​ဒီနေ့က ဇွန်လ ၂၃ ရက်နေ့ပေါ့။

ပြီးခဲ့တဲ့နှစ်လအတွင်းမှာအဖြစ်အပျက်တွေ ပြောင်းလဲသွားတာမြန်ဆန်လွန်းခဲ့တယ်။

သင်္ကြန်အပြီးမှာ အဖိုးနေမကောင်းဖြစ်ပြီး ဆေးရုံမှာပဲဆုံးသွားတယ်။

အခုအချိန်အထိ အဖိုးကိုရွာမှာရှိနေသေးသလိုပဲခံစားမိတယ်။

အဖိုးလုပ်ခဲ့တဲ့လယ်တွေကိုတော့သားသမီးတွေခွဲယူကြတာပေါ့။
အဖိုးသေသာသွားခဲ့တယ်။ ဘာပစ္စည်းမှကြီးကြီးမားမားကျန်ရစ်ခဲ့တာမရှိခဲ့ဘူး။

လွမ်းတယ်အဖိုးရယ်။

ဒါကြောင့် မသေခင်ချစ်ကြ၊ ပြုစုကြ။သေမှဘာမှလုပ်မရဘူးလို့ပြောကြတာကိုး။
အဖိုးရက်လည်ပြီးနောက်ရက်မှာ ဖန်တီးရာကိုအလုပ်လျှောက်ထားတဲ့ကိစ္စကအကြောင်းပြန်လာခဲ့တယ်။

သူတို့ကိုယ့်ရဲ့CVကိုသဘောကျတဲ့အတွက် အင်တာဗျူးကြည့်ချင်ပါတယ်ဆိုပြီး လာတာလေ။

နေပြည်တော်မှာဆိုတော့ အွန်လိုင်းကနေပဲဗျူးခဲ့တယ်။
နိုင်ငံခြားသူတစ်ယောက်နဲ့စကားပြောရတယ်။

အဲဒီနောက်တော့ ဖုန်းနဲ့၄ခါ လူတွေ့တစ်ခါ အင်တာဗျုးဝင်ခဲ့ရတယ်။
သူတို့ရဲ့အလုပ်လုပ်တဲ့ Process ကကြာတဲ့အတွက်အဖြေသိဖို့တော်တော်ကိုစောင့်ရပါတယ်။

ဒီကြားထဲမှာပဲ အမ်စတာဒမ်ကိုကျောင်းလျှောက်ထားတာကလည်း အဖြေသိဖို့စောင့်ရဦးမယ်လေ။
အိမ်မှာစိတ်မလေအောင်လို့ Programming ကိုသဲသဲမဲမဲလေ့လာနေမိတော့တယ်။

အစကတော့ Java program သေးသေးလေးတွေပေါ့

ဇွန်လပိုင်းကစလို့ Android ဘက်ကိုပိုလိုက်မိတယ်။ Android Program တစ်ခုဖြစ်လာအောင် ရေးတတ်လာခဲ့တယ်။

အစပိုင်းကတော့ Activity တွေတစ်ခုကနေတစ်ခုကိုကူးတာလောက်ပဲသိတယ်။ button နှိပ်ရင်စာထွက်အောင်တို့ ပုံပေါ်အောင်တို့

လောက်ပဲသိတယ်။ နောက်တော့ တဖြည်းဖြည်းသိတာတွေကိုအခြေခံပြီး ပိုမြင့်တဲ့ ဟာတွေရေးတတ်လာခဲ့တယ်။

အခုဆိုNC health kit ဆိုပြီး app တစ်ခုထုတ်လို့ရလောက်အောင်ကို ရေးထားတာတွေကတော်တော်စုံစုံလင်လင်ဖြစ်လာခဲ့တယ်။

အရင်ကထက်တော့ပိုconfidence ရှိလာတာပေါ့

အရင်ကတော့လုပ်သာလုပ်တာ ကိုယ်ကprogrammer ဆိုတဲ့နာမည်မှခံလို့မရတာ။ အခုတော့ code တွေကိုဖတ်ဖို့မကြောက်တော့ဘူး။ ဘယ်ဟာကဘာအတွက်ထည့်တာဆိုတာကိုသိနေပြီလေ။
နောက်လာမယ့် ဗားရှင်းတွေမှာ medical dictionary ၊ CBo directory.တွေထည့်ဖို့စဉ်းစားတယ်။

လေ့တော့လေ့လာရဦးမှာပေါ့။
ဒီရက်ပိုင်းYouth policy meeting ကလည်းဆက်လုပ်ပေးဖို့ရှိသေးတယ် ။National Consultant team ဆိုတဲ့နာမည်အောက်မှာလုပ်နေတာဆိုတော့ meetingတွေရှိရင်သွားတက်ရတယ်။ ကူညီရတယ်။

ဒါပေမယ့် ကိုယ်passionမရှိတဲ့အရာဆိုတော့ သိပ်မပျော်ဘူး။ ပညာတွေတော့ရပါတယ်။

လိုချင်တာကော မလိုချင်တာတွေကောပေါ့။
ဒီလထဲမှာရစရာတွေတော်တော်ဝင်လာတယ်။ရတနာ့ဆီကကျန်တဲ့ငွေတစ်ချို့လည်းထပ်ရတယ်။

တကယ်ဆိုသူ့ဆီမှာ ငါ့ငွေတွေရောက်နေတာတော်တော်ကြာပြီလေ။ အကြောင်းအမျိုးမျိုးကြောင့်ဒီလောက်အထိ နှောင့်နှေးနေရတယ်။

စဉ်းစားမယ်ဆိုရင်တော့ နစ်နာမှုတွေအများကြီးပေါ့

ဒါပေမယ့်နောက်ကြောင်းပြန်မစဉ်းစားတော့ပါဘူး။ ရှေ့ကိုပဲတိုးစဉ်းစားတော့မယ်။

တစ်နေ့နေ့အားလုံးပြန်ရမယ်ဆိုတာကိုလည်းယုံကြည်နေတာပဲကိုး။
ဖန်တီးရာက  offer letter ရောက်လာပြီ။ ပေးတဲ့လခကအရမ်းနည်းနေတယ်လို့ခံစားမိတယ်။

အဲဒီလစာနဲ့က ရန်ကုန်လိုနေရာမှာနေဖို့မလွယ်ကူဘူးလေ။ စိတ်တွေညစ်နေမိတယ်။ ကိုယ်ဟာလမ်းပျောက်နေသလိုလည်းခံစားရတယ်။

ကိုယ်ဘာဖြစ်ချင်တာလည်းဆိုတာလည်းပျောက်နေသလိုခံစားမိတယ်။

ကိုယ့်ရဲ့အိမ်မက်က အဆက်မပြတ်မှ သတိမပေးနေရင်ဘာဆိုတာရုတ်တရက်ပေါ်လာလေ့မရှိဘူး။

တစ်ခါတစ်လေ အဲဒီအိမ်မက်အကြောင်း ဒီနိုင်ငံမှာပြောဖို့ခက်ခဲလွန်းတယ်။

ကိုယ်ဟာငွေအများကြီး၇တဲ့manager တစ်ယောက်ဖြစ်ချင်တာပါ။ ဆရာဝန်တစ်ယောက်ဖြစ်ချင်တာပါ။လူတွေအသက်ကိုကယ်နိုင်သော အထူးကုကြီးတစ်ယောက်ဖြစ်ချင်တာပါလို့စိတ်ကူးလိုက်ဖို့ကလွယ်တယ်။
ကိုယ်ဟာလူတွေအတွက် နောက်ဆုံးပေါ်နည်းပညာတွေကိုသုံးပြီး ဆေးပညာကိုတိုးတက်အောင်လုပ်ချင်တာပါလို့ပြောရင်တော့

ငပေါကြီးတစ်ယောက်လိုပဲပြန်ကြည့်တာကိုခံစားမိတယ်။
ဒီအိမ်မက်တွေကိုလွှင့်ပစ်ချင်စိတ်ခဏခဏပေါ်တယ်။ ကိုယ်နဲ့နီးနီးနားနား တစ်ခုခုကိုပဲ လှမ်းဆုတ်ကိုင်ထားလိုက်ချင်တယ်။
ဒီနိုင်ငံမှာဆရာဝန်ဖြစ်ရတာမလွယ်ကူဘူး။ ဆိုတာသိနေပေမယ့်လည်း ..ရင်ထဲမှာက ဆရာဝန်ဖြစ်ရတာကိုတိတ်တဆိတ်ဂုဏ်ယူနေသေးတယ်။

ဆေးရုံမှာ ကုသတုန်းက လူနာတွေပြန်ကောင်းလာတာကိုမြင်ခဲ့ရတော့ အဲဒီပီတိကိုလည်းပြန်လိုချင်နေသေးတယ်။
တစ်ဖက်မှာလည်း ..ပိုဆန်းသစ်တဲ့အရာတွေတီထွင်ချင်နေသေးတယ်။

လူနာတွေကုချင်တယ်။

စာတွေလေ့လာချင်တယ်။သိချင်တယ်။ဖတ်ချင်တယ်။ ပြန်ပြောချင်တယ်။ အသုံးချပြီးနောက်ထပ်အသစ်အသစ်တွေရှာဖွေချင်တယ်။
ကိုယ်ဟာအဲဒီလိုဘဝထဲမှာနေချင်တယ်။

ဒါပေမယ့် ငွေကိုရှေ့တန်းတင်တဲ့လောကမှာ အဲဒီလိုဘဝမျိုးရဖို့ပေးဆပ်ရမှာတွေကမနည်းဘူးလေ။

ငွေမရှိရင် လစာနည်းရင် လှောင်သလိုလိုအထင်သေးသလိုလို ကြည့်တဲ့လူတွေရဲ့အကြည့်ကိုမုန်းမိတယ်။
ကျွန်တော်ကိုယ့်ဘဝနဲ့ကိုယ် လက်မထောင်ပြီးနေချင်တယ်မေမေ

Arthur

23.6.2017