်တယ်။ ဖတ်တယ်မဖတ်တယ်မသိရဘူး။

အချို့ ရောဂါတွေကတော့ တကယ့်ကို ကျန်းမာရေးအသိလေး နည်းနည်းတိုးလာတာနဲ့တင်ကာကွယ်လို့ရတာတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့ မသိတော့၊ မဖြစ်သင့်တာတွေဆက်ဖြစ်ကြတယ်။

နောက်ပိုင်း လုပ်ဖြစ်တဲ့ App တွေရဲ့ စိတ်ကူးက အဲဒီအချိန် တည်းက စသန္ဓေတည်ပါတယ်။

၂၀၁၃ ကနေ ၂၀၁၅  လောက်အထိက ဘယ်အလုပ်မှ သေသေချာချာလုပ်နေတယ်ဆိုတာမရှိပါဘူး။ ကိုယ့်အလုပ်ပဲကိုယ်လုပ်နေတယ်။ ကျောင်းဆက်တက်မှာလိုလို ၊ အလုပ်ပဲ လုပ်တော့မှာလိုလို၊ အစိုးရအလုပ်ဝင်မှာလိုလို နဲ့ စိတ်တွေ ထွေတယ်။ 

တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်က ၂၀၁၅လောက်မှာထင်တာပဲ။

နိုင်ငံခြားကျောင်းတက်ကို တက်မယ်လို့ စတွေးတဲ့အချိန်ပေါ့။ 

ဘာတက်ရမယ်မှန်းလည်းမသိ။

စကော်လာဆိုတာ ဘာမှန်းတောင်မသိသေးတဲ့အချိန်။ နားလည်းမလည်ဘူး။ မဟီဒေါက ရန်ကုန်မှာ လုပ်တဲ့လူတွေ့ ပွဲကို အူလည်လည်နဲ့သွားတက်သေးတယ်၊ ဘာမေးရမှန်းလည်းမသိသလို၊ ဘာလုပ်ရမှန်းလည်းမသိခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ၆လလောက်နီးပါး၊ နေပြည်တော်မှာ လုပ်မယ့် နိုင်ငံတကာ Conference အတွက် အပြည့်အဝအချိန်ပေးတယ်။ အဲဒီပွဲပြီးတဲ့နေ့ကစပြီး ၃ နှစ်လောက် ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့တဲ့အဖွဲ့နဲ့ သံယောဇဉ် ပြတ်တော့တာပဲ။

ကိုယ်ဘယ်လမ်းကို လျှောက်မယ်ဆိုတာ သေချာဆုံးဖြတ်ပြီးတဲ့နောက် ကျောင်းအတွက် စပြင်ဆင်တယ်။

သူများတွေ လွယ်လွယ်ကူကူ ဖြေရတဲ့ အရာတွေကိုအချိန်အများကြီး ပြန်လေ့လာပြီး score  တက်ဖို့တွေ ကြိုးစားခဲ့ရတယ်။ ကိုယ်နဲ့ အမြဲပေါင်းနေကျ ငယ်သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့နေတာရယ်၊ အွန်လိုင်းက အသိတွေနဲ့ တစ်ခါတစ်လေ မန္တလေးမှာသွားတွေ့ဖြစ်တာကလွဲလို့ ပျင်းဖို့ကောင်းလွန်းတဲ့နေပြည်တော် က နေ့ရက်တွေကိုခြောက်ကပ်ကပ်ဖြတ်သန်းတယ်။ အများစုလုပ်ဖြစ်တဲ့အရာတွေက အင်တာနက်က Volunteer အလုပ်တွေပဲ။ နေပြည်တော်က လမ်းတွေကို မြေပုံထဲလိုက်ထည့်တယ်။ TED မှာဘာသာပြန်တယ်။

နားထောင်တယ်။

စာတွေ ရေးတယ်( အများကြီးပဲ) ။ ဝတ္ထုအသစ်တွေဖတ်တယ်။ 

 series တွေထိုင်ကြည့်တယ်။ Java သင်တယ်။ App တွေကို ပုံမှန် maintain လုပ်တယ်။

အဲဒီနောက်မှာUNFPA ကတဆင့် Consultant လောကနဲ့ စထိတွေ့တယ်။ 

၂၀၁၇ ကတော့ အပြောင်းအလဲ ကြီးကြီးမားမားစဖြစ်တဲ့နှစ်လို့ပြောရမယ်။ 

ရန်ကုန်ကိုစပြောင်းပြီး လူတွေကြားထဲ စဝင်ဖြစ်ခဲ့တာက ကိုယ့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သွားတယ်။

ဝါးပင်တွေလိုပဲ။ ရှေ့တုန်းက ငြိမ်နေခဲ့ရသမျှတွေက မြန်မြန်ဆန်ဆန်ပဲပြောင်းလဲလာတယ်။

Amsterdam က လျှောက်ထားတဲ့ကျောင်းကော အလုပ်ကော တစ်ပြိုင်တည်း ရခဲ့တယ်။

ဒါပေမယ့် ကျောင်းကို ဦးစားမပေးဖြစ်ဘဲ အလုပ်ကို ပိုဦးစားပေးဖြစ်သွားတယ်။ 

အစောတည်းက ငါ၂နှစ် ၊၃နှစ်လောက်နေရင် အလုပ်ကထွက်ပြီး ကျောင်းဆက်တက်မယ်လို့ တွေးထားခဲ့ပြီးသား။ 

တစ်ခြားအလုပ်တွေရှိနေရက်နဲ့ ဘာလို့အဲဒီအလုပ်ကို ရွေးလဲလို့ တစ်ချို့တွေကမေးတယ်။

အဲဒီတုန်းက ကျနော် အိုင်တီလောကထဲကို ထဲထဲဝင်ဝင်ရှိချင်လို့ ၊ network ကျယ်ပြန့်ချင်လို့ ဆိုတဲ့ အကြောင်းက အဲဒိကပါ။ တကယ်လဲအသိမိတ်ဆွေအသစ်တွေကော၊ တစ်ခါမှမကြားဖူးတဲ့ စိတ်ကူးတွေ၊ အမြင်တွေရခဲ့တယ်။

ဒေတာ နဲ့ပတ်သက်လို့စ ရူးခဲ့တာကတော့ အဲဒီအချိန်ကပဲ။ start up ဆိုတာကိုလည်း အဲဒီကနေစသိခဲ့တာ။

ကိုယ့်ကိုယ်ကို ဘယ်လို identify လုပ်သလဲဆိုတာ အရေးကြီးတယ်။ အဲဒီအချိန်က ငါဟာ  bridge တစ်ခုလို့ တွေးတယ်။ တစ်ဖက်မှာ နေ့တိုင်းကြားနေရတဲ့စိတ်ကူးတစ်ခု ၊လုပ်ထုံးတစ်ခုဟာ တစ်ဖက်မှာ တစ်ခါမှမသိဖူးမကြားဖူးတဲ့ မှော်အတတ်လိုဖြစ်နေတတ်တယ်။

အဲဒီ လို အရာတွေကို ကိုယ်တိုင်နားလည်အောင်လုပ်ပြီး၊ မနီးစပ်တဲ့နယ်ပယ်ကလူတွေနဲ့ နီးစပ်လာအောင် လုပ်ပေးရပြီး ပိုပျော်လာတယ် ။ အပြောင်းအလဲတွေဖန်တီးဖို့အတွက် အပြောင်းအလဲဖြစ်အောင် စတင်တဲ့နေရာ၊ လုပ်နိုင်တဲ့နေရာတွေမှာ ရှိသင့်တယ်ဆိုတာကိုလည်း လက်ခံထားခဲ့တယ်။

အချိန်တိုတိုလေးအတွင်းမှာ အများကြီး လုပ်နိုင်ခဲ့ကြပါတယ်။ 

အားကြိုးမာန်တက် လည်း ကြိုးစားကြတယ်။ တကယ်လည်း အပြောင်းအလဲ ဖြစ်ခဲ့ကြတယ်။

အဲဒီနှစ်ပိုင်းလေးတွကတော့ 

ကိုယ်မှတ်မိတဲ့ အချိန်ကာလတစ်ခုအတွင်း အပျော်ခဲ့ဆုံး အချိန်တွေလိုပဲ။

၂၀၂၀ မှာ ကျောင်းတက်မယ်ဆိုတဲ့စိတ်နဲ့ အလုပ်ကထွက်တယ်။ ရှေ့ပိုင်းမှာ စကော်လာရှစ်တွေလျှောက်ခဲ့တာပဲ။ ဒါကတော့ စတုတ္တ အကြိမ်ဖြစ်မယ်ထင်တယ်။ 

ကိုဗစ်ဖြစ်တော့ ကိုဗစ်နဲ့ပတ်သက်ပြီး စိတ်ကူးနဲ့ စဖန်တီးခဲ့တာတွေကနေ ပိုကြီးတဲ့အရာတွေ ဖြစ်လာတယ်။ လျှောက်ထားတဲ့ စကော်လားရှစ်လည်း အောင်သွားတယ်။ ၂၀၂၀ တစ်နှစ်လုံး မိသားစုနဲ့ အတူတူ နေရတယ်။

တစ်ဖက်မှာ ကိုဗစ်ရယ်၊ တစ်ဖက်မှာ ကျောင်းတက်ဖို့ ပြင်ဆင်ရတယ်၊ အဲဒီနှစ်ခုနဲ့ပဲ အချိန်ကုန်သွားတယ်။

၂၀၂၁ နောက်ပိုင်းကတော့ မပြောတော့ပါဘူး။

လာမယ့်နှစ်တွေကဘယ်လို ဖြစ်လာမလဲဆိုတာ ကြိုတွေးလို့မရတော့ဘူး။ 

လွန်ခဲ့တဲ့ကာလတွေလိုလည်းတဖြေးဖြေးနဲ့ တိုးတက်လာတာမျိုးလည်းမဟုတ်ဘူး။

အခုဟာ အောက်ဆုံးလား ၊ အောက်မှာ ထပ်ရှိသေးလားဆိုတာကို ပြန်ပြန်စမ်းကြည့်နေရတဲ့အချိန်လိုပဲ။

ဒါပေမယ့် အမြဲတမ်းတော့ ဒီလို ဖြစ်မနေနိုင်လောက်ပါဘူး။

အရင်နဲ့မတူတဲ့အရာတွေထဲက သိသိသာသာ ကွာလာတာတစ်ခုကတော့ အသက်အရွယ်ပဲ။

၂၀ ကျော်ကာလတွေမှာ မိုက်ရူးရဲတယ်ပဲပြောပြော ၊ လုပ်ရဲကိုင်ရဲ ၊ဆုံးဖြတ်ရဲ၊ ပြောင်းလဲရဲတယ်။

အခုအရွယ်မှာတော့ တော်တော်စကားပြောပါတယ်။

တစ်ဖက်မှာ လူငယ်တစ်ယောက်လိုပဲ ဆက်ရူးသွပ်နေချင်တဲ့ စိတ်ရယ်၊

တစ်ဖက်မှာ ဖြစ်သင့်ဖြစ်ထိုက်တာကို စကားစပြောနေတဲ့အရွယ်ရယ် ကြားမှာ ကြားညှပ်တယ်။

ခဏခဏကြားရလေ့ရှိတဲ့ မင်းတို့က ငယ်ငယ်လေးရှိပါသေးတယ်ကွာ ၊ အများကြီးလုပ်လို့ရသေးတယ် ဆိုတာကို ကိုယ်က သူများကိုပြန်ပြောရတဲ့အချိန်ရောက်လာတယ်။

အဲဒီအရွယ်မှာ ရှိသင့်ရှိထိုက်တဲ့ ပုံစံ ရှိနေလားဆိုတော့ လည်း ရှိမနေပြန်ဘူး။  

အလုပ်သင့်ဆုံးကတော့ ကိုယ်စွမ်းနိုင်နေတုန်းမှာ ကိုယ်သိခဲ့သမျှကို ပြန်ပေးခဲ့ဖို့၊ ကိုယ်ရှာတွေ့တဲ့ နည်းလမ်းတွေကိုသုံးပြီး နောက်လူတွေ အလုပ်လုပ်နိုင်စေဖို့ပဲ။အဲဒီအကြောင်းက စိတ်ထဲခဏခဏ ဝင်ပါတယ်။ ငါ တာဝန်မကျေဘူးဆိုတဲ့စိတ်ပေါ့။ 

တစ်ဖက်မှာသူနဲ့ဆန့်ကျင်ဖက် စိတ်တွေလည်းဖြစ်ပါတယ်။ တစ်ခုခု လုပ်ချင်ရင် အဲဒီစိတ်ကို အနှောင့်အယှက်ပေးတဲ့စိတ်၊ စိတ်ပျက် အားလျော့စေတဲ့စိတ်တွေပေါ့။ 

ခေါင်းထဲမှာ တစ်ဖက်မှာ နတ်ဆိုးနဲ့ တစ်ဖက်မှာ နတ်ကောင်း ပေါ်နေပြီး အပြန်အလှန် ပြောနေတယ်လို့ တွေးကြည့်ပါ။ 🙂

နောင်လာမယ့်နှစ်တွေ အတွက် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လာမယ်ဆိုတာကို ယုံကြည်ပါတယ်။ 

လွန်ခဲ့တဲ့ ၉ နှစ်လောက်က ဖတ်ဖူးတဲ့စာအုပ်ထဲက စာကြောင်းတစ်ခုရှိတယ်။

စိတ်ရှည်ဖို့ လိုတိုင်းအဲဒီစာကြောင်းကို ခဏခဏ ရွတ်ခဲ့ဖူးတယ်။ 

Everything comes when it must come.

Everything will be clear to you in time. But you must have a chance to digest the knowledge that we have given to you already. 

တံခါးတစ်ချပ်ပိတ်တိုင်း တံခါးတစ်ချပ်ပွင့်နိုင်ပါသေးတယ်။

Time loop

September..2. 2012

Last night, I was working till 4 am.
I was upgrading my phone os to the latest version.
Playing with the gadgets is my hobby. Maybe I have nothing else to do. Since I don’t have any strings to be attached, I don’t need to hang out with my girlfriend.
Sometimes, I wonder how it would be like having a girlfriend. But, I know It can’t happen that easily.
So, the 23-year-old young life is still enjoyable with modern tech things.
Well, I have successfully upgraded the to latest OS version.
The feeling that I solved something and getting a new experience on mobile tech is pretty good.

In this early morning, one of my friend from the hospital came to me and requested help for his phone.
I haven’t washed the face yet when I was testing on his device. It took me an hour to solve. Then, his phone was ok.
On the last weekend of August, I was assigned for the night shift at the central woman hospital.
They were really tough days.
Although I was free the whole day, it’s hard to say that I was being free. Because of sleep deprivation, I was drowsy and never wanted to leave the bed.No matter what I tried to sleep, I couldn’t. That day sleeping made the whole body fatigue and physically tired.
So, I didn’ like it.
I was unhappy. Days were alone .and nights were alone…
No one to care about me………..No one to care about my appetite.Damn! I miss my home. And want to have a girl who can take me out of this lonely life.

But now, I have to spend my boring days on the mobile, and surfing net.
It is a virtual life.
There are many friends in my account…
They look friendly and kind but, virtual friends can’t be like a real one. Sigh.!!

Reading for my blog would be a good habit for me.

Good night. Friends.
Oh. sorry, It’s the” good morning”.
I will treat you all if I have a real girlfriend who cares me in real life.

 

Arthur..

Juvenile Idiopathic Arthritis

ယနေ့က မေလ ၂ရက်နေ့။
ကျွန်တော်ကတော့ ခုထိ နေပြည်တော်မှာပဲရှိနေသေးတယ်။ နာဂစ်ဖြစ်ခဲ့တာ ၁၀နှစ်မြောက်တဲ့နေ့ပေါ့။
မနေ့က သူငယ်ချင်းတွေနဲ့ Peacock မှာ အေးအေးဆေးဆေး တွေ့ပြီးစကားပြောဖြစ်ကြတယ်။
ထွေရာလေးပါးပြောရင်း ရဲမွန်ကို ဝမ်းကွဲညီမလေးတစ်ဦးမှာဖြစ်နေတဲ့ ရောဂါအကြောင်းမေးလိုက်မိတယ်။
ရဲမွန်က လက်ရှိ နေပြည်တော်ကလေး ဆေးရုံမှာဆိုတော့ သူကအဲဒီ case ကို ကြည့်ခဲ့ရသူလေ။

အဲဒီညီမလေးက အသက်၁၀နှစ်ဝန်းကျင်ပဲရှိဦးမယ်။ အမျိုးတွေများလွန်းတဲ့အတွက် အမေကပြောမှ ညီမတော်မှန်းသိတယ်။ မနှစ်က အဖိုးမဆုံးခင် အိမ်ကို လူနာလာကြည့်ရင်းနဲ့ အဲဒီကလေးကိုတွေ့မိတာ။
စသိသိချင်းမှာတော့ သူက ခြေထောက် ကို ဒူးကနေဆန့်လို့မရဘူး။ Lock Knee ဖြစ်နေတယ်။
ဘာကြောင့်လဲဆိုတာကို တော့ မသိခဲ့ဘူး ။ အရိုးဆေးရုံမှာရှိတဲ့သူငယ်ချင်းတွေကို မေးပြီး ဘယ်နေ့ OPD လာပြလို့ရမလဲ စုံစမ်းခဲ့တယ်။ ကလေးအဖေကို လည်း သေချာသွားဖို့မှာခဲ့တယ်။ ဒါပေမယ့်သူတို့မသွားခဲ့ဘူး။
အခု တစ်နှစ်လောက်ကြာတဲ့အခါ ကျမှ သူတို့ဆေးရုံသွားပြတယ်လို့ပြောတယ်။ အရိုးနဲ့ပတ်သက်ပြီးသွားတာဖြစ်ပေမယ့် ဆေးရုံက ကလေးဆေးရုံကိုပြန်လွှဲလိုက်တယ်။ သူ့ဆီမှာ နှလုံးပါကြီးနေတယ်တဲ့။

ဘာဖြစ်မှန်းသေချာသူတို့ကသိပ်မသိကြဘူး။
ရဲမွန်ကိုမေးကြည့်လိုက်တော့ လူကြီးမှာဆိုရင် Rheumatic arthritis , ကလေးမှာဆိုရင် Juvenile idiopathic arthritis လို့ခေါ်တယ်တဲ့ .Immune disease တစ်မျိုးဖြစ်နေတဲ့အတွက် system ပေါင်းစုံကို ထိဖို့များတယ်လို့သူတို့ကပြောတယ်။ ဒူးကပြဿနာကတော့ စဖြစ်ဖြစ်ခြင်းမှာ သိခဲ့ရင် ပြန်ပြင်လို့ရသေးတယ်။အခုအချိန်မှတော့ ပြင်လို့မရတော့ဘူးလို့ဆိုတယ်။

သူတို့က တောင်သူလယ်သမားတွေ၊ ငွေများများစားစားရှိတာလည်းမဟုတ်ဘူး။
ဒီလို Immune ရောဂါကဘာလို့ သူတို့ဆီမှာလာဖြစ်ရလဲလို့ တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ်။
ပျောက်ကင်းအောင် ကုသနိုင်တဲ့အရာလည်းမဟုတ်ဘူး။
ထိရောက်တဲ့အကြံဉာဏ်လေး မပေးနိုင်ဘူး။

သူတို့တွေဆီမှာ psychosocial support အများကြီးလိုနေမှာပဲလို့ထင်တယ်။
ဘယ်လိုဝဋ်ကြွေးများလဲ။ ကိုယ့်ကိုယ်ကို အပြစ်မတင်သင့်ဘူးလို့ထင်ပေမယ့် ဘာမှမလုပ်ပေးနိုင်တာကိုတော့ မကျေနပ်ဘူးဖြစ်နေတယ်

 

အာသာ

နာဂစ် ၁၀နှစ်ပြည့်

၂၀၀၈ ခုနှစ်

မေလ ၂ရက်နေ့

အဲဒီနေ့ဟာ မန္တလေးမြို့မှာ မိုးတွေရွာနေတယ်။

နွေရာသီ ပူအိုက်လေ့ရှိလွန်းတဲ့ မေလမို့ မိုးရွာတော့ပျော်တဲ့သူတွေထဲကိုယ်လည်းပါတယ်။

အဆောင်မှာ သူငယ်ချင်းတွေရှိတုန်း ရုတ်တရက်ဆိုသလို ဖုန်းတွေထဲ message တချို့ဝင်လာတယ်။

အဲဒီအချိန်က message ဝင်တာဆိုရင် သူငယ်ချင်းတွေ မိသားစုတွေဆီကပဲ လာလေ့ရှိတာလေ။ခုလို operator တွေဆီက နားညည်းလောက်အောင်လာတာမျိုး မကြုံဖူးသေးဘူး။

အတိအကျတော့ မမှတ်မိပေမယ့်. ဆိုလိုတာကတော့
ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့တို့မှာ မုန်တိုင်း ဝင်မှာ ဖြစ်တဲ့အတွက် သတိနဲ့နေကြဖို့ အင်္ဂလိပ်လိုရေးသားထားတဲ့ message လေးပါ။
အဲဒီအချိန်က ရန်ကုန် ဖုန်းလို့ခေါ်တဲ့ 5နဲ့စတဲ့ ဖုန်းနံပါတ်တွေမှာ msg ဝင်တယ်။

ဒါပေမယ့် 20နဲ့စတဲ့ ကျနော့် ဖုန်းမှာတော့ မရောက်ဘူး။

ဒါနဲ့ပဲ ခပ်ပေါ့ပေါ့ပဲ။ မုန်တိုင်းဝင်တာများ အထူးအဆန်းလုပ် ပို့နေသေးတယ်ဆိုပြီး ဟာသလုပ်နေကြသေးတယ်။
ဒါပေမယ့် သတင်းတစ်ခု စသယ်လာခဲ့တာ ဘယ်သူလည်းတော့မမှတ်မိတော့ဘူး။

ဧရာဝတီတိုင်းမှာ နာဂစ်ဆိုတဲ့ မုန်တိုင်း ဝင်သွားလို့ လူတွေအများကြီးရေထဲပါကုန်တယ်။
အိမ်တွေ မြုပ်ကုန်တယ်ဆိုတဲ့သတင်းကြားတယ်။
ဆူနာမီဆိုတာလည်း နားထဲ ကြားဖူးနေကြပဲ။
အုန်းပင်ထက်မြင့်တဲ့ လှိုင်းတွေ ဝင်ခဲ့တယ်ဆိုတော့ာ်တော်တော့ စိတ်ပူသွားမိတာပေါ့လေ။

အဲဒီအချိန်ခါက သတင်းကခုခေတ်လို တန်းသိရတာမှမဟုတ်တာ။

တီဗီကကြေညာဖို့ဆိုတာကလည်းဝေး၊ ဂျာနယ်တွေလည်း ဆင်ဆာထိတုန်းရှိသေးတယ်။
အားကိုးရတာက တဆင့်စကားတဆင့်နားနဲ့ကြားတာတွေရယ်။Radio၊ ဂြိုဟ်တုကလာတဲ့သတင်းတွေရယ်ပေါ့။
မိုးတွေရွာနေတာကတော့ မဆဲသေးပါဘူး။

မိုးကာအကျီနဲ့ အနီးဆုံး 78: 33 လမ်းနားလောက်မှာရှိတဲ့ အင်တာနက် ကဖေးကို ဆိုင်ကယ်နဲ့ မောင်းသွားပြီး ဘာတွေဖြစ်နေလဲသိဖို့ကြိုးစားတော့တယ်။

Facebook မပေါ်သေးတဲ့ခေတ်လို့ပဲပြောလို့ရတယ်။
တနာရီ ၄၀၀လောက်ပေးရတဲ့ အင်တာနက်ကို ကြိုးစားဖွင့်ရင်း မီဒီယာ စာမျက်နှာတချို့က english လိုရေးထားတဲ့ သတင်းတွေတက်လာတယ်။
ဒါတောင် ayeyarwaddy နဲ့ irrawaddyဘာ ကွဲမှန်း နားမလည်သေးဘူး။

မြန်မာသတင်းတွေကို ရေးတဲ့ အချို့. မီဒီယာတွေကိုတော့ အစိုးရက ပိတ်ထားလို့ polysolve လို့ခေါ်တဲ့ proxy ကျော်တဲ့ website ကနေတဆင့် သွားကြည့်ရတယ်။

သတင်းတွေအရ သိန်းနဲ့ချီတဲ့လူတွေသေကြတယ်တဲ့။

အင်တာနက်လိုင်း နှေးနှေးကို စိတ်ရှည်ရှည်နဲ့ သုံးလို့ မြင်ရတာတွေက တော့ ရေထဲ ပေါ်လောပေါ်နေတဲ့ အလောင်းတွေ၊ မြင်မြင်သမျှရေတွေ၊ ရန်ကုန်မြို့ကြီး သစ်ပင်တွေကျိုးကျေ ပြီး စုတ်ပြတ်သတ်နေတဲ့ပုံတွေ

အချို့ webpage လေးတွေကို download ဆွဲmemory stick ထဲထည့်။ ပုံတချို့ကို သိမ်းဆည်းနဲ့
အဆောင်ပြန်ရောက်တဲ့အခါ အခန်းထဲက ကွန်ပျူတာမှာ ဘာတွေ ဖြစ်နေလဲဆိုတာပြန် ပြောပြဖို့ ကြိုးစားခဲ့တယ်။

နောက်ရက်တွေရောက်ရင်ကိုပဲ ကျောင်းထဲမှာကော၊ လက်ဖက်ရည်ဆိုင်တွေမှာကော နာဂစ်ဆိုတဲ့ စကားလုံး တွင်တွင်ကျယ်ကျယ် ပြောနေကြ ပြီ။

ကျောင်းက လူမှု ကူညီရေးအဖွဲ့အချို့ကတော့ ဧရာဝတီကို ကယ်ဆယ်ရေးသွားမယ်ဆိုပြီးပြောနေကြတယ်။
ဒါပေမယ့် ကျောင်းက မလွှတ်ဖူးတဲ့။
ဟိုမှာ ဒုက္ခ ရောက်နေကြတယ်။ စားစရာ၊ နေစရာ၊ ကျန်တာအားလုံးခက်ခဲနေတယ်။

ဒီကကျောင်းသားတွေလိုက်သွားရင် အကူ အညီ မဖြစ်တဲ့အပြင် အန္တရာယ်များတယ်။တာဝန်ကြီးတယ်ဆိုတဲ့ အကြောင်းနဲ့ပေါ့။

ဖုန်း Message တွေကနေ နာဂစ်အတွက် တတ်နိုင်သလောက် ကူညီ လှုဒါန်းဖို့ ဆော် သြော တဲ့စာတွေ ဖြန့်ကြတယ်။ကျွန်တော်တောင် ၁၀စောင်လား။ ၁၅ စောင်လား ဖြန့်ခဲ့ဖူး။

အဖြစ်အပျက်က အဲဒီ တစ်ရက်နှစ်ရက်တည်းနဲ့ ပြီးခဲ့တာမဟုတ်ပါဘူး။
အင်တာနက် ဆိုင်ပုံမှန်ရောက်နေခဲ့တဲ့ ကျနော်က အလျင်းသင့်သလို နာဂစ် သတင်းစောင့်ဖတ် နေခဲ့တယ်။သေတဲ့ လူတွေ တဖြည်းဖြည်းများလာနေတယ်။

အကူအညီအတွက် နိုင်ငံတကာက လာမယ်ဆိုတာတွေကြားရတယ်။အမေရိကန်က အကူအညီပေးဖို့ ကယ်ဆယ်ရေးသင်းဘောတွေရောက်နေတယ်။
ပင်လယ်ဝမှာ စောင့်နေတယ်ဆိုတာမျိုးတွေသိရတယ်။ နိုင်ငံတကာက ဟိုဟာတွေလှူ၊ ဒီဟာတွေလှူ ဆိုတာတွေ မြင်ရကြားရတယ်။

အင်တာနက်ဆိုင်တွေ မှာ နိုင်ငံရေးနဲ့မလွတ်ကင်းတာတွေ မလုပ်ရဆိုပြီးစာကြီးကြီးကပ်ထားပေမယ့်
ကိုယ်လိုချင်တာအားလုံး ဆိုင်ရဲ့ local network ထဲမှာ ရှာလို့ရတယ်။

အင်တာနက်ဆိုင်လာ သုံးတဲ့သူတွေက ဆိုင်က ဒေတာတွေ stick နဲ့သယ်သွားသလို
သူတို့ သိစေချင်တဲ့ ဒေတာတွေလည်း ချန်ထားခဲ့တတ်ကြတာလေ။

ဒါကြောင့် video, music, photo, books, အကုန် စက်တွေထဲမှာရှိတယ်။
အင်တာနက်လိုင်းတက်အောင်စောင့်နေရင်း local network ထဲ မွှေ ရင်းကနေ. ဧရာဝတီတိုင်းက video တွေ ပေါ်လာတယ်။

ကင်မရာနဲ့ တယောက်ယောက် ပတ်ရိုက်ထားတာ။
တော်တော်ကို ရှည်တဲ့အဲဒီ video ထဲမှာ ရန်ကုန်မြို့မှာ သွပ်ပြားတွေ၊ စလောင်းဖုန်းတွေ ပလူပျံနေတာလည်းပါတယ်။
ဧရာဝတီတိုင်းမှာ ရေထဲပက်လက်မျောနေတဲ့ လူသေတွေ၊ တိရစ်ဆာန် တွေ လည်းပါတယ်။

ဒီလောက်ထိ ကို ဆိုးဝါးခဲ့တာလား။

သိပ်မကြာခင်မှာ ဂျာနယ် တွေမှာ ရေးလာကြတာကိုတွေ့တယ်။ ဒါပေမယ့် သူတို့ ထဲမှာ ကျနော်တို့ ဖန်သားပြင်ပေါ်က မြင်ရတာမျိုးတွေမပါကြဘူး။

သတင်းအမှောင်ချထားတဲ့ ခေတ်ထဲမှာ….

နာဂစ်ဟာ ကြိုတင်သတိပေးခြင်း၊ အရေးပေါ်ကယ်ဆယ်ခြင်း၊ ဘာမှ မရရှိပဲ လူတွေအမြောက်အများသေကြေ၊ ဘဝတွေ အများကြီးပျက်ခဲ့ရတယ်။

ယနေ့ နေပြည်တော်..

အပြင်မှာမိုး တွေသည်းသည်းမဲမဲရွာနေတယ်။

မုန်တိုင်းခပ်ပြင်းပြင်းတစ်ခုတော့ဝင်နေတယ်ထင်တယ်။

နာဂစ်ဖြစ်တာ ၁၀နှစ်မြောက် တဲ့နေ့မှာ.

ပြောင်းလဲမှုတွေအများကြီးမြင်နေရပြီ။

နာဂစ်က အစပြုခဲ့တဲ့ INGO,NGO,CSO တွေလည်း နိုင်ငံအနှံ့အပြား အများကြီး ဖြစ်နေပြီ။

သတင်းတွေလွတ်လပ်လို့ ဘယ်နားဘာဖြစ်နေလဲ ချက်ချင်းသိရပြီ။

ပြည်သူ့အစိုးရ တစ်ခုလည်း ရှိပြီ။

ဒါ ပေမယ့် ဘာဖြစ်မှန်းတောင်မသိပဲ သေဆုံးခဲ့ရ မိသားစု တွေ ပြိုကွဲ ခဲဲ့ရတာကိုတော့ ကိုယ်တွေ့ကြုံခဲ့ရသူတွေ ဘယ်မေ့နိုင်ပါ့မလဲ။

၁၀နှစ်ပြည့်ပြီဆိုတဲ့ အတွက်.အဲဒီအချိန်က အဖြစ်အပျက်တချို့ကို ပြန်ချရေးလိုက်ပါတယ်။

အာသာ
2.5.2018

သင်္ကြန်နဲ့ ကမ်းခြေ

ကမ်းခြေရောက်နေတုန်း ဒီစာလေးတော့ရေးသင့်တယ်ထင်တယ်။
ရန်ကုန်မှာ ၉လလောက်ကြာပြီးတဲ့နောက် ရခဲ့တာက ပင်ပန်းနွမ်းနယ်မှု စိတ်ရှုပ်ထွေးမှုတွေပဲ။
သင်္ကြန်တွင်းက ရက်ပိုင်းလေးပဲ ပိတ်တယ်ဆိုပေမယ့် တစ်ခုခုတော့လုပ်မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။
ဒါပေမယ့် ဘာအစီအစဉ်မှ မရှိခဲ့ဘူး။
အရှင်းက လွန်ခဲ့တဲ့လလောက်တည်းက သင်္ကြန်ချောင်းသာသွားမယ်ဆိုပြီး ကြိုဟော်တယ်ခတောင်းထားတယ်။
အဲဒါနဲ့ပဲသူ့ကိုငွေပေးလိုက်တယ်။
ဒါကြောင့် နောက်ဆုံး အဲဒီဘက်သွားဖို့အစီအစဉ်ကပဲ တကယ်ဖြစ်လာတော့တယ်။
သင်္ကြန် အကြိုနေ့ညကျ မှသူတို့ကစထွက်လာမှာလေ။
ဒါကြောင့် အဲဒီနေ့တစ်ရက်လုံးက ဘာမှလုပ်စရာမရှိဘူး။
အစကတော့ အိမ်ထဲအောင်းနေတာပဲ။
ဒါပေမယ့် ရန်ကုန် သင်္ကြန်ကို ကြုံဖူးတယ်ရှိအောင်တော့လျှောက်လည်မယ်စိတ်ကူးခဲ့မိတယ်။
တစ်နေ့လုံး အိမ်တွင်းအောင်းနေပေမယ့်. ညနေကျတော့ လမ်းလျှောက်ပြီး ပန်းခြံဘက်သွားကြည့်မယ်လို့စဉ်းစားတယ်။
အိမ်ရှေ့ဝရံတာကကြည့်လိုက်တဲ့အခါ လူတွေကော၊ သင်္ကြန်ကားတွေကော အဲဒီဘက်ကို ဦးတည်ပြီးသွားနေတာတွေ့ရတယ်။
ရေလုံအိတ်လေးထဲ မနေ့တနေ့ကမှ ဝယ်ထားတဲ့ xiaomi note 3 အသစ်လေးကိုထည့်.. လမ်းလျှောက်ထွက်ခဲ့တော့တယ်။
ညနေခင်းနေကလည်းအေးပြီ။. ပထမဆုံးသင်္ကြန်ရေ စဆိုသွားတဲ့အချိန်ကျတော့ လူကပျော်ရွှင်စိတ်လေးတွေနည်းနည်းဝင်လာတယ်။
တစ်ယောက်တည်းတော့မသွားချင်လို့. အလုပ်ထဲက အစ်ကိုတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။
သူက အဲဒီနားမှာပဲနေတာလေ။
ဆူးလေဘုရားနား၊ မြို့တော်ခန်းမရှေ့ရောက်တဲ့အခါကျတော့…လူအုပ်ကြီးတွေ့တယ်။
ဓာတ်ပုံလည်းရိုက် ၊ရေလည်းအစိုခံရင်းနဲ့… ပထမဆုံးရန်ကုန် သင်္ကြန်ကို စလေ့လာမိတော့တယ်။
ပုံမှန်ဆို ကားတွေနဲ့ပြည့်ညှပ်နေတဲ့ နေရာတွေက အခုတော့ လူတွေနဲ့ ပြည့်နေတယ်လေ။

Mahabandula Park Thingyan 2018

2018 Yangon Thingyan, Mahabandula Park Thingyan

လမ်းလျှောက်သင်္ကြန်ဆိုတာကိုလည်း ပန်းခြံလမ်းထဲမှာလုပ်ထားတယ်။
အဲဒီ မုဒ်ဉ်ိးရှေ့မှာ ဓာတ်ပုံရိုက်ခဲ့တယ်။
ပျော်နေကြတဲ့ လူတွေ၊ ဓာတ်ပုံလည်းရိုက်၊ ဟိုကြည့်ဒီကြည့်နဲ့.. ကုန်သည်လမ်းပေါ်ရောက်လာတော့တယ်။
အဲဒီနားမှာလည်း ဂျစ်ကားနဲ့ လည်နေကြသူတစ်ချို့တွေ့တယ်၊
နောက်တော့ပန်းဆိုးတန်းဘက်ကနေ.. ခန်းမရှေ့ ပြန်လျှောက်လာခဲ့တယ်။
အခုတော့ ညနေ ၆နာရီထိုးပြီဖြစ်လို့ ရေကပိတ်သွားပြီ။

2018_yangon_thingyan_photoby_Nyein_Chan_Ko_KO

2018 Thingyan in Yangon , pansodan

ခဏလေးလည်လိုက်ရပေမယ့် ကျေနပ်ပြီးပျော်တယ်။
ချောင်းသာကိုစထွက်မယ့်နေပြည်တော်ကသူငယ်ချင်းတွေက မနက်၃နာရီလောက်မှရောက်မှာ။
မနက်ခင်းအစောကြီးထပြီး. သမိုင်းလမ်းဆုံမှာသွားစောင့်နေရတယ်။
မနက်ခင်းစောစောစီးစီးကားမောင်းရတဲ့အရသာအရမ်းမိုက်တယ်။
နေထွက်ခါစအချိန်မှာကိုယ်က ကားလေးမောင်းရင်းမြူတွေနဲ့ လမ်းလေးကို ဖြတ်နေတယ်။
ဖွင့်ထားတဲ့သီချင်းတွေကလည်း. လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က သီချင်းတွေ၊
မသိရင် time machine နဲ့. ၂၀၀၇ခုနှစ် ပထမဆုံးချောင်းသာသွားတဲ့အချိန်ကို ပြန်ရောက်သွားသလိုပဲ။
ပုသိမ်စရောက်တယ်ဆိုရင်ပဲ ကားတွေက ရှုပ်လာပြီ။
သင်္ကြန်လည်တဲ့ကားတွေကော၊ခရီးသွားတဲ့သူတွေကော။
ချောင်းသာကို ၁၁နာရီလောက်မှာရောက်တယ်။
ဒါပေမယ့် ချောင်းသာမှာနေတာတော့မဟုတ်ဘူး။
သင်္ကြန်တွင်းအဲဒီမှာနေဖို့လည်းမဖြစ်နိုင်ဘူးလေ။
လူတွေကြိတ်ကြိတ်တိုးပွဲတော်ကြီးဖြစ်နေတာ။
နေမယ့်နေရာက သူနဲ့ကပ်လျက် ဖိုးကုလားကျွန်းပေါ်က coral view resort ဆိုတဲ့ ဟော်တယ်။
စရောက်ရောက်ချင်းကတော့ စိတ်ညစ်သွားတယ်။
ဘုတ်နဲ့ လာကြိုတဲ့နေရာကလည်း အမှိုက်ပုံမှာ။
ရောက်တော့လည်း ပေးရတာနဲ့ မတန်ဘူးလို့ခံစားမိနေတယ်။
ဟိုတယ်က အကောင်းစားကြိ်းမဟုတ်။
ဝန်ထမ်းတွေက သေချာtrainထားတာမဟုတ်။
ကမ်းခြေက သေးသေးလေး။
အမှိုက်တွေနဲ့ပွနေတာ။
စရောက်ရောက်ချင်းတနေ့လုံးနေကလည်းမပွင့်တော့.. ပင်လယ်က မလှဘူး။
ဒါပေမယ့် စိတ်ထဲမှာတော့ အရမ်းကြီး တော့ ပြဿနာမဖြစ်မိဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် အသေးအဖွား ပြဿနာလေးတွေနဲ့ စိတ်ကို ရှုပ်အောင်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်။
ဒါကြောင့် ဘာတွေကကောင်းလဲလိုက်ကြည့်တယ်။
ပင်လယ်ဘက်အခြမး်ကိုမျက်နှာမူပြီး ဆောက်ထားတာကြောင့် တစ်ချိန်လုံးပငိလယ်ကြီးကိုအပေါ်စီးက မြင်နေရတယ်။
Tony stack ရဲ့ ကမ်းပါးပေါ်က အိမ်အတိုင်းပဲ။
ဘန်ဂလိုလေးတွေက သစ်လုံးအိမ်လေးတွေ။
ညနေ ကျတော့ ရေထဲဆင်းကြတယ်။
မနက်ကတက်နေတဲ့ရေတွေပြန်ကျသွားတာကိုမြင်ရတယ်။
ကျောက်ဆောင်တွေပေါ်လာတယ်။
ဘောလုံးကန်ကြ၊ ရေထဲဆင်းကြ၊ ကျောက်ဆောင်တွေကြားသွားကြည့်ကြနဲ့ပေါ့။
ဒါပေမယ့် နေကတော့ မမြင်ရသေးဘူး။
နေဝင်ချိန်လေးမှာ တော့ တစွန်းတစမြင်လိုက်ရတာလေးရှိတယ်။
စားလိုက်၊ရေထဲဆင်းလိုက်၊အိပ်လိုက်နဲ့ပဲ ကောင်းကောင်းအနားယူထားတယ်။
ပြီးရင် ရန်ကုန်ပြန် အလုပ်လုပ်ရမှာဆိုတော့လေ။
အခုခရီးမှာတော့ ဘာဖြစ်ဖြစ်
ကိုယ်လုပ်ချင်မှလုပ်တယ်
မလုပ်ချင်ရင်မလုပ်ဘူး။
Vacation လာတယ်ဆိုတာ.ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်ထားရတာလေ။
နောက်တစ်ရက်ကျတော့.ပိုအခြေအနေကောင်းလာပြီ။
နေကတော့ပြင်းတယ်။
ဒါပေမယ့် ပင်လယ်က အရမ်းလှတယ်။
ချောင်းသာဘက်မှာလိုလူတွေ အုံနေတာမရှိဘူး။
လုံးဝသီးသန့် နေရာလေးတစ်ခုလိုပဲ။

IMG_20180415_104338

Coral View Resort,Chaungthar

နောက်တစ်ခုသဘောကျတာကတော့ ဟိုတ
်က ခွေးလေးပဲ။
ဒေါက်တိုလို့ခေါ်တယ်။
သူက ကိုယ်တွေဘောလုံးဆော့နေတုန်းကလည်းလိုက်ဆော့တယ်။
ဘောလုံးရေထဲ ကျသွားတာကို ရေကူးပြီးမရမက လိုက်ဆယ်တယ်။
လူတွေနဲ့ ကောင်းကောင်းရင်းနှီးပြီး ကစားတတ်တယ်။
လူချစ်လူခင်အရမ်းများမယ့်ကောင်လေး.
Google ကတော့ austrian terera ဆိုပြီးပြောတယ်။
နောက်တစ်ခုကတော့အိပ်ရာကနိုးနိုးချင်း ပင်လယ်ကြီးကို မြငိနေရတာကိုသဘောကျတာ။
ရေကူးကန်လည်းမဆိုးပါဘူး။
အဝတ်မချွတ်ပဲရေထဲဆင်းတဲ့သူတွေသာမရှိရင်တော်တော်ကောင်းမှာ။
ရေကူးကန်နဲ့ ပင်လယ်နဲ့တဆက်တည်းလိုဖြစ်အောင်ဆောက်ထားတယ်။
ရေကူးနေရတာပင်လယ်ထဲကူးနေရသလိုခံစားရစေတယ်။
ဒီနေ့ဆိုအတက်နေ့ရောက်ပြီ။
သင်္ကြန်ရေကောင်းကောင်းမစိုပေမယ့်.သဘောကျတယ်။
ကျေနပ်တယ်။.
လူတွေနဲ့ဝေးတဲ့ဒီနေရာမှာလာနေရတာ တော်တော် အပန်းပြေပါတယ်။

ဆယ်လမွန်

ရန်ကုန်ဟာ ထိန်ပင် အမှိုက်ပုံက မီးခိုးငွေ့တွေကြားထဲ မှာ ရှင်သန်နေတယ်။ ပူအိုက်ပြီး အမြဲတမ်းထွက်နေတဲ့ ချွေးတွေနဲ့ နေပူထဲသွားရတာဟာ ပင်ပန်းလွန်းတယ်။ ညဘက်တွေ aircon ကြောင့်အအေးမိ၊ နေ့လည်ကျတော့ ချွေးကြောင့်ပြန်ပူ၊ ဒီလိုနဲ့ ကျန်းမာရေးယိုယွင်းလာတာကြောင့် အိမ်ပြန်မယ်လို့ဆုံးဖြတ်လိုက်တယ်။
သောကြနေ့မနက် ၈နာရီကားနဲ့နေပြည်တော်ကိုပြန်လာတယ်။
ပိတ်ရက်တွေဆက်တဲ့အတွက် ၄ရက်လောက်တော့ နားလို့ရမယ်ထင်တယ်။
မနက်စောစောစီးစီးရန်ကုန်မြို့ကခွာလာရတာလည်း တစ်မျိုးကောင်းတယ်။ လမ်းပေါ်မှာကားတွေသိပ်မရှိဘူး။ လတ်ဆတ်တဲ့လေနဲ့ လေးကို ဖွင့်ထားတဲ့ ကားပြုတင်းတံခါးကနေရတယ်။
မနက်၈နာရီမထိုးခင်မှာပဲ JJ ကားဂိတ်ကိုရောက်သွားခဲ့တယ်။
ကားကတော့အချိန်မှန်ပဲကွက်တိထွက်ပါတယ်။ မနက်ခင်းကားဖြစ်တဲ့အတွက်ကြောင့် ကောင်းကောင်းအိပ်လို့မရဘူး။ တဖြည်းဖြည်းနဲ့အလင်းရောင်ကပိုစူးလာတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့ပစ်ပြီး စိတ်ချလက်ချအနားယူတော့တယ်။
တစ်ရေးမှမအိပ်လို့ပဲလားမသိဘူး။
ရန်ကုန်နဲ့ ဖြူး ကိုတောင် တော်တော်ကြာတယ်ထင်နေမိတယ်။
ယာဉ်ရပ်နားစခန်းရောက်တော့ ထုံးစံအတိုင်း Feel ကိုပဲဝင်ဖြစ်တာပေါ့။
အဲဒီမှာ ပုံမှန်ဆို ဗမာထမင်းကြော်လေးပဲစားနေကြ၊ အလွန်ဆုံးကျ ၁၅၀၀ပေါ့၊
ဒီတစ်ခါတော့ အဲဒါမရှိတော့ဘူးဆိုတာနဲ့ အခြားတစ်မျိုးမှာလိုက်ရတယ်။
ငွေရှင်းတဲ့အခါကျတော့ မှ ၃၅၀၀ ဆိုတော့ ၊ စိတ်ထဲမှာ ဘုရားဘုရားဆိုပြီးတမိသွားတယ်။
ကိုယ်ရှာထားတဲ့ငွေလေးတွေ အလဟာသ ကုန်သွားတာကိုနှမြောတာလေ။
နေပြည်တော်ကိုဆက်မောင်းလာခဲ့တယ်. ။ ဝင်ခါနီးမှာတော့ မုန်တိုင်းနဲ့တိုးတယ်။
လေကလည်းကြမ်း၊ မိုးကလည်းသည်းချက်ပဲ၊
ပတ်ဝန်းကျင်ကိုတောင် ကောင်းကောင်းမမြင်ရဘူး။

ဒါပေမယ့် တကယ်နေပြည်တော်ရောက်တော့ မိုးအုံ့ရုံလေးပဲရှိတော့တယ်။
နေပြည်တော်အဝင်လမ်းက ပန်းတွေနဲ့ကြိုနေတယ်။
မြို့စတည်ကတည်းက စိုက်ခဲ့တဲ့ပန်းတွေက အခုဆိုကောင်းကောင်းပွင့်နေပြီလေ။
ပိတောက်တွေပွင့်နေတာလည်းတွေ့တယ်၊ ပြီးတော့ ငုဝါ၊ စိန်ပန်း၊
ချယ်ရီနဲ့တူတဲ့ ငုစပ်တွေလည်းတွေ့တယ်။
တကယ့်ချယ်ရီအစစ်တွေလည်းရှိတယ်။ ဂျပန်မြန်မာ ချစ်ကြည်ရေးအနေနဲ့ Genetic enginerring လုပ်ထားတဲ့ ချယ်ရီတွေကို နေပြည်တော်ပို့ထားတာတဲ့။
ကြာပန်းအဝိုင်းနားမှာ လောလောဆယ်အပင် တစ်ထောင်လောက်ရှိတယ်ပြောကြတယ်။

အရင်ကဆို မြို့မဈေးမှာဆင်းနေကြလေ၊
အခုတော့ ဘောဂသီရီကားဝင်းမှာအဖေက စောင့်နေတယ်။
သူကားပြင်နေတာမိုလို့တဲ့ ၊ တစ်ခါတည်း ကားဝင်းမှာပဲစောင့်နေတော့မယ်ပြောတယ်။
ဘောဂသီရီကားဝင်းက အဝေးပြေးယာဉ်ရပ်နားစခန်းလဲဟုတ်တယ်။
တော်ဝင်ကားတွေ နားတဲ့နေရာလည်းဟုတ်တယ်။
နောက်ပြီး ဝပ်ရှော့တွေအားလုံး စုထားတဲ့ နေရာလည်းဟုတ်တယ်။
ယခင် ကျောင်းတက်တုန်းကတော့ အဲဒီကားဝင်းမှာပဲ စားသောက်ဆိုင်ခန်းတစ်ခု ရခဲ့သေးတယ်။
တစ်နှစ်ကျော်လောက်လုပ်ပြီး ပြန်ရောင်းလိုက်ပြီ။
အခုတော့မရှိတော့ဘူးလေ၊

နောက်တော့ ကားဝင်းကနေ ပျဉ်းမနားအိမ်ကိုသွားတယ်။
ပျဉ်းမနားမှာ အမေကစောင့်နေတယ်။
မနက်ဖြန် အဖိုးဆုံးတာတစ်နှစ်ပြည့်တဲ့အနေနဲ့ နှစ်လည်ဆွမ်းကပ်မလို့အလုပ်နည်းနည်းရှုပ်နေကြတာ၊
မြန်မာထုံးတမ်းက တော့ထူးဆန်းတယ်။ အုတ်ဂူတွေဘာတွေဆီသွားပြီးကန်တော့တာမျိုးမလုပ်ကြဘူး။
အိမ်မှာပဲ ဆုံးသွားတဲ့သူအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုကြတယ်။
ဝမ်းကွဲအစ်မရဲ့သမီးလေးတောင် စကားပြောတတ်တဲ့အရွယ်ရောက်နေပြီ၊
သူက ငါ့ကို ကောင်းကောင်းမမှတ်မိဘူး။ ဦးဦးဆိုပြီးတော့တခွန်းတော့ပြောတတ်တယ်။

 

အဲဒီနောက်တော့ ပျဉ်းမနားကနေ ဥတ္တရသီရိမြို့ကိုပြန်လာခဲ့တယ်။ ဒီမှာလည်း လေတိုက်မိုးရွာထားပုံရတယ်။ နေပြည်တော်မှာတော့အရင်လိုပဲလမ်းတွေက ရှင်းဆဲပါ။
ရှုပ်ရှက်ခက်နေတဲ့ရန်ကုန်နဲ့ ယှဉ်ရင်တော့ အရမ်းသာယာနေသလိုပဲ။

မိုးရွာ,မီးပျက်တာကလည်း ဒီမှာလည်းဖြစ်တယ်။
ဒါပေမယ့်ဖြစ်တောင့်ဖြစ်ခဲပါ။ သစ်ပင်တွေကျိုးကျလို့ဆိုလား။ မီးခဏဖြတ်ထားတယ်။

 

စနေနေ့

မနက်ခင်း၆နာရီလောက် အဖိုးနေခဲ့တဲ့ လယ်ထဲကအိမ်ကိုသွားမယ်ပြောတဲ့အတွက် စောစောနိုးနေတယ်။
ရင်ထဲမှာတစ်မျိုးပဲ၊လွန်ခဲ့တဲ့ နှစ်က အဖြစ်အပျက်တွေပြန်တွေးမိပြီးစိတ်မကောင်းဖြစ်နေရတယ်။
လက်ထဲမှာ ဆုံးခဲ့တဲ့ အဖိုးကိုသနားနေမိတယ်။ မနက်စောစော မြို့အရေှ့ဘက်မှာရှိတဲ့ရွာကိုသွားတယ်။
အဖိုးနေတဲ့နေရာကို အလွယ်တကူသိနိုင်တာကတော့ တောင်တွေပဲ၊
မြို့ရဲ့အရေှ့ဘက်ကိုကြည့်လိုက်ရင် မြင်နေရတဲ့တောင်တန်းတွေအောက်မှာ အဖိုးရဲ့လယ်တွေရှိတယ်။
ငယ်ငယ်ကတော့ အဲဒီတောင်တွေဆီကို သွားချင်တယ်ဆိုတဲ့စိတ်ကူးမကြာမကြာဖြစ်ဖူးတယ်။
ဒါပေမယ့် အဲဒီနေရာက အဖိုးတို့နေတဲ့နေရာဆိုတာမသိခဲ့ဘူး။
ကားလေးကနည်းနည်းနိမ့်တဲ့အတွက် လမ်းကြမ်းကိုဖြေးဖြေးမောင်းရတယ်။
လမ်းကခင်ထားတာမကြာသေးပေမယ့် စံနှုန်းမပြည့်တာကော ဖြတ်သွားဖြတ်လာယာဉ်တွေမှာ သံဘီးတပ်ယာဉ်တွေပါတာကောကြောင့် မြန်မြန်ဆန်ဆန်ပဲ ပျက်သွားတယ်။

ရွာမရောက်ခင် တစ်နေရာမှာ နှမ်းတောဆိုပြီး ရှိသေးတယ်။ အဲဒါ အဖေ့ကို မွေးခဲ့တဲ့နေရာတဲ့။
အဲဒီနားက လမ်းမကြီးပေါ်မှာ အမွေရထားတယ်ဆိုတဲ့ လယ်လေးတစ်ကွက်ရှိသေးတယ်။ အဲဒီလမ်းစည်ကားလာရင်ကောင်းမှာပဲလို့စဉ်းစားနေမိတယ်။
သွားနေစဉ်စ စ်တောင်းမြစ်ကို ဖြတ်ရတယ်။ မြစ်က အရမ်းမကျယ်ပေမယ့် ရေရှိတယ်။ စီးဆင်းနေလို့ တော်တော်လှတယ်။
အဲဒီရေတွေကို အဝေရာဆည်ထဲကိုပို့ ပြီးတော့မှာ အနီးအနားကလယ်တွေဆီကိုပြန်ဖြန့်တယ်။
မြောင်းတွေထဲမှာ စီးနေတဲ့ရေက ကြည်လင်နေပြီး အေးမယ့်ပုံပေါ်တယ်။

စိုက်ပျိုးရေးအကြောင်းဘာမှမသိလို့ မပြောတတ်ပေမယ့် နေရာကတော့ တော်တော်သာယာတယ်။

နောက်ဆုံးတစ်ခေါက်ရောက်တာ အဖိုးမဆုံးခင်ကပေါ့၊ အခုတော့သူမရှိတော့ဘူး။
ညီမအငယ်ဆုံးတစ်ယောက်ကိုအဖိုးကထားခဲ့တယ်။ ကျွန်တော်တို့ရဲ့ဖွားလေးပေါ့။ ဖွားပုလို့ခေါ်တယ်.။
သူကမြွေအရမ်းကြောက်တယ်။ ငယ်ငယ်ကဆို ကျွန်တော်ကဆိုးတယ်။ သူ့ကိုစဖို့အတွက်
မြွေရုပ်တွဝယ်ပြီး လိုက်တို့တာ။
အခုတော့ မြွေကြောက်တာက ကျွန်တော်ကိုယ်တိုင်ဖြစ်နေပြီ။

 

ဘုန်းကြီးတွေပင့် ဆွမ်းကပ် တရားနာပြီးတော့ နေ့လည်ကျတော့ပြန်လာခဲ့ကြတယ်။

အပြန်မှာ နှမ်းတော့က အဖေ့ရဲ့ ကြီးတော် ဆိုဝင်သေးတယ်။ သူက ကျွန်တော့်နောက်ထပ်အဖွားပေါ့။
နားကလုံးဝမကြားတော့ဘူး။ ဒါပေမယ့် ခုထိသွားနိုင်လာနိုင်တယ်။ မြေးတွေလာရင် ပျော်တုန်းပဲ။
အိမ်မှာသူ မြေးပုံတွေကပ်ထားတယ်။ ကျွန်တော် ဘွဲ့ရတုန်းကပုံတွေရောပဲ။
သူ့ဆီသွားလည်တော့ တဟေးဟေးနဲ့ ပျော်နေတာ။ ရှိတာတွေချကျွေးတယ် ။
ကိုယ်ကတော့ မစားနိုင်တော့ဘူး။
ဓာတ်ပုံတေွရိုက်ခဲ့သေးတယ်။ တနည်းနည်းနဲ့တော့ print ထုတ်ပေးရမယ်။

နေပြည်တော်မှာနေတုန်း အိမ်ကချက်ကျွေးတာတွေစားတယ်။
Facebookမတက်ဘူး။ အဲဒီစိတ်ညစ်စရာ တွေ ကြွားဝါတာတွေလိုက်မဖတ်မိအောင်နေတယ်။
အပြင်မှာပဲစာအုပ်ဖတ်တယ်. စကားပြောတယ်။
သူငယ်ချင်းတွေနဲ့တွေ့တယ်။
တကယ်ဆို ဒီလိုပဲနေချင်တယ်။ ဟန်ဆောင်ပြီးမနေချင်ဘူး။
အပိုမသုံးမဖြုန်းချင်ဘူး။ စကားမပြောချင်ဘူး
ကိုယ်ကောင်းမယ်ထင်တာတွေလုပ်နေချင်တယ်။

ကိုယ့်ရဲ့type က ရန်ကုန်နဲ့မအပ်စပ်ဖြစ်နေတယ်။ ရန်ကုန်က introvert လူမျိုးတွေအတွက် နေရာသိပ်မရှိဘူးလေ။

 

ဧပြီလ ၃၀ ရက် ၂၀၁၈ ခုနှစ်

 

ရန်ကုန် ပိတောက်

မနက် ခင်း ၉နာရီထိုးပြီဖြစ်ပေမယ့် နေမမြင်ရဘူး။
မိုးသားမိုးရိပ်တွေ ကောင်းကင်မှာ လွှမ်းမိုးနေတယ်။
သင်္ကြန်မိုးလေးများရွာဦးမလား။
မနက်ခင်းနိုးပြီး အိမ်ရှေ့ ဝါးရံတာ မှာ ကော်ဖီတစ်ခွက်နဲ့ထိုင်နေမိတယ်။
စိတ်တွေက ဟိုးမန္တလေးက အိမ်လေးကိုသတိရမိတယ်။
အဲဒီအိမ်မှာလည်း ခုလိုပဲ အိမ်ရှေ့မှာ ပိတောက်ပင်ရှိတယ်လေ။
ကျွန်တော်သစ်ပင်တွေကို ချစ်တယ်။
အိမ်နားမှာ သစ်ပင်ရှိနေမှ ကျေနပ်တယ်။

ပိတောက်ပင်မှာ အဖူးလေးတွေဖူးနေပြီ။ ပိတောက်ပွင့်တဲ့အခါကျရင် ဝရံတာကနေ လှမ်းခူးရင်တောင်ရတယ်။
ဘယ်သူ့ပေးရပါ့မလဲတောင်မသိ။
😀
ကျွန်တော်လည်း settle ကျချင်ပြီ

 

ဧပြီလ ၃ရက် ၂၀၁၈

Padauk at night ,Photo By Nyein_Chan_Ko_Ko

First Padauk Blossoming at Night in Yangon, 2018 April

2018 January

တစ်နေ့ တစ်နေ့ လုပ်တော့လုပ်နေတာပဲ.
ဒါပေမယ့်.. အလုပ်ပြီးတယ်လို့မခံစားရဘူး။အဓိက လုပ်ရမည့်အလုပ်တေွဟာ မပြီးစီးနိုင်ဘဲ ဗာရီဟ အလုပ်တေွနဲ့ပြည့်နေတယ်။
အစားအသောက် ဘာစားရမလဲစဉ်းစားရတာမျိုး။​အိမ်မှာ လုပ်စားတော့လည်း ပန်းကန်ခွက်ယောက်ဆေးရတာမျိုးကော။ ပြီးရင် ဝတ်ထားတဲ့အဝတ်တေွ လျှော်ဖွတ်နေလှမ်း မီးပူတိုက်ဖို့ တေွကော။
တကယ်တော့ မီးပူတောင် မတိုက်ပါဘူး။ ဒီတိုင်းပဲ ပြန်ဝတ်တာများနေတာ။
ခဏခဏ ဖုန်တက်တဲ့ အခန်းလေးကို ဖုန်ခဏခဏ သုတ်ရတာလည်းရှိသေးတယ်။
ဒီလိုမျိုးတေွပါပဲ။

ဒီ လထဲမှာတော့ မနှစ်ကနဲ့မတူတဲ့ပုံစံတစ်မျိုးနဲ့ နေနိုင်အောင် ကြိုးစားကြည့်တယ်။
ကျန်းမာရေးအတွက်ကော body fitness အတွက် gym သွားတာ ၁၃ ရက်ရှိပြီ။​
အစပိုင်းကတော့ ကိုယ်လက်တေွနာတာပေါ့ ။
အောက်ပိုင်းထိုင်တဲ့နေ့ကဆိုရင် ခြေတောင် ကောင်းကောင်းမလှမ်းနိုင်ဘူး။
နှစ်ရက် ၃ရက်လောက်လည်း နေရော အဆင်ပြေသွားပါတယ်၊
ကောင်းတာကတော့ လူက လန်းဆန်းလာတယ်။ စကားပြောရာမှာ အရင်ကထက် ပိုသွက်လာသလိုပဲ လို့ခံစားမိတယ်၊
endophin တွေရိုက်ခတ်တာလည်း ဖြစ်မှာပေါ့။
စုဆောင်းထားတာလေးတွေ အကြောင်းအမျိုးမျိုးနဲ့ တဖြည်းဖြည်းပါးလာတာကို မြင်ရတာ မပျော်ဘူး။
ရန်ကုန်ရောက်တည်းက အကုန်အကျအရမ်းများတယ်။ ဒါကြောင့် အစားအသောက်ကိုလည်းချွေတာနေပြီ။ ညဘက်တွေလည်းမထွက်တော့ဘူး။
ဒါကြောင့်အရင်က တစ်ရက်တစ်သောင်းထက်မနည်းကုန်တဲ့ငွေကို ၅၀၀၀အောက် ရောက်အောင် ထိန်းချုပ်လိုက်နိုင်တယ်။ တက္ကစီကို မစီးတော့ဘူး။ လိုင်းကားပဲအဓိကထားစီးတယ်။
ဈေးကြီးတဲ့ဆိုင်တွေမစားဘူး။ အိမ်မှာ အပြည့်အစုံဝယ်ထားလိုက်တယ်။ တစ်ခါတစ်လေအိမ်မှာပဲ ခေါက်ဆွဲပြုတ််ကိုအသီးအရွက်တွေထည့်ပြီး ပြုတ်စားလိုက်တယ်။
အလုပ်ကပြန်လာရင် လမ်းမှာဟင်းရောင်းတဲ့ ဆိုင်တွေရှိတယ်။ အဲဒီက ထမင်းနဲ့ ဟင်းတစ်မျိုးဝယ်လိုက်ရင် ၁၀၀၀ လောက်ပဲကျမယ်။
အိမ်ရောက်မှ ဖွယ်ဖွယ်ရာရာဖြစ်အောင် အခြားဟာတွေထည့်စားတော့မယ်။

 

အိမ်ကိုလည််းဖုန်းမဆက်ဖြစ်တာကြာပြီ။
နေကောင်းကြရဲ့လားမသိဘူး။
FACEBOOK ပေါမှာတော့ ဘယ်လိုသတင်းတွေမှန်းလည်းမသိဘူး။
စိတ်ညစ်စရာတွေပဲမြင်နေရသလိုပဲ၊
လမ်းပေါ်မှာ ဖရဲသီးဗန်းမှောက်မှောက်ပြီး လူတွေသနားအောင်လုပ်ပြီး ပိုက်ဆံယူတတ်တဲ့ ကောင်လေးတစ်ယောက် သူ့အိမ်မှာ သတ်သေသွားတယ်ဆိုတာကို ကြားရတယ်။
လူတွေက အဲဒီအပေါ်မှာ လူလိမ်ဆိုပြီး ရှုပ်ချတဲ့အဖွဲ့က တစ်ဖွဲ့.. သေသွားတဲ့ကောင်လေးကို သနားတဲ့ သူတွေကတစ်ဖွဲ့၊
FDA မှာ အလုပ်လုပ်တဲ့အမျိုးသမီးတစ်ဦး သူ့မိဘရှိတဲ့ရန်ကုန်ကို ပြန်လာခိုက်မှာ တက္ကစီသမားက သတ် ၊ မုဒိန်းကျင့်ပြီး မြောင်းထဲပစ်ထားခဲ့တဲ့အကြောင်းကတစ်ခု။
ဘယ်လိုလူတွေများရက်ရက်စက်စက်လုပ်ရက်လဲဆိုတာကို မစဉ်းစားနိုင်ဘူး။
လူတွေက အမျိုးမျိုးထင်မြင်ချက်တွေပေးကြတယ်။ အမျိုးသမီးများ တစ်ယောက်တည်းကားစီးရင် ဘယ်လိုအန္တရာယ်တွေရှောင်ရမယ် ဆိုပြီးရေးကြ ဖြန့်ဝေကြတယ်။
အဲဒါတွေ မြင်တိုင်းကြားတိုင်း အဖြစ်ဆိုးနဲ့ကြုံခဲ့တဲ့အဲဒီ အမျိုးသမီးငယ်ရယ်။
သူ့သမီးအကြောင်းကို ပြောပြီး ကျန်ရစ်ခဲ့မယ့် သူ့မိဘ အသိုင်းအဝိုင်းရယ်ကို သွားမြင်တယ်။
သူတို့ ဘယ်လိုနား ၊ ဘယ်လိုမျက်စိနဲ့ ဒီအကြောင်းတွေကို ဖတ်နိုင် နားထောင် နိုင်ကြပါ့မလဲ။
ခဏခဏ အသည်းကို ဓားနဲ့ဆွသလိုဖြစ်နေမှာပေါ့။

နိုင်ငံရေး အနေနဲ့ လည်း မကောင်းလှ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါတွေက နိုင်ငံတကာမှာကျနေတယ်။ အဓိကကတော့ ရခိုင်ကိစ္စကြောင့်ပေါ့။
ကျွန်တော်ကိုယ်တိုင်လည်း ဘာဖြစ်ချင်နေမှန်းမသိတော့ဘူး။
ကိုယ်လုပ်ကိုလုပ်ရမှာတွေကို မထိ မကိုင်နိုင်ပြန်ဘူး။
အလုပ်stress များလှတယ်လို့တော့မဟုတ်ပေမယ့် .. နည်းတော့လည်းမနည်းဘူး။
ဒါပေမယ့် အခြားဝင်ငွေမရှိ၊ လောက်ငှရုံလေးရှိတဲ့ အခြေအနေကို စိတ်ညစ်နေတယ်။
လုပ်မယ်ကြံရွယ်ထားတဲ့ project တွေ ဖြစ်မလာတော့ဘူး။
လုပ်ပြီးသွားတဲ့ project တွေကလည်း ဒီလိုကြီးပဲ မအောင်မမြင်ဖြစ်နေတယ်။
ပေးဆပ်လိုက်ရတဲ့ အချိန်တွေ ခွန်အားတွေက ဒီလိုပဲ အချည်းနှီးဖြစ်သွားမှာလားလို့ တွေးနေမိတယ်။

အချစ်ရေးလားစမ်းတဝါးဝါးမသေချာ…
မပြောင်းမလဲ အရင်အတိုင်းပါပဲ..
FA တွေအများကြီးရှိတဲ့ Group ထဲမှာတောင် နောက်ဆုံးလက်ကျန် ဆိုလို့ ကိုယ်ရယ်ကိုယ့်ထက် ၅နှစ်လောက်ကြီးတဲ့ FA ဘိုးအေးကြီးတစ်ယောက်ရယ်ပဲရှိတော့မယ်။
ဒါပေမယ့် သူက အလုပ်အကိုင်၊ စီးပွားရေး အားလုံးပြည့်စုံနေပြီလေ။
ကိုယ်ပဲ အရာအားလုံး အစမှာပဲရှိသေးတာ..

စိတ်ဓာတ်ခဏခဏ မကျပါဘူးလို့ ကိုယ့်ကိုယ်ကို သတိပေးထားတယ်။
အကောင်းတွေတွေးပြီး ဖြစ်ချင်တဲ့နေရာရောက်အောင် သွားပါ့မယ်လို့သတိပေးထားတယ်။
ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ demon တွေကိုလည်း နိုင်အောင် ထိန်းပါ့မယ်လို ကတိပေးထားတယ်။

 

သာယာချမ်းမြေ့တဲ့ ၂၀၁၈ ဖြစ်ပါရစေ..

 

 

 

 

My OPD

ကျွန်တော် ရန်ကုန်ကိုစရောက်ခါစက ရန်ကုန်ဆေးရုံကြီးမှာအလုပ်ဝင်ပြီးဘွဲ့လွန်တက်နေတဲ့သူငယ်ချင်းတွေနဲ့ အပြင်မှာတစ်ခေါက်ဆုံဖြစ်တယ်။

သူတို့လည်း ဆေးရုံတွေမှာ တက်နေတဲ့ပြဿနာအကြောင်းတွေကိုပြောပြ ၊
ကျွန်တော်လည်း ကိုယ်လုပ်နေတာတွေကိုပြောပြပေါ့။

ဒီလိုနဲ့ပဲ.. သူတို့က တစ်ခုပြောတယ်။
တစ်နေ့ထက် တစ်နေ့ ဆေးရုံကြီးကို ရောက်လာတဲ့လူနာတွေကပိုပိုများလာကြောင်း။

ရောက်လာတဲ့လူနာတိုင်းကလည်းအရေးပေါ်မဟုတ်ကြောင်း။
အချို့တွေဆိုရင် သူနဲ့ နီးစပ်ရာဆေးရုံတွေမှာကုသမှုယူနိုင်ပေမယ့် ရန်ကုန်အထိရောက်လာကြကြောင်းပြောတယ်။
နောက်ပြီးတော့ လူနာတွေကိုလွှဲတဲ့အခါတွေမှာလည်း .. Specialist OPD ကြည့်တဲ့ရက်ရယ် လူနာတကယ် ဆေးရုံကိုရောက်လာတဲ့ရက်ရယ်က မတူတဲ့အတွက်ကြောင့် မလိုအပ်ပဲနဲ့ လူနာတွေ က ရောဂါပြဖို့စောင့်နေရကြောင်းကိုလည်းပြောတယ်။

အဲဒါနဲ့ ပဲ .. ဆေးရုံတွေရဲ့ ပြင်ပလူနာကြည့်တဲ့အချိန်တွေကို အလွယ်တကူရှာဖွေလို့ရတဲ့ နေရာရှိရင်ကောင်းမယ်ဆိုတဲ့ အကြံပြုချက်ထွက်လာတယ်။

ဒါကြောင့် .. အဲဒီလို အလွယ်တကူ ကြည့်လို့ရဖို့
appတစ်ခုလုပ်ဦးမှဆိုတဲ့စိတ်ကူးထွက်လာတယ်။

တကယ် အဲဒီလိုလုပ်ဖို့ကတော့
အခက်အခဲတွေအများကြီးရှိတယ်။

ပထမတစ်ခုကတော့ Develop လုပ်မယ့်သူပေါ့လေ။
နောက်တစ်ခုကတော့ ဒီOPD အချိန်တွေကိုလိုက်စုတဲ့အခက်အခဲ
ပြီးတော့ တစ်နှစ်တစ်ခါ အချိန်တွေကပြောင်းလဲနေတာမို့ . ရေရှည် သူ့ဘာသာ ရပ်တည်နေအောင် လုပ်ဖို့ကိစ္စ။

ပထမ Develop လုပ်ဖို့အခက်အခဲကတော့ Developer experience အများကြီးရှိတဲ့ ကို ချမ်းမြေ့ကိုကို က ကူညီလို့အများကြီးအဆင်ပြေသွားတယ်။

ကျွန်တော်ကတော့ ရတဲ့နေရာကနေ အချိန်ဇယားတွေလိုက်စုတယ်။
Database ထဲထည့်တယ်။
၂လခွဲလောက် လုပ်ပြီးတဲ့အခါ အခုတော့ တော်တော်လေးကိုပုံပေါ်လာပါပြီ။

ဒီလအကုန်လောက်မှာ ကျွန်တော်တို့ Android app ထုတ်ပြီး playstore ပေါ်တင်နိုင်လောက်ပါမယ်။

ကျွန်တော်တို့ က platform တစ်ခုကိုဖန်တီးထားပြီးပါပြီ
တစ်ခုပဲ လိုနေတာက .. နောက်ထပ်အချက်အလက်တွေပါ။
အချက်အလက်အသစ်တွေထပ်ပေးပို့ရင် ပိုအသုံးဝင်တဲ့ appဖြစ်လာမှာပါ။

အခုဆိုရင်တော့ ရန်ကုန်၊မန္တလေး၊ နေ့ပြည်တော်နဲ့ မြို့ကြီးများက ဆေးရုံတွေရဲ့ ပြင်ပလူနာကြည့်တဲ့ရက်တွေ အချိန်တွေ ရထားပြီ:ပါပြီ။
နောက်ထပ်ပို့ပေးချင်တဲ့သူများလည်း messenger ကနေပဲဖြစ်ဖြစ်၊
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပို့ပေးနိုင်ပါတယ်။

🙂
နောက်ကိုလည်း medical appတွေထပ်ပြုလုပ်ဖို့ရှိပါတယ်။

(နောက်ဆက်တွဲ: ဒီဇင်ဘာ တစ်ရက်နေ့ မှာ ကျွန်တော်တို့ app ကို လက်စသတ်ပါတယ်၊ အခုဆိုရင် Google Play မှာ စတင် ယူလို့ရပါပြီ၊ )

Download 

 

 

Download :

ပြည့်နှက်နေသော အတွေးများ

လက်တလောမှာ ခေါင်းထဲမှာ အကြောင်းအရာတွေနဲ့ပြည့်နှက်နေတယ်၊

ဒါတွေကိုနည်းနည်းတော့ကျွန်တော်ချရေးထားသင့်တယ်လို့ထင်တယ်။

ကျွန်တော်အလုပ်အသစ်ကိုရောက်တဲ့အခါ ယခင်ကမသုံးဖူးခဲ့တဲ့ ဆော့ဖ်ဝဲတွေကိုသိလာရ လေ့လာခွင့်ရခဲ့ပါတယ်။

အချို့သော ဆော့ဖ်ဝဲများဆိုရင်မြန်မာနိုင်ငံမှာသုံးနေတဲ့သူတကယ့်ကိုရှားပါးပါတယ်။
အဲဒီလိုမျိုးရှိတယ်ဆိုတာကိုလည်းသိသူရှားပါတယ်၊

ကျွန်တော့်အတွက်ကတော့တနေ့ထက်တစ်နေ့ အသစ်အဆန်းတွေမြင်လေတွေ့လေလေ .. အင်တာနက်ပေါ်မှာရှိတဲ့ကျွန်တော်တို့တွေရဲ့ ကိုယ်ရေးအချက်အလက်တွေရဲ့လုံခြုံမှုကိုစိုးရိမ်လေလေပါပဲ။

တစ်နေ့ကတင် Facebook မှာကျွန်တော်တို့ ပြောဖြစ်ကြတာတစ်ခုရှိတယ်။

ကျွန်တော်တို့မြန်မာလိုပြောတဲ့စကားတွေကို ဖေ့စ်ဘွတ်ကတိတ်တိတ်လေး အသံဖမ်းယူပြီး သူရဲ့ ads campaign တွေမှာသုံးဖို့သုံးနေတယ်လို့လေ ။ အခုနောက်ပိုင်းအဲဒီAI ကအဆင့်မြင့်လာပြီး ကျွန်တော်တို့မြန်မာလိုပြောနေတာတွေကိုတောင်မှ နားလည်အောင် လုပ်နိုင်တဲ့အဆင့်ရောက်နေပြီလို့ထင်ကြတယ်။

ဥပမာ ကျွန်တော်က ပစ္စည်းတစ်ခုအသစ်အကြောင်းကို ပြောနေတယ် ။ လူသိပ်မသိတဲ့အကြောင်းအရာပေါ့.

သိပ်မကြာခင်မှာပဲ အဲဒီ ပစ္စည်းနဲ့ဆိုင်တဲ့ကြော်ငြာ ကျွန်တော့်ဆီမှာလာပေါ်တယ်။

သေချာတာကတော့ အဲဒီကြော်ငြာအကြောင်းကို အွန်လိုင်းမှာရှာတာမျိုးလဲမလုပ်ဘူး ။ messenger ကနေပြာနေတာမျိုးလဲမဟုတ်ဘူး.

အပြင်မှာဒီလိုစကားပြောနေတာပဲ ။ ဒါပေမယ့် ကျွန်တော်ရှာနေတဲ့ဟာကိုလာပြတာမျိုး.။

ဖေ့စ်ဘွတ်ကကိုယ့်အကြောင်းကိုကိုယ့်ထက်အများကြီးပိုသိနေပါတယ်။

အင်တာနက်မှာ ခင်ဗျားတစ်ခုခုလုပ်လိုက်ပြီဆိုရင် ကျန်တဲ့နေရာတွေကိုပဲအလိုအလျောက်ပြောင်းလဲရောက်ရှိသွားအောင်လုပ်လို့ရတဲ့ စနစ်တွေအများကြီးတယ်၊

အဲဒါတွေကို automation tools တွေလို့ခေါ်တယ်။  နမူနာပြောပြရရင် ခင်ဗျားက Facebook page မှာစာတစ်ခုတင်လိုက်တယ်။

ပြီးတာနဲ့ twitter မှာအလိုအလျောက် tweet တစ်ခုတက်လာမယ် ။ instagram မှာ post တစ်ခုပေါ်လာမယ်။ ပြီးတော့ Google sheet ထဲမှာ အဲဒီ post က Row တစ်ခုအနေနဲ့သွားပေါ်မယ်။ ပြီးတော့ post ရဲ့ metadata လို့ခေါ်တဲ့ Like ဘယ်လောက်ရတယ် Share ဘယ်လောက်ရတယ်။ လူဘယ်လောက်နဲ့ engagement ရတယ်စတာတွေကို အလိုအလျောက်သွားသိမ်းတယ်။ ပြီးတော့အဲဒီ status တစ်ခုချင်းrow တစ်ခုချင်းက အချက်အလက်တွေကို စုပေါင်းပြီး auto analysis လုပ်အောင် formula ထည့်ထားလို့ရတယ်။

နောက်ပြီးpost တစ်ခုခုက အရမ်းကို hot ဖြစ်နေတယ်ဆိုရင် ကိုယ့်ကိုအသိပေးဖို့ အတွက် sms alert မျိုး email alert မျိုးထားလို့ရတယ်.

ဒါ့အပြင်အခြားသော လုပ်လို့ရတာတွေအများကြီးရှိတယ်.

ပြောချင်တာကတော့ စက်ရုံတစ်ခုမှာ တဆင့်ခြင်း စက်ရုပ်တွေနဲ့အလိုအလျောက်ကုန်ပစ္စည်းတွေထုတ်လုပ်သလိုမျိုး ကျွန်တော်တို့ ဒီဇိုင်းထုတ်လို့ရတယ်၊

ဒီဒီဇိုင်းကတော့ hardware design တော့ဖြစ်မှာမဟုတ်ဘူးပေါ့လေ။ ဆော့ဖ်ဝဲနဲ့ပဲ အလုပ်လုပ်မှာပေါ့

ဒါပေမယ့် system တစ်ခုဖြစ်အောင်ဖန်တီးယူလို့ရတယ်.။

ကျွန်တော် အဲဒီလို မျိုးနည်းလမ်းတွေကိုစမြင်သွားတဲ့အခါခေါင်းထဲမှာအတွေးအသစ်တွေအများကြီးပေါ်လာခဲ့တယ်။

ယခင်ကတော့ programming မပါရင် ဘာမှလုပ်မရဘူးလို့ယူဆခဲ့ပေမယ့် တကယ်ကတော့ programming မပါပဲနဲ့ကိုလုပ်လို့ရနေတာတွေတော်တော်များများကြီးကိုရှိနေပါတယ်။

website တစ်ခုကနေ အချက်အလက်တွေကို data scrapping နည်းနဲ့ဆွဲထုတ်ယူလို့ရမယ်လို့ သိလိုက်တဲ့အခါမှာ ..ခေါင်းထဲမှာပေါ်လာတာကတော့.. အင်တာနက်မှာရှိတဲ့မြန်မာလိုဒေတာတွေကိုဆွဲထုတ်ယူပြီး

AI တစ်ခုဖန်တီးယူဖို့ပါပဲ။

အခက်အခဲတွေအများကြီးရှိတယ်ဆိုတာသိပေမယ့် ခေါင်းထဲမှာ အဲဒီအချက်တစ်ခုတော့ထည့်ထားမိတယ်။

တစ်ချိန်ချိန်မှာ သုံးလို့ရနိုင်မှာပါ။

အရင်က အစိုးရနဲ့ပတ်သက်တဲ့အသိုင်းအဝိုင်းမှာနေခဲ့တုန်းကနဲ့ယှဉ်လိုက်ရင် အခုတော့ ကျွန်တော်ခေတ်ရှေ့ကိုအရမ်းပြေးနေပြီလို့ခံစားမိတယ်။

အစိုးရရဲ့ နည်းပညာကိုသုံးပြီး လုပ်ပုံလုပ်နည်းနည်းစနစ်တွေက တော်တော်ဝေးဝေးမှာကျန်နေခဲ့ပြီဆိုတာကို ပိုသတိထားမိလာတယ်။

စောစောကပြောတဲ့ automation tools တွေကိုသုံးပြီးသူတို့ကို ကူညီလို့ရမယ့်နည်းလမ်းတွေကိုအားတဲ့အချိန်မှာ ကျွန်တော်စဉ်းစားနေလေ့ရှိတယ်။

တစ်နေ့နေ့မှာတော့ နည်းပညာအကူအညီနဲ့ကျွန်တော်တို့ ရဲ့လူနေမှုကိုအများကြီးအဆင်ပိုပြေသွားအောင်လုပ်နိုင်မှာပါ

 

 

အာသာ

2017 စက်တင်ဘာ၂၀

 

 

Page 1 of 6

Powered by WordPress & Theme by Anders Norén