၂၀၁၇ ခုနှစ်ရဲ့ပထမဆုံးဒုတိယအပတ်မှာဖြစ်ပေါ်လာတဲ့ရောက်တတ်ရာရာအတွေးများလို့ရယ်ပဲ .. ခေါင်းစဉ်တပ်လိုက်တော့မယ်။
ဒီနှစ်ကိုကျွန်တော်အများကြီမျှော်လင့်ထားတယ်။
ကြီးကြီးမားမားအပြောင်းလဲတွေဖြစ်ဖို့ပေါ့။
ဒီလထဲမှာပဲ IELTS  စာမေးပွဲဖြေဖို့ရှိသလို .. ကျောင်းလျှောက်ဖို့လည်းရှိတယ်။
တစ်ချိန်တည်းမှာပဲ အလုပ်နဲ့ပတ်သက်တာဆိုလို့ ကျွန်တော့်ရဲ့ကိုယ်ပိုင် Appတွေ ကို အသစ်ပြုလုပ်ဖို့ရှိတယ်။
အလုပ်ကိုတော့ဆက်တိုက်လုပ်နေရတယ်၊
၁လပိုင်း၁ရက်နေ့ကထုတ်လိုက်တဲ့appက ယူနီကုဒ်အသုံးပြုထားတာဆိုတော့ မော်ဒယ်နိမ့်တဲ့ဖုန်းတွေမှာအဆင်မပြေဘူးဆိုတဲ့အသံတွေပြန်ကြားလာရတယ်။
အခုအချိန်အထိ အဲဒီဖောင့်ပြဿနာကို ငြိမ်းချမ်းအောင် မလုပ်နိုင်တာကလည်းစိတ်အနှောင့်အယှက်တစ်ခုပါပဲ၊
ကျွန်တော် ဗေဒင် appတွေထုတ်တယ် ၊ ဒါပေမယ့် ကိုယ်တိုင်အဲဒီလောက် ဗေဒင်ကို ယုံတာမဟုတ်ပါဘူး၊
အစကတော့အပျော်ပဲ ၊ နောက်တော့ .. နှစ်တိုင်း အသစ်ထုတ်ထုတ်ပေးရဖို့က တာဝန်တစ်ခုလိုဖြစ်ဖြစ်လာတယ်၊
ဒါကြောင့် ဒီဇင်ဘာလရောက်ပြီဆိုရင် ကျွန်တော်စပျားတုပ်ပြီလေ။ ဒီနှစ်ကတော့ နည်းနည်းအဆင်ပြေတယ်ပြောရမယ်၊  ဒါပေမယ့် တစ်ဖက်ကလည်းပညာရေး အတွက် လုပ်ရမယ့်အချိန်၊ တစ်ဖက်က လည်းကိုယ့်ဘာသာခိုင်ထားတဲ့အလုပ်တွေကမပြတ်၊ အဲဒီကြားထဲမှာ စိတ်လည်းတော်တော်ညစ်မိတယ်၊
သူများအလုပ်လုပ်ပြီးညစ်ရတာထက်စာရင်တော့သက်သာတာပေါ့၊ ဒါပေမယ့် အားပေးသံလေးတွေတော့ကြားချင်မိတယ်၊
တစ်ကယ်က appတွေလုပ်ပေမယ့် ပိုက်ဆံရလားဆိုတော့လည်း သိပ်မရပါဘူး။
မဖြစ်စလောက်လေးပါပဲ ၊ ဒါတောင်မှ ကြားမှာအခက်အခဲတွေရှိနေတယ်၊
ပထမတစ်ခုကတော့ appထဲမှာပြနိုင်တဲ့ကြော်ငြာနည်းတာ။ နို်င်ငံခြားကဂိမ်းကြော်ငြာ appကြော်ငြာတွေကိုဒီထက်ပိုပြီး ပုံစံမျိုးစံနဲ့ပြနိုင်ရင် အလုပ်ပိုဖြစ်မယ်ဆိုတာသိတယ်၊ ဒါပေမယ့် ကျွန်တော့်ဆီမှာ နည်းပညာအားနည်းနေလို့ ကြော်ငြာSDKတွေကိုစိတ်ကြိုက်အသုံးပြုလို့မရဘူး. တစ်လ၃$ပေးပြီးထည့်ရတဲ့admob service လေးကိုပဲအားကိုးနေရတယ်၊ သူကလည်း banner ကြော်ငြာပေါက်စလေးပဲရတာလေ။ သူများတွေလို interstitial ads, ပုံစံမျိုးစုံနဲ့ဆိုပိုရတာသိတာပေါ့၊ တစ်ချိန်ချိန်တော့ အဲဒီအဆင့်ကိုမြှင့်နိုင်မယ်ထင်တယ်။
နောက်တစ်ခုကတော့ အဲဒီနည်းနည်းလေးရတဲ့ငွေတောင်မှ ကိုယ့်ဆီတိုက်ရိုက်မရောက်ဘူး။
လောလောဆယ်မှာ admob/adsense နဲ့ချိတ်ထားတဲ့အကောင့်နှစ်ခုမှာ တစ်ခုကပျက်သွားတယ်.
ထိုင်းမှာ အခြေချထားတဲ့အကောင့်ပေါ့၊ လက်ထဲမှာကျန်တာဆိုလို့ စင်ကာပူအကောင့်တစ်ခုပဲရှိတော့တယ်။
Google. ရဲ့ပေါ်လစီအရ အကောင့်တစ်ခုကိုနိုင်ငံတစ်ခုအောက်မှာဖွင့်ပြီးရင် နောက်နို်င်ငံကိုလည်းပြောင်းလို့မရဘူး။ currency ကိုလည်း ပြောင်းသတ်မှတ်လို့မရဘူး။
ဒါကြောင့် စင်ကာပူမှာ ပင်မထားတဲ့ ဘဏ်အကောင့်တစ်ခုနဲ့ချိတ်ဖို့လိုကိုလိုလာတယ်။
 မဟုတ်ရင် ကျွန်တော့် ဆီ Google ကဝင်တဲ့ငွေတွေကို ပြန်ထုတ်ယူလို့မရဘူးလေ။
Adsense အကောင့်အောက်မှာပဲ ပိတ်မိနေမှာ။ အဲဒီလိုအခက်အခဲတွေရှိပေမယ့် လည်းဆက်လုပ်နေမိတယ်၊
အခြားနိုင်ငံက လူတွေကျွန်တော်တို့လို အခက်အခဲကြုံရမယ်လို့မထင်ဘူး။ ဘာလို့လဲဆိုတော့
မြန်မာက နိုင်ငံတကာဘဏ်တွေ ငွေကြေးစနစ်တွေတိုက်ရိုက်မရတဲ့ အနည်းငယ်သော နိုင်ငံတွေထဲကတစ်ခုဖြစ်လို့ပဲ ။ ဒါကြောင့် ကျွန်တော်အမြဲမကျေမနပ်ဖြစ်တာတစ်ခုရှိတယ်။ မြန်မာနိုင်ငံမှာ online payment စနစ်တွေလုပ်ကြတယ်။ ဒါပေမယ့် တော်တော်များများက မြန်မာတွေနိုင်ငံခြားမှာပိုသုံးနိုင်ဖြုန်းနိုင်ဖို့ ရည်ရွယ်ထားတာတွေ။ နိုင်ငံခြားက ငွေတွေမြန်မာပြည်ရောက်ဖို့ ရည်ရွယ်ပြီးလုပ်ပေးတဲ့စနစ်သိပ်မရှိဘူး
Western union တို့လိုမျိုး တွေရှိပေမယ့်လည်း ဘာကြောင့်မသိ ..google adsense  က မြန်မာကိုတရားဝင် မဖွင့်ပေးတော့ ချိတ်ဆက်လုပ်ဖို့တွေကအခက်အခဲတွေဖြစ်တယ်။ဒီလိုကိစ္စအရှူပ်အထွေးတွေကြောင့်
ကျွန်တော်ဆုံးရှုံးရတာ နစ်နာခဲ့ရတာတွေအများကြီးရှိတယ်။
ဒါပေမယ့် သင်ခန်းစာကောင်းအတွေ့အကြုံကောင်းတွေလို့ပဲအမြဲသတ်မှတ်ထားပါမယ်။
ဘာလို့လဲဆိုတော့ ကျွန်တော့်လို သင်ခန်းစာရတဲ့သူကအနည်းငယ်ပဲရှိလိမ့်မယ်။ ဒီလိုအလုပ်မျိုးကိုဘယ်သူမှမလုပ်လို့ပေါ့။
တစ်ချိန်လုံးကျွန်တော့်ရဲ့passionက Technology ထဲမှာပဲရှိတယ်ထင်ခဲ့တယ်။ ဒါကြောင့်လည်း Health Informatics လို ကျန်းမာရေးဆေးပညာနဲ့ နည်းပညာ ပေါင်းစပ်တဲ့ဘာသာရပ်ကိုဆက်သင်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့။ ဒါပေမယ့် အခုလိုအချိန်မှာ ကျွန်တော်အားမလိုအားမရဖြစ်နေပြန်တယ်။ ကျွန်တော်ရဲ့type က ထိုင်ရာမထ managing လုပ်ချင်နေတာမဟုတ်ဘူး။ Field ထဲမှာဝင်လုပ်ချင်တာ။ကိုယ့်လက်နဲ့ထိတွေ့ပြီးဆေးမကုရတာ။ ကိုယ်တိုင်ခွဲစိတ်ခွင့်မရတာတွေက ကျွန်တော့်ရဲ့ယုံကြည်မှုတွေကိုတစ်စတစ်စ လျော့ပါးစေတယ်။
ငွေအရမ်းရှာချင်နေတာမှန်ပေမယ့် .. အပြင်မှာ ဖျားနာနေသူ၊ စိတ်ဆင်းရဲနေသူ။ နာမကျန်းသူတွေအကြောင်းတွေးမိရင် လက်ရှိလုပ်နေတဲ့အလုပ်တွေကို မနှစ်သက်တဲ့အပြင် ရှက်မိတယ်။
ကိုယ့်ကိုယ်ကိုအားမလိုအားမရ မကျေနပ်ချက်တွေအပြည့်နဲ့ပေါ့။
ကျွန်တော် စိတ်ကူးထားတာအကြိးကြီးဆိုတာမှန်တယ်။ ဒါပေမယ့် အဲဒါတွေလုပ်ဖို့ကော လုံလောက်တဲ့အင်အားရှိလို့လား။ ကိုယ့်ဘာသာတောင်မနည်းရပ်တည်နေရတာလေ။
ဆယ် စက္ကန့်အရူးထခြင်းဆိုတာတော့မဖြစ်ချင်ဘူး။
ကျွန်တော့်ဆီမှာ ဆရာဝန်ဆိုတဲ့စိတ်လေးကျန်နေသေးတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကုသိုလ်ဖြစ်ဆေးခန်းတွေမှာသွားထိုင်တိုင်း ကုသတာအလေ့အကျင့်မရှိတဲ့ကျွန်တော် ကိုယ့်ကိုယ့်ကိုယုံကြည်ချက်မရှိဖြစ်နေတတ်တယ်။ အချို့စာတွေမေ့ကုန်တယ်။ ဆေးdose တွေလည်းအလွတ်မရတော့ဘူးလေ။
စဉ်းစားပုံစဉ်စားနည်းတွေကလည်း စနစ်မကျတော့ဘူး။
တစ်ခါတစ်လေ ကျွန်တော်အရမ်းခွဲစိတ်ချင်တယ်။ ဒါပေမယ့် သင်ပေးခဲ့သော ဆရာမရှိဘူး။ ကိုယ်တိုင်လည်း လုပ်ဖို့မရဲပါဘူး။ ဆေးပညာဆိုတာစမ်းသပ်ဖို့ မဟုတ်ဘူးဆိုတဲ့အချို့သောသူတွေပြောတာကို နားထဲထပ်တလဲလဲကြားယောင်နေတယ်။
ကျွန်တော့်မှာကျန်တာဆိုလို့ လူနာတွေပိုကောင်းအောင် လုပ်ပေးချင်စိတ်ပဲရှိတော့တယ်.
အဲဒီလိုယုံကြည်မှုတွေလျော့လာတိုင်း စာပြန်ဖတ်ဖြစ်တယ်. မြင်နေကျတွေ့နေကျ DMလိုHypertension လိုမျိုးကိုတောင် management လုပ်ဖို့ မဝံ့မရဲဖြစ်နေတာတွေ့တော့ ။ ငါဘာဖြစ်နေတာလည်း။ ငါဘာကို လိုချင်တာလည်း ဆိုတာကို မြင်အောင် တွေ့အောင် ကြိုးစားနေရတယ်.
တစ်ဖက်မှာ နည်းပညာနဲ့ပတ်သက်ရင် အလိုလိုသိစိတ်ရှိတယ်ပြောမလား ။ ဘယ်လိုရှာပြီးဘယ်နေရာကိုကြည့်ရမလဲ ဘာကိုလိုချင်တာလည်းတန်းသိတယ်။
ကျွန်တော် ၆နှစ်တောင်သင်လာခဲ့တဲ့ပညာကိုလည်းအဲဒီလိုဖြစ်စေချင်တယ်။
လူနာကတစ်ခွန်းဟလိုက်တာနဲ့ဘာဆိုတာတန်းသိချင်တယ်။
သိပ်လောဘကြီးလွန်းသွားလား။
ဟုတ်တယ် ဗျ။ ကျွန်တော် ဟိုးအရင်တည်းကအဲဒီလိုဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် နေရာတိုင်းမှာ ကျွန်တော့်ထက်ပိုသိနေသူတွေပဲရှိနေတော့ .. ကျွန်တော်ဘာကော်ငမှမဟုတ်ဘူးဆိုတဲ့စိတ်ဝင်သွားတယ်။
ဒါနဲ့ပဲ ကျွန်တော်ဘာမှဆက်လုပ်ဖို့မကြိုးစားတော့တာ။ တစ်ခါတစ်လေမှာတော့ စာဖတ်ဖြစ်တယ်။
ကိုယ့်ရဲ့သက်မွေးဝမ်းကျောင်းလည်းမဟုတ် ။ တစ်ပြားမှလည်း ရနေသောအလုပ်မဟုတ်တော့ ကျွန်တော်ဖတ်လည်း အလကားပဲဆိုတာသိပါတယ်။ ဒါပေမယ့် အဲဒီလိုစာဖတ်နေရရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်။
ကျောင်းပြန်တက်နေရသလိုခံစားရတယ်။
တစ်ဖက်မှာတော့ ငါဖတ်လည်းပြန်သုံးရမှာမှမဟုတ်တာဆိုတဲ့အသိဝင်သွားတော့ကြေကွဲဝမ်းနည်းစိတ်ပေါ်မိတယ်။
ဒီလိုနဲ့ပဲကျွန်တော့်ရဲ့ကိုယ်တွင်းမှာ အယူအဆတွေကတိုက်ပွဲဖြစ်နေတယ်။
အဲဒီတိုက်ပွဲကြားမှာ ကျွန်တော့်ရဲ့အိမ်မက်တွေပျောက်ကွယ်သွားတတ်တယ်.
တစ်ခါတစ်လေကျွန်တော့်ကိုအားပေး ဖို့လိုတယ်ဆိုတာတစ်ခြားကြောင့်တော့မဟုတ်ဘူး။ ကိုယ့်ဘာသာ ပြန်ကုယုလိ့ရတယ်ဆိုတာသိတယ်။ ကိုယ့်ဘာသာလည်းအားပေးနို်င်တယ်ဆိုတာသိတယ်။
ဒါပေမယ့်မတူဘူးဗျ။ အခြားသူကပေးတဲ့အားပေးမှုမှာ ကြင်နာမှု၊နားလည်မှုတွေပါတယ်၊
ကိုယ့်ဘာသာရယူတဲ့ အားပေးမှုမှာ မာနတွေ ၊နာကျင်မှုတွေပါတယ် .ကြာလာတဲ့အခါ .. အဲဒီနှစ်ခုကရတဲ့ရလဒ်ကကွဲပြားသွားတယ်။