Many Lives, Many Memories.

Tag: US

Camp in US

US က တိုးတက်တဲ့အပိုင်းတွေ ကတော့ ထူးထွေ ပြောနေစရာမလိုပါဘူး။

ပြည်တွင်းစစ်ပြီးကတည်းက  တစ်ခြားနိုင်ငံတွေကိုသာ သွားစစ်တိုက်နေတာ။

သူ့နိုင်ငံထဲမှာ စစ်မဖြစ်တာကြာခဲ့ပြီ။

ဒါကြောင့် သူတို့လုပ်ချင်တဲ့ အရာအားလုံးကို အသေးစိတ်အထိ အေးအေးဆေးလုပ်ခွင့်ရကြတယ်။

ဆောက်လိုက်၊ အာဏာသိမ်းလို့ပျက်လိုက်၊ စစ်ဖြစ်လို့ ပျက်လိုက်ဆိုတာမရှိဘူး။

ဒါကြောင့် များသောအားဖြင့် သူတို့ရဲ့ အဆောက်အအုံတွေတော်တော်များများ ရဲ့ရာဇဝင်က အနည်းဆုံး  ၁၈၀၀ ကျော် ကာလတွေကတည်းကစပြိး အခုထိဒီတိုင်းထားလေ့ရှိတယ်။

ဒီတစ်ခါရေးဖို့စိတ်ဖြစ်တာက

ပြည်နယ်ဥယျာဉ် တွေ ,အမျိုးသားဥယျာဉ် တွေအကြောင်းပါ။

ဒီက ဥယျာဉ်ဆိုတာ ဘလောက်တစ်ခုစာအပြည့် ရှိပြီး​ရေကန်တွေ၊ သစ်ပင်တွေ၊​အနားယူစရာ ပျော်ပွဲစားထိုင်ခုံတန်းတွေပါသလို ကြီးတဲ့အခါ မြို့တစ်ခုစာ ပြည်နယ်တစ်ခုစာအထိ ဥယျာဉ် လို့သတ်မှတ်ထားတာမျိုးလည်းရှိတတ်ပါတယ်။ မနှစ်ကတော့ Yellowstone ကို သွားခဲ့တယ်။ သူက စတုရန်းမိုင် ၃၀၀၀ ကျော် ကျယ်တယ်။

အဲဒီ Park area ထဲစရောက်တာနဲ့ ဖုန်းလိုင်းကမမိတော့ဘူး။ ဘယ်လိုင်းမှ မမိဘူး။

တမင် လိုင်းဖြတ်တောက်ထားသလိုပါပဲ။ အဆက်အသွယ်ဖြတ်နေချင်သူတွေ အတွက်တော့ ကောင်းတာပေါ့။

ပြည်နယ်တော်တော်များများမှာ အဲဒီလို State and National Park တွေရှိကြပါတယ်။

မြန်မာပြည်မှာ Camp သွားတယ်ဆိုရင် Camp ကအဆင်သင့်ထိုးပေးထားတာမျိုး အထိ ရှိပေမယ့်၊ ဒီ က camp တွေသွားရင် မြင်ရမှာက ၁၂ ပေ​၊ ပေ ၃၀ ပတ်လည်ရှိတဲ့ မြေပြင်လေးတစ်ခုပဲ။ သူ့ဆီမှာ မီးမွှေးဖို့ သံစည်ပိုင်းပြတ်လေးကို မြေကြီးထဲတစ်ဝက်စိုက်ထားတာမျိုးပါမယ်။ picnic bench ပါမယ်။ တစ်ခါတစ်လေ ရေကန်အစပ်မှာဖြစ်ရင်ဖြစ်မယ်။ တစ်ခါတစ်လေ တောအုပ်အလယ်မှာဖြစ်ရင်ဖြစ်မယ်။ 

ပေးထားတဲ့နေရာမှာ ကိုယ့်ဘာသာ အိတ်ထဲသယ်လာတဲ့ camp ကို ဆင်ရတာမျိုးပေါ့။

State park တွေမှာ သဘာဝပေါက်တဲ့ သစ်ပင်တွေကို မပြုမပြင်ပဲထားတာမျိုးတွေ့ရမယ်။ အကွက်ကျ စိုက်ထားတာမျိုးလည်းမရှိဘူး။  ဒီကလူတွေက လူ ရွှေ့ပြောင်းတွေကိုသာ လက်ခံတာ၊ 

သူတို့ရဲ့ဒေသ ခံ မျိုးစိတ်အပင်၊အကောင်တွေကို ပြင်ပ က မျိုးစိတ်တွေဝင်ရောက် အစားထိုးမှာကို တော့ အတော် စိုးရိမ်ကြတယ်။ ဒါကြောင့် ဒေသပေါက်ပင်တွေကိုပဲ ရှင်သန်ဖို့ ထားကြတယ်။ ဒီမှာတော့ ဝက်သစ်ချပင်နဲ့ မေပယ်ပင်တွေ အလွန်များတယ်။

မီးတွေဘာတွေ ဖိုဖို့လိုရင် သစ်ကိုင်းခြောက်တွေ လိုက်ကောက်ပြီး ဖိုလို့ရပေမယ့် ချက်ချင်းကုန်တတ်တာကြောင့် ထင်းဝယ်ပြီး ဖိုတာကတော့ ပိုကြာကြာခံပါတယ်။

ထင်းတွေကိုလည်း walmart တို့ဘာတို့မှာ အစည်းလိုက်ရောင်းတယ်။

ဒါပေမယ့် Camp စည်းမျဉ်းတွေထဲမှာ သူတို့ Camp နဲ့ ၁၀မိုင်ပတ်လည်အတွင်းက လာတဲ့ ထင်းကိုပဲ မီးဖိုဖို့အသုံးပြုပါဆိုပြီး ပြောထားတယ်။

Camp Ground တွေက အဲဒီလိုတောအုပ်ပုံစံ သစ်ပင်တွေကြားထဲမှာ ဟို တစ်ကွက် ဒီတစ်ကွက် ရှိတတ်ကြတယ်။ Camp လာထိုးသူတွေက တစ်ချို့ကလည်း ကိုယ်ပိုင်ယူလာတဲ့ Camp တဲလေးပါသလို၊ တစ်ချို့ကလည်း RV လို့ခေါ်တဲ့ Recreational vehicle ၊ ကားအိမ်တွေကို ပါ Camp Ground အထိ မောင်းလာပြီး အဲဒီမှာ စခန်းချကြတယ်။

တစ်ခါတစ်လေ ပါဝါအတွက် ပလက်ပေါက်ပါတဲ့ သံတိုင်လေးတစ်ခုကို Camp Ground ဘေးမှာ ချပေးထားတာမျိုးရှိတယ်။ မိုးရွာရင်လည်းဘာမှမဖြစ်ဘူး။ သူ့ဆီမှာအဖုံးပါတတ်တယ်။

အစားအသောက်တို့ဘာတို့ကတော့ ကိုယ့်ဘာသာ သယ်ရတာများပါတယ်။

 Restroom တို့ ရေချိုးဖို့တို့အတွက်ကတော့ အနီးအနားမှာ တစ်ခုခု ထားပေးတတ်တယ်။

ဒါကြောင့်တောထဲမှာ ကြုံသလို ဖြေရှင်းရတယ်ဆိုတာမျိုးတော့ မရှိတတ်ပါဘူး။

ရေကန်တွေက တစ်ခါတလေ ကန်တော်ကြီးလောက်ရှိတယ်။ တစ်ခါတစ်လေ အင်းယားကန်လောက်။ 

မီဝါကီဘေးက မီချီဂန် ကန်ကြီးကတော့ အတော်ကြီးတယ်။ မိုင်၃၀၀ ကျော်ရှည်ပြီး ၁၁၈ မိုင်လောက် ကျယ်တယ်ဆိုပဲ။ တစ်ခြား ပြည်နယ်တွေမြို့တွေရဲ့ ကမ်းခြေလည်းဖြစ်တယ်။ ဒါကြောင့် ကြည့်လိုက်ရင် ပင်လယ်ကြီးအတိုင်းပဲ။ လှိုင်းလည်းပုတ်တတ်တယ်။

Park တွေထဲကို ကားဝင်ရင် ဝင်ခ ပေးရတယ်။ ခဏခဏ သွားချင်တယ်ဆိုရင် တစ်နှစ်စာပေးတာက ပိုသက်သာတယ်။ ဒေါ်လာ၂၀ လောက်။

Camp ထိုးရင်လည်း Camp ground အတွက် က တစ်ရက်ကို ၂၅ ဝန်းကျင်ကနေ ၃၅ ၊၄၀ အထိ ရှိတတ်တယ်။ ဒီကလူတွေက နွေရာသီ လို ပွင့်လင်းရာသီဆိုရင်လျှောက်သွားတတ်ကြလွန်းလို့များသာအားဖြင့် Booking တွေက ပြည့်နေတတ်တယ်။ 

နည်းနည်းအေးစပြုလာရင်တော့ သူတို့မသွားကြတော့ဘူး။ 

Camp တွေသွားတိုင်း သတိရမိတာက ဟိုး ၉၅ ခုနှစ်၊ ၂၀၀၀ ဝန်းကျင်က ကိုယ့်ဒေသမြို့ကိုပဲ။ ဆောင်းတွေဆို ရာသီဥတုက အေးအေး ၊မြူတွေနဲ့၊​ ကားသံတွေလည်းဆူညံနေတာမရှိ၊​ သစ်ပင်ဝါးပင်တွေကလည်း အလွန်ပေါတဲ့နေရာမျိုး၊ မနက်ခင်းဆို ခြံထဲမှာ မီးဖိုပြီး စောင်ထဲခြုံ၊ အကြော်စား၊ကောက်ညှင်းပေါင်းစား၊ရေနွေးသောက်ရတဲ့အချိန်မျိုးလေး။

အတော် ပြန်သတိရမိပါတယ်။

Yellow Stone သို့တစ်ခေါက်

Camp ထိုးတာကို နှစ်ခါကြုံဖူးတယ်။ အရင်က ထင်ထားတာက camp ထိုးတယ်ဆိုတာ မြို့ပြနဲ့အဝေးကြီး၊ တောအုပ်ကြီးထဲမှာသွားထိုးကြတာလားပေါ့လေ။

တကယ့်တကယ်ကျတော့ အဲဒီလောက်လူတွေနဲ့ အဝေးကြီးမဟုတ်ပြန် ။​Camp ground တွေကို အွန်လိုင်းကနေ ငှားထားလို့ရတယ်။

တောအုပ်ကြီးထဲမှာ camp ထိုးတဲ့သူတွေ နေလို့ရဖို့ ပြင်ဆင်ပေးထားတဲ့ သီးသန့်နေရာပေါ့။ ဒါကြောင့် ကြုံရာနေရာမှာထိုးနေရတာမျိုးတော့မဟုတ်ဘူး။

တကယ့် adventure ကြိုက်တဲ့သူတွေဆိုရင်တော့ ဘယ်သူမှမပြင်ဆင်ပေးထားတဲ့နေရာကို ကိုယ့်ဘာသာ သွားထိုးရင်လည်းရရင်ရမှာပေါ့။

risk တော့ပိုယူရလိမ့်မယ်။

အခုလို ပြင်ဆင်ပေးထားတဲ့နေရာတွေမှာဆိုရင်တော့ ကိုယ့်လိုပဲတခြားလူတွေလည်းမနီးမဝေးမှာရှီနေလိမ့်မယ်။

Yellostone campground ကိုရောက်တော့ ဘေးမှာ အာရှသားမိသားစုတစုလည်းရှီတယ်။ သူတို့ကြည့်ရတာ ဂျပန်တွေနဲ့ပိုတူတယ်။

အဓိကကတော့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်လို့ အဲဒီလို ကောက်ချက်ချမိတာပဲ။

ရောက်ရောက်ချင်းမှာတော့ ကိုယ်နေမယ့် ရွက်ဖျင်တဲလေးတွေကို ကိုယ့်ဘာသာ ပြင်ဆင်ရတယ်။ ရွက်ဖျင်တဲ တခုစာအတွက်အိတ်လေးနဲ့ ထည့်လာတဲ့ စတီးချောင်းတွေ၊ မိုးကာစတွေရှိတယ်။ အဲဒါတွေကို ထုတ်ဆင်ရတာ ပျော်ဖို့ကောင်းသလို စိတ်ညစ်ဖို့လည်းကောင်းပါတယ်။

လုပ်တတ်သွားရင်တော့ တော်တော်မြန်မြန် နဲ့ တဲတလုံးဆောက်လို့ပြီးတယ်။

မြင်ဖူးတဲ့ ရွက်ဖျင်တဲတွေကသေးသေးလေးတွေ၊​ အဲဒီ campround မှာတော့ ဖျင်တဲ အကြီးကြီးတွေကိုပါ ဆောက်ထားကြတာတွေ့တယ်။

မိုးရွာတဲ့တောတွေထဲမှာ ဆိုအဆင်ပြေတာပေါ့။ သယ်ရတာလည်းလွယ်တယ်လေ။

ကိုယ်တွေဖျင်တဲကတော့ တယောက်စာ အိပ်စရာလေးပဲပါတဲ့ tent သေးသေးလေးတွေပါ။

ဒါကြောင့် အိပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ မီးပုံဘေးနားနဲ့ တခြားနေရာတွေမှာပဲ။

sleeping bag တွေက လည်း အလွယ်တကူသယ်လို့ရတဲ့ အိတ်တလုံးနဲ့လာလေ့ရှိတယ်။

အဲဒီ bag ထဲဝင်နေရင် စောင်လည်းမလိုသလို ၊​နွေးလည်းအတော်နွေးတယ်။

စအိပ်ခါစကတော့ ကျဉ်းကျဉ်းကျပ်ကျပ်မနေတတ်ပေမယ့် နောက်တော့ ကွေးအိပ်လို့ရလောက်အောင်တောင်ကျယ်တယ်။

ခေါင်းအုံးမပါခဲ့တော့ ကိုယ့်လက်ကိုယ် ခံအိပ်ရင်းကနေ နောက်နေ့မနက်ကျ လက်တွေနာ၊​ကျောတွေနာတာတော့ နည်းနည်းပါးပါးရှိတာပေါ့။

မြို့ပေါ်ပဲနေခဲ့တဲ့ မောင်နုတွေကိုး။

မနက်ခင်းဆိုရင် ကိုယ်ထတဲ့အချိန်က သိပ်လည်းမစော၊​သိပ်လည်းနောက်ကျလေ့မရှိပါဘူး။

သူများတွေထက် အစောမနိုးရင်တောင် နောက်ဆုံးမှ ထတဲ့သူတော့လည်းမဟုတ်ဘူး။

နေရောင်ကတော့ စထွက်စပြုနေပြီ၊ စောနိုးတဲ့သူတွေက မီးဖို ထဖိုရတယ်။ ရေနွေးတွေဘာတွေ တည်ထား ၊​ကော်ဖီတွေဖျော်ထားပေါ့လေ။

နေသိပ်မမြင့်ခင်အချိန်ထိက တောထဲမှာ အပင်တွေကြည့်ဆိုတော့ တော်တော်ကိုအေးသေးတယ်။

ဒါကြောင့်မီးလှုံ ၊​ကော်ဖီပူလေးသောက်မှ နေသာထိုင်သာရှိတယ်။

နောက်တော့အားလုံးထလာတဲ့အချိန် မနက်စာစားပြီးတော့ ဒီနေ့သွားမယ့်ခရီးစဉ်ကိုစဉ်းစားကြတယ်။

ပစ္စည်းတွေအားလုံးကိုတော့ တချို့ဟာတွေ tent ထဲထားခဲ့ပြီး တချို့ကို ကားနဲ့ပဲသယ်လာခဲ့ကြတယ်။

ဒီနားတဝိုက်မှာ ဝက်ဝံတွေက အစားအသောက်တွေကိုလာဆွဲလေ့ရှိတဲ့အတွက် အပြင်မှာမထားခဲ့ဖို့ ညွှန်ကြားထားတာရှိတယ်။

ကားလေးနဲ့ ကမ့်ထဲကထွက်လာပြီး လမ်းပေါ်ရောက်ပြီး သိပ်မကြာဘူး လမ်းဘေးမှာ လက်မလေးထောင်ပြီး ကားတားနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး၃ယောက်တွေ့တယ်။

သူတို့က ကားကြုံစီးချင်လို့ဆိုတဲ့အတွက် လွတ်တဲ့နေရာပေးပြီးကားပေါ်ခေါ်တင်ခဲ့တယ်။ စကားမပြောမိဘူး ၊ အစက အမေရိကန်ထင်တာ၊​နောက်မှ သူတို့က ဂျာမန်တွေတဲ့။

သူတို့ကို လမ်းမှာပြန်ချပေးခဲ့ပြီး. ကိုယ့်ဘာသာ ဆက်ပြီးခရီးထွက်လာကြတယ်။

စစဆုံး မြင်တဲ့နေရာကတော့ မြင်သာအောင်ပြရင် နဂါးပွက်တောင်လိုပဲ။ ဓာတ်ပုံတွေထဲအရမ်းလှတယ်။

ဒါပေမယ့် အပြင်မှာ ပူလွန်း၊ ခေါင်လွန်းတာကြောင့် သိပ် အလှအပကိုမခံစားနိုင်ဘူး။

သူတို့တွေကတော့ နေပူကျဲကျဲထဲမှာ ဘာမှ​အကာအကွယ်မပါပဲ အဲဒီရေတွေဆူပြီး ပန်းထွက်တာကို စောင့်နေကြတယ်။

ထုံးဓာတ်ကြောင့်ပွက်နေသလိုပဲ။ အရောင်မျိုးစုံထွက်တဲ့အတွက် အတော်လှပါတယ်။

အဲဒီနယ်တဝိုက်ကို ပတ်ကြည့်လို့ရဖို့အတွက် လျှောက်လမ်းတံတားတွေလုပ်ပေးထားပြီး အဲဒီပေါ်ကပဲ သွားခွင့်ပြုတယ်။

အောက်ကိုပေးမဆင်းဘူး၊ အောက်မှာ ဂလိုင်တွေရှိတဲ့အတွက် အန္တရာယ်ရှိကြောင်း ပြောထားတယ်။

အပြန်မှာတော့ heat exhaustion ရနေတယ်။ အရေပြားပေါ်က နေထိတဲ့နေရာတိုင်းဟာ ပူကျစ်ပြီး ချွေးလည်းတစ်စက်မှ မထွက်ပဲ . အပူချိန်မြင့်မားတာကိုခံစားရတယ်။

တခြားသူတွေ သွားနေချိန်မှာ ကားထဲပဲနေခဲ့ပြီးတော့ အနားယူနေတော့တယ်။

နောက်ထပ် ရေတံခွန်တွေ၊ တောင်ကြားကနေ စီးဆင်းနေတဲ့ မြစ်တွေဆီကို အပေါ်ကမြင်ရတဲ့နေရာတွေဆီ ရောက်တယ်။ မြင်ကွင်းတိုင်းဟာ သဘာဝအတိုင်းပဲ ။

အဲဒိရှုခင်းကိုပဲ view point ပေါင်းစုံကနေမြင်နိုင်အောင် ပြင်ဆင်ပေးထားကြတယ်။

လမ်းမှာ bison လို့ခေါ်တဲ့ ပြောင်လိုအကောင်တွေကို ကြည့်ဖို့ လမ်းပေါ်မှာ ကားတွေပိတ်နေတယ်။

အဲဒီနေရာက သူတို့စားကျက်လိုမျိုး ထင်ရတယ်။

အချို့ဆိုရင်မှန်ပြောင်းကြီးတွေနဲ့ ကြည့်ကြတယ်။

bison ကတော့ yellowstone မှာ မင်းသားကြီးပဲ။

လမ်းပေါ်မှာလည်း ကားတွေကြားထဲ ဘယ်သူ့မှဂရုမစိုက်ပဲသွားရင်သွားနေတယ်။

လူတွေကို ပုံမှန်အားဖြင့်တော့ရန်မလုပ်ပါဘူး။ တအားမျက်စိနောက်ရင်တော့ လုပ်တဲ့သတင်းတွေလည်းရှိတယ်။

နေစကျချိန်လေးမှာ အပူချိန်လျော့ပြီး အအေးဓာတ်က သိသိသာသာ ကဲလာတယ်။

အဲပြန်လမ်းမှာ နောက်ထပ်အရမ်းလှတဲ့ ရှုခင်းတစ်ခုဆီကို ရောက်တယ်။

ဘေးက သူငယ်ချင်းက ပြောတယ်​ .. ဒီနေရာမှာ အဖွဲ့ထဲပါလာတဲ့ တစ်ယောက်က သူ့ကောင်မလေးကို propose လုပ်လိမ့်မယ်တဲ့။

video ရိုက်ပေးထားပါလားဆိုတော့ ..ကိုယ်တွေကလည်း ဒါမျိုးဆို တအားကူညီချင်တာလေ.. ရိုက်ပေးတာပေါ့။

အဲဒီနားမှာတောင်ကုန်းလေးရှိတယ်။ နောက်မှာ ရေကန်ကြီးနဲ့ . နေဝင်ချိန်က ရေကန်ထဲကိုဝင်သွားတာ ၊ ဘေးမှာ ဘာမှန်းမသိတဲ့ပန်းပင်တွေ အများကြီးပဲ။

ဖြစ်ချင်တော့ secret လုပ်တာလွန်သွားပြီး အဖွဲ့ထဲက တချို့က မသိကြဘူး။ ခပ်ဝေးဝေးမှာရောက်နေတယ်။ နောက်မှလိုက်လာခဲ့တဲ့ အချိန်ကျတော့ သူတို့က တကယ့် ဇာတ်ရှိန်အတက်ဆုံးအချိန်ကိုကျော်သွားပြီ။

သူတို့အတွဲက တွဲလာခဲ့တာ ၁၀နှစ်ရှိပြီ ပြောတယ်။ ကောင်လေးက အရင် စကော်လာနဲ့ဒီကိုရောက်လာခဲ့ပြီး ကောင်မလေးက တစ်နှစ်အကြာမှာ စကော်လာနဲ့ ပဲ ဒီကိုရောက်လာခဲ့တယ်။

တစ်နှစ်ကြာ ဝေးနေခဲ့ပြီးတဲ့နောက် သူတို့က တနေရာတည်းမှာ အတူတူပြန်ဆုံသွားကြပြီ။ နောက် ပြီးတော့ ဒီ yellowstone က သူတို့ရဲ့ အိပ်မက်ထဲက နေရာတစ်ခုပဲလို့ပြောတယ်။

ဒီနေရာမှာ propose လုပ်မယ်ဆိုတဲ့စိတ်ကို ဟိုးအရင်တည်းကရှိခဲ့တာလို့ ပြန်ပြောပြတယ်။

သူတို့အတွဲကြည့်ရတာ အားကျစရာပါ။ ဆုံဆည်းဖို့ ဖြစ်လာရင် ကံကြမ္မာက မဖြစ်ဖြစ်အောင် ဖန်တီးပေးတဲ့အခါတွေ ရှိတတ်တာပဲလို့ တွေးမိတယ်။

အပြန်လမ်းဟာ ပြုံးပျော်ကြလို့။ နေလည်းဝင်ပြီးလို့ လမ်းဘေးတလျှောက်လုံးမှာမြင်နေရတဲ့ ရေကန်ကြီးကလည်း ပုဇွန်ဆီရောင်သမ်းနေပြီ။

ကားခဏရပ်လို့ ခဏ ရေထဲဆင်းကြတယ်။

အောက်ကကျောက်ခဲတွေနဲ့ ချွန်ပြီး ရေကအေးစက်လို့နေတာ၊ ရေအေးအေးနဲ့မျက်နှာသစ်လိုက်တော့ အတန်ငယ် လန်းသွားတယ်။

ကဗျာ ချစ်တဲ့သူနှစ်ယောက်ကတော့ ကန်ရေပြင်ကြီးကို ကြည့်ပြီး ကဗျာရွတ်နေကြတယ်။

ငါကတော့ ကဗျာလည်းမရွတ်တတ်ဘူး၊ ဘာမှလည်းမပြောတတ်တဲ့အတွက် ရှုခင်းကို အမြင်နဲ့ပဲ ရှု့ပြီး. အသက်ကို ပြင်းပြင်းရှုပြီး ပြန်ရှိုက်ထုတ်လိုက်တယ်။

ပြုံးတော့ပြုံးမိနေမှာပဲ..

Aug 17 2022

YellowStone

Arthur

Powered by WordPress & Theme by Anders Norén