ရန်ကုန်ဟာ ထိန်ပင် အမှိုက်ပုံက မီးခိုးငွေ့တွေကြားထဲ မှာ ရှင်သန်နေတယ်။ ပူအိုက်ပြီး အမြဲတမ်းထွက်နေတဲ့ ချွေးတွေနဲ့ နေပူထဲသွားရတာဟာ ပင်ပန်းလွန်းတယ်။ ညဘက်တွေ aircon ကြောင့်အအေးမိ၊ နေ့လည်ကျတော့ ချွေးကြောင့်ပြန်ပူ၊ ဒီလိုနဲ့ ကျန်းမာရေးယိုယွင်းလာတာကြောင့် အိမ်ပြန်မယ်လို့ဆုံးဖြတ်လိုက်တယ်။
သောကြနေ့မနက် ၈နာရီကားနဲ့နေပြည်တော်ကိုပြန်လာတယ်။
ပိတ်ရက်တွေဆက်တဲ့အတွက် ၄ရက်လောက်တော့ နားလို့ရမယ်ထင်တယ်။
မနက်စောစောစီးစီးရန်ကုန်မြို့ကခွာလာရတာလည်း တစ်မျိုးကောင်းတယ်။ လမ်းပေါ်မှာကားတွေသိပ်မရှိဘူး။ လတ်ဆတ်တဲ့လေနဲ့ လေးကို ဖွင့်ထားတဲ့ ကားပြုတင်းတံခါးကနေရတယ်။
မနက်၈နာရီမထိုးခင်မှာပဲ JJ ကားဂိတ်ကိုရောက်သွားခဲ့တယ်။
ကားကတော့အချိန်မှန်ပဲကွက်တိထွက်ပါတယ်။ မနက်ခင်းကားဖြစ်တဲ့အတွက်ကြောင့် ကောင်းကောင်းအိပ်လို့မရဘူး။ တဖြည်းဖြည်းနဲ့အလင်းရောင်ကပိုစူးလာတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့ပစ်ပြီး စိတ်ချလက်ချအနားယူတော့တယ်။
တစ်ရေးမှမအိပ်လို့ပဲလားမသိဘူး။
ရန်ကုန်နဲ့ ဖြူး ကိုတောင် တော်တော်ကြာတယ်ထင်နေမိတယ်။
ယာဉ်ရပ်နားစခန်းရောက်တော့ ထုံးစံအတိုင်း Feel ကိုပဲဝင်ဖြစ်တာပေါ့။
အဲဒီမှာ ပုံမှန်ဆို ဗမာထမင်းကြော်လေးပဲစားနေကြ၊ အလွန်ဆုံးကျ ၁၅၀၀ပေါ့၊
ဒီတစ်ခါတော့ အဲဒါမရှိတော့ဘူးဆိုတာနဲ့ အခြားတစ်မျိုးမှာလိုက်ရတယ်။
ငွေရှင်းတဲ့အခါကျတော့ မှ ၃၅၀၀ ဆိုတော့ ၊ စိတ်ထဲမှာ ဘုရားဘုရားဆိုပြီးတမိသွားတယ်။
ကိုယ်ရှာထားတဲ့ငွေလေးတွေ အလဟာသ ကုန်သွားတာကိုနှမြောတာလေ။
နေပြည်တော်ကိုဆက်မောင်းလာခဲ့တယ်. ။ ဝင်ခါနီးမှာတော့ မုန်တိုင်းနဲ့တိုးတယ်။
လေကလည်းကြမ်း၊ မိုးကလည်းသည်းချက်ပဲ၊
ပတ်ဝန်းကျင်ကိုတောင် ကောင်းကောင်းမမြင်ရဘူး။

ဒါပေမယ့် တကယ်နေပြည်တော်ရောက်တော့ မိုးအုံ့ရုံလေးပဲရှိတော့တယ်။
နေပြည်တော်အဝင်လမ်းက ပန်းတွေနဲ့ကြိုနေတယ်။
မြို့စတည်ကတည်းက စိုက်ခဲ့တဲ့ပန်းတွေက အခုဆိုကောင်းကောင်းပွင့်နေပြီလေ။
ပိတောက်တွေပွင့်နေတာလည်းတွေ့တယ်၊ ပြီးတော့ ငုဝါ၊ စိန်ပန်း၊
ချယ်ရီနဲ့တူတဲ့ ငုစပ်တွေလည်းတွေ့တယ်။
တကယ့်ချယ်ရီအစစ်တွေလည်းရှိတယ်။ ဂျပန်မြန်မာ ချစ်ကြည်ရေးအနေနဲ့ Genetic enginerring လုပ်ထားတဲ့ ချယ်ရီတွေကို နေပြည်တော်ပို့ထားတာတဲ့။
ကြာပန်းအဝိုင်းနားမှာ လောလောဆယ်အပင် တစ်ထောင်လောက်ရှိတယ်ပြောကြတယ်။

အရင်ကဆို မြို့မဈေးမှာဆင်းနေကြလေ၊
အခုတော့ ဘောဂသီရီကားဝင်းမှာအဖေက စောင့်နေတယ်။
သူကားပြင်နေတာမိုလို့တဲ့ ၊ တစ်ခါတည်း ကားဝင်းမှာပဲစောင့်နေတော့မယ်ပြောတယ်။
ဘောဂသီရီကားဝင်းက အဝေးပြေးယာဉ်ရပ်နားစခန်းလဲဟုတ်တယ်။
တော်ဝင်ကားတွေ နားတဲ့နေရာလည်းဟုတ်တယ်။
နောက်ပြီး ဝပ်ရှော့တွေအားလုံး စုထားတဲ့ နေရာလည်းဟုတ်တယ်။
ယခင် ကျောင်းတက်တုန်းကတော့ အဲဒီကားဝင်းမှာပဲ စားသောက်ဆိုင်ခန်းတစ်ခု ရခဲ့သေးတယ်။
တစ်နှစ်ကျော်လောက်လုပ်ပြီး ပြန်ရောင်းလိုက်ပြီ။
အခုတော့မရှိတော့ဘူးလေ၊

နောက်တော့ ကားဝင်းကနေ ပျဉ်းမနားအိမ်ကိုသွားတယ်။
ပျဉ်းမနားမှာ အမေကစောင့်နေတယ်။
မနက်ဖြန် အဖိုးဆုံးတာတစ်နှစ်ပြည့်တဲ့အနေနဲ့ နှစ်လည်ဆွမ်းကပ်မလို့အလုပ်နည်းနည်းရှုပ်နေကြတာ၊
မြန်မာထုံးတမ်းက တော့ထူးဆန်းတယ်။ အုတ်ဂူတွေဘာတွေဆီသွားပြီးကန်တော့တာမျိုးမလုပ်ကြဘူး။
အိမ်မှာပဲ ဆုံးသွားတဲ့သူအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုကြတယ်။
ဝမ်းကွဲအစ်မရဲ့သမီးလေးတောင် စကားပြောတတ်တဲ့အရွယ်ရောက်နေပြီ၊
သူက ငါ့ကို ကောင်းကောင်းမမှတ်မိဘူး။ ဦးဦးဆိုပြီးတော့တခွန်းတော့ပြောတတ်တယ်။

 

အဲဒီနောက်တော့ ပျဉ်းမနားကနေ ဥတ္တရသီရိမြို့ကိုပြန်လာခဲ့တယ်။ ဒီမှာလည်း လေတိုက်မိုးရွာထားပုံရတယ်။ နေပြည်တော်မှာတော့အရင်လိုပဲလမ်းတွေက ရှင်းဆဲပါ။
ရှုပ်ရှက်ခက်နေတဲ့ရန်ကုန်နဲ့ ယှဉ်ရင်တော့ အရမ်းသာယာနေသလိုပဲ။

မိုးရွာ,မီးပျက်တာကလည်း ဒီမှာလည်းဖြစ်တယ်။
ဒါပေမယ့်ဖြစ်တောင့်ဖြစ်ခဲပါ။ သစ်ပင်တွေကျိုးကျလို့ဆိုလား။ မီးခဏဖြတ်ထားတယ်။

 

စနေနေ့

မနက်ခင်း၆နာရီလောက် အဖိုးနေခဲ့တဲ့ လယ်ထဲကအိမ်ကိုသွားမယ်ပြောတဲ့အတွက် စောစောနိုးနေတယ်။
ရင်ထဲမှာတစ်မျိုးပဲ၊လွန်ခဲ့တဲ့ နှစ်က အဖြစ်အပျက်တွေပြန်တွေးမိပြီးစိတ်မကောင်းဖြစ်နေရတယ်။
လက်ထဲမှာ ဆုံးခဲ့တဲ့ အဖိုးကိုသနားနေမိတယ်။ မနက်စောစော မြို့အရေှ့ဘက်မှာရှိတဲ့ရွာကိုသွားတယ်။
အဖိုးနေတဲ့နေရာကို အလွယ်တကူသိနိုင်တာကတော့ တောင်တွေပဲ၊
မြို့ရဲ့အရေှ့ဘက်ကိုကြည့်လိုက်ရင် မြင်နေရတဲ့တောင်တန်းတွေအောက်မှာ အဖိုးရဲ့လယ်တွေရှိတယ်။
ငယ်ငယ်ကတော့ အဲဒီတောင်တွေဆီကို သွားချင်တယ်ဆိုတဲ့စိတ်ကူးမကြာမကြာဖြစ်ဖူးတယ်။
ဒါပေမယ့် အဲဒီနေရာက အဖိုးတို့နေတဲ့နေရာဆိုတာမသိခဲ့ဘူး။
ကားလေးကနည်းနည်းနိမ့်တဲ့အတွက် လမ်းကြမ်းကိုဖြေးဖြေးမောင်းရတယ်။
လမ်းကခင်ထားတာမကြာသေးပေမယ့် စံနှုန်းမပြည့်တာကော ဖြတ်သွားဖြတ်လာယာဉ်တွေမှာ သံဘီးတပ်ယာဉ်တွေပါတာကောကြောင့် မြန်မြန်ဆန်ဆန်ပဲ ပျက်သွားတယ်။

ရွာမရောက်ခင် တစ်နေရာမှာ နှမ်းတောဆိုပြီး ရှိသေးတယ်။ အဲဒါ အဖေ့ကို မွေးခဲ့တဲ့နေရာတဲ့။
အဲဒီနားက လမ်းမကြီးပေါ်မှာ အမွေရထားတယ်ဆိုတဲ့ လယ်လေးတစ်ကွက်ရှိသေးတယ်။ အဲဒီလမ်းစည်ကားလာရင်ကောင်းမှာပဲလို့စဉ်းစားနေမိတယ်။
သွားနေစဉ်စ စ်တောင်းမြစ်ကို ဖြတ်ရတယ်။ မြစ်က အရမ်းမကျယ်ပေမယ့် ရေရှိတယ်။ စီးဆင်းနေလို့ တော်တော်လှတယ်။
အဲဒီရေတွေကို အဝေရာဆည်ထဲကိုပို့ ပြီးတော့မှာ အနီးအနားကလယ်တွေဆီကိုပြန်ဖြန့်တယ်။
မြောင်းတွေထဲမှာ စီးနေတဲ့ရေက ကြည်လင်နေပြီး အေးမယ့်ပုံပေါ်တယ်။

စိုက်ပျိုးရေးအကြောင်းဘာမှမသိလို့ မပြောတတ်ပေမယ့် နေရာကတော့ တော်တော်သာယာတယ်။

နောက်ဆုံးတစ်ခေါက်ရောက်တာ အဖိုးမဆုံးခင်ကပေါ့၊ အခုတော့သူမရှိတော့ဘူး။
ညီမအငယ်ဆုံးတစ်ယောက်ကိုအဖိုးကထားခဲ့တယ်။ ကျွန်တော်တို့ရဲ့ဖွားလေးပေါ့။ ဖွားပုလို့ခေါ်တယ်.။
သူကမြွေအရမ်းကြောက်တယ်။ ငယ်ငယ်ကဆို ကျွန်တော်ကဆိုးတယ်။ သူ့ကိုစဖို့အတွက်
မြွေရုပ်တွဝယ်ပြီး လိုက်တို့တာ။
အခုတော့ မြွေကြောက်တာက ကျွန်တော်ကိုယ်တိုင်ဖြစ်နေပြီ။

 

ဘုန်းကြီးတွေပင့် ဆွမ်းကပ် တရားနာပြီးတော့ နေ့လည်ကျတော့ပြန်လာခဲ့ကြတယ်။

အပြန်မှာ နှမ်းတော့က အဖေ့ရဲ့ ကြီးတော် ဆိုဝင်သေးတယ်။ သူက ကျွန်တော့်နောက်ထပ်အဖွားပေါ့။
နားကလုံးဝမကြားတော့ဘူး။ ဒါပေမယ့် ခုထိသွားနိုင်လာနိုင်တယ်။ မြေးတွေလာရင် ပျော်တုန်းပဲ။
အိမ်မှာသူ မြေးပုံတွေကပ်ထားတယ်။ ကျွန်တော် ဘွဲ့ရတုန်းကပုံတွေရောပဲ။
သူ့ဆီသွားလည်တော့ တဟေးဟေးနဲ့ ပျော်နေတာ။ ရှိတာတွေချကျွေးတယ် ။
ကိုယ်ကတော့ မစားနိုင်တော့ဘူး။
ဓာတ်ပုံတေွရိုက်ခဲ့သေးတယ်။ တနည်းနည်းနဲ့တော့ print ထုတ်ပေးရမယ်။

နေပြည်တော်မှာနေတုန်း အိမ်ကချက်ကျွေးတာတွေစားတယ်။
Facebookမတက်ဘူး။ အဲဒီစိတ်ညစ်စရာ တွေ ကြွားဝါတာတွေလိုက်မဖတ်မိအောင်နေတယ်။
အပြင်မှာပဲစာအုပ်ဖတ်တယ်. စကားပြောတယ်။
သူငယ်ချင်းတွေနဲ့တွေ့တယ်။
တကယ်ဆို ဒီလိုပဲနေချင်တယ်။ ဟန်ဆောင်ပြီးမနေချင်ဘူး။
အပိုမသုံးမဖြုန်းချင်ဘူး။ စကားမပြောချင်ဘူး
ကိုယ်ကောင်းမယ်ထင်တာတွေလုပ်နေချင်တယ်။

ကိုယ့်ရဲ့type က ရန်ကုန်နဲ့မအပ်စပ်ဖြစ်နေတယ်။ ရန်ကုန်က introvert လူမျိုးတွေအတွက် နေရာသိပ်မရှိဘူးလေ။

 

ဧပြီလ ၃၀ ရက် ၂၀၁၈ ခုနှစ်