Many Lives, Many Memories.

Category: Travel

Camp in US

US က တိုးတက်တဲ့အပိုင်းတွေ ကတော့ ထူးထွေ ပြောနေစရာမလိုပါဘူး။

ပြည်တွင်းစစ်ပြီးကတည်းက  တစ်ခြားနိုင်ငံတွေကိုသာ သွားစစ်တိုက်နေတာ။

သူ့နိုင်ငံထဲမှာ စစ်မဖြစ်တာကြာခဲ့ပြီ။

ဒါကြောင့် သူတို့လုပ်ချင်တဲ့ အရာအားလုံးကို အသေးစိတ်အထိ အေးအေးဆေးလုပ်ခွင့်ရကြတယ်။

ဆောက်လိုက်၊ အာဏာသိမ်းလို့ပျက်လိုက်၊ စစ်ဖြစ်လို့ ပျက်လိုက်ဆိုတာမရှိဘူး။

ဒါကြောင့် များသောအားဖြင့် သူတို့ရဲ့ အဆောက်အအုံတွေတော်တော်များများ ရဲ့ရာဇဝင်က အနည်းဆုံး  ၁၈၀၀ ကျော် ကာလတွေကတည်းကစပြိး အခုထိဒီတိုင်းထားလေ့ရှိတယ်။

ဒီတစ်ခါရေးဖို့စိတ်ဖြစ်တာက

ပြည်နယ်ဥယျာဉ် တွေ ,အမျိုးသားဥယျာဉ် တွေအကြောင်းပါ။

ဒီက ဥယျာဉ်ဆိုတာ ဘလောက်တစ်ခုစာအပြည့် ရှိပြီး​ရေကန်တွေ၊ သစ်ပင်တွေ၊​အနားယူစရာ ပျော်ပွဲစားထိုင်ခုံတန်းတွေပါသလို ကြီးတဲ့အခါ မြို့တစ်ခုစာ ပြည်နယ်တစ်ခုစာအထိ ဥယျာဉ် လို့သတ်မှတ်ထားတာမျိုးလည်းရှိတတ်ပါတယ်။ မနှစ်ကတော့ Yellowstone ကို သွားခဲ့တယ်။ သူက စတုရန်းမိုင် ၃၀၀၀ ကျော် ကျယ်တယ်။

အဲဒီ Park area ထဲစရောက်တာနဲ့ ဖုန်းလိုင်းကမမိတော့ဘူး။ ဘယ်လိုင်းမှ မမိဘူး။

တမင် လိုင်းဖြတ်တောက်ထားသလိုပါပဲ။ အဆက်အသွယ်ဖြတ်နေချင်သူတွေ အတွက်တော့ ကောင်းတာပေါ့။

ပြည်နယ်တော်တော်များများမှာ အဲဒီလို State and National Park တွေရှိကြပါတယ်။

မြန်မာပြည်မှာ Camp သွားတယ်ဆိုရင် Camp ကအဆင်သင့်ထိုးပေးထားတာမျိုး အထိ ရှိပေမယ့်၊ ဒီ က camp တွေသွားရင် မြင်ရမှာက ၁၂ ပေ​၊ ပေ ၃၀ ပတ်လည်ရှိတဲ့ မြေပြင်လေးတစ်ခုပဲ။ သူ့ဆီမှာ မီးမွှေးဖို့ သံစည်ပိုင်းပြတ်လေးကို မြေကြီးထဲတစ်ဝက်စိုက်ထားတာမျိုးပါမယ်။ picnic bench ပါမယ်။ တစ်ခါတစ်လေ ရေကန်အစပ်မှာဖြစ်ရင်ဖြစ်မယ်။ တစ်ခါတစ်လေ တောအုပ်အလယ်မှာဖြစ်ရင်ဖြစ်မယ်။ 

ပေးထားတဲ့နေရာမှာ ကိုယ့်ဘာသာ အိတ်ထဲသယ်လာတဲ့ camp ကို ဆင်ရတာမျိုးပေါ့။

State park တွေမှာ သဘာဝပေါက်တဲ့ သစ်ပင်တွေကို မပြုမပြင်ပဲထားတာမျိုးတွေ့ရမယ်။ အကွက်ကျ စိုက်ထားတာမျိုးလည်းမရှိဘူး။  ဒီကလူတွေက လူ ရွှေ့ပြောင်းတွေကိုသာ လက်ခံတာ၊ 

သူတို့ရဲ့ဒေသ ခံ မျိုးစိတ်အပင်၊အကောင်တွေကို ပြင်ပ က မျိုးစိတ်တွေဝင်ရောက် အစားထိုးမှာကို တော့ အတော် စိုးရိမ်ကြတယ်။ ဒါကြောင့် ဒေသပေါက်ပင်တွေကိုပဲ ရှင်သန်ဖို့ ထားကြတယ်။ ဒီမှာတော့ ဝက်သစ်ချပင်နဲ့ မေပယ်ပင်တွေ အလွန်များတယ်။

မီးတွေဘာတွေ ဖိုဖို့လိုရင် သစ်ကိုင်းခြောက်တွေ လိုက်ကောက်ပြီး ဖိုလို့ရပေမယ့် ချက်ချင်းကုန်တတ်တာကြောင့် ထင်းဝယ်ပြီး ဖိုတာကတော့ ပိုကြာကြာခံပါတယ်။

ထင်းတွေကိုလည်း walmart တို့ဘာတို့မှာ အစည်းလိုက်ရောင်းတယ်။

ဒါပေမယ့် Camp စည်းမျဉ်းတွေထဲမှာ သူတို့ Camp နဲ့ ၁၀မိုင်ပတ်လည်အတွင်းက လာတဲ့ ထင်းကိုပဲ မီးဖိုဖို့အသုံးပြုပါဆိုပြီး ပြောထားတယ်။

Camp Ground တွေက အဲဒီလိုတောအုပ်ပုံစံ သစ်ပင်တွေကြားထဲမှာ ဟို တစ်ကွက် ဒီတစ်ကွက် ရှိတတ်ကြတယ်။ Camp လာထိုးသူတွေက တစ်ချို့ကလည်း ကိုယ်ပိုင်ယူလာတဲ့ Camp တဲလေးပါသလို၊ တစ်ချို့ကလည်း RV လို့ခေါ်တဲ့ Recreational vehicle ၊ ကားအိမ်တွေကို ပါ Camp Ground အထိ မောင်းလာပြီး အဲဒီမှာ စခန်းချကြတယ်။

တစ်ခါတစ်လေ ပါဝါအတွက် ပလက်ပေါက်ပါတဲ့ သံတိုင်လေးတစ်ခုကို Camp Ground ဘေးမှာ ချပေးထားတာမျိုးရှိတယ်။ မိုးရွာရင်လည်းဘာမှမဖြစ်ဘူး။ သူ့ဆီမှာအဖုံးပါတတ်တယ်။

အစားအသောက်တို့ဘာတို့ကတော့ ကိုယ့်ဘာသာ သယ်ရတာများပါတယ်။

 Restroom တို့ ရေချိုးဖို့တို့အတွက်ကတော့ အနီးအနားမှာ တစ်ခုခု ထားပေးတတ်တယ်။

ဒါကြောင့်တောထဲမှာ ကြုံသလို ဖြေရှင်းရတယ်ဆိုတာမျိုးတော့ မရှိတတ်ပါဘူး။

ရေကန်တွေက တစ်ခါတလေ ကန်တော်ကြီးလောက်ရှိတယ်။ တစ်ခါတစ်လေ အင်းယားကန်လောက်။ 

မီဝါကီဘေးက မီချီဂန် ကန်ကြီးကတော့ အတော်ကြီးတယ်။ မိုင်၃၀၀ ကျော်ရှည်ပြီး ၁၁၈ မိုင်လောက် ကျယ်တယ်ဆိုပဲ။ တစ်ခြား ပြည်နယ်တွေမြို့တွေရဲ့ ကမ်းခြေလည်းဖြစ်တယ်။ ဒါကြောင့် ကြည့်လိုက်ရင် ပင်လယ်ကြီးအတိုင်းပဲ။ လှိုင်းလည်းပုတ်တတ်တယ်။

Park တွေထဲကို ကားဝင်ရင် ဝင်ခ ပေးရတယ်။ ခဏခဏ သွားချင်တယ်ဆိုရင် တစ်နှစ်စာပေးတာက ပိုသက်သာတယ်။ ဒေါ်လာ၂၀ လောက်။

Camp ထိုးရင်လည်း Camp ground အတွက် က တစ်ရက်ကို ၂၅ ဝန်းကျင်ကနေ ၃၅ ၊၄၀ အထိ ရှိတတ်တယ်။ ဒီကလူတွေက နွေရာသီ လို ပွင့်လင်းရာသီဆိုရင်လျှောက်သွားတတ်ကြလွန်းလို့များသာအားဖြင့် Booking တွေက ပြည့်နေတတ်တယ်။ 

နည်းနည်းအေးစပြုလာရင်တော့ သူတို့မသွားကြတော့ဘူး။ 

Camp တွေသွားတိုင်း သတိရမိတာက ဟိုး ၉၅ ခုနှစ်၊ ၂၀၀၀ ဝန်းကျင်က ကိုယ့်ဒေသမြို့ကိုပဲ။ ဆောင်းတွေဆို ရာသီဥတုက အေးအေး ၊မြူတွေနဲ့၊​ ကားသံတွေလည်းဆူညံနေတာမရှိ၊​ သစ်ပင်ဝါးပင်တွေကလည်း အလွန်ပေါတဲ့နေရာမျိုး၊ မနက်ခင်းဆို ခြံထဲမှာ မီးဖိုပြီး စောင်ထဲခြုံ၊ အကြော်စား၊ကောက်ညှင်းပေါင်းစား၊ရေနွေးသောက်ရတဲ့အချိန်မျိုးလေး။

အတော် ပြန်သတိရမိပါတယ်။

Yellow Stone သို့တစ်ခေါက်

Camp ထိုးတာကို နှစ်ခါကြုံဖူးတယ်။ အရင်က ထင်ထားတာက camp ထိုးတယ်ဆိုတာ မြို့ပြနဲ့အဝေးကြီး၊ တောအုပ်ကြီးထဲမှာသွားထိုးကြတာလားပေါ့လေ။

တကယ့်တကယ်ကျတော့ အဲဒီလောက်လူတွေနဲ့ အဝေးကြီးမဟုတ်ပြန် ။​Camp ground တွေကို အွန်လိုင်းကနေ ငှားထားလို့ရတယ်။

တောအုပ်ကြီးထဲမှာ camp ထိုးတဲ့သူတွေ နေလို့ရဖို့ ပြင်ဆင်ပေးထားတဲ့ သီးသန့်နေရာပေါ့။ ဒါကြောင့် ကြုံရာနေရာမှာထိုးနေရတာမျိုးတော့မဟုတ်ဘူး။

တကယ့် adventure ကြိုက်တဲ့သူတွေဆိုရင်တော့ ဘယ်သူမှမပြင်ဆင်ပေးထားတဲ့နေရာကို ကိုယ့်ဘာသာ သွားထိုးရင်လည်းရရင်ရမှာပေါ့။

risk တော့ပိုယူရလိမ့်မယ်။

အခုလို ပြင်ဆင်ပေးထားတဲ့နေရာတွေမှာဆိုရင်တော့ ကိုယ့်လိုပဲတခြားလူတွေလည်းမနီးမဝေးမှာရှီနေလိမ့်မယ်။

Yellostone campground ကိုရောက်တော့ ဘေးမှာ အာရှသားမိသားစုတစုလည်းရှီတယ်။ သူတို့ကြည့်ရတာ ဂျပန်တွေနဲ့ပိုတူတယ်။

အဓိကကတော့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်လို့ အဲဒီလို ကောက်ချက်ချမိတာပဲ။

ရောက်ရောက်ချင်းမှာတော့ ကိုယ်နေမယ့် ရွက်ဖျင်တဲလေးတွေကို ကိုယ့်ဘာသာ ပြင်ဆင်ရတယ်။ ရွက်ဖျင်တဲ တခုစာအတွက်အိတ်လေးနဲ့ ထည့်လာတဲ့ စတီးချောင်းတွေ၊ မိုးကာစတွေရှိတယ်။ အဲဒါတွေကို ထုတ်ဆင်ရတာ ပျော်ဖို့ကောင်းသလို စိတ်ညစ်ဖို့လည်းကောင်းပါတယ်။

လုပ်တတ်သွားရင်တော့ တော်တော်မြန်မြန် နဲ့ တဲတလုံးဆောက်လို့ပြီးတယ်။

မြင်ဖူးတဲ့ ရွက်ဖျင်တဲတွေကသေးသေးလေးတွေ၊​ အဲဒီ campround မှာတော့ ဖျင်တဲ အကြီးကြီးတွေကိုပါ ဆောက်ထားကြတာတွေ့တယ်။

မိုးရွာတဲ့တောတွေထဲမှာ ဆိုအဆင်ပြေတာပေါ့။ သယ်ရတာလည်းလွယ်တယ်လေ။

ကိုယ်တွေဖျင်တဲကတော့ တယောက်စာ အိပ်စရာလေးပဲပါတဲ့ tent သေးသေးလေးတွေပါ။

ဒါကြောင့် အိပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ မီးပုံဘေးနားနဲ့ တခြားနေရာတွေမှာပဲ။

sleeping bag တွေက လည်း အလွယ်တကူသယ်လို့ရတဲ့ အိတ်တလုံးနဲ့လာလေ့ရှိတယ်။

အဲဒီ bag ထဲဝင်နေရင် စောင်လည်းမလိုသလို ၊​နွေးလည်းအတော်နွေးတယ်။

စအိပ်ခါစကတော့ ကျဉ်းကျဉ်းကျပ်ကျပ်မနေတတ်ပေမယ့် နောက်တော့ ကွေးအိပ်လို့ရလောက်အောင်တောင်ကျယ်တယ်။

ခေါင်းအုံးမပါခဲ့တော့ ကိုယ့်လက်ကိုယ် ခံအိပ်ရင်းကနေ နောက်နေ့မနက်ကျ လက်တွေနာ၊​ကျောတွေနာတာတော့ နည်းနည်းပါးပါးရှိတာပေါ့။

မြို့ပေါ်ပဲနေခဲ့တဲ့ မောင်နုတွေကိုး။

မနက်ခင်းဆိုရင် ကိုယ်ထတဲ့အချိန်က သိပ်လည်းမစော၊​သိပ်လည်းနောက်ကျလေ့မရှိပါဘူး။

သူများတွေထက် အစောမနိုးရင်တောင် နောက်ဆုံးမှ ထတဲ့သူတော့လည်းမဟုတ်ဘူး။

နေရောင်ကတော့ စထွက်စပြုနေပြီ၊ စောနိုးတဲ့သူတွေက မီးဖို ထဖိုရတယ်။ ရေနွေးတွေဘာတွေ တည်ထား ၊​ကော်ဖီတွေဖျော်ထားပေါ့လေ။

နေသိပ်မမြင့်ခင်အချိန်ထိက တောထဲမှာ အပင်တွေကြည့်ဆိုတော့ တော်တော်ကိုအေးသေးတယ်။

ဒါကြောင့်မီးလှုံ ၊​ကော်ဖီပူလေးသောက်မှ နေသာထိုင်သာရှိတယ်။

နောက်တော့အားလုံးထလာတဲ့အချိန် မနက်စာစားပြီးတော့ ဒီနေ့သွားမယ့်ခရီးစဉ်ကိုစဉ်းစားကြတယ်။

ပစ္စည်းတွေအားလုံးကိုတော့ တချို့ဟာတွေ tent ထဲထားခဲ့ပြီး တချို့ကို ကားနဲ့ပဲသယ်လာခဲ့ကြတယ်။

ဒီနားတဝိုက်မှာ ဝက်ဝံတွေက အစားအသောက်တွေကိုလာဆွဲလေ့ရှိတဲ့အတွက် အပြင်မှာမထားခဲ့ဖို့ ညွှန်ကြားထားတာရှိတယ်။

ကားလေးနဲ့ ကမ့်ထဲကထွက်လာပြီး လမ်းပေါ်ရောက်ပြီး သိပ်မကြာဘူး လမ်းဘေးမှာ လက်မလေးထောင်ပြီး ကားတားနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး၃ယောက်တွေ့တယ်။

သူတို့က ကားကြုံစီးချင်လို့ဆိုတဲ့အတွက် လွတ်တဲ့နေရာပေးပြီးကားပေါ်ခေါ်တင်ခဲ့တယ်။ စကားမပြောမိဘူး ၊ အစက အမေရိကန်ထင်တာ၊​နောက်မှ သူတို့က ဂျာမန်တွေတဲ့။

သူတို့ကို လမ်းမှာပြန်ချပေးခဲ့ပြီး. ကိုယ့်ဘာသာ ဆက်ပြီးခရီးထွက်လာကြတယ်။

စစဆုံး မြင်တဲ့နေရာကတော့ မြင်သာအောင်ပြရင် နဂါးပွက်တောင်လိုပဲ။ ဓာတ်ပုံတွေထဲအရမ်းလှတယ်။

ဒါပေမယ့် အပြင်မှာ ပူလွန်း၊ ခေါင်လွန်းတာကြောင့် သိပ် အလှအပကိုမခံစားနိုင်ဘူး။

သူတို့တွေကတော့ နေပူကျဲကျဲထဲမှာ ဘာမှ​အကာအကွယ်မပါပဲ အဲဒီရေတွေဆူပြီး ပန်းထွက်တာကို စောင့်နေကြတယ်။

ထုံးဓာတ်ကြောင့်ပွက်နေသလိုပဲ။ အရောင်မျိုးစုံထွက်တဲ့အတွက် အတော်လှပါတယ်။

အဲဒီနယ်တဝိုက်ကို ပတ်ကြည့်လို့ရဖို့အတွက် လျှောက်လမ်းတံတားတွေလုပ်ပေးထားပြီး အဲဒီပေါ်ကပဲ သွားခွင့်ပြုတယ်။

အောက်ကိုပေးမဆင်းဘူး၊ အောက်မှာ ဂလိုင်တွေရှိတဲ့အတွက် အန္တရာယ်ရှိကြောင်း ပြောထားတယ်။

အပြန်မှာတော့ heat exhaustion ရနေတယ်။ အရေပြားပေါ်က နေထိတဲ့နေရာတိုင်းဟာ ပူကျစ်ပြီး ချွေးလည်းတစ်စက်မှ မထွက်ပဲ . အပူချိန်မြင့်မားတာကိုခံစားရတယ်။

တခြားသူတွေ သွားနေချိန်မှာ ကားထဲပဲနေခဲ့ပြီးတော့ အနားယူနေတော့တယ်။

နောက်ထပ် ရေတံခွန်တွေ၊ တောင်ကြားကနေ စီးဆင်းနေတဲ့ မြစ်တွေဆီကို အပေါ်ကမြင်ရတဲ့နေရာတွေဆီ ရောက်တယ်။ မြင်ကွင်းတိုင်းဟာ သဘာဝအတိုင်းပဲ ။

အဲဒိရှုခင်းကိုပဲ view point ပေါင်းစုံကနေမြင်နိုင်အောင် ပြင်ဆင်ပေးထားကြတယ်။

လမ်းမှာ bison လို့ခေါ်တဲ့ ပြောင်လိုအကောင်တွေကို ကြည့်ဖို့ လမ်းပေါ်မှာ ကားတွေပိတ်နေတယ်။

အဲဒီနေရာက သူတို့စားကျက်လိုမျိုး ထင်ရတယ်။

အချို့ဆိုရင်မှန်ပြောင်းကြီးတွေနဲ့ ကြည့်ကြတယ်။

bison ကတော့ yellowstone မှာ မင်းသားကြီးပဲ။

လမ်းပေါ်မှာလည်း ကားတွေကြားထဲ ဘယ်သူ့မှဂရုမစိုက်ပဲသွားရင်သွားနေတယ်။

လူတွေကို ပုံမှန်အားဖြင့်တော့ရန်မလုပ်ပါဘူး။ တအားမျက်စိနောက်ရင်တော့ လုပ်တဲ့သတင်းတွေလည်းရှိတယ်။

နေစကျချိန်လေးမှာ အပူချိန်လျော့ပြီး အအေးဓာတ်က သိသိသာသာ ကဲလာတယ်။

အဲပြန်လမ်းမှာ နောက်ထပ်အရမ်းလှတဲ့ ရှုခင်းတစ်ခုဆီကို ရောက်တယ်။

ဘေးက သူငယ်ချင်းက ပြောတယ်​ .. ဒီနေရာမှာ အဖွဲ့ထဲပါလာတဲ့ တစ်ယောက်က သူ့ကောင်မလေးကို propose လုပ်လိမ့်မယ်တဲ့။

video ရိုက်ပေးထားပါလားဆိုတော့ ..ကိုယ်တွေကလည်း ဒါမျိုးဆို တအားကူညီချင်တာလေ.. ရိုက်ပေးတာပေါ့။

အဲဒီနားမှာတောင်ကုန်းလေးရှိတယ်။ နောက်မှာ ရေကန်ကြီးနဲ့ . နေဝင်ချိန်က ရေကန်ထဲကိုဝင်သွားတာ ၊ ဘေးမှာ ဘာမှန်းမသိတဲ့ပန်းပင်တွေ အများကြီးပဲ။

ဖြစ်ချင်တော့ secret လုပ်တာလွန်သွားပြီး အဖွဲ့ထဲက တချို့က မသိကြဘူး။ ခပ်ဝေးဝေးမှာရောက်နေတယ်။ နောက်မှလိုက်လာခဲ့တဲ့ အချိန်ကျတော့ သူတို့က တကယ့် ဇာတ်ရှိန်အတက်ဆုံးအချိန်ကိုကျော်သွားပြီ။

သူတို့အတွဲက တွဲလာခဲ့တာ ၁၀နှစ်ရှိပြီ ပြောတယ်။ ကောင်လေးက အရင် စကော်လာနဲ့ဒီကိုရောက်လာခဲ့ပြီး ကောင်မလေးက တစ်နှစ်အကြာမှာ စကော်လာနဲ့ ပဲ ဒီကိုရောက်လာခဲ့တယ်။

တစ်နှစ်ကြာ ဝေးနေခဲ့ပြီးတဲ့နောက် သူတို့က တနေရာတည်းမှာ အတူတူပြန်ဆုံသွားကြပြီ။ နောက် ပြီးတော့ ဒီ yellowstone က သူတို့ရဲ့ အိပ်မက်ထဲက နေရာတစ်ခုပဲလို့ပြောတယ်။

ဒီနေရာမှာ propose လုပ်မယ်ဆိုတဲ့စိတ်ကို ဟိုးအရင်တည်းကရှိခဲ့တာလို့ ပြန်ပြောပြတယ်။

သူတို့အတွဲကြည့်ရတာ အားကျစရာပါ။ ဆုံဆည်းဖို့ ဖြစ်လာရင် ကံကြမ္မာက မဖြစ်ဖြစ်အောင် ဖန်တီးပေးတဲ့အခါတွေ ရှိတတ်တာပဲလို့ တွေးမိတယ်။

အပြန်လမ်းဟာ ပြုံးပျော်ကြလို့။ နေလည်းဝင်ပြီးလို့ လမ်းဘေးတလျှောက်လုံးမှာမြင်နေရတဲ့ ရေကန်ကြီးကလည်း ပုဇွန်ဆီရောင်သမ်းနေပြီ။

ကားခဏရပ်လို့ ခဏ ရေထဲဆင်းကြတယ်။

အောက်ကကျောက်ခဲတွေနဲ့ ချွန်ပြီး ရေကအေးစက်လို့နေတာ၊ ရေအေးအေးနဲ့မျက်နှာသစ်လိုက်တော့ အတန်ငယ် လန်းသွားတယ်။

ကဗျာ ချစ်တဲ့သူနှစ်ယောက်ကတော့ ကန်ရေပြင်ကြီးကို ကြည့်ပြီး ကဗျာရွတ်နေကြတယ်။

ငါကတော့ ကဗျာလည်းမရွတ်တတ်ဘူး၊ ဘာမှလည်းမပြောတတ်တဲ့အတွက် ရှုခင်းကို အမြင်နဲ့ပဲ ရှု့ပြီး. အသက်ကို ပြင်းပြင်းရှုပြီး ပြန်ရှိုက်ထုတ်လိုက်တယ်။

ပြုံးတော့ပြုံးမိနေမှာပဲ..

Aug 17 2022

YellowStone

Arthur

To the Europe

ဒီနေ့ကတိတိကျကျပြောရရင်တော့ စပိန်ကိုရောက်တဲ့၇ရက်မြောက်နေ့ပေါ့၊ အခုတော့ ဘာစီလိုနားကနေ ဗလန်စီယာကို ပြန်တဲ့ ရထားပေါ်မှာ.၃နာရီလောက်ပဲမောင်းတယ်ထင်တယ်။ဥရောပမှာ ၇ရက်မြောက်ကြာပြီးတဲ့နောက်မှာ .. တွေးမိတဲ့အတွေးတွေလည်းအများကြီးပေါ့။ဒီမှာ အကြာကြီးလိုပဲခံစားမိတယ်။ ဥရောပမြေကို စနင်းမိတာကတော့ ဖရန့်ဖု လေဆိပ်ကနေစတာပေါ့ ၊ ဂျာမန်တွေဟာ ထင်သလောက်မဖော်ရွေပါလားလို့ သိခဲ့တယ်။သူတို့က နည်းနည်းပါးပါးမေးရင်တောင် လေသံပြတ်နဲ့ဖြေလေ့ရှိတယ်။

၁၃ရက်နေ့မနက်စောစော ဖရန့်ဖုကို အရင်စရောက်တယ်။ မနက်ခင်း မိုးတောင်မလင်းသေးဘူး။ ဘန်ကောက်ကနေ ၁၂ နာရီလောက် လေယာဉ်စီးခဲ့ရတယ်။ဥရောပရဲ့ အေးစိမ့်စိမ့် ရာသီဥတု ကို ဂျာမနီ အရောက်မှာ စတင်ထိတွေ့မိခဲ့တယ်။ မြင်မြင်သမျှ မျက်နှာဖြူများကြည့်သာပဲ။ အာရှမျက်နှာတွေ့ရတာနည်းတယ်။ တွေ့မိရင်တောင် အရှေ့အာရှဖြစ်တဲ့ .. ကိုရီးယားတို့ တရုတ်တို့ ၊ ရုပ်မျိုးတွေများတယ်။ ကိုယ်တွေလိုမျိုးအရှေ့တောင်အာရှ ရုပ်သိပ်မပါဘူး။လူဝင်မှုကြီးကြပ်ရေးကို ဖြတ်တော့ ကိုယ့်ကိုယ် ပေါ်မှာ တစ်ခုခုတွေ့တယ် ဆိုပြီး နှစ်ခါစစ်တယ်။ အဲဒါက ဂျာမနီမှာပေါ့။ဂျာမနီကနေ စပိန်နိုင်ငံ ဗလန်စီယာကို သွားတဲ့လေယာဉ်က ပြည်တွင်းလေကြောင်းလိုင်းလို ခပ်သေးသေးပါပဲ. မကြာမီမှာပင်လယ်ကမ်းစပ်က ဗလန်စီယာမြို့ကို ရောက်ခဲ့တယ်။ ဗလန်စီယာ လေဆိပ်ကနေ ထွက်မယ်လုပ်တော့ .လုံခြုံရေးက အိတ်တွေကို နောက်တစ်ခါ အိစ်ရေးဖြတ်ခိုင်းတယ်။တစ်စီးလုံးမှာမှ ကိုယ်တွေ အာရှရုပ် ပေါက်တဲ့သူကို ပဲ စစ်တာဆိုတော့ နည်းနည်းတော့ တင်းမိတာပေါ့လေ.

ကိုယ်တွေ က မက်ထရို ရထားလိုင်း စီးမယ် ကြံပေမယ့် အဖော်တွေ့တဲ့တစ်ယောက်က တက်စီစီးသွားမယ်ဆိုတာနဲ့..တက်စီဖြစ်သွားတယ်။ ဟိုတယ်ကိုရောက်တော့ တက်စီ ခက ၃၀ ယူရိုကျတယ်။ တစ်ကယ်ဆို ၁၅ ယူရိုပဲကျတဲ့လမ်းပါ။ကျန်တဲ့ အလုပ်နဲ့ဆိုင်တဲ့အပိုင်းတွေကတော့ ထားပါတော့။  

Valencia , Spain

ဗလန်စီယာမြို့လေးအကြောင်းကို အရင်ပြောတော့မယ်။ စရောက်ရောက်ချင်းနေ့မှာပဲ ခဏနားပြီး. အပြင်ကို လမ်းလျှောက်ထွက်ခဲ့မိတယ်။ ရာသီဥတုကအေးမြနေတယ်။ ညနေခင်း နေဝင်ခါစအချိန်ပဲ. လမ်းပေါ်မှာ လူသွားလူလာသိပ်မများလှဘူး။ ချစ်စရာကော်ဖီဆိုင်လေးတွေိကိုတွေ့တယ်။ ဈေးသိပ်မကြီးတာကို ပတ်ရှာနေမိတယ်။  လမ်းတွေကိုမသွားတတ်သေးဘူး ။ ဖုန်းနဲ့ ဂျီပီအက်စ် ကြည့်သွားတာကိုပဲ လည်နေတယ်။ ဒါကြောင့် တည်းတဲ့နေရာနဲ့ မနီးမဝေးကိုပဲသွားကြည့်မိတယ်။  လမ်းပေါ်မှာ ကျိုးပဲ့နေတဲ့ပလက်ဖောင်းဆိုတာမရှိဘူး။ လမ်းထောင့်တစ်ဖြတ်စီမှာ လူကူးမျဉ်းကြားရှိတယ်။ တစ်လမ်းမောင်း လမ်းသေးသေးလေးတွေမှာတောင် လမ်းထိပ်မှာ လူကူးမျဉ်းကြားရှိတယ်။ လူကူးမျဉ်းကြားပေါ်က ကူးရင်.. ယာဉ်တိုင်းရပ်ပေးတယ်။ တစ်ခါတစ်လေ မီးပွိုင့်မရှိဘူး။ ကိုယ် ကယာဉ်တွေ အဆက်မပြတ်သွားနေလို့ မကူးသေးပဲစောင့်နေတယ်။သူတို့က ကိုယ့်ကို ပြန်စောင့်တယ်။ နောက်ဆုံး ဖြတ်ကူးဖို့ လက်ပြတော့မှပဲ  ကူးမိတော့တယ်။

နောက်တစ်ခုကတော့ တက်စီ တွေအကြောင်းပြောချင်တယ်။တက်စီတွေကို များသောအားဖြင့် လမ်းလည်ကောင်မှာ လက်တားပြီးငှားလို့မရဘူး။ လမ်းထောင့်တွေမှာ တက်စီစတန်းတွေ ရှိတယ်။သူတို့ဆီကိုသွားငှားရတယ်။ အလှည့်ကျနဲ့ ထွက်ကြတယ်။ ခါးပတ်ကို နောက်ကလိုက်တဲ့သူလည်း ပတ်ရတယ်။တက်စီစတန်းလိုပဲ စက်ဘီးစတန်းတွေလဲရှိတယ်။ စက်ဘီးတွေက ခေါက်လို့ရတဲ့ စက်ဘီးလေးတွေများတယ်။အချို့ဆိုသေးသေးလေးတွေ၊ သူတို့တွေကိုလဲ ကတ်နဲ့ငှားလို့ရတယ်။  ကျွန်တော်တော့ စက်ဘီးမစီးဖြစ်ခဲ့ဘူး။နောက်ပြီးတော်တော်များများ စကိတ်စီးကြတယ်။ လမ်းတွေကလည်း အပေါက်အပြဲကင်းတော့ စကိတ်စီးလို့ရတာပေါ့။ စက်ဘီးအပြင် စကူတာတွေလည်းစီးကြတယ်။ ဒီမှာတော့ ကားတွေက ညာမောင်းကြတာပါပဲ၊ တစ်ခုပဲအထူးအဆန်းဖြစ်နေတာက Traffic ကို သိပ်မတွေ့ရတာပဲ။များသော အားဖြင့်လမ်းတွေက ချောင်နေကြတယ်။ ဘက်စ်ကားတွေ အများကြီးလည်းမတွေ့ရဘူး. တက်စီလည်းတူတူပဲ။ကြည့်ရတာတော့ ကိုယ်ပိုင်ကားလည်းနည်းသလို. လမ်းလျှောက်သူ၊ စက်ဘီ:စီးသူ၊ ရထားစီးသူတွေ အားလုံး အချိုးကျနေလို့ပဲလို့ထင်တယ်။သေချာတာကတော ရန်ကုန်မှာလို တစ်နေရာတည်း ပြွတ်သိပ်ကြပ်ညှပ်နေတာမမြင်ခဲ့ဘူး။ပြီးတော့ မျက်စိနောက်လောက်စရာ ကြော်ငြာဆိုင်းဘုတ်တွေလည်းမတွေ့ဘူး။လမ်းလယ်မှာကပ်ထားတဲ့ ကြော်ငြာဆိုတာကိုရှာမတွေ့တာ။ဆိုင်အားလုံးဟာ ဆိုင်းဘုတ်တွေကအစ တညီတည်းဖြစ်နေတယ်။
နောက်တစ်ခု ကတော့ .ဓာတ်တိုင်တွေမှာ မီးကြိုးတွေ တန်းလန်းဖြစ်နေတာကို မတွေ့ခဲ့ရတာပါ.။ဘယ်နားသွားသွား မီးကြိုးတွေပေါ်နေတယ်ဆိုတာကို မတွေ့ခဲ့ဘူး။

ဗလန်စီယာ ရဲ့ကမ်းခြေဘက်ကိုလည်းရောက်ခဲ့သေးတယ်။အစကတော့ ရန်ကုန်မြစ်နဲ့ယှဉ်ပြီး ဘာကြောင့် ရေတွေဒီလောက်ပြာနေတာလည်း စဉ်းစားနေတာ၊ ရန်ကုန်ကျတော့ မြစ်ဖြစ်ပြီး ဒီမှာ ကျတော့ ပင်လယ်နဲ့ တစ်ဆက်တည်း ဖြစ်နေတာကို၊  ရေနက်ဆိပ်ကမ်း လို့ပြောလို့ရမယ်ထင်တယ်။ထားဝယ်ရေနက်ဆိပ်ကမ်းပြီးရင်ကော ဒီလိုမြို့လေးဖြစ်လာနိုင်မလားလို့စိတ်ကူးယဉ်နေမိတယ်။

ဘာစီလိုနာသို့

၁၇ ရက်နေ့မှာတော့ ဗလန်စီယာကနေ ဘာစီလိုနားကို ရထားနဲ့ထွက်ခဲ့တယ်၊ ဘူတာ ကို မြေပုံပေါ်မှာ ကြည့်လိုက်တော့ သိပ်မဝေးပေမယ့် . လမ်းလျှောက်သွားရင် ၄၅ မိနစ်လောက်ကြာမှာရယ် .အိတ်ကြီးလည်းပါလို့. တက်စီပဲငှားလိုက်တယ်။ဘူတာထဲရောက်တော့.. ဘယ်ကိုသွားရမလဲဆိုတာမသိဘူး။ ဒီလိုပဲတွေ့တဲ့သူတိုင်းကို လက်မှတ်ပြပြီး .မေးရင်းကနေ နောက်ဆုံးရထားပေါ်ရောက်သွားတယ်။ရထားကတော့အမြန်ရထားပါပဲ ။ ထုံးစံအတိုင်း ရန်ကုန်မန္တလေး ရထားလိုတော့ဘယ်ဟုတ်မလဲ။ အခုဒီစာကို အေးအေးဆေးဆေးရေးလို့ရတဲ့ အထိ ငြိမ်နေတယ်။ ရထားထဲမှာတော့အပြင်လို့မဟုတ်၊ နည်းနည်းနွေးနေတယ်။ အနွေးထည်တောင်ဝတ်စရာမလိုဘူး။မှန်နားကျတဲ့အတွက် စိတ်တိုင်းကျ .အပြင်ရှုခင်းကို ကြည့်လို့ရတယ်.

ဘာစီလိုနားကော ဗလန်စီယာကော နှစ်ခုလုံး ကမ်းစပ်မြို့တွေ ဖြစ်တဲ့အတွက် ..ရထားလမ်းကလည်း ပင်လယ်ဘေးမှာ ရှိတယ်။ ရထားစီးရင်းကိုယ့်ရဲ့ညာဘက် မှာ ပင်လယ်ကြီးမြင်ရတာ တော့ပထမဆုံးအတွေ့အကြုံပါပဲ။မြို့သေးသေးလေးတွေ ဖြတ်သွားတယ်။ များသော အားဖြင့် မြို့သေးသေးလေးဆိုပေမယ့် .. သပ်သပ်ရပ်ရပ်တွေကြည့်ပါပဲ။နောက်ဆုံးတော့ဘာစီလိုနာ ဆန့် ဘူတာရုံကိုရောက်သွားတယ်။ ဘူတာရုံက တော်တော်ကြီးတယ်။အထဲမှာ စားသောက်ဆိုင်တွေလည်းများတယ်။ ကော်ဖီစက်တွေ၊ အချိုရည်ရောင်းတဲ့စက်တွေလည်းရှိတယ်။ အကြွေစေ့ နဲ့ မဟုတ်တော့ ဘယ်လို လုပ်ရမလဲမသိတာရယ်။ စျေးကလည်း အပြင်ထက်များနေတာရယ်ကြောင့် ခဏပဲ ရပ်ကြည့်ပြီး မဝယ်ပဲထွက်လာခဲ့တယ်။ရုတ်တရက် ဆိုတော့ ထွက်ပေါက် က ဘယ်နားမှန်းမသိဘူး။ ဘူတာရုံမှာ လာကြိုနေကြတဲ့သူတွေကိုလည်း အများကြီးပဲတွေ့ရတယ်။ဘူတာအပြင်ရောက်တော့. ရာသီဥုတုက ပြန်အေးလာတယ်။

ဖုန်းရဲ့ ဂျီပီအက်စ် ကို ဖွင့်ကြည့်တော့ ကိုယ် Airbnb က ငှားထားတဲ့နေရာနဲ့ သိပ်မဝေးဘူး။ လမ်းလျှောက်သွားလို့ရတယ်။ လက်ဂေ့ဂျ်ကြီးနဲ့ တစ်ဖက်က ဖုန်းဂျီပီအက်စ်ကိုဖွင့်ပြီးသွားရာက နေ..ခဏ နေတော့ နေမယ့်နေရာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်။များသော အားဖြင့် ဟိုတယ်ဈေးတွေက အနည်းဆုံး ၄၀ ယူရိုလောက်ရှိတယ်။၇သောင်းလောက်ပေါ့။ ကိုယ်တွေကတော့ အလကားနေရင်း တစ်ညအိပ်ဖို့ အဲဒီလောက် အကုန်မခံနိုင်ဘူးတွေးတယ်။ ဒါကြောင့် aribnb ကသက်သာတဲ့နေရာတွေရှာပြီးငှားထားလိုက်တယ်။

ကိုယ့်ရဲ့အိမ်ရှင်က ကက်ရှ် မနီးယားက တဲ့။အိန္ဒိယ ပါကင်စတန် နယ်စပ်နားပေါ့။  သဘောတော်တော်ကောင်းပါတယ်။ သူက ကိုယ့်အခန်းသော့ နဲ့အိမ်သော့ကိုပေးပြီးကြိုက်သလိုနေ .ကြိုက်တဲ့အချိန်ပြန်လာလို့ပြောတယ်။ ခဏနားပြီးတာနဲ့လွယ်အိတ်ကောက်လွယ်ပြီး အပြင်ပြန်ထွက်ခဲ့တယ်။အင်တာနက်လိုင်း ကတော့ ၁မီဂါဘိုက်ပါ စက္ကန့်တက်တယ်။ဒါကြောင့် လိုအပ်မယ်ထင်တဲ့ အက်ပ် တွေကို ဒေါင်းလုတ်ဆွဲထားတယ်။ မြေပုံ ၊ဘပ်စ်ကားနဲ့ ၊ ရထား အက်ပ်တွေပေါ့။ကိုယ်သွားချင်တဲ့နေရာကလမ်းလျှောက်ရင်တော်တော်လျှောက်ရမှာဖြစ်တဲ့အတွက်. .မြေအောက်ရထားစီးမယ်လို့ကြံလိုက်တယ်။အနီးဆုံး မြေအောက်ရထားကိုတော့ မြေပုံပေါ်မှာပဲ ရှာတွေ့ပါတယ်။ ထုံးစံအတိုင်း navigation ဖွင့်ပြီးသွားပေါ့။ ဂူဂယ်ရဲ့ navigation ကိသိပ်မကောင်းဘူး။ အခြား offline ပါရတဲ့ appတွေရှိတယ်။

မြေအောက်ရထားစီးဖို့လုပ်တော့ လက်မှတ်ကိုအလိုလျောက်ထုတ်ပေးတဲ့စက်တွေပဲရှိတယ်။ ဗီဇာကတ်နဲ့ဝယ်တာ ဝယ်လို့မရဘူး.ဘာမှားနေလဲမသိဘူး။ ဒါကြောင့် ၁၀ ယူရိုတစ်ရွက်ထည့်လိုက်တော့ လက်မှတ်တစ်စောင်ထုတ်ပေးတယ်။ သူ့ကို တီ၁၀ လက်မှတ်လို့ခေါ်တယ်။ ပုံမှန်ဆို ရထား၊ ဘပ်စ် တစ်ခါစီးရင် ၂ယူရိုလောက်ကျတယ်။တီ၁၀ လက်မှတ်က တော့ မြေအောက်ရထား၊ ဘပ်စ် တွေအားလုံးကို ၁၀ကြိမ်စီးလို့ရတယ်။လက်မှတ်ရပြန်တော့ လည်း ဘူတာထဲဝင်ဖို့ တံခါးပွင့်အောင် မဖွင့်တတ်ဘူး။ ဒါကြောင့် တစ်ယောက်ယောက်လာတဲ့အထိစောင့်ပြီးတော့မှ .ဘယ်လိုလုပ်ရလဲ မေးရတယ်။ရထားထဲရောက်ပြန်တော့ ..ကိုယ်ရထားမှားစီးတာကိုမသိဘူး။ သွားရမယ့်နေရာနဲ့ဆန့်ကျင်ဘက်ပါသွားတယ်။ဘယ်လိုသိလဲဆိုတော့ ..အသံနဲ့ကြေငြာပေးတဲ့အပြင်.. လက်ရှိရောက်နေတဲ့နေရာကို လမ်းကြောင်းပေါ်မှာမီးလေးလင်းပြီးပြတယ်။မှားမှန်းသိတာနဲ့ နောက်ဘူတာရောက်တာနဲ့ ဆင်းပြီး နောက်တစ်စီးစီးဖို့စောင့်တယ်။တော်တော်များများက နားကြပ်တွေတပ်ထားကြတာနဲ့ ..ဘယ်သူ့မေးရမှန်းမသိဖြစ်တာနဲ့ .. ရထားပေါ်မှာ တယောထိုးတဲ့ လူကို မေးပြီး စီးလိုက်တယ်။သိပ်မကြာခင်မှာပဲ.. ကိုယ်သွားချင်တဲ့ဘူတာကိုရောက်သွားတယ်။

 ထွက်ပေါက်ရှာတာတော့သိပ်မခက်ခဲပါဘူး။ လူအုပ်ကြီးနဲ့လိုက်သွားလိုက်တာ ။ အဆင်ပြေသွားတာပဲ။နောက်တော့ လမ်းလျှောက်ရတဲ့အလှည့်ပေါ့၊ လမ်းကတော်တော်ကိုလျှောက်ရတယ်။ ရာသီဥတုအေးလို့ .. မမောဘူး။ချွေးမထွက်ဘူး။ ပလက်ဖောင်းကျဉ်းကျဉ်းလေးတွေမဟုတ်တဲ့ အတွက်လည်း တစ်ယောက်နဲ့တစ်ယောက် ရှောင်နေရတာမျိုးမရှိဘူး။

Makers of Barcelona ကိုသွားလည်ခဲ့တယ်။ သူ့ရဲ့ Founder က Cecilia Tham  လို့ခေါ်တယ်။ဟားဗက် ဘွဲ့ရတစ်ယောက်ပဲ။ သူကပြောတယ်။ သူမရဲ့ မိဘတွေက ဗမာပြည်မှာမွေးတဲ့တရုတ်တွေတဲ့။ ၁၉၇၀ လောက်မှာ ဟောင်ကောင်ကို ပြောင်းလာခဲ့တာ၊ အဲဒီနောက်မှ အခု စပိန်မှာအခြေချနေတာဆိုပဲ။Ted talkမှာကြည့်ရင် သူမ ပြောထားတဲ့ဗီဒီယိုတစ်ချို့ရှိတယ်။MOBမှာသိပ်ကြာကြာမနေဖြစ်ခဲ့ပါဘူး။ ခဏပဲရောက် ၊ ပတ်ကြည့်၊ စကားနည်းနည်းပြောပြီ:ပြန်လာခဲ့တယ်။အဲဒီနောက်မှာတော့. ဘာစီလိုနားရယ် ကိုယ်ရယ်နှစ်ယောက်ထဲပဲ ရှိတော့တာပေါ့.။T10 Ticket ဝယ်ထားလို့ .ဘပ်စ်ကားဖြစ်ဖြစ် မြေအောက်ရထားဖြစ်ဖြစ် စီးလို့ရပေမယ့် .. အလျင်စလိုသွားစရာမလိုတဲ့အတွက် .. လမ်းလျှောက်ပြီးပဲ အိမ်ပြန်ဖို့ စဉ်းစားလိုက်တယ်။
လမ်းကို ပုံမှန်လောက်ပဲ လျှောက်ပြီး မြို့ထဲ ကလမ်းတွေကိုပတ်ကြည့်တယ်။ အရင်ကလို လမ်းပျောက်မှာမကြောက်တော့ ဘူးGPS  ကိုကောင်းကောင်းသုံးတတ်ပြီး ဖုန်းကလည်း အင်တာနက်အဆက်မပြတ်ရနေတာဆိုတော့ သိပ်မစိုးရိမ်မိဘူး။စပိန်ကမြို့ခံတွေကတော့ အလစ်သမားတွေပေါတယ်။ အိတ်ကို ဂရုစိုက်လို့ပြောတယ်။ 
မြို့ထဲကလမ်းတွေက.. ကားတွေနဲ့ပြွတ်သိပ်ကြပ်ညှပ်နေတာမဟုတ်ဘူး။တစ်လမ်းမောင်း လမ်းမကြီးနှစ်ခုက ဘယ်ညာမှာရှိတဲ့အပြင် အလယ်တစ်လျှောက်လုံးမှာက ပန်းဥယျာဉ်ကြီးကြည့်ပဲ။  လျှောက်သွားလိုက်.. တစ်ခါတစ်လေ ..အဲဒီ ဥယျဉ်ထဲက ခုံပေါ်ထိုင်လိုက်နဲ့ပေါ့၊သူတို့လမ်းလျှောက်ကြလို့လားမသိဘူး.။ တော်တော်များများ .. ပုံပျက်ပန်းပျက်ဝနေတယ်ဆိုတာမရှိဘူး။ အားလုံး ကျစ်ကျစ်လစ်လစ်တွေကြည့်ပဲ၊ တစ်ခါတစ်လေသွားရင်းလာရင်းမကြာ မကြာ တွေ့မိတာကတော့.. တစ်ကိုယ်တည်း စက်တပ်ထားတဲ့ ဝှီးချဲလေးနဲ့သွားနေသူတွေ .. အချို့ကတော့.. ချိုင်းထောက်နဲ့သွားနေသူတွေ… မျက်စိမမြင်ပဲ.. တုတ်လေးတစ်ရမ်းရမ်းနဲ့သွားနေသူ .. ခွေးလေးကိုကြိုးနဲ့ဆွဲပြီး လမ်းလျှောက်နေတဲ့ အမြင်အာရုံချို့ယွင်းသူတွေ..ကိုယ်တွေတစ်သက်လုံး.. Disabled အတွက် ကို စဉ်းစားရကောင်းမှန်းမသိခဲ့ပေမယ့်.သူတို့ဆီမှာ ..Disable accessible ဖြစ်တဲ့နေရာတွေအများကြီးပဲ.. ကော်ဖီဆိုင်သေးသေးလေးမှာတောင်.. Disable အတွက်သီးသန့်.. toilet ရှိတယ်။ ကျွန်တော်တို့ဆီမှာ.. အိမ်မှာပဲနေလိမ့်မယ်လို့ ယူဆထားသူ.. အဖိုးကြီးအဖွားကြီးတွေ..၊ မသန်မစွမ်းတွေ အားလုံး.. လမ်းပေါ်မှာ မြင်ရတဲ့အတွက် ..အထူးအဆန်းကြီးတစ်ခုလိုဖြစ်နေတယ်။အချို့ဆို တုန်ချိတုန်ချိ နဲ့ ..လမ်းလျှောက်ရင် ကူတဲ့ လေးချောင်းထောက် ခုံလေးနဲ့ မျဉ်းကြားကနေကူးနေကြတယ်လည်းတွေ့တယ်။အချို့ကျတော့. ကလေးတွေကို တွန်းလှည်းထဲထည့်ပြီး.. လမ်းလျှောက်နေကြတယ်။
အချို့နေရာတွေ အဆောက်အဦးအသစ်ဆောက်နေတယ်။ တစ်ခုသဘောကျသွားတာကတော့ တစ်ခုခုပြုတ်ကျရင် ခေါင်းပေါ် မကျအောင် လို့ လူသွားလမ်းပလပ်ဖောင်းပေါ်မှာ ယာယီဆောက်ထားတဲ့ အမိုးလေးတွေတွေ့တာပဲ.။
နောက်ဘယ်နေရာသွားသွားတွေ့တာကတော့ .ကော်ဖီဆိုင်သေးသေးလေးတွေ.. များသောအားဖြင့် အထဲမှာ နေရာသိပ်မရှိဘူး။အပြင်ပလက်ဖောင်းပေါ်မှာ ခုံတွေ ခင်းထားကြတာများတယ်။ ပလပ်ဖောင်း ဆိုလို့လည်း သေးသေးလေးမဟုတ်တဲ့.အတွက် .လူသွားလမ်းပိတ်သွားတာမျိုးမရှိဘူး။ မနက်စာကို ကော်ဖီနဲ့ မုန့်နဲ့ တွဲလျက်ရောင်းလေ့ရှိတယ်။ ၃ ယူရိုလား ပဲ။ကော်ဖီဆိုင်အပြင် ဘား တွေလည်းများတယ်။ အချို့ကတော့ တွဲထားတာပဲ။ ဘယ်မှာဖြစ်ဖြစ် ဘီယာကတော့ အမြဲရတယ်။တစ်ခုခုမှာရင် ကော်ဖီ ဒါမှမဟုတ် ဘီယာနဲ့ တွဲသောက်ကြတယ်။  ဘီယာကို ရေလို သောက်တာပေါ့။ဘာကြောင့်လဲတော့မသိ.. ဒီရောက်မှာ ဘီယာသောက်လို့ကောင်းနေတယ်။ ကော်ဖီဆိုင်လေးတွေနဲ့ ဘားတွေပေါပုံက ရန်ကုန်မှာ လက်ဖက်ရည်ဆိုင်တွေပေါသလိုပဲလို့ တွေးမိတယ်။သူတို့ဖွင့်တဲ့အချိန်တွေကလည်း ဘယ်လိုလည်းတော့မသိဘူး။ တစ်ခါတစ်လေ တစ်နေကုန်ပိတ်ထားတယ်။ ညကျမှဖွင့်တယ်။ အချို့ကျတော့ လည်း ညဆိုအစောကြီးပိတ်တယ်။
နောက်တစ်ခု ကြုံခဲ့ရတာကတော့.. ဘယ်သွားသွား ချပေးရင်.. ခက်ရင်းနဲ့ ဓားပဲချပေးတယ်။  ဓားကများသောအားဖြင့် မသုံးတာများတယ်။ ထမင်းတောင် ခက်ရင်းနဲ့ စားရတာမျိုးကြုံရတယ်။ ကောင်းတာကတော့ တစ်ခါတည်းအများကြီး မစားမိတော့ဘူးပေါ့။

Airbnb အတွေ့အကြုံ


Airbnb အကြောင်းလည်း  အကျယ်ချဲ့ ပြောဖို့လိုသေးတယ်။လွန်ခဲ့တဲ့လအထိ airbnb ဆိုတာ သတင်းတွေထဲမှာ မကြာ မကြာပါဘူး တာပဲ ကြုံဖူးတယ်။ဘာမှန်းသေချာမသိဘူး ။ နောက်တော့  airbnb website ကိုဝင်ကြည့်တော့ .. ဈေးတွေက အရမ်းသက်သာတာတွေ့ရတယ်။အထူးသဖြင့် hostel လိုနေရာမျိုးလည်းမနေချင်ဘူး။ ကိုယ့်ပစ္စည်းတွေ စိတ်မချ ဖြစ်နေရတာ ကို မကြိုက်ဘူး။ဟော်တယ် ၊ မော်တယ်တွေက လည်း ဈေးများလွန်းတယ်။ (ကိုယ့်အတွက်ပေါ့လေ) ။ ဒါကြောင့် အတွေ့အကြုံအသစ်အနေနဲ့ airbnbကို သုံးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။တကယ်တော့ airbnb ကိုငှားတာ စပိန်ကို ရောက်တဲ့နေ့ကျမှ ပါ။ Airbnb ဆိုတာ လက်ရှိ ..Uber တို့ Grab တို့လိုမျိုးပဲ.. B2C business model.လူတိုင်းက အိမ်ရှင် (host ) လည်းဖြစ်နိုင်တယ်။ ဧည့်သည် (guest )လည်းဖြစ်နိုင်တယ်။သူတို့ website ကိုသွားပြီး.. အိမ်တွေလိုက် ရှာ ပြီး တည်းခိုနိုင်သလို.. ကိုယ်တိုင်ငှားရမ်းချင်သူ အိမ်ရှင်အဖြစ် လည်းလျှောက်နိုင်တယ်။အိမ်ရှင်က ဘယ်လို service တွေပေးနိုင်လဲဆိုတာကို website ထဲမှာလိုက်ကြည့်နိုင်တယ်။ဥပမာ၊ kitchen ပေးသုံးသလား၊ wifi ရှိသလား ၊ ဓာတ်လှေခါး၊ Airconditioner ရှိမရှိ စတာတွေပေါ့ သူတို့ ဘယ်လို စည်းကမ်းတွေချထားလဲဆိုတာလည်းကြည့်နိုင်တယ်။ ဆေးလိပ်မသောက်ရတို့ ၊ပါတီမလုပ်ရတို့စတာတွေပေါ့။Rating နဲ့Review တွေကိုလိုက်ဖတ်ကြည့်ပြီး. စိတ်ချရတဲ့အိမ်မျိုးကို ကျွန်တော်တော့ငှားတယ်။တစ်ယောက်တည်း သီးသန့်ခန်းလိုချင်လား၊ သူများနဲ့ shared တဲ့အခန်းလား၊ ဒါမှမဟုတ် တစ်အိမ်လုံးငှားချင်လား စတာတွေပါကြည့်လို့ရတယ်။
15 euro ကနေ 20 euro ကြားမှာ နေလို့ ဖြစ်တာတွေ တော်တော်များများရှိပါတယ်။၃ရက်ဆိုတော့ ..60 Euro ( မြန်မာငွေ တစ်သိန်းနီးပါးကျတယ်)။ CB ကထုတ်ထားတဲ့visa card နဲ့ငှားလို့ရတယ်။ website မှာငှားလိုက်တာနဲ့.. ပိုက်ဆံကို airbnb က 24 hour ထိန်းထားတယ်။နောက်မှ အိမ်ရှင်ဆီကိုလွှဲပေးတယ်။
အိမ်ရှင်နဲ့တိုက်ရိုက် စကားပြောရတယ် ။message ပို့ပြီး . သူက ဘယ်အချိန်လာမလဲ.. နေရာတွေဘာတွေ အသေးစိတ်ပြောပြတယ်။ အခြားသိချင်တာရှိရင်လည်းမေးလို့ရတယ်။
Barcelona မှာကော valencia မှာကော airbnb ပဲသုံးခဲ့တယ်။

ဘာစီလိုနာက ဆန္ဒပြပွဲ

2017 Catalan Independence Referendum

ကျွန်တော်သွားတဲ့အချိန်က ဘာစီလိုနားမှာ ကက်တလန် ကိစ္စပွဲဆူနေချိန်ပေါ့ ။ ကက်တလန်အများစုရှိတဲ့ ဘာစီလိုနားကို ..သီးသန့် လွတ်လပ်တဲ့ နေရာအဖြစ်ခွဲထွက်ဖို့ .. ဒေသလွှတ်တော်က နေ မဲခွဲဆုံးဖြတ်လိုက်တယ်။အဲဒီမှာလူတွေကအောင်ပွဲခံကြတယ်။ဗဟိုအစိုးရကတော့ .. လက်မခံဘူး။ ဒေသလွှတ်တော်တစ်ခုလုံးကို ဖြုတ်ပစ်လိုက်တယ်ကြားတယ်။ဒါကြောင့် စပိန်ကို ရောက်တော့ .. နေရာတော်တော်များများမှာ အလံတွေ ချိတ်ထားတာတွေ့တယ်။အလံတွေကများသော အားဖြင့်ဆင်တယ်။ အချို့နေရာတွေမှာတော့ .. မတူဘူး။အဓိပ္ပါယ်ကတော့ ..ကွဲမယ်ထင်တယ်။ များသောအားဖြင့် ခွဲထုတ်ရေးကိုထောက်ခံတဲ့သူတွေက အလံတွေများတယ်။စရောက်ရောက်ချင်းတစ်ရက်ကတော့ ဆန္ဒပြပွဲတစ်ခုနဲ့တိုးခဲ့သေးတယ်။ဆန္ဒပြတာလည်း အော်ဟစ်နေတာမဟုတ်ဘူး။လူတွေ လမ်းမပေါ်မှာ ဒီတိုင်းထွက်ပြီးစကားပြောနေကြတယ်။ ဘပ်စ်ကားတွေ ရပ်ထားတယ်။Taxi တွေလည်းရပ်ထားတယ်။ ဘေးနားမှာ ရဲကားတွေစောင့်နေတယ်။ အဲဒီနားတစ်ဝိုက်ကတော့ လမ်းပိတ်နေတာပေါ့။ဘာဆက်ဖြစ်မလဲစောင့်ကြည့်နေတယ် ။ ဘာမှဖြစ်မလာဘူး။တော်တော်ကြာတော့… လမ်းပိတ်နေတဲ့အခြမ်းဘက်က.. ကားတစ်စီးကနေ ဟွန်းအရှည်ကြီးဆွဲတီးလိုက်တယ်။အဲဒါနဲ့ လမ်းပေါ်ရပ်နေတဲ့လူအုပ်ကြီးက .ဘာတွေလည်းမသိကြွေးကြော်ပြီး လက်ခုပ်တွေတီးပြီး လူစုခွဲသွားတယ်။


အိမ်ပြန်ရောက်တော့ အိမ်ရှင်ကိုမေးကြည့်တော့.. ဒီလိုဆန္ဒပြပွဲတွေက နေရာပေါင်းစုံမှာရွှေ့ပြီးလုပ်နေတာလို့ပြောတယ်။၁၂ရက်နေ့ကတင် လူပေါင်းသိန်းချီပါတဲ့ ဆန္ဒပြပွဲတစ်ခုဖြစ်သွားသေးတယ်တဲ့။ ဒါကလွဲလို့ ကျန်တဲ့နေရာတွေအေးအေးဆေးဆေးပါပဲ.။သွားလာ လှုပ်ရှားမပျက်ကြဘူး။

ပထမတစ်ရက်ကိုတော့ Hop on Hop off bus စီးတယ်။ သူကတော့ ယူရို ၂၆ လားပေးရတယ်။နှစ်ထပ်ကားတွေပေါ့။ အပေါ်က အမိုးဖွင့်ထားတယ်။ 24 hour အတွင် ကြိုက်တဲ့ Ho ho bus တက်စီးလို့ရတယ်။ဘာစီလိုနာတစ်ဝိုက်ကို ပတ်ပြတယ်။ ကိုယ့်လို ဘယ်နားသွားလည်ရမှန်းမသိတဲ့သူအတွက်အဆင်ပြေတယ်။ ဒါပေမယ့်သူက sightseeing နဲ့မတူဘူး။HO HO bustine ဆိုပြီးသက်သက်ရှိတယ်။အဲဒီ လိုင်းက လမ်းကြောင်း ၃ခုပြေးတယ်။Bus တွေလည်းအများကြီးပဲ၊ကိုယ် က တစ်စီးနဲ့လိုက်သွား.. ကိုယ်စိတ်ဝင်စားတဲ့ နေရာရောက်ရင် ဆင်းနေခဲ့လိုက်…ကြိုက်သလောက်လျှောက်ပတ်ကြည့်ပြီး နောက်လာတဲ့ ကားတစ်စီးနဲ့ ပြန်လိုက်သွားလို့ရတယ်။ကားတွေက မိနစ်၂၀ တစ်ခါလားပဲထွက်တယ်။နောက်ပြီး audio guide လည်းပါတယ်။ ကားပေါ်ကိုတက်ရင် နားကြပ်တွေပေးတယ်။ ခုံတိုင်းဘေးမှာ.နားကြပ်ပေါက်ရှိတယ်။ဘာသာစကား ၁၀ မျိုးလားရှိတယ်။ ကြိုက်တဲ့ ဘာသာကို ခလုတ်နှိ်ပ်ပြီးနားထောင်လို့ရတယ်။
အချို့နေရာတွေက တကယ်ကိုလှတယ်..လမ်းက ဂန္ဓဝင်ဆန်တယ်ပဲပြောမလား။ အချို့လမ်းတွေထဲ ကားဖြတ်သွားတဲ့အခါ ရှေးဟောင်းအငွေ့အသက်ပါတယ် အဆောက်အဦးတွေ က ကိုယ့်အပေါ်က မိုးထားသလိုပဲ အမိုးဖွင့်ကားပေါ်က ကြည့်ရတာတော်တော် ပီတိဖြစ်စရာကောင်းတယ်။
တော်တော်များများ အဆောက်အဦးတွေက သက်တမ်းသိပ်မရှိသေးဘူး။ ၁၈၀၀ နောက်ပိုင်းမှဆောက်ထားတာတွေ။

ဗလန်စီယာကတော့ BC 138 လောက်တည်းကဆောက်ထားတာပြောတယ်။ သူ့ဆီမှာတော့ ဘုရားကျောင်းတွေများတယ်။ ဘာစီလိုနားလောက်တော့ ကြည့်စရာသိပ်မပေါဘူး။ Old town လို့ခေါ်တဲ့အရပ်က တော်တော်မျက်စိလည်ဖို့ကောင်းတယ်။ သူ့ဆီမှာပဲ ..တော်တော်များများ အဆောက်အဦးဟောင်းတွေ ..ဘုရားကျောင်းတွေစုနေတယ်။ ဗလန်စီယာနဲ့ ဘာစီလိုနာနဲ့ကို မိုင်၂၀၀ကျော်ဝေးတယ်။ ရန်ကုန် နေပြည်တော်အကွာအဝေးလောက်ရှိတယ် ကြာချိန်ကတော့ ၃နာရီလောက်ပဲ။ ဘူတာတွေက မြို့ထဲမှာရှိတော့. သွားရတာအဆင်ပြေတယ်။
လေဆိပ်တွေကတော့ နှစ်ခုလုံးမြို့ပြင်မှာရှိကြတာပဲ။ Valencia လေဆိပ်ကို သွားတော့.. မြေအောက်ရထားစီးသွားတာ..  ရထားက လေဆိပ်အောက်ခြေအထိ ရောက်တယ်။ တန်းပြီး လေဆိပ်ထဲဝင်သွားရုံပဲ။ လေယာဉ်ချိန်မှီသွားချင်သူတွေအတွက်တော်တော်အဆင်ပြေတယ်။ ဘပ်စ်ကား တိုးစီးစရာမလိုတော့ဘူး။ Taxi ဖိုး ဆိုလည်းတော်တော်စျေးကြီးမှာ။
၁၃ရက်နေ့ကရောက်တယ်။ ၂၂ရက်နေ့မှာပြန်လာခဲ့တယ်။

ဘန်ကောက်ကို ရောက်တယ်ဆိုရင်ပဲ.. အပူချိန်က သိသိသာသာကို တိုးလာတယ်။ တကယ်ဆိုရင် ..ဘန်ကောက်ကနေ ဂျာမနီကိုသွားတာက မြန်မာနိုင်ငံကို ဖြတ်သွားရတာ။ ကိုယ်တွေဆီမှာ တိုက်ရိုက် flight တွေမရှိတော့.. ပိုဝေးတဲ့ ဘန်ကောက်ကို အရင်သွား.. ပြီးတော့ မှ ဘန်ကောက် ကနေ နောက်ကြောင်းပြန်မြန်မာလေဆိပ်ပေါ်ကဖြတ်.. ဥရောပဖက်ပြန်ထွက်ရတာ။ တွေးကြည့်ရင် အလကားနေ ဘန်ကောက်လေဆိပ်ကို ပိုက်ဆံသွားပေးရသလိုပဲ။
ဘယ်တော့များမှ  မြေအောက်ရထားလိုင်းတွေ၊ ပလက်ဖောင်းကျယ်ကျယ်တွေ၊ မဖြစ်စလောက် လမ်းလယ်ကျွန်းလေးမဟုတ်ပဲ. .ပန်းခြံတစ်ခုစာလောက်ဖန်တီးထားတဲ့ လမ်းတွေ ဘယ်တော့များမှ ဖြစ်မလဲလို့.မဝံ့မရဲမျှော်လင့်မိတယ်။ ဘာမှမဟုတ်တဲ့ ကိစ္စတွေကို ဖြေရှင်းနေကြရင်းနဲ့ ..လိုက်လေဝေးလေဖြစ်နေတာကိုလည်း.. တော်တော်စိတ်မကောင်းဖြစ်မိတယ်။ အပြင်ကိုထုတ်ပြောလို့လည်း မကောင်းဘူး။ မင်းကစောက်ကြီးကျယ်တာလားဖြစ်မယ်။
ဒါပေမယ့်.. လူနေမှုအဆင့်အတန်းဆိုတာဘာလဲ, quality of life ဆိုတာဘာလဲ  အမြည်းလောက်သိခဲ့ရတဲ့အတွက် တစ်ခုတော့ကောင်းပါ၏။
ဤတွင်.. ခရီးသွားမှတ်တမ်းပြီး၏။

Arthur

၂၃. ၁၁.၂၀၁၇ (ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်)

Trip to Monyo

 

The picture i took in Monyo this evening..

I went there to support flood victims.

I saw water flooding the villages around that area.

When i came back from there,  I saw a sunset on the way, very spectacular  and magnifecient.

14.8.2016
Arthur

Powered by WordPress & Theme by Anders Norén