သိပ်မကြာခင်မှာ ကျွန်တော်နေပြည်တော်ကိုခွဲခွာပြီးရန်ကုန်ကိုအလုပ်သွားရတော့မယ်။
စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်။
လွမ်းသလိုလိုဆွေးသလိုလို စိတ်လှုပ်ရှားသလိုလိုနဲ့။
ရန်ကုန်က ကကျွန်တော်နဲ့မေးထူးခေါ်ပြောအဆင့်လောက်ပဲရှိတယ်။ မရင်းနှီးဘူး။
နောက်ပြီး ငယ်ငယ်တည်းက ရန်ကုန်ကိုကြောက်ခဲ့တာကိုး။
ဒါပေမယ့်လည်း ကိုယ့်ဘဝတက်လမ်းအတွက် ဆိုတော့ ဘာဖြစ်ဖြစ်ဆိုပြီး မျက်စိစုံမှိတ်သွားရတော့မှာပေါ့။
ထူးခြားတာက ကျွန်တော်၆နှစ်တောင်အချိန်ပေးသင်လာခဲ့တဲ့ ပညာနဲ့ သွားပြီးအလုပ်လုပ်မှာမဟုတ်ဘူး။
အဲဒီ၆နှစ်အတွင်းမှာ အင်တာနက်ဆိုင်တွေမှာအချိန်ပေါင်းများစွာကုန်ပြီး
လေ့လာခဲ့တဲ့ အသိတွေနဲ့. . အလုပ်တစ်ခုစလုပ်ရတော့မှာ။
အဖေပြောခဲ့တဲ့စကားတစ်ခုကိုအမှတ်ရတယ်။
လူတွေက သူတို့အများဆုံးငွေသုံးခဲ့တဲ့နေရာကနေပဲ ပြန်ပြီး အများဆုံးပြန်ရှာကြတာတဲ့။
ဟုတ်သလိုလိုတော့ရှိပါတယ်။
ဆရာဝန်အလုပ်ကို အမြဲမလုပ်နိုင်ရင်တောင် အဲဒီအလုပ်ကိုချစ်တဲ့စိတ်က မပျောက်သွားပါဘူး။
ဒါပေမယ့်လည်းဝမ်းရေးအတွက်ကျတော့ ဆရာဝန်အလုပ်က မလွယ်ကူလှဘူး။
ဒေါ်အောင်ဆန်းစုကြည်ပြောဖူးတဲ့စကားတစ်ခုကိုသတိရနေတယ်။
ချမ်းသာချင်ရင်ဆရာဝန်မလုပ်နဲ့တဲ့။
သူကအမှတ်တမဲ့ပြောတာဖြစ်ရင်ဖြစ်မယ်။
ကျွန်တော့်အတွက်ကတော့ ရင်ထဲကိုထိသွားခဲ့တယ်။
ဒါကြောင့်ကျွန်တော်ဆေးကုပြီး ပိုက်ဆံယူရတဲ့အလုပ်ကို မနှစ်သက်ခဲ့ဘူး။
ကိုယ့်ရဲ့စားဝတ်နေရေးကိုဆေးကုပြီးဖြေရှင်းရမှာမျိုးကိုမလိုလားခဲ့ဘူး၊
ဒါကြောင့်အခြားပညာရပ်တစ်ခုဘက်ကို ကျွန်တော်လိုက်စားခဲ့တယ်။
မထင်မှတ်ပဲ လုပ်ခဲ့တဲ့အလုပ်ကနေ ကျွန်တော့်အတွက် နေ့စဉ်ဝင်ငွေရတဲ့လမ်းကြောင်းတစ်ခုပေါ်လာခဲ့တယ်။
ပြန်တွက်ကြည့်မယ်ဆိုရင် ၂၀၁၄ နှစ်စလောက်ကနေ ယခုအချိန် ၂၀၁၇ အထိ.
နေ့စဉ်ဝင်နေခဲ့သော ဝင်ငွေများဟာ မြန်မာငွေသိန်း၁၀၀ နီးပါးရှိခဲ့ပါတယ်။
ဒါတွေအားလုံးဟာ နိုင်ငံခြားဝင်ငွေပါ။ ပြည်တွင်းကရတာမဟုတ်ပါဘူး။
အဲဒီရဲ့ ၁၀ပုံတစ်ပုံကိုလည်း ကျွန်တော် ပြည်တွင်းကနေ ပဲ ကိုယ့်ဘာသာ လေ့လာထားတဲ့ပညာနဲ့ ရှာလို့ရခဲ့ပါသေးတယ်။
နေ့စဉ်ငွေဝင်လမ်းရှိနေတဲ့အတွက်ကြောင့် ကျွန်တော်က ဒီကြားထဲမှာကိုယ်လုပ်ချင်တာ ကိုယ်လေ့လာချင်တာ ကိုယ်ဝါသနာပါတာအားလုံးလုပ်ခွင့်ရခဲ့တယ်။
အိမ်မှာနေပေမယ့် သုံးစရာ ပြတ်တယ်ဆိုတာသိပ်မရှိခဲ့ဘူး။
အခြားသောအလုပ်များကနေလည်းဝင်နေခဲ့သေးတာကိုး။
ဒါပေမယ့် အများအမြင်မှာတော့ကျွန်တော်ကအိမ်မှာနေပြီးဘာမှမလုပ်သူတစ်ဦးလိုမြင်နေခဲ့မှာပေါ့။
သူတို့အတွက် ရုံးတက်အလုပ်လုပ်ရတဲ့အလုပ် ကိုမှအလုပ်လို့မြင်တတ်ကြတာကိုး။
ကျွန်တော်တကယ်ဆိုရင် အစိုးရအလုပ်ဝင်ချင်ခဲ့တယ်.
အခုခေတ်မှာတော့ အစိုးရအလုပ်ထဲဝင်ပြီးဆရာဝန်လုပ်ချင်တာက
သည်းခံနိုင်ဖို့တော်တော်ခက်ခဲသောအရာပါ။
ကျွန်တော်က ဆေးရုံကဆေးတွေနဲ့လူနာတွေကိုကုမယ်။စိတ်ချမ်းသာအောင်ထားမယ်။ ဆေးမရှိရင်ကိုယ့်ပိုက်ဆံနဲ့ကိုယ်ကုမယ် ဆိုတဲ့စိတ်ထားမျိုးတွေရှိနေရင်တောင်
ဆေးရုံမှာဘယ်တော့မှဆေးလောက်ငှတယ်ဆိုတာမရှိပါဘူး။
ကိုယ့်မိဘကဘီလျံနာသူဌေးမဟုတ်ပဲ ဆေးတွေကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေးမယ်ဆိုတာကြီးကလည်း လက်တွေ့မကျလှပါဘူး။
တကယ့်တကယ်ကျတော့ အပြင်မှာရှိနေစဉ်ကထားခဲ့ကြတဲ့ဆရာဝန်စိတ်လေးတွေက တကယ့်အလုပ်ခွင် အြီးကျန်သက်လုကြတဲ့စစ်မြေပြင်ရောက်တော့
ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တတ်ကြတယ်။
ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်သိပ်နားမလည်နိုင်သေးဘူး။
Pressure တွေများလွန်းတာကြောင့်ပဲလားလို့တွေးမိတယ်။
အစိုးရအလုပ်မဝင်ပေမယ့် ကိုယ့်သူငယ်ချင်းတွေအပေါင်းအသင်းတွေထဲမှာဝင်နေသူအများကြီးရှိတယ်။
သူတို့တွေဆီကနေ ဝန်ထမ်းဘဝကဘယ်လိုဆိုတာအမြဲကြားနေရပါတယ်။
တကယ်တမ်းကိုယ်ဝင်ရင်လည်းဘာမှအရာမထင်နိုင်ဘူးဆိုတာသိလာတယ်။
ဒါကြောင့် အခြားလမ်းတစ်ခုရှာမှဆိုတာကိုလည်းသိခဲ့တယ်။
ဖြစ်ချင်တာက ကိုယ့်ကြောင့် အပြောင်းအလဲတစ်ခုခုဖြစ်ကျန်ရစ်ခဲ့တာ။
တစ်ခုခုတိုးတက်ပြီးကျန်ရစ်ခဲ့စေချင်တာမျိုး။
ဆေးလောကမှာဆိုရင် စျေးသက်သက်သာသာနဲ့ ရောဂါရှာဖွေနည်းတွေ၊
နည်းပညာအသုံးပြုပြီးအလွယ်တကူ ရောဂါတွေကို screening လုပ်နည်းတွေ၊
ဆေးရုံတစ်ခုနဲ့တစ်ခု ဆရာဝန်တစ်ဦးနဲ့တစ်ဦးအလွယ်တကူဆက်သွယ်ဖို့
ပညာမျှဝေဖို့ လူနာကိုအတူတူကုသဖို့ နည်းလမ်းသစ်တွေ၊
မလိုအပ်တဲ့ logistic တွေကိုဖယ်ထုတ်ပစ်ပြီး ဆေးကုတဲ့အလုပ်ကိုပဲ ပိုထိထိရောက်ရောက်လုပ်နိုင်ဖို့နည်းလမ်းတွေ ဖော်ထုတ်ခဲ့ချင်တာ။
တကယ်လို့သာ နိုင်ငံခြားမှာပညာသင်ယူခွင့်ရခဲ့ပြီး ပညာကိုပြန်အသုံးချနိုင်မယ်ဆိုရင် လက်ရှိလုပ်နေတဲ့ Medical AI ကိုဖန်တီးတဲ့နေရာ၊
Diagnostic ကိုကွန်ပျူတာနဲ့ရှာတဲ့နေရာ၊ Most Effective Treatment ကိုAIနဲ့ရွေးချယ်တဲ့နေရာ အဲဒီလိုနည်းစနစ်တွေဖန်တီးနေတဲ့နေရာကိုရောက်အောင်သွားပြီး ကိုယ်တိုင်ပါဝင်လုပ်ဆောင်ချင်တာ။
ဒီနိုင်ငံမှာ ဂျာအေးသူ့အမေရိုက်နေတဲ့ဘဝမျိုးကိုမနေချင်ဘူး။
တစ်ခုခုပြင်ဖို့ပြောင်းဖို့ကို မလွယ်ကူဖြစ်နေတာ၊
ပြဿနာတွေက အသားကျလာတော့ တစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်မိပြီး
တစ်ခုတည်းကိုကွက်ပြီးဖြေရှင်းလို့မရတာမျိုးဖြစ်နေတာတွေကိုလည်း စိတ်ကုန်မိတယ်။
Einstein တို့၊SteveJob တို့ Zuckerberge တို့ Elon Musk တို့ကိုအားကျသောသူတွေပေါပါတယ်။
သူတို့ကကမ္ဘာကျော် အောင်မြင်သူတွေကိုး။
ကျွန်တော်လည်းအားကျတာပဲ။ သူတို့ကိုမှအတူမယူရင်ဘယ်သူ့ကို role model ထားရမလဲ
ဖြစ်ချင်တော့သူတို့တွေအားလုံးက Physics or နည်းပညာရပ်ဝန်းကလူတွေဖြစ်နေတယ်။
တကယ်လို့ Medicine လောကမှာ လည်းအဲဒီလို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလေးစားတဲ့ လူပုဂ္ဂိုဟ်တွေ ဒီနေ့ခေတ်အခါမှာရှိခဲ့မယ်ဆိုရင်သိပ်ကောင်းမှာလို့တွေးမိတယ်။
Medical Artificial Intelligence ကို စတင်တီထွင်ခဲ့သူDr ဘယ်သူဆိုပြီးတော့ပေါ့လေ။
Artificial Intelligenceလိုအရာမျိုးက တစ်ဦးတစ်ယောက်တည်းတီထွင်လို့ရတာမဟုတ်ဘူးဆိုတာကိုတော့သိထားပါတယ်။
Team နဲ့လုပ်ကြတဲ့အတွက်ကြောင့် တစ်ယောက်တည်းရဲ့နာမည်ပေါ်ထွက်လာခြင်းမရှိကြဘူးလေ၊
ကျွန်တော်ကြည့်ခဲ့ဖူးတဲ့ Meet the robinson ,Cloudy with a chance of meatball, Baymax တွေထဲက ဇာတ်ကောင်တွေက လက်ရှိဘဝကိုအများကြီး လွှမ်းမိုးခဲ့တယ်။
ကျွန်တော်ကအသက်ကြီးလာပေမယ့် စိတ်ကတော့လူငယ်လိုအိမ်မက်တွေမက်နေဆဲပါပဲ၊
တစ်နေ့အဲဒီအိမ်မက်တွေမဖြစ်တော့ပဲပျောက်သွားမှာစိုးတယ်။
အခြားလူတွေလိုနိစ္စဓူဝ သာမာန်ကိစ္စတွေထဲမှာ နစ်မြောသွားမှာစိုးတယ်။
ရှင်လျက်နဲ့သေနေရသူတစ်ဦိးဖြစ်သွားမှားစိုးတယ်။
ကျွန်တော်ဟာ အရူးတစ်ယောက်ပါ၊ ဒါပေမယ့်အဲဒီလိုရူးရတာကိုပျော်ပါတယ်။
ဒီစာကိုရေးနေရတဲ့အချိန်နဲ့ Facebook ကိုသုံးနေရတဲ့အချိန်ခံစားချက်ခြင်းအရမ်းကွာပါတယ်။
တစ်ချိန်က Future လို့ထင်ခဲ့တဲ့ Facebook ကလည်းခုတော့
Reality show တွေပြတဲ့ Tv program တစ်ခုလိုပါပဲ.
ကျွန်တော်သည်းမခံနိုင်ဆုံးအရာတွေပေါ့။
အပြင်မှာစကားပြောရင် ဒီမှာရေးထားတဲ့အကြောင်းအရာတွေကို နားမလည်နိုင်ကြသူများတယ်။
ကျွန်တော့်ရဲ့blog မှာရေးထာတဲ့အတွက် နားလည်နိုင်သူတစ်ဦးဦးကတော့ဖတ်မိသွားမယ်လို့ထင်ပါတယ်။
လွန်ခဲ့တဲ့၁၀နှစ်က ကျွန်တော် ငွေမရှာတတ်သေးဘူး၊ Blog မသုံးတတ်သေးဘူး၊ မြန်မာလိုမရိုက်တတ်ဘူး။ မလုပ်တတ်သေးတာတွေအများကြီး၊
ပီဘိ နယ်မှာကြီးပြင်းလာတဲ့ ရွာသားလေးတစ်ဦးပေါ့။
အခုတော့ အများကြီးတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။
အခုကစလို့ နောက်၁၀ နှစ် ၂၀၂၇ ကျရင် ကျွန်တော်ပြောင်းလဲမှုတွေအများကြီးကြုံတွေ့ချင်သေးတယ်။
လက်ရှိ တွေးတောင်မတွေးဖူးသေးတဲ့ဘဝမျိုးကိုမြင်ချင်တယ်။
ကျွန်တော်အခုဆေးမကုပဲပစ်ထားခဲ့တဲ့အတွက်
နောင်တစ်ချိန်မှာ လူတွေအများကြီးကိုပြန်လည်ကယ်တယ်ကုသနိုင်သူဖြစ်ချင်တယ်။
အားလုံးရဲ့ခြေလှမ်းအစက မနက်ဖြန်ဖြစ်ပါလိမ့်မယ်။
တစ်ချိန်ကျရင်တော့ ဒီစာလေးကိုကျွန်တော်ပြန်ဖတ်မိချင်ပါတယ်
Arthur NyeinChan
29.6.2017
ကြာသပတေးနေ့