US က တိုးတက်တဲ့အပိုင်းတွေ ကတော့ ထူးထွေ ပြောနေစရာမလိုပါဘူး။

ပြည်တွင်းစစ်ပြီးကတည်းက  တစ်ခြားနိုင်ငံတွေကိုသာ သွားစစ်တိုက်နေတာ။

သူ့နိုင်ငံထဲမှာ စစ်မဖြစ်တာကြာခဲ့ပြီ။

ဒါကြောင့် သူတို့လုပ်ချင်တဲ့ အရာအားလုံးကို အသေးစိတ်အထိ အေးအေးဆေးလုပ်ခွင့်ရကြတယ်။

ဆောက်လိုက်၊ အာဏာသိမ်းလို့ပျက်လိုက်၊ စစ်ဖြစ်လို့ ပျက်လိုက်ဆိုတာမရှိဘူး။

ဒါကြောင့် များသောအားဖြင့် သူတို့ရဲ့ အဆောက်အအုံတွေတော်တော်များများ ရဲ့ရာဇဝင်က အနည်းဆုံး  ၁၈၀၀ ကျော် ကာလတွေကတည်းကစပြိး အခုထိဒီတိုင်းထားလေ့ရှိတယ်။

ဒီတစ်ခါရေးဖို့စိတ်ဖြစ်တာက

ပြည်နယ်ဥယျာဉ် တွေ ,အမျိုးသားဥယျာဉ် တွေအကြောင်းပါ။

ဒီက ဥယျာဉ်ဆိုတာ ဘလောက်တစ်ခုစာအပြည့် ရှိပြီး​ရေကန်တွေ၊ သစ်ပင်တွေ၊​အနားယူစရာ ပျော်ပွဲစားထိုင်ခုံတန်းတွေပါသလို ကြီးတဲ့အခါ မြို့တစ်ခုစာ ပြည်နယ်တစ်ခုစာအထိ ဥယျာဉ် လို့သတ်မှတ်ထားတာမျိုးလည်းရှိတတ်ပါတယ်။ မနှစ်ကတော့ Yellowstone ကို သွားခဲ့တယ်။ သူက စတုရန်းမိုင် ၃၀၀၀ ကျော် ကျယ်တယ်။

အဲဒီ Park area ထဲစရောက်တာနဲ့ ဖုန်းလိုင်းကမမိတော့ဘူး။ ဘယ်လိုင်းမှ မမိဘူး။

တမင် လိုင်းဖြတ်တောက်ထားသလိုပါပဲ။ အဆက်အသွယ်ဖြတ်နေချင်သူတွေ အတွက်တော့ ကောင်းတာပေါ့။

ပြည်နယ်တော်တော်များများမှာ အဲဒီလို State and National Park တွေရှိကြပါတယ်။

မြန်မာပြည်မှာ Camp သွားတယ်ဆိုရင် Camp ကအဆင်သင့်ထိုးပေးထားတာမျိုး အထိ ရှိပေမယ့်၊ ဒီ က camp တွေသွားရင် မြင်ရမှာက ၁၂ ပေ​၊ ပေ ၃၀ ပတ်လည်ရှိတဲ့ မြေပြင်လေးတစ်ခုပဲ။ သူ့ဆီမှာ မီးမွှေးဖို့ သံစည်ပိုင်းပြတ်လေးကို မြေကြီးထဲတစ်ဝက်စိုက်ထားတာမျိုးပါမယ်။ picnic bench ပါမယ်။ တစ်ခါတစ်လေ ရေကန်အစပ်မှာဖြစ်ရင်ဖြစ်မယ်။ တစ်ခါတစ်လေ တောအုပ်အလယ်မှာဖြစ်ရင်ဖြစ်မယ်။ 

ပေးထားတဲ့နေရာမှာ ကိုယ့်ဘာသာ အိတ်ထဲသယ်လာတဲ့ camp ကို ဆင်ရတာမျိုးပေါ့။

State park တွေမှာ သဘာဝပေါက်တဲ့ သစ်ပင်တွေကို မပြုမပြင်ပဲထားတာမျိုးတွေ့ရမယ်။ အကွက်ကျ စိုက်ထားတာမျိုးလည်းမရှိဘူး။  ဒီကလူတွေက လူ ရွှေ့ပြောင်းတွေကိုသာ လက်ခံတာ၊ 

သူတို့ရဲ့ဒေသ ခံ မျိုးစိတ်အပင်၊အကောင်တွေကို ပြင်ပ က မျိုးစိတ်တွေဝင်ရောက် အစားထိုးမှာကို တော့ အတော် စိုးရိမ်ကြတယ်။ ဒါကြောင့် ဒေသပေါက်ပင်တွေကိုပဲ ရှင်သန်ဖို့ ထားကြတယ်။ ဒီမှာတော့ ဝက်သစ်ချပင်နဲ့ မေပယ်ပင်တွေ အလွန်များတယ်။

မီးတွေဘာတွေ ဖိုဖို့လိုရင် သစ်ကိုင်းခြောက်တွေ လိုက်ကောက်ပြီး ဖိုလို့ရပေမယ့် ချက်ချင်းကုန်တတ်တာကြောင့် ထင်းဝယ်ပြီး ဖိုတာကတော့ ပိုကြာကြာခံပါတယ်။

ထင်းတွေကိုလည်း walmart တို့ဘာတို့မှာ အစည်းလိုက်ရောင်းတယ်။

ဒါပေမယ့် Camp စည်းမျဉ်းတွေထဲမှာ သူတို့ Camp နဲ့ ၁၀မိုင်ပတ်လည်အတွင်းက လာတဲ့ ထင်းကိုပဲ မီးဖိုဖို့အသုံးပြုပါဆိုပြီး ပြောထားတယ်။

Camp Ground တွေက အဲဒီလိုတောအုပ်ပုံစံ သစ်ပင်တွေကြားထဲမှာ ဟို တစ်ကွက် ဒီတစ်ကွက် ရှိတတ်ကြတယ်။ Camp လာထိုးသူတွေက တစ်ချို့ကလည်း ကိုယ်ပိုင်ယူလာတဲ့ Camp တဲလေးပါသလို၊ တစ်ချို့ကလည်း RV လို့ခေါ်တဲ့ Recreational vehicle ၊ ကားအိမ်တွေကို ပါ Camp Ground အထိ မောင်းလာပြီး အဲဒီမှာ စခန်းချကြတယ်။

တစ်ခါတစ်လေ ပါဝါအတွက် ပလက်ပေါက်ပါတဲ့ သံတိုင်လေးတစ်ခုကို Camp Ground ဘေးမှာ ချပေးထားတာမျိုးရှိတယ်။ မိုးရွာရင်လည်းဘာမှမဖြစ်ဘူး။ သူ့ဆီမှာအဖုံးပါတတ်တယ်။

အစားအသောက်တို့ဘာတို့ကတော့ ကိုယ့်ဘာသာ သယ်ရတာများပါတယ်။

 Restroom တို့ ရေချိုးဖို့တို့အတွက်ကတော့ အနီးအနားမှာ တစ်ခုခု ထားပေးတတ်တယ်။

ဒါကြောင့်တောထဲမှာ ကြုံသလို ဖြေရှင်းရတယ်ဆိုတာမျိုးတော့ မရှိတတ်ပါဘူး။

ရေကန်တွေက တစ်ခါတလေ ကန်တော်ကြီးလောက်ရှိတယ်။ တစ်ခါတစ်လေ အင်းယားကန်လောက်။ 

မီဝါကီဘေးက မီချီဂန် ကန်ကြီးကတော့ အတော်ကြီးတယ်။ မိုင်၃၀၀ ကျော်ရှည်ပြီး ၁၁၈ မိုင်လောက် ကျယ်တယ်ဆိုပဲ။ တစ်ခြား ပြည်နယ်တွေမြို့တွေရဲ့ ကမ်းခြေလည်းဖြစ်တယ်။ ဒါကြောင့် ကြည့်လိုက်ရင် ပင်လယ်ကြီးအတိုင်းပဲ။ လှိုင်းလည်းပုတ်တတ်တယ်။

Park တွေထဲကို ကားဝင်ရင် ဝင်ခ ပေးရတယ်။ ခဏခဏ သွားချင်တယ်ဆိုရင် တစ်နှစ်စာပေးတာက ပိုသက်သာတယ်။ ဒေါ်လာ၂၀ လောက်။

Camp ထိုးရင်လည်း Camp ground အတွက် က တစ်ရက်ကို ၂၅ ဝန်းကျင်ကနေ ၃၅ ၊၄၀ အထိ ရှိတတ်တယ်။ ဒီကလူတွေက နွေရာသီ လို ပွင့်လင်းရာသီဆိုရင်လျှောက်သွားတတ်ကြလွန်းလို့များသာအားဖြင့် Booking တွေက ပြည့်နေတတ်တယ်။ 

နည်းနည်းအေးစပြုလာရင်တော့ သူတို့မသွားကြတော့ဘူး။ 

Camp တွေသွားတိုင်း သတိရမိတာက ဟိုး ၉၅ ခုနှစ်၊ ၂၀၀၀ ဝန်းကျင်က ကိုယ့်ဒေသမြို့ကိုပဲ။ ဆောင်းတွေဆို ရာသီဥတုက အေးအေး ၊မြူတွေနဲ့၊​ ကားသံတွေလည်းဆူညံနေတာမရှိ၊​ သစ်ပင်ဝါးပင်တွေကလည်း အလွန်ပေါတဲ့နေရာမျိုး၊ မနက်ခင်းဆို ခြံထဲမှာ မီးဖိုပြီး စောင်ထဲခြုံ၊ အကြော်စား၊ကောက်ညှင်းပေါင်းစား၊ရေနွေးသောက်ရတဲ့အချိန်မျိုးလေး။

အတော် ပြန်သတိရမိပါတယ်။