ဒီတစ်ခေါက်စာကတော့နည်းနည်းလေးရင်လေးမယ်။
သိပ်ပြီးစဉ်းစားမိ တွေးမိတာတွေများလွန်းတော့. .ဘဝကြီးကငြီးငွေ့စရာကြီးဖြစ်လာတယ်။
အရင်ကမမြင်ခဲ့တဲ့အရာလေးတွေမြင်လာတော့ တကယ့်လူ့လောကကြီးက အရှုပ်ထုတ်ကြီးပါလားလို့တွေးမိတယ်။
တကယ်ဆိုရင်ကျွန်တော့်ငယ်ဘဝက သိပ်ပြီးတော့ပြည့်စုံတဲ့ထဲမပါပါဘူး။
အိမ်မှာအကျပ်အတည်းအဖြစ်ခဲ့ဆုံးကတော့ ကျွန်တော် ၉ တန်း၁၀ တန်းလောက်ပေါ့။
မှတ်မိနေသေးတယ်။ အဲဒီအချိန်ကာလ က လူပျိုပေါက်အရွယ်ဆိုတော့ ဝတ်ချင်စားချင်တာလေးတွေရှိလာပြီ။
သူငယ်ချင်းတွေက နာမည်ကြီး brand တချို့ဝတ်နေချိန်မှာ ကျွန်တော်မဝယ်နိုင်ခဲ့ဘူးလေ။
မြို့ထဲမှာရှိတဲ့ အစ်ကို့သူငယ်ချင်းရဲ့အထည်ဆိုင်ကနေ အင်္ကျီ တွေ အကြွေးဝယ်ရတာမှတ်မိနေသေးတယ်။
နာမည်ကြီးဆိုပေမယ့် local made ပါ။ မြင်ဖူးတာဆိုလို့ Tri တို့ Step တို့ Pin. တို့ပေါ့။
ထိုင်းကလာတဲ့ Pin ဝတ်နိုင်ရင် အကောင်ပဲ။
Giordano ဝတ်နိုင်ရင်တော့ မပြောနဲ့တော့ပေါ့။
အဲဒီလိုအကျပ်အတည်းတွေရှိခဲ့ပေမယ့်လည်း သိပ်ပြီးပူပင်ရကောင်းမှန်းမသိခဲ့ဘူး။
ကိုယ့်စာနဲ့ကိုယ်ပဲလုံးပမ်းနေခဲ့တာဆိုတော့လေ။
အိမ်ကစီးပွားရေး အတက်ဘက်ကိုစရောက်လာတာကလည်း နေပြည်တော်ဖြစ်တဲ့အချိန်မှာပေါ့။
ကျွန်တော်ဆယ်တန်းပြီးစအချိန်မှာ စားသောက်ဆိုင်လုပ်ငန်းတစ်ခုစလုပ်ရာကနေ တော်တော်အောင်မြင်လာတယ်။
အမေ့ကိုရှယ်ရာထည့်ချင်သူတွေလည်းပေါခဲ့တယ်။
နေ့စဉ်ရက်ဆက်ဆိုင်က ရတဲ့ဝင်ငွေကလည်းမနည်းတော့ မောရမှန်းပမ်းရမှန်းမသိအလုပ်လုပ်ကြတဲ့ ပျော်စရာကောင်းတဲ့အချိန်တွေပေါ့။
အိမ်မှာလည်းဝန်ထမ်းတွေတော်တော်များများရှိလာတယ်။
ကျွန်တော် မန္တလေးမှာ ကျောင်းစတက်တဲ့အချိန်ရောက်တော့ အိမ်ကလစဉ် ကျွန်တော်မျက်နှာမငယ်ရအောင်ထောက်ပံ့နိုင်နေပြီ။
ဒါကြောင့်လည်း အဆောင်မှာ ၂ယောက်ခန်းကို တစ်ယောက်တည်းနေသူလည်းဖြစ်ခဲ့ပြီး
ဟန်းဖုန်းတစ်လုံး ၂၅ သိန်းကျော်ချိန်မှာ ပထမဆုံးစကိုင်သူလည်းဖြစ်ခဲ့တယ်။
တကယ်တော့ အိမ်က ရသမျှကျွန်တော့်ကိုပို့တယ်ဆိုတာမသိခဲ့ဘူး။
တဖြည်းဖြည်းနဲ့တိုးပွားလာတာက ဆိုင်တစ်ဆိုင်က နေ နှစ်ဆိုင် ၊၃ဆိုင် ဖြစ်လာတယ်။
မန္တလေးမှာလည်း သိန်း၁၀၀ ဝန်းကျင်ရှိတဲ့တိုက်ခန်းတစ်ခန်းဝယ်ထားလိုက်တယ်။
နေပြည်တော် ဥတ္တရသီရိ ၊ဒက္ခိဏသီရိ နဲ့ ကားကြီးဝင်းထဲမှာ နေရာတွေဝယ်ထားလိုက်တယ်။
ဒါပေမယ့် ကျွန်တော်ကျောင်းပြီးခါနီးအချိန်မှာ တဖြည်းဖြည်းနဲ့ အကျဘက်ကို ပြန်ရောက်လာတယ်။
အမေကတော့ပြောတယ်။ အကြွေးတွေအများကြီးရှိတယ်တဲ့။
သိပ်သဘောမပေါက်ခဲ့ဘူး။
ဆိုင်ကဝင်သမျှဝင်ငွေတွေရဲ့ရာခိုင်နှုန်းတော်တော်များများကို အတိုးဆပ်ရတာနဲ့ ကုန်သွားတယ်ပြောတယ်။
အတိုးပေးရတာတွေနဲ့တင် ဘယ်လိုမှအသက်ရှုမချောင်နိုင်တော့ဘူးဆိုတာလည်းနည်းနည်းတော့သိခဲ့တယ်။
ဒါပေမယ့်လည်းဘာအရေးလဲ။
မန္တလေးမှာဆိုတော့ .ကိုယ်နဲ့ဆိုင်တဲ့ကိစ္စကိုပဲ ကိုယ့်ဘာသာ အာရုံစိုက်ခဲ့တယ်။
ဒါပေမယ့်ကျောင်းလည်းပြီးတဲ့အချိန်ရောက်တော့ ဆိုင်တွေပြန်လျှော့လျှော့လာခဲ့တာ။
၁ဆိုင်ပဲကျန်တော့တယ်။
အဲဒီဆိုင်ကလည်းအိမ်မှာဖွင့်ထားတဲ့ဆိုင်ပေါ့။
တကယ်တမ်းဆို်ရင် သူ့ဟာနဲ့သူလူဝင်တဲ့ဆိုင်ပါ။
ဒါပေမယ့်အတိုးပေးရလောက်အောင် အလျင်မမှီနိုင်တော့ အမေလဲအိပ်ရာထဲလဲပေါ့။
ငှားထားတဲ့ဆိုင်လည်းပြန်အပ်၊ ကားဝင်းထဲကဆိုင်လည်းရောင်းလိုက်ပေမယ့် အကြွေးတွေကတော့ ရှိမြဲရှိဆဲပါပဲ။
ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ အမေက မန္တလေးကအိမ်ရောင်းမလားမေးတဲ့အတွက်
ကျွန်တော်လည်းစိတ်ပျက်နေတဲ့အချိန်မို့ရောင်းမယ်ပြောလိုက်တယ်။
တန်ဖိုးကတော့ နှစ်ဆပြန်ရခဲ့တယ်။
အဲဒီကရတဲ့ငွေတွေနဲ့ကျွန်တော်ဖုန်းကတ်အရောင်းအဝယ်လုပ်ခဲ့သေးတယ်။
ဒါပေမယ့်နည်းနည်းပါ ။  ငွေတွေအိမ်ကိုပေးထားပေမယ့် ကျန်တဲ့ငွေတွေ ဘယ်လိုကုန်သွားလဲကျွန်တော်မသိခဲ့ဘူး
ကျွန်တော်စပြီးသိခဲ့တာက ကျွန်တော့်မိဘတွေက ငွေကြေးကိုကောင်းကောင်းစီမံမခန့်ခွဲတတ်။
စီးပွားရေးကို ကောင်းကောင်းမလုပ်ဆောင်တတ်ဖူးဆိုတာကိုပဲ။
ရှိသမျှပိုင်ဆိုင်သမျှတွေရောင်းတာတောင် အကြွေးတွေကမကြေနိုင်ပဲ အတိုးစာလောက်ပဲရှိတဲ့အခါ
နောက်ဆုံး ဘိုးဘွားပိုင်ခြံကြီးကိုရောင်းဖို့ဖြစ်လာတယ်။
ဒါပေမယ့် တကယ်ခြံကြီးရောင်းထွက်သွားတဲ့အချိန်ရောက်တော့ ကျွန်တော်တို့မှာပိုင်ဆိုင်တာများများစားစားမကျန်တော့ဘူး။
မန္တလေးမှာအခိုင်အမာယူထားတဲ့နေရာတွေလည်းမရှိတော့ဘူး။
ကျွန်တော်နှမြောမိတာက တကယ်လို့ ကျောင်းတက်ချိန်တည်းကအချို့ နေရာတွေကိုဝယ်ခဲ့မယ်ဆိုရင်အခုအချိန်မှာ တော်တော်ကိုအဆင်ပြေနေလောက်ပြီလို့။
ဒါပေမယ့် နေပြည်တော်ကိုပဲရွေးထားခဲ့တော့ အိမ်ခြံမြေစျေးကျတဲ့အချိန်နဲ့တိုးပြီး
တစ်ဒုက္ခက နှစ်ဒုက္ခဖြစ်သွားခဲ့တယ်။
အဲဒီအဖြစ်အပျက်တွေကိုကျွန်တော်မြင်ပြီးသင်ခန်းစာကောင်းကောင်းတစ်ခုရသွားခဲ့တယ်။
ကိုယ်မနို်င်တဲ့အကြွေးကိုမယူဖို့။ သူများတွေကပေးထားတိုင်းလည်းမလိုအပ်ရင်လက်မခံဖို့။
ကိုယ့်ဆီမှာ ခိုင်မာတဲ့ စီးပွားရေး ဝင်ငွေကောင်းတဲ့စီးပွားရေးမရှိဘဲ အတိုးအများကြီးမပိစေဖို့ပေါ့၊
နောက်ပြိးဆုံးဖြတ်ချက်ချတဲ့အခါ ခံစားချက်မပါဖို့လည်း သင်ခန်းစာရခဲ့တယ်။
မန္တလေးအိမ်ကိုရောင်းမယ်ဆိုတုန်းက ကျွန်တော် ဘေးအိမ်ကိုမကြည်တဲ့ခံစားချက်ပါခဲ့မိတာကိုး။
ဆိုင်ဖွင့်ထားတဲ့ခြံကိုလည်းရောင်းလိုက်ပြီ အကြွေးတွေလည်းကြေပြီဖြစ်သလို လုပ်နေတဲ့စီးပွားရေးတွေလည်းပျောက်သွားခဲ့ပါပြီ။
ပုံမှန်ငွေဝင်နေသောလမ်းလည်းမရှိတော့ဘူးပေါ့။
ဆိုင်ကအလုပ်သမားတွေလည်းအားလုံးဖရိုဖရဲဖြစ်ကုန်တယ်။
ကျွန်တော် အဲဒါတွေမြင်ပြီးစိတ်မကောင်းထပ်ဖြစ်ရပြန်တယ်။
လုပ်ငန်းတစ်ခုဖျက်တဲ့အခါ ကိုယ်တစ်ယောက်တည်းသဘောနဲ့မလုပ်သင့်ကြောင်း
ဒါကိုမှီခိုနေသော ဝန်ထမ်းတွေအတွက်ကြည့်သင့်ကြောင်းကိုပေါ့လေ။
အစပိုင်းကတော့အပူအပင်သိပ်မရှိဘူးပေါ့။ လက်ကျန်ငွေလေးနဲ့ ရောင်းလိုက်တဲ့နေရာဘေးမှာ အိမ်တစ်လုံးပြန်ဆောက်ထားလိုက်တယ်။
ပြန်ကုပ်မိအောင်လို့ပေါ့။ အဲဒါကတော့ ကောင်းတဲ့စိတ်ကူးပါ။
တစ်ချိန်ချိန် ကျရင် စျေးတက်ရင်တက်သွားနို်င်တယ်လေ။
မိသားစုအားလုံးကတော့ ဥတ္တရသီရိပြောင်းသွားခဲ့တယ်။
လက်ထဲရှိတဲ့ငွေတွေနဲ့ခိုင်မာတဲ့စီးပွားနောက်တစ်ခုကိုမစတည်ခဲ့တော့ တဖြည်းဖြည်းနဲ့လုံးပါးပါးသွားတယ်။
အိမ်မှာ အစ်ကို့အတွက် ဆိုင်တည်ထားပေးပေမယ့် တကယ်ကဖြစ်မြောက်တာမဟုတ်ပါဘူး။
နောက်ဆုံး မှာတော့ အမေ က အဘိုးရဲ့လယ်တွေပြန်လုပ်မယ်ဆိုပြိးဖြစ်သွားတယ်။
အဘိုးကတော့ မလုပ်စေချင်ခဲ့ဘူး။ အမေ့တစ်သက်လုံးအဘိုးက လယ်ထဲပေးဆင်းခဲ့တာမဟုတ်ဘူး။
မြို့မှာပဲထားခဲ့တာလေ။
ဒါပေမယ့် အမေက လုပ်ချင်လွန်းတဲ့အခါ ကျန်တဲ့သူတွေကလိုက်ဖြည့်ဆည်းပေးရတယ်။
ဒီနှစ်ထဲမှာ တောင်သူလုပ်ငန်းကကောင်းလှတာလည်းမဟုတ်လှပါဘူး။
ပြောင်းလုပ်တဲ့အခါ အလုပ်သမားခတွေ ချေးငှားရတာတွေ၊စက်ပစ္စည်းဖိုးတွေနဲ့
လူပင်ပန်းပြီး လုပ်ရတာရှုံးတဲ့အခါ အမေ တော်တော်စိတ်ဓာတ်ကျသွားပုံရတယ်။
ဒီလိုတွေဖြစ်ပျက်နေတဲ့အခါကျွန်တော် စိတ်မကောင်းဘူး။
တာဝန်မကျေသလိုအပြစ်ရှိသလိုလည်းခံစားရတယ်။
ဖြစ်ချင်နေတာက အရမ်းချမ်းသာချင်မိတယ်။ အမေတို့ကြုံခဲ့တာမျိုးတွေ မှာ ကိုယ့်ဘက်ကမရှုံးရအောင်
စီးပွားရေးပညာကိုသိချင်တတ်ချင်မိတယ်။
တစ်ဖက်မှာကလည်း လုံးဝငွေကြေးကိုမကြည့်ဘက်လုပ်ချင်နေတဲ့စိတ်တစ်ခုရှိတယ်။
စိတ်ကူးယဥ်လွန်းတယ်ဆိုမလား။ လောကကြီးကောင်းဖို့ ပိုကောင်းမွန်တာတွေဖြစ်လာဖို့ လုပ်မယ်ဆိုတဲ့စိတ်ရှိတယ်။
အဲဒီနှစ်ခုကသဟဇာတမဖြစ်ဘူး။
လက်တွေ့ဘဝနဲ့အိမ်မက်လိုကွာဟလွန်းတယ်။
ကျွန်တော်ကျင်လည်နေသော ပတ်ဝန်းကျင်၊ ပေါင်းသင်းနေသောသူတွေနဲ့တွေးခေါ်တာတွေက
ကျွန်တော်အမှန်တကယ်နေထိုင်သော ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ် ခဲ့ဘူး။
အချို့အခွင့်အရေးတွေရခဲ့ပေမယ့် ဘာကြောင့်စွန့်လွှတ်ခဲ့တာလည်းကျွန်တော်ကိုယ့်ကိုယ်ကို နားမလည်တော့ဘူး။
ဒီဘဝကလည်းလွတ်ချင်တယ်။ နောက်ထပ်အဆင့်တစ်ခုကိုလှမ်းချင်တယ်။
လောလောဆယ်မှာအိမ်ကိုမကြည့်နိုင်ပေမယ့်ကိုယ့်ကိုယ်ကိုခို်င်မာအောင်တည်ဆောက်ပြီး
အိမ်ကိုပြန်လည်စောင့်ရှောက်နိုင်ချင်တယ်။
ဘာတွေလုပ်ရမလည်း ဘာတွေလုပ်ဖို့လိုမလဲကျွန်တော်မတွေးတတ်တော့ဘူး၊
နေ့စဉ်နေ့တိုင်းစိတ်တွေကတက်လိုက်ကျလိုက်ဖြစ်နေတာအရူးတစ်ယောက်လိုပါပဲ။
တခါတလေ ဟိုးအောက်ဆုံးဆင်းသွားတဲ့စိတ်တွေကို အကောင်းဖက်ကလှည့်စဉ်းစားပေးရတယ်။
အနည်းဆုံးတော့ တစ်မိသားစုလုံးကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာမျိုး။
စားရမဲ့သောက်ရမဲ့မဖြစ်သေးဘူးဆိုတာမျိုး။
အကြွေးတွေ ဝိုင်းမနေသေးဘူးဆိုတာမျိုး။
ဘာမှမရှိပေမယ့် မဆင်းရဲဘူးဆိုတာမျိုးတွေနဲ့ပေါ့။
အဲဒီလို ကိုယ့်ရဲ့တန်းကိုလျှော့စဉ်းစားရင် စိတ်သက်သာရာရေပေမယ့်
လူတွေကြားထဲတိုးဝင်တဲ့အခါ ထိမိရှမိတဲ့ မာနလေးတွေ၊ ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ကြုံရင်
ဘယ်လောက်ပဲအားတင်းနေပေမယ့် ကျွန်တော် စိတ်ဓာတ်ကျမိတယ်။
ဒါတွေဟာ အစစ်အမှန်မဟုတ်ဘူးလို့ ဖြေတွေးပေမယ့်
လက်တွေ့မှာလူ တွေကိုးကွယ် တာက ဂုဏ်တွေဖြစ်နေခဲ့တယ်လေ။
ကြားဖူးတဲ့ဘဝတွေလောက်မခက်ခဲမပင်ပန်းသေးပေမယ့်
လက်တွေ့ကြုံနေရတဲ့အခြေအနေတွေ အဖြစ်အပျက်တွေကလည်း တစ်သက်မေ့မရတဲ့သင်ခန်းစာတွေပါပဲ။
ဒီအရွယ်မှာဒီလိုကြုံရတာ ကောင်းသော အတွေ့အကြုံလို့ပဲကျွန်တော်မှတ်ယူထားတယ်.
ကျွန်တော်တို့ငယ်ငယ်က ကြီးလာရင် ရောဂါပြီးအောင်ဆိုပြီး မသေနိုင်လောက်တဲ့
ရောဂါပိုးနည်းနည်းကိုခန္ဓာကိုယ်ထဲထည့်ပြီး ကာကွယ်ဆေးထိုးလေ့ရှိကြတယ်လေ။
ဒီလိုပဲ ပေါ့ ကျွန်တော်ကာကွယ်ဆေးထိုးခံနေရတယ်လို့ပဲ မှတ်ယူထားပါတယ်။
နောင်တစ်ချိန်အလားတူအဖြစ်အပျက်တွေ မကြုံဖူးလို့ဘယ်ပြောနိုင်မလဲ.
အမှန်တွေ အကောင်းတွေကြည့် ကြုံနေခဲ့ရင် ဘယ်မှာ ကြံ့ခိုင်တဲ့သူဖြစ်ပါ့မလဲ။
ဒါကြောင့် ကြံ့ခိုင်တဲ့သူဖြစ်ဖို့ ကျွန်တော်နာကျင်ရတာတွေထိုက်တန်တယ်လို့ပဲထင်မိပါတယ်.
အာသာ
၄.၁၂.၂၀၁၆
တနင်္ဂနွေနေ့