
Does it look like a picture from 19th century ?
ဒီနေ့က ရန်ကုန်မှာရောက်နေတာ ၁၁ ရက်မြောက်နေ့ပေါ့။
နည်းနည်းတော့အသားကျစပြုလာပါပြီ။
ကျွန်တော် ဘပ်စ် ကားလည်းစီးတတ်ပါပြီ ၊ တိုက်အထပ်မြင့်ကိုတက်ရလို့လည်း မောတယ်မထင်တော့ပါဘူး။
တစ်နေ့တာကို ကုန်ကျစာရိတ် အနည်းဆုံးနဲ့ဘယ်လိုနေရမလဲဆိုတာကို သင်ယူနေတယ်။ နယ်မှာလည်းနေခဲ့ဖူးတယ်။ ရွာကဘဝတွေလည်းမြင်ခဲ့ဖူးတယ်။ နို်င်ငံတော်အဆင့်အသိုင်းအဝိုင်းတွေကြားလည်းကျင်လည်ဖူးတယ်။
နိုင်ငံတကာအဖွဲ့တွေကြားလည်း လျှောက်သွားဖူး။ ပါဝင်လှုပ်ရှားဖူးတယ်။
အခုတော့ ကျွန်တော် ရန်ကုန်မြို့ရဲ့ လူလတ်တန်းစားတွေဘယ်လိုနေကြတယ်ဆိုတာကိုလေ့လာဖို့အခွင့်အရေးရရပြန်ပြီ.။ ရန်ကုန်ဆင်ခြေဖုံးတွေအထိတော့ကျွန်တော်မရောက်ဖူးသေးပါဘူး။
ဒါပေမယ့် ကြပ်ညှပ်နေတဲ့လူနေမှုစရိုက် နဲ့နေ့စဉ် သွားလာလှုပ်ရှားမှုတွေကို သူတို့ ဘယ်လိုဖြေရှင်းကြလဲ၊ ဘယ်လို လုပ်ကိုင်ကြလဲဆိုတာကိုတော့သိခွင့်ရဦးမယ်။
နေပြည်တော်လိုခြောက်သွေ့တဲ့နေရာကနေပြောင်းလာသူအတွက် ရန်ကုန်နေ့ရက်တွေက အုံ့မှိုင်းပြီး အမြဲစိုစွတ်နေတာပါပဲ။
ကျွန်တော်အလုပ်လုပ်တဲ့ ၁၁ လွှာကနေလှမ်းကြည့်လိုက်ရင် တစ်ဖက်မှာ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ မဟာဗန္ဒုလပန်းခြံ၊ စျေးဆိုင်တန်းလေးတွေနဲ့ ဗဟိုတရားရုံးကြီးကိုမြင်ရတယ်။
အခြားတစ်ဖက်မှာတော့ရန်ကုန်မြစ်ကြီးပေါ့။ မိုးတွေမှိုင်းနေတဲ့အချိန်ကြည့်လိုက်ရင် မြင်ရတဲ့မြင်ကွင်းက နိုင်ငံခြားကားတွေထဲက အချိန်ပြည့်အုံ့မှိုင်းနေတဲ့ ဇာတ်ဝင်ခန်းတွေကိုပြန်မြင်ယောင်မိတယ်။
ရန်ကုန်ကမ်းနားလမ်းနဲ့ဆိပ်ကမ်းကြီးကိုကြည့်ပြီး ..အင်ဒရူးမေဆင် ဇာတ်လမ်းထဲက ကျောက်မီးသွေးတွင်းတွေကို မြင်နေမိတယ်။
နေရာအသစ်၊အလုပ်အသစ်မှာ လူအသစ်တွေနဲ့တွေ့ရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါပဲ။ ဆူးလေ Techလို့တစ်ချိန်က နာမည်တွင်ခဲ့သေးတဲ့ ဖန်တီးရာဆိုတဲ့နေရာက နည်းပညာကိုစိတ်ဝင်စားသူ မည်သို့သော လူငယ်မဆို လာရောက်လို့ရတဲ့ Community center တစ်ခုပါ။
သူ့ဆီမှာမတူညီတဲ့ လှုပ်ရှားမှုတွေရှိတယ်။ အားလုံးရဲ့အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနို်င်ငံမှာခို်င်မာတဲ့ နည်းပညာ ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာဖို့ပဲ။
ကျွန်တော် Medical background ကလူဖြစ်ပေမယ့် စိတ်ရဲ့စေစားမှုကြောင့် ဟိုးအရင်တည်းက ဖန်တီးရာဆိုတဲ့နေရာကို အရမ်းရောက်ချင်နေခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုကြာပြီးတဲ့နောက် ကျွန်တော် က ဖန်တီးရာကိုရောက်လာတဲ့ ၄ ယောက်မြောက် medical doctor ဖြစ်လာခဲ့တယ်။ ဒီနည်းပညာတွေအကြောင်းကို ဘယ်နေရာမှာ မှ သေချာမသင်ယူခဲ့ဖူးပေမယ့် ကိုယ်စိတ်ပါဝင်စားသလို လုပ်ခဲ့တာတွေက အရမ်းတန်ဖိုးရှိလာတယ်ဆိုတာတော့ နောက်မှသေချာသိလာခဲ့တယ်၊
ကျွန်တော့်အတွက် အလုပ်လုပ်ရတဲ့ ပုံစံနဲ့ workspace ကအရမ်းအရေးကြီးတယ်။
တစ်ချိန်လုံးindependent နေခဲ့သူ Freelance လုပ်ခဲ့သူဆိုတော့ .. ကိုယ့်ကိုသူများကခိုင်းတာထက် ကိုယ့်ဟာကိုလုပ်ရတာကိုပိုသဘောကျတယ်။ အဲဒီအချက်ကိုသဘောပေါက်တဲ့သူတွေကတော့ ကျွန်တော့်ကိုဘယ်လိုကိုင်တွယ်ရမလဲသိတတ်ကြတယ်။
ကျွန်တော် အဲဒီနေရာမှာ စိတ်ကူးပေါက်သလို အလုပ်လုပ်ပါတယ်။ စျာန်ဝင်စားသွားရင် မထတမ်းလည်းအလုပ်လုပ်တယ်။ ငြီးငွေ့လာရင် .Table tennis ထွက်ရိုက်ပါတယ် ။ ကော်ဖီသောက် အခြားအဖော်တွေနဲ့စကားသွားပြောပါတယ်။ ကိုယ့်အလုပ်ကိုနားကြပ်တပ်ပြီးလုပ်ရတာ အကြိုက်ဆုံးပဲ။ ဘယ်သူမှလည်း လာမနှောင့်ယှက်တော့ ကျွန်တော့်အတွက်အဆင်ပြေပါတယ်။ လိုအပ်တာရှိရင် messenger app တစ်ခုခုကနေလာပြောတယ်။
ဒီနေရာက နည်းပညာအသစ်တွေကိုဖော်ထုတ်ပြီးခေတ်ရှေ့ပြေးနေတဲ့နေရာပါ။
ကျွန်တော့်တာဝန်က အဲဒီနည်းပညာတွေကိုဖော်ထုတ်ပြီး လိုက်လျောညီထွေပြီးအသုံးကျတဲ့နည်းပညာတွေကို အရပ်ဘက် အဖွဲ့အစည်းတွေလက်ထဲကိုကူးပြောင်းထည့်ပေးဖို့ပါ။
အခုမစလုပ်တာဆိုတဲ့အတွက် ပြစရာအများကြီးမရှိသေးပေမယ့် ကျွန်တော် စတင်နေတာတွေတော့ရှိပါပြီ။
ကိုယ်လုပ်ချင်တာကိုလုပ်ရတဲ့အတွက်ပျော်ပါတယ်။
တစ်နေ့ကိုအလုပ်ချိန် ၉နာရီရှိပေမယ့် ရုံးတက်ချိန်လိုပဲ ရုံးဆင်းချိန်မှာလည်း ကျွန်တော် တက်ကြွနေပါတယ်။ကျွန်တော့်အတွက် အလုပ်က ကစားကွင်းတစ်ခုလိုပါပဲ။ Innovation lab ,Creative place လို့ဆိုတာနဲ့လိုက်အောင် .. Staff တွေအတွက် Pressure မပေးတဲ့ပတ်ဝန်းကျင်မျိုး၊ မိမိကိုယ်ကို Part of a team လို့ခံစားရစေအောင် လုပ်ပေးတဲ့ပတ်ဝန်းကျင်မျိုးကို ကျွန်တော်နှစ်သက်ပါတယ်။ဒီလို ပတ်ဝန်းကျင်မျိုး တွေနောက်ထပ်အများကြီးထပ်ရှိလာစေချင်ပါတယ်။

Liberty in Yangon
Photo by Me (Nyein Chan Ko Ko)
Place (Phandeeyar, 11th floor ,MAC tower ,Merchant Road, Yangon)