ဗင်းဆင့် ဗန်ဂိုး ( Vincent Van Gogh ) သည် အရောင်နှင့်စကားပြောသူဖြစ်သည်။ သူ၏စိတ်ခံစားမှုများကို အရောင်နှင့် ဖော်ပြသူဖြစ်သည်။ အရောင်နှင့် အလုပ်လုပ်သူတစ်ယောက် ဟုပြောလျှင်လည်း မှားမည်မဟုတ်ပါ။ တိုတိုနှင့် လိုရင်းကို ပြောရပါက ဗန်ဂိုးသည် သူ၏ရင်တွင်းခံစားချက်များကို အရောင်များနှင့်စကားပြောသည့် ပန်းချီဆရာတစ်ဦး ဖြစ်လေသည်။

ဗန်ဂိုးသည် ဒတ်ချ်လူမျိုးဖြစ်ပါသည်။ သူ့အား ၁၈၅၃ ခုနှစ်တွင် မွေးဖွားခဲ့သည်ဖြစ်ရာ ယခုလက်ရှိမှ ပြန်ရေတွက်ပါက သူသည်လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်က လူဖြစ်ခဲ့သူဖြစ်သည်။

နောက်ဆုံးပန်းချီကား တစ်ချပ်ကို ရေးဆွဲပြီးနောက် သူ့ကိုယ်သူ သတ်သေသွားခဲ့သည်မှာ ၁၈၉၀ ခုနှစ်ဖြစ်ပါသည်။ သူကွယ်လွန်စဉ်က သူ့အသက်မှာ ၃၇ နှစ်မျှသာရှိသေးသည်။ ယခုဆိုလျှင်သူကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ မျှရှိပြီဖြစ်ပါသည်။
ဤမျှ နှစ်တွေကြာလာသော်လည်း ဗင်ဂိုး၏နာမည်မှာ မသေသေးပါ။ သူ၏ အလွန်အမင်း ထက်သန်ပြင်းပြသော စိတ်ခံစားမှုများကို ဖော်ပြနေသော သူ့ပန်းချီကားများသည် ယနေ့ထိတိုင် လူများ၏စိတ် နှလုံးသားကို နက်နက်ရှိုင်းရှို်င်း ထိထိခိုက်ခိုက်ဖြစ်အောင် စွမ်းဆောင်နေဆဲဖြစ်ပါသည်။

အမှန်တော့ ဗန်ဂိုး၏ ထူးခြားသောပါရမီသည် ယနေ့ခေတ် ပန်းချီလောကအတွက် အခြေခံ အုြတ်မစ်များကို ချပေးနိုင်စွမ်းရှိခဲ့သည်ဟု ပန်းချီပညာရှင်များက ဆိုကြပါသည်။ ယင်းအဆိုကို ဗန်ဂိုး ကွယ်လွန်ပြီးမှ တည်ရှိလာခဲ့သည် မျိုးဆက်သစ် ပန်းချီဆရာများက နားလည်လက်ခံခဲ့ကြသည်။ ထိုအသိ ထိုအမြင်များကို ယနေ့ခေတ်မျိုးဆက်သစ် ပန်းချီဆရာများကလည်း လက်ခံနေဆဲပင်ဖြစ်ပါသည်။
မျိုးဆက်သစ်ပန်းချီဆရာများသည် ဗင်ဂိုးရေးဆွဲခဲ့သည့် ပန်းချီကားအမြောက်အများ ( ဗန်ဂိုးသည် ပန်းချီကားပေါင်း ၁၆၀၀ ကျော်မျှရေးဆွဲသွားခဲ့သည်။) နှင့် ဗန်ဂိုး၏ ကြေကွဲစရာဘ၀ ဇာတ်ကြောင်းကို အလွန်တအံ့တသြ ဖြစ်ခဲ့ရလေသည်။ တတိယမျိုးဆက်သစ် ပန်းချီဆရာများကတော့ သူ့လက်ရာများသည် ပန်းချီလောကမှ လိုက်မမှီနိုင်လောက်အောင်ကို ကြီးမားကျယ်၀န်းနက်ရှိုင်းခဲ့ယုံမျှသာမက ယင်းလောက၏ အသိအမြင် အယူအဆများကိုပါ တိုးတက် ကျယ်ပြန့်နက်ရှိုင်း သွားသည်အထိ တွန်းအားပေးခဲ့သည်ဟုပင် အသိအမှတ်ပြုခဲ့ ကြလေသည်။
“အဲဒီပန်းချီကားတွေကို ဗင်ဂိုးရေးဆွဲချိန်မှာ လူ့လောကကြီးမှာ အရင့်အရင်က မဖြစ်ဖူး၊ မရှိခဲ့ဖူးတဲ့ ထိတ်လန့်စရာတွေ၊ စိတ်ချောက်ချားစရာတွေနဲ့ အံ့သြတုန်လှုပ်စရာတွေ အများအပြား ပေါ်ပေါက်လာနေတဲ့ အချိန်ကာလတစ်ခုပါ။ အဲဒီအခြေအနေဆိုးတွေက လူတွေရဲ ့ စိတ်နေစိတ်ထားကို ပြောင်းလဲပစ်နေပါတယ်။ အဲဒီကာလကြီးမှာ အတိုင်းအဆမသိနိုင်လောက်အောင်ကို ကြီးမားတဲ့ အထီးကျန်မှုကြီးဟာ တည်ရှိခဲ့ပါတယ်။ ဗင်ဂိုးဟာ အဲဒီ အထီးကျန်မှုကြီးကို တစ်ယောက်တည်း ကြိတ်မှိတ်ခံစားရင်း အဲဒီ ပန်းချီကားတွေကို ရေးဆွဲသွားခဲ့တာပါ။ ကျတော်တို့ကတော့ အဲဒီပန်းချီကားအားလုံးကို ဗန်ဂိုးရဲ ့ ခံစားမှုပန်းချီကားတွေ လို့နားလည် သိမြင်ထားကြပါတယ်။ နောက်ဆုံးမှာတော့ အဲဒီခံစားမှုပန်းချီတွေဟာ ဒီနေ့ ကျတော်တို့ခေတ်ရဲ ့ ကံကြမ္မာတွေကို ဖော်ဆောင်ထားတဲ့ အရာတွေဖြစ်လာခဲ့ပါတော့တယ် ” ဟုယနေ့ခေတ်မျိုးဆက်သစ် ပန်းချီဆရာတို့က ဆိုခဲ့ကြလေသည်။
ဗန်ဂိုး၏ဘ၀ခရီး
ဗန်ဂိုးသည် ဒတ်ချ်လူမျိုး ပရိုတက်စတင့် ဘာသာ၀င် မိဘများမှ မွေးဖွားလာသူဖြစ်ပါသည်။ သူ့အဖေသည် နယ်မြေသင်းအုပ်ဘုန်းတော်ကြီးဖြစ်၍ သူတို့မျိုးနွယ်ထဲတွင် ဘုန်းတော်ကြီးအများအပြားရှိခဲ့ပါသည်။ မိသားစုထဲတွင် အကြီးဆုံးသားဖြစ်သော ဗင်ဂိုးသည် အသက် ၁၆ နှစ်အရွယ်တွင် သူ့ဦးကြီးပိုင်သော ပန်းချီအရောင်းပြခန်းတွင် အလုပ်၀င်လုပ်သည်။ အသက်၂၅ နှစ်အရွယ်တွင် ဘယ်လ်ဂျီယံ နိုင်ငံတောင်ပိုင်းရှိ ကျောက်မီးသွေးတွင်းဒေသသို့ သွား၍ တရားဟောဆရာလုပ်ခဲ့လေသည်။
သူသည်အလုပ်သမားများ၏ ဆင်းရဲ မွဲတေမှုနှင့် ငတ်ပြတ်မှုများကို ကြည့်ကာ များစွာစိတ်ထိခိုက် ကြေကွဲခဲ့သည်။ အလုပ်သမားများ၏ ဆင်းရဲ ဒုက္ခများကိုကြည့်၍ သူ၏ဘာသာရေးဆိုင်ရာ အမြင်များနှင့် အယူအဆများသည် သိသိသာသာပင်ပြောင်းလဲသွားခဲ့လေသည်။ လက်တွေ့ဘ၀တွင် တရားဟော ဆရာဖြစ်သောသူကိုယ်တိုင်က အဆင်းရဲခံ အငတ်အပြတ်ခံကာ ကူညီစောင့်ရှောက်မှုပြုမှုကသာလျှင် အမှန်ကန်ဆုံးသော ဘာသာရေးခံယူချက် ဖြစ်သည်ဟု သူယူဆခဲ့သည်။ သို့မှပါလည်း ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သက်၀င် ချစ်ခင်ကြည်ညိုရာရောက်သည်ဟု ယူဆခဲ့လေသည်။ ဤသို့ဖြင့် သူ့အထက်မှ အပေါ်ယံရွှေမှုံကျဲ၍ အထဲကနောက်ချေးခံထားသည့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ဗန်ဂိုး၏အကြားတွင် အယူအဆကွဲပြားသည့် အမြင်မတူမှုများပေါ်ပေါက်လာလေသည်။ သူ့အထက်မှ ဘုန်းကြီးများက သူ့အား အစွန်းရောက်ဘာသာရေးသမား ဟုအမည်တပ်ကာ တရားဟောဆရာအလုပ်မှ ထုတ်ပြစ်သည်။
ထိုအချိန်မှစ၍ သူသည်ပန်းချီစဆွဲခဲ့လေသည်။ သူပန်းချီစဆွဲချိန်မှာ သူ့အသက်မှာ ၂၇ နှစ်ပင်ရှိနေလေပြီ။ ဗင်ဂိုးသည် သူ၏အချစ်ဆုံးနှင့် သူ့အားအချစ်ဆုံးဖြစ်သော ညီငယ် သီအို၏ ထောက်ပံ့ငွေအပေါ် အမှီပြုကာ အစားဆင်းရဲ ခြင်း၊ အ၀တ်ဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း စသည့် ဒုက္ခများကို ခါးစည်းခံပြီး သူ့စိတ်ထဲ၌ ခံစားရသမျှကို ကင်းဗတ်စပေါ်၌ အရောင်နှင့် တင်နေခဲ့ခြင်းဖြစ်လေသည်။
ဗင်ဂိုး၏ ပန်းချီဆွဲသောကာလသည် ဆယ်နှစ်မျှသာရှိခဲ့သော်လည်း သူရေးဆွဲထားခဲ့သည့် ပန်းချီကားများမှာ ၁၆၀၀ ကျော်မျှ ရှိခဲ့သည်ဟုဆိုကြသည်။ ဗင်ဂိုးသည်ရေးဆွဲပြီးသမျှ ပန်းချီကားအားလုံးကို သူ့ညီသီအိုထံသာ ပေးပို့ခဲ့သည်။ ထိုစဉ်က သူ့ပန်းချီကားများကို ကြိုက်သူမှာ သူ့ညီသီအို တစ်ယောက်တည်းသာရှိခဲ့လေသည်။ သူ့ပန်းချီကားများကို ၀ယ်မည့်သူလည်း တစ်ဦးမျှမရှိခဲ့ချေ။ သူမကွယ်လွန်မှီ နောက်ဆုံးနှစ် ၁၈၉၀ ခုနှစ်ကျခါမှ သူ့မိတ်ဆွေ ပန်းချီဆရာ တစ်ယောက်က သူ့ပန်းချီကားတစ်ကားကို ဒေါ်လာ ၈၀ ပေး၍၀ယ်ယူသွားခဲ့လေသည်။
ဆိုက်ပရပ်စ်ပင်နှင့်ပန်းပွင့်နေသောသစ်ပင်
ထိုပန်းချီကားမှာ “ဆိုက်ပရပ်စ်ပင်နှင့်ပန်းပွင့်နေသောသစ်ပင်” ဟုအမည်ပေးထားသည့် ပန်းချီကားဖြစ်သည်။ထိုကားသည် တစ်ယောက်လက်မှ တစ်ယောက်သို့ အဆင့်ဆင့် ကူးပြောင်းပြီးနောက် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် ပန်းချီလေလံပွဲတစ်ခုတွင် ပေါ်လာခဲ့သည်။ ထိုပွဲ၌ ဒေါ်လာငွေ ၁.၃ သန်းနှင့် ထိုပန်းချီကားကို ၀ယ်ယူသွားခဲ့လေသည်။ ထိုအချိန်မှ စ၍ ဗင်ဂိုး၏ ပန်းချီကားများသည် ဒေါ်လာသန်းပေါင်းများစွာ တန်သော အဖိုးတန်ရတနာများ ဖြစ်လာခဲ့လေသည်။

၁၉၇၁ နွေဦးပေါက်တွင် ဘရွတ်ကလင်းပြတိုက်၌ ဗင်းဆင့်ဗင်ဂိုး၏ ပန်းချီကား ၁၁၄ ကားကို သီတင်းရှစ်ပတ်ကြာမျှ ပြသခဲ့သည်။ ယခင် ဆန်ဖရန်ဆစ်စကိုမြို့ ၌ ပြသခဲ့ကစဉ်လိုပင် လူအများဆုံး လာရောက် ကြည့်ရှုသည့် ပန်းချီပြပွဲကြီးတစ်ခုဖြစ်ခဲ့လေသည်။ ထိုစဉ်က ပြတိုက်မှုး သောမတ်စ် အက်စ် ဘူချ်နာအား ပြပွဲတွင် လူများရသည့်အကြောင်းက ဘာကြောင့်ပါလဲဟု သတင်းထောက်များက မေးမြန်းခဲ့ကြလေသည်။

ထိုအခါ သောမတ်စ်က “ဗင်းဆင့် ဗန်ဂိုးရဲ ့ ဘ၀ဖြစ်စဉ်က ဒဏ္ဏာရီ ပုံပြင်တစ်ခုလို ဖြစ်နေတဲ့ အတွက်ကြောင့်လို့ ကျတော်ထင်ပါတယ်။ နောက်တစ်ကြောင်းကတော့ သူ့ရဲ ့ လက်ရာပန်းချီကားတွေဟာ ဒီနေ့ဒီအချိန်ထိ ခေတ်မီရှင်သန်နေတုံးမလို့ ဖြစ်ပါလိမ့်မယ်” ဟုအဖြေပေးခဲ့သည်။
ထို့နောက်သူက ဆက်၍ “သူ့ခေတ်သူ့အချိန်က တည်ရှိခဲ့တဲ့ ပန်းချီလောကက သူ့ကို အသိအမှတ်မပြုခဲ့ကြပေမယ့် သူရေးဆွဲခဲ့တဲ့ ပန်းချီကားမှန်သမျှကို သူမရှိတော့တဲ့ နောက်ပိုင်းကာလမှာ အသိအမှတ်မပြုလို့ မရတော့ပါဘူး။ အခုဆိုရင် သူ့ပန်းချီကားတွေဟာ သူ့ဘ၀လိုပဲ လူအများရဲ ့ စိတ်ကို ထိထိခိုက်ခိုက်ဖြစ်စေခဲ့ပါတယ်။ လှုပ်ရှားစေခဲ့ပါတယ်။ သူ့စိတ်ထဲမှာ ခံစားနေရသမျှ တွေကို မမိမိအောင် အပြင်းအထန် ခံစားပြီး စုတ်ချက်တင်ထားတဲ့ ကားတွေမို့ပါ။ သူ့ကားတွေထဲမှာ ရှိနေတဲ့ သူ့ခံစားမှုတွေရဲ ့ ပမာဏကို ချက်ခြင်း သိရှိခံစားလို့ရနေလို့ပါ” ဟု ပြန်ပြောခဲ့လေသည်။
တကယ်တော့ ဗင်ဂိုးသည် ကိုယ်ဟန်ပြ မိုဒယ်လ် မငှားနိုင်၍ သူ့ရှုးဖိနပ်စုတ်ကြီးကို မျက်စိရှေ ့ ထားကာ ပုံပေါင်း အမြောက်အများကို ရေးဆွဲခဲ့ရရှာသော ပန်းချီဆရာဖြစ်လေသည်။ သူ့ရုပ်သူ မှန်ထဲပြန်ကြည့်ပြီး ပုံပေါင်း ၄၀ ကျော်ရေးဆွဲခဲ့ရသော ပန်းချီဆရာလည်းဖြစ်သည်။ သူအသက်ရှင်စဉ်က ဗန်ဂိုးသည် သူ့ပတ်၀န်းကျင် က သူ့အားဖိစီးနှိပ်စက်နေကြသည့် ဆင်းရဲ ဒုက္ခများ၊ သူ့ရင်တွင်းခံစားချက်များနှင့် သူရေးဆွဲခဲ့သည့် ပန်းချီကားများ အကြောင်းကို သူ့ညီသီအိုထံ စာပေါင်းအမြောက်အများ ရေးသား၍ရင်ဖွင့်ခဲ့သူဖြစ်သည်။ ထိုပေးစာများသည် သူ့ဘ၀၊ သူ၏နက်ရှိုင်းသော ခံစားချက်များနှင့် အတွေးအမြင်များကို အံ့သြတသဖွယ် ဖြစ်အောင်ရေးဖွဲ့ထားသည့် စာများဖြစ်လေသည်။
တစ်ကြိမ်တွင် ဗန်ဂိုးက သူ့ပေးစာတစ်စောင်ထဲ၌ “ကိုယ်ဟာ ဒီကမ ်ဘာမြေကြီးပေါ်မှာ နှစ်ပေါင်းသုံးဆယ်တိတိ လမ်းလျှောက်နေခဲ့ပြီးပြီ။ အဲဒီအတွက် ကျေးဇူးတင်တဲ့ အနေနဲ့ အမှတ်တရ စုဆောင်းသိမ်းဆည်းထားနိုင်မယ့် ပစ္စည်းတချို ့ ထားခဲ့ချင်တယ် ငါ့ညီရယ်” ဟုရေးခဲ့သည်။

သူ၏ စိတ်ခံစားမှုများကို အရောင်နှင့် ဖေါ်ပြထားသော သူ့ပန်းချီကားများသည် ယနေ့ ကမ ်ဘာ အားစကားပြောလျက်ရှိသည်။သူ့ညီထံ ရေးခဲ့သည့်စာများထဲမှ သူ့စကားမှန်ကန်ကြောင်းကို ထိုအချက်က သက်သေခံလျက်ရှိပါသည်။
ကိုယ်လုပ်ချင်တာလုပ်သူ
ဗင်းဆင့် ဗန်ဂိုးသည် ကိုယ်လုပ်ချင်တာလုပ်သွားသူဖြစ်သည်။ အများအတွက် ကောင်းသောရည်ရွယ်ချက်၊ ကောင်းသော စေတနာ၊ ကောင်းသော မေတ ္တာဖြင့် ကိုယ်လုပ်ချင်တာကို လုပ်သွားသူဖြစ်ပါသည်။ သူတစ်ဦးတည်း အကျိုးရှိခြင်းကို သာကြည့်၍ အများဒုက္ခရောက်အောင် နစ်နာအောင်၊ အကျိုးပျက်ပြားအောင် ကိုယ်လုပ်ချင်တာကို လုပ်သွားရခြင်းမဟုတ်ပါ။ တကယ်တော့ ကိုယ်လုပ်ချင်တာကို လုပ်သွားသူများ ( ပထမအမျိုးအစားကိုဆိုလိုပါသည်။) ၏ဘ၀သည် အဆင်မပြေတတ်ပါ။ ကြမ်းတမ်းခက်ထန်သရော်ရှိပါသည်။ ဆင်းရဲ ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်တတ်ရပါသည်။ သို့တစေလည်း သူတို့၏ ကိုယ်လုပ်ချင်တာလုပ်သွားသမျှသည် လူ့လောကကြီးကိုတော့ တစ်နည်းမဟုတ် တစ်နည်းဖြင့် အကျိုးပြုတတ်ပါသည်။
ဗင်ဂိုးက သူမသေခင် သူ့အချစ်ဆုံးညီ သီအိုထံသို့ “အကို့ရဲ ့ အနာဂတ်ဘ၀ဟာ မှောင်မိုက်လာနေတယ်။ အစ်ကို့ဘ၀ရဲ ့ ရှေ ့အလားအလာကို စိတ်ချမ်းမြေ ့စွာနဲ့ မျှော်ကြည့်လို့ မရနိုင်တော့ဘူး။ အစ်ကို့ရဲ ့ ဘ၀ဟာ အမြစ်ကဆုပ်ကိုင်ပြီး လှုပ်တာကို ခံနေရပြီ။ အစ်ကိုလှမ်းနေတဲ့ ခြေလှမ်းတွေက မမှန်တော့ဘူး” ဟုရေးခဲ့သည်။
သူရေးခဲ့သည့်အတိုင်းပင် ဗင်းဆင့် ဗန်ဂိုး၏ ဘ၀အဆုံးသတ်ရပုံသည် မလှပနိုင်ခဲ့ရှာပေ။ သို့သော်လည်း သူ့ပန်းချီကားများကတော့ ယနေ့အချိန်ထိ လှပနေဆဲ၊ဖြစ်ပါသည်။ ယနေ့အချိန်ထိ လူအများကိုလည်း အကျိုးပြုနေဆဲဖြစ်ပါသည်။ သူ၏ပန်းချီကားများကို ခံစားကြည့်ကြပါ။ ကိုယ်လုပ်ချင်တာကို လုပ်သွားခဲ့ပြီး လူ့လောက ကိုအကျိုးပြုသွားသည့် စစ်မှန်သော အနုပညာရှင် ပန်းချီဆရာတစ်ဦး၏ ဘ၀ကို မြင်ရတွေ့ရ၊ သိရှိနားလည်လာကြရပါလိမ့်မည်။
ဗန်ဂိုးရဲ ့ နာမည်ကြီး ပန်းချီကား `ကြယ်တွေစုံတဲ့ည´ ဖြစ်ပါတယ်။ ဒီပန်းချီကားကို သူစိတ်ကျန်းမာရေး ဆေးရုံတက်နေတုန်းက အခန်းပြတင်းပေါက်ကနေ ကောင်းကင်ကြီးကို သံတိုင်တွေ ကြားကနေကြည့်ပြီး ရေးဆွဲခဲ့ရတာ ဖြစ်ပါတယ်။ ဗန်ဂိုးရဲ ့ ပန်းချီကားတွေထဲက ကျတော် အနှစ်သက်ဆုံးပန်းချီကားလည်းဖြစ်ပါတယ်။
ကြယ်တွေစုံတဲ့ည
ညရဲ ကောင်းကင်တွင် လှည့်ပတ်နေသော တိမ်တိုက်များရှိလေသည်။ ကြယ်များမှာ ကိုယ်ပိုင်အလင်းရောင်လေးများနှင့် တောက်ပလျက်ရှိလေသည်။ ထို့ပြင်မီးအိမ်ပုံ လမင်းကြီးပါ၀င်လေသည်။ ထိုပုံများကို ဗန်ဂိုးက အကျယ်ချဲ့ ခံစားပြီး အရောင်များပိုသုံးပြီးဆွဲထားသော်လည်း ထိုမြင်ကွင်းမှာ ကျတော်တို့ အားလုံးနှင့် ရင်းနှီးပြီးသား မြင်ကွင်းမျိုးဖြစ်ပါသည်။ အထူးသဖြင့် တစ်ယောက်ချင်းဆီ၏ ခံစားချက်များ ရှိနေပါက တိုက်ဆိုင်ပါက ပိုပြီးမြင်သာ ခံစားတတ်မည်ဖြစ်ပါသည်။ ဗင်ဂိုးဆွဲထားသော တိမ်တိုက်များ၏ ကောက်ကြောင်းကွေးကွေးများသည် ပန်းချီကားကိုကြည့်သူကို ကင်းဗတ်စအနှံကို လိုက်လံကြည့်ရှုသွားမိစေလေသည်။ ထိုနောက် ကြယ်ကလေးများကို အရောင်စက်လေးများနှင့် ရေးသည်။ အဓိကဆိုလိုရင်းဖြစ်သော ကြယ်ကလေးများကိုအားလုံးမြင်အောင်ကြည့် မိစေရန် ဗန်ဂိုးက တိမ်တိုက်များနှင့် လည့်ပတ်ခေါ်ဆောင်သွားခြင်းဖြစ်လေသည်။
လိမ့်နေသော တောင်ကုန်းများ၏အောက်တွင်မူ မြို ့လေးတစ်မြို ့ ရှိလေသည်။ ထိုမြို ့၏ ပုံမှာ ပန်းချီကားတည်ဆောက်ပုံထဲမှ စီးထွက်လာသော ငြိမ်းချမ်းလှသောအနှစ်သာရ ဖြစ်လေသည်။ အေးမြလှသော အရောင်ရင့်ရင့်ထူထူများနှင့်ဆွဲထားသော အိမ်လေးများနှင့် မီးရောင်တောက်နေသော ပြတင်းပေါက်ကလေးများသည် ကျတော်တို့၏ ငယ်စဉ်ကလေးဘ၀က ညအချိန်တွင် ကြယ်ရောင်တောက်သော ကောင်းကင်ကို မော့ကြည့်ခဲ့ရသော အချိန်ကို ပြန်ပြီးသတိရအောင်လုပ်ပေးနေသကဲ့သို့ ရှိလေသည်။ မြို ့၏ အဓိကကျသောအချက်မှာ ဘုရားရှိခိုးကျောင်းပုံဖြစ်လေသည်။ အိမ်သေးသေးလေးများကို အုပ်မိုးနေပုံက ခိုင်မာမှု၊ တည်ငြိမ်မှုကိုဖော်ပြနေသည်။ ထို့ပြင်အရွယ်အစားကလည်း ပန်းချီကားကြည့်သူကို စွဲဆောင်သွားလေသည်။
ပန်းချီကား၏ ဘယ်ဖက်တွင်မူ အနက်ရောင်ရင့်ရင့်ဖြင့် ရေးဆွဲထားသော တသီးတခြားဖြစ်နေသော ပုံသဏ္ဏန် တစ်ခုရှိလေသည်။ ထိုသဏ္ဏန်၏ အရွယ်အစားအမှာ ပုံထဲမှ တခြားအရာများနှင့် နှိုင်းယှဉ်လိုက်လျှင် ဗန်ဂိုးရေးဆွဲထားပုံမှာ ပြောင်မြောက်လှပေသည်။ ကောက်ကွေးသော စုတ်ချက်များသည် ကောင်းကင်ပြင်ကို ရောင်ပြန်ဟပ်လျက်ရှိသလို ပန်းချီကားအား ခံစားမှုကိုလည်း ပို၍နက်ရှိုင်းအောင် ခံစားမိစေလေသည်။ ပြောရမည်ဆိုလျှင် တောင်ကုန်းများမှ အစ ခြုံပုတ်များအထိ ဗန်ဂိုးရေးဆွဲထားပုံမှာ အမျိုးစုံလင်လှပြီး ေ၀ဖန်ခံစားဖို့ ရန် ကျယ်၀န်းလှပေသည်။
ဗန်ဂိုး၏ (၁၈၇၆ – ၁၈၈၀) နှစ်များအတောအတွင်းတွင် သူ့ဘ၀၏ပင်ပန်းဆင်းရဲ မှုများ၊ ကြမ်းတမ်းမှုများကို သူဖော်ပြချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ သူ၏ဘာသာရေးဆိုင်ရာ ကြိုးစားအားထုတ်မှုများ ( ဗန်ဂိုးသည် ဘယ်လ်ဂျီယံတွင် တရားဟောဆရာလုပ်ခဲ့ ) ကိုဤပန်းချီကား၏ ကြယ်ဆယ့်တစ်လုံးတွင် ထင်ဟပ်လျက်ရှိသည်ဟုပြောကြသည်။ အဘယ့်ကြောင့်ဆိုသော် သမ္မာကျမ်းစာ အပိုဒ် ၃၇း၉ တွင်ရေးထားသော စာကြောင်းမှာ

သူသည်လည်းအိပ်မက်နောက်တစ်ခုမက်မြင်လေ၏။သူ၏နောင်တော်အားပြောလေ၏။ “နားထောင်လော့ ငါသည်နောက်ထပ်အိပ်မက်တစ်ခုကိုမက်မြင်ခဲ့ပြန်လေပြီ။ နားထောင်လော့၊ နေမင်းကြီးနှင့် လမင်းကြီး နှင့် ကြယ်မင်းဆယ့်တစ်လုံးအားလုံး ငါ့ကိုနာခံကြလေပြီ။”
ထိုဘာသာရေးအယူအဆမှာမှန်သည်ဖြစ်စေမှားသည်ဖြစ်စေ၊ ဗန်ဂိုး၏ ကြယ်စုံသောကောင်းကင်ကို ရေးဆွဲခဲ့သည့် တစ်ခုမကသော ပန်းချီကားများအနက် အားလ်စ် တွင် ၁၈၈၈ ခုနှစ်တွင်ဆွဲခဲ့သော ရုန်းမြစ်တွင် ထင်ဟပ်လျက်ရှိသော ကြယ်များကိုရေးဆွဲထားသည့် ဤပန်းချီကား ကိုဗန်ဂိုးက အမြဲဂုဏ်ယူလေ့ရှိသည်။
ဗန်ဂိုးကြယ်များထူးခြားချက်မှာ ကြယ်များကို၀န်းရံလျက်ရှိသော အလင်းစက်၀ိုင်းကိုယ်စီရှိခြင်းဖြစ်သည်။ မြို့ဆီမှ အလင်းရောင်များသည် မြစ်ပြင်တွင် အရိပ်ကျလျက်ရှိသည်။ထိုအလင်းရောင်များသည်လည်း ပန်းချီကားအနှံကို လှည့်ပတ်ခေါ်ဆောင်သွားပြန်လေသည်။
ပန်းချီကားထဲမှ ပုံရိပ်များ၊ ဖွဲ့စည်းထားပုံများသည် ခပ်ေ၀းေ၀းတွင်ရှိနေပြီး နွေးထွေးသောအလင်းရောင် တောက်တောက်နှင့်ရေးဆွဲထားသည်။

ရုန်းပေါ်ကကြယ်စုံည တွင် ကြယ်စုံသောည နှင့် ကွာခြားချက်ကြီးတစ်ခုရှိသည်။ လူပုံများပင်ဖြစ်သည်။ ပန်းချီကား၏ညာဘက်ထောင့်ကျကျနားတွင် မြစ်ကမ်းတစ်လျှောက်လမ်းလျှောက်နေသော စုံတွဲတစ်ခုကို တွေ့မြင်နိုင်လေသည်။ ထို့ကြောင့် ပန်းချီကားကိုသဘာ၀ကျကျဖြစ်စေပြီး ရင်မောစေသည်။ ဤပန်းချီကားသည် ကြယ်စုံသောည ပန်းချီကားလောက်နာမည်မကြီးမသော်လည်း သာယာကြည်နူးဖွယ် ညမြင်ကွင်းတစ်ခုကို ဖော်ပြသော ပန်းချီကားကောင်းတစ်ချပ်ဖြစ်နေဆဲဖြစ်သည်။ ထို့ပြင် နာမည်ကြီးလက်ရာ ကြယ်စုံသောည ဖြစ်ပေါ်လာစေရန် အခြေခံခဲ့သော ပန်းချီကားတစ်ချပ်လည်းဖြစ်လေသည်။
ကဖေးတဲရန့်စ်ည သည်လည်း ၁၈၈၈ခုနှစ်၌ အားလ်စ်မြို ့တွင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဤပန်းချီကားတွင်မူ ကြယ်များပြည့်နေသောကောင်းကင်၏ အနီးအေ၀းမြင်ကွင်း (Perspective) ပုံစံအသစ်ကိုတွေ့မြင်နိုင်သည်။ ကြယ်များမှာကိုယ့်အလင်းနှင့်ကိုယ်တည်နေလေသည်။ ဤပန်းချီကားတွင်မူ အဝါရောင်တောက်တောက်နံရံသည် ပန်းချီကားကိုလည့်ပတ်ခေါ်ဆောင်မည့်အစား ပန်းချီကားကြည့်သူ၏အာရုံကို စုပြုံဆွဲဆောင်ထားလေသည်။ ပန်းချီကား၏ညာဘက်တွင်ရှိသော မြို ့၏အမည်းရောင်အရိပ်နှင့် အဝါရောင်နံရံတွင် ကောင်းကင်နှင့် လိုက်ဖက်ညီအောင်အားပြိုင်နေခြင်းကိုတွေ့ရသည်။

မည်သို့ပင်ဖြစ်စေ ထိုကြယ်စုံသောည ပန်းချီကားသုံးချပ်သည် လူသန်းပေါင်းများစွာကိုတအံတသြ ဖြစ်စေခဲ့လေသည်။ဗန်ဂိုး၏စုတ်ချက်များအောက်မှ ထွက်ပေါ်လာသော လက်ရာကောင်းများထဲတွင် ကြယ်စုံသောပန်းချီကားများပါ၀င်နေဆဲပင်ဖြစ်သည်။ တစ်နေ့တစ်နေ့ လူအုပ်ကြီးများသည် ဗန်ဂိုး၏ မူရင်းလက်ရာများရှိရာ ပြခန်းများသို့ သွားရောက်၍ ပန်းချီကားများမှပေးသော အဓိပ္ပါယ်များကို ကိုယ်ပိုင်ခံစားချက် အသီးသီးဖြင့် ကြည့်ရှုခံစားလျက်ရှိသည်။ ဗင်းဆင့် ကိုယ်တိုင် ထိုပန်းချီကားများကို မည်ကဲ့သို့ ခံစားရေးဆွဲခဲ့သည်ကို ကျတော်တို့ ဘယ်သောအခါမှသိနိုင်တော့မည်မဟုတ်သော်လည်း ဗန်ဂိုး၏ ကြီးကျယ်သော လက်ရာများသည် လူသားအားလုံးကို ထွေးပွေ့လျက်ရှိဆဲပင်ဖြစ်လေတော့သည်။
နူနင်သည် ဗန်ဂိုး၏မွေးရပ်ဇာတိဖြစ်သည်။ ဘိုးရင်းနိတ်နယ်တွင် တရားဟောဆရာအဖြစ် မအောင်မြင်ခဲ့၍ သီအို က ဗန်ဂိုးကို အိမ်သို့ပြန်ခေါ်လာကာ အနားယူစေခဲ့သည်။ ထိုအချိန်တွင် ဗန်ဂိုးထံ၌ ပန်းချီဆွဲချင်စိတ်သည် ပြင်းပြထက်သန်လျက်ရှိလေပြီ။ သို့သော် သူသည် အခြေခံပန်းချီဆွဲနည်းကို လားလားမျှမသိခဲ့။ သူ၏စိတ်အာရုံအတိုင်း ခံစားမှုများကို ကင်းဗတ်စပေါ်တင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် လန်ဒန်တွင် ပန်းချီ အရောင်းပြခန်း၌ မန်နေဂျာလုပ်ခဲ့ခြင်းက ပန်းချီကားမျာကို ခံစားနားလည်တတ်စေရန် အထောက်အကူပေးခဲ့သည်။ ထို့ပြင် မမေ့သင့်သည်က ဗန်ဂိုး၏ ပန်းချီဆွဲရန်ပြင်းပြသော စိတ်ဓာတ်နှင့် သူ၏ ပါရမီရှင် လက်ရာကိုပင်။
ဆက်ရန်
Posted by Ko Phyoe