အခု မီမီဝင်းဖေရဲ့ အမှတ်တရ ဆိုတဲ့သီချင်းရဲ့ remix  ကိုနားထောင်နေရင်းနဲ့ ဟိုးအရင်က အတိတ်တွေကို ပြန်တွေးမိတယ်။ (ဒီသီချင်းကို နားထောင်မိပြီးသတိရမိတဲ့အကြောင်းကဘာရယ်တော့မဟုတ်ပါဘူး၊​ငယ်စဉ်ကာလက အရမ်းကြားဖူးခဲ့တဲ့သီချင်းဖြစ်နေလို့ပဲ)

အသက် ၃၀ ကျော်လာတဲ့ ကာလအတွင်းမှာ ဖြစ်ခဲ့တာတွေက အရမ်းများသလိုပဲ။ နေခဲ့တဲ့ နေရာတွေ အိပ်ခဲ့ရတဲ့နေရာတွေကလည်း အရမ်းများတယ်။

တချို့ဟာတွေဆိုသေချာမမှတ်မိတော့ဘူး။

မိဘနဲ့ စအိပ်ရာခွဲအိပ်ခဲ့တာ အသက် ၁၀ နှစ်မပြည့်ခင်ထင်တာပဲ။

အိမ်က အကြီးကြီးမဟုတ်ပါဘူး။ သေးသေးလေး၊ ကိုယ်  မမွေးခင်တုန်းက လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့သေးတယ်ဆိုတယ်။

အဲဒီလို ဆိုင်မကျ အိမ်မကျ နေရာလေးမှာပဲ ဟိုနား အခန်းကန့်လိုက် ဒီနားအခန်းကန့်လိုက်နဲ့ လုပ်ပြီး အသက် ၂၀ ကျော်တဲ့အထိ နေလာခဲ့တာ။

၁၀ နှစ်ကျော်မှာ ဧည့်ခန်းထဲကို ကုတင်ထုတ်ပေးတာကို မှတ်မိသလိုလိုရှိတယ်။ နောက်တော့ အဲဒီနားမှာ လိုက်ကာ လေးတွေကန့်ပေးပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အခန်းလေးဖြစ်သွားတယ်။

တစ်ဖက်မှာတော့ ဧည့်သည်တွေရှိတယ်။ တစ်ဖက်မှာတော့ လိုက်ကာလေးနဲ့ကိုယ့်အခန်းရှိတယ်။လိုက်ကာဆိုတာ ဆေးခန်းတွေမှာ သုံးတဲ့ အရှင် လေးတွေပါ။ 

ပြန်တွေးကြည့်လိုက်တော့လည်း အဲဒီအခန်းလေးထဲပြန်ရောက်သွားသလိုပဲ။

အဝတ်တွေကို တော့ခြေရင်းက ကုတင် တန်းပေါ်တင်ထားလေးရှိတော့ အောက်ခြေကို ကာထားသလိုဖြစ်နေတာပေါ့။

အိမ်မှာ အဲဒီတုန်းက လျှာထိုး စက်ရှိသေးတယ်။ ပရိဘောဂတွေလည်း လုပ်လေ့ရှိတယ်။

စန္ဒယားတီးတဲ့ ခုံပုံစံလုပ်ထားတဲ့ စာကြည့်စားပွဲရှိသေးတယ်။ အဖုံးကိုအောက်ချလိုက်ရင်စာတင်ရေးတဲ့စားပွဲဖြစ်သွားတာမျိုးပေါ့။ ၂၀၀၂ကနေ ၂၀၀၅ ခုနှစ်အထိ အဲဒီနေရာမှာပဲအိပ်ခဲ့တယ်။ ပြန်တွေးကြည့်ရင်တော်တော်ကျဉ်းတဲ့နေရာလေးပေါ့။ 

အလျား ၁၅ပေ အနံ ၁၀ ပေလောက်ရှိမယ်ထင်တယ်။ 

ခေါင်းရင်းမှာ စာကြည့်တဲ့စားပွဲလေးရှိတယ်။ အရှေ့ဘက်ကိုခေါင်းတည်ထားတယ်။ ဖြစ်ချင်တော့ ဧည့်ခန်းဖြစ်နေတော့ နတ်စင်ကပါ ကိုယ့်အခန်းထဲရောက်နေတယ်။ မြင်းဖြူရှင်လားမသိဘူး။

ဆယ်တန်းရောက်တော့ ကိုယ့်ရဲ့ စာအုပ်တွေကော၊ အချိန်စာရင်း အကုန်လုံးအဲဒီအခန်းလေးထဲမှာပဲ လုပ်ဖြစ်ခဲ့တာ။ ၈/တန်း ၉တန်းလောက်အထိတော့ ကာတွန်းတွေဆွဲသေးတယ်။ အဲဒီအခန်းလေးထဲပဲ တခါတလေ အခန်းအောင်းပြီး ကာတွန်းဆွဲနေတာ။ အခုထိတော့ ကျန်နေလောက်ပါသေးတယ်. အမှတ်တရလေးတွေ။ 

မင်းမြတ်သူရ ဝတ္ထုတွေကို အိပ်ရာထဲမှာ ညအိပ်ချိန် ခိုးပြီး ဓာတ်မီးနဲ့ဖတ်ခဲ့တာမှတ်မိသေးတယ်။

အဲဒီအချိန်က မီးကလည်းမမှန်သေးဘူးကိုး။ နောက်တော့ မျက်မှန်ပါဝါတက်တာအဲဒါတွေကြောင့်ထင်တာပဲ။

၇တန်း အသက် ၁၂ လောက်မှာ စာတွေ မမြင်ရတော့ဘူးဆိုတာသိတာပဲ။ သင်္ချာ ကျူရှင်မှာ မမြင်ရလို့ မှန်ဘီလူးကြီး ယူသွားပြီး စာတွက်ခဲ့တယ်။

၉တန်းရောက်မှ Bio  ဆရာက ပြောလို့ မျက်မှန် စစ်ပြီး စတတ်ဖြစ်တယ်။ အံ့သြဖို့ကောင်းတာ ၂နှစ်လုံးလုံး ဆရာ၊ဆရာမတွေဘယ်သူမှ မျက်မှန် သွားစစ်တော့လို့မပြောခဲ့ကြဘူး။

စာလုပ်တဲ့အချိန်တွေဆိုရင် အဲဒီအခန်းလေးထဲမှာလုပ်ရင်လုပ်တယ်။ နောက်ပြီးရုံးခန်းလို့ခေါ်တဲ့ အမေတို့ အလုပ်လုပ်တဲ့ ဘန်ဂလို လို မျိုးလေးရှိတယ်။ ပတ်ပတ်လည်က အပွင့်၊ နေပူတာကို ယင်းလိပ်တွေနဲ့ကာထားတာ ။ အဲဒီပေါ်တက်လုပ်တယ်။ ၉တန်း ၁၀ တန်းစာကျက်ရင် အဲဒီပေါ်မှာသွားကျက်ရင်ကျက်တယ်။ နောက် အိမ်ခန်းထဲမှာပဲ စတိုးဆိုင်ရှိတယ်။ အဲဒီစတိုးဆိုင် ထဲမှာသွားလုပ်ရင်လုပ်တယ်။ ၅ တန်းကနေ ၆တန်းလောက်အထိ အိမ်မှာကာရာအိုကေ ဆိုင် ဖွင့်သေးတယ်။

ဒါကြောင့် ခုထိ ရှေးသီချင်းတွေ အလွတ်ရနေတာ။ 

အဲဒီတုန်းကမီးစက်ကြီးရှိတယ်။ မီးစက်က ရိုးရိုး အင်ဂျင်ကို ဂျန်နေရတာ နဲ့ချိတ်ထားတာမျိုး။ အကြီးကြီးပဲ။ 

နောက်တော့ ရောင်းပစ်လိုက်တယ်ထင်တယ်။ 

၇တန်းမှာတော့ စတိုးဆိုင်ဖြစ်နေပြီ၊ အဲဒီတုန်းက ၂၀၀၂ ပေါ့။

ဘဝမှာ ပထမဆုံး ဒေါ်လာကို အဲဒီကာလဝန်းကျင်တုန်းက မြင်ဖူးတယ်။

ဟာချီမိတ်ကပ်ဘူးထဲကလားပဲပေါက်တာ။ အဲဒီ ဒေါ်လာလေးကို မြန်မာငွေ ၁၀၀၀ နဲ့ ပြန်ဝယ် ပြီး ပိုက်ဆံအိတ်ထဲ အမြဲသိမ်းထားတယ်။

၁၀တန်းလောက်မှာမီးစက် အသေးလေး ဖြစ်သွားတယ်။ စာလုပ်ရင် အဲဒီဟာလေးနဲ့မီး ဖွင့်ထားတယ်။ ညဘက်ဆို ဆူလို့ နားကြပ်တပ်စာလုပ်တဲ့အကျင့်ရှိတယ်။ စာကျက်ရင်ဖြစ်ဖြစ်သင်္ချာတွက်ရင်ဖြစ်ဖြစ် အဲဒီလို နားကြပ်တပ်လုပ်တယ်။

နောက်တော့ အိမ်မှာ ဘက်ထရီ အကြီးတစ်ခုရှိလာတယ်ထင်တယ်။ ဆယ်တန်း တစ်လျှောက်လုံး မီးစက် ဖွင့်ထားဖို့ကလည်း ဈေးကြီးတာကိုး၊

ဒါကြောင့် မီးတစ်လုံးစာပဲ ဖွင့်လို့ရတဲ့ ဘက်ထရီ အိုး ထားထားတယ်။

စာလုပ်ရင် အဲဒီဟာနဲ့ လုပ်တယ်။ ညဘက်ချိန်ထိ လုပ်သလဲတော့ မမှတ်မိတော့ဘူး။

ဘက်ထရီနဲ့မီးချောင်းက စတိုးဆိုင်ထဲမှာရှိတော့ အဲဒီ နေရာမှာပဲ ထိုင်လုပ်တယ်။

မနက်ခင်းတွေဆို အစောကြီး ထ ကျူရှင်သွားရင်သွားတက်၊

ဒါမှမဟုတ် အိမ်မှာလာသင်ပေးတဲ့ ဆရာတွေနဲ့ သင်တယ်။

အိပ်ရာကလည်း နိုးချင်မှနိုးတယ်။

အထဲမှာဘာစာတွေပါသလဲဆိုတာ အခုတော်တော်မေ့ကုန်ပြီ။

ပျော်ဖို့ကောင်းတာကတော့ မနက်အစော ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ်သွားတက်ရတဲ့ကျုရှင်တွေပဲ။

ကျောင်းသားတွေက ၁၀၀ နီးပါးလောက်ရှိတာ။ အခြား ကျောင်းက ကောင်မလေးတွေကိုလည်း ငမ်းလို့ရတော့ ပျော်တာပေါ့။

ဒါပေမယ့် အိပ်ရာစောစော မထနိုင်တာရယ်၊ လူတွေ အများကြီးနဲ့ စာလိုက်လို့မမှီတာရယ်ကြောင့် မတက်ဖြစ်တော့ဘူး။  နောက်ကျတော့ ညနေခင်း သင်္ချာ နဲ့ physic အတန်း တစ်ခု ပဲ အများနဲ့တက်တာပါတော့တယ်။

ကျန်တာတွေက ဝိုင်းကျူရှင်တွေပေါ့။

ပိတ်ရက်တွေဆိုလည်း ကျူရှင်တွေရှိ၊

စာတွေကျက်၊ နဲ့ကိုယ်ပိုင်အချိန်တော်တော်ရှားတယ်။

၂၀၀၅  ၉တန်းမှာ သီချင်းနားထောင်ရတာသဘောကျနေပြီ၊ ကိုယ့်ဘာသာ မုန့်ဖိုးစုပြီး ကက်ဆက် player လေးဝယ်တယ်။

ပထမဆုံး ကက်ဆက်နဲ့ နားထောင်တဲ့အခွေကတော့ sai sai live ပါ။ အချိန်တိုင်းနားထောင်တယ်၊ ညအိပ်ရင်ကောပဲ။ 

၉တန်းတုန်းက မန္တလေးကို ပြိုင်ပွဲတစ်ခုအတွက်အဖေနဲ့ တခါ သွားခဲ့ဖူးတယ် ။ အဲဒါပထမဆုံးအကြိမ်လားတော့မသိဘူး။ 

ဆေးကျောင်းရှေ့က စတား တည်းခိုခန်းမှာ နေခဲ့တယ်ထင်တယ်။ အချိန်တိုင်း နားထောင်တာ အဲဒီ live သီချင်းခွေပဲ။

တခါတလေကိုယ်ကြိုက်တဲ့ သီချင်းတွေဆိုရင် VCD စက်ဘေးမှာ ကက်ဆက်လေးချထားပြီး အသံသွင်းထားပြီး ပြန်နားထောင်ရတာ။

၁၀တန်း တဝက်လောက်ရောက်ချိန်မှာတော့ CD player လေးဝယ်ပြီးသွားတယ်။

MP3 ပါနားထောင်လို့ရတယ်။ မကောင်းတာကတော့ ဘက်ထရီပဲ။ နားထောင်ချင်ရင် ပလပ်တပ်ပြီးနားထောင်မှပဲအဆင်ပြေတယ်။

အဲဒီလို အခြေအနေနဲ့ စာလုပ်ခဲ့ပြီး ၂၀၀၆မှာ ဆယ်တန်းမှာ ဂုဏ်ထူး ၄လုံးပါပြီးဆေးကျောင်းရောက်သွားတယ်။

ဆယ်တန်းစာမေးပွဲပြီးခါစက အပျော်တွေကိုသတိရမှတ်မိတယ်။ 

ရောက်ရောက်ချင်း သီချင်းတွေဖွင့်တာဆိုတာ၊ ၂၀၀၅/၂၀၀၆ အဲဒီကာလကထွက်တဲ့  DJ အခွေ၊ ကျားပေါက် ရဲ့ နီးနီးလေးနဲ့ဝေးတို့ လိုမျိုးသီချင်းတွေပါတယ်။

နောက်တော့ နွေရာသီတွေက ပျင်းစရာတွေပဲ။

၁၀တန်းဖြေပြီးတဲ့နောက်မှာ အိပ်ရတဲ့နေရာ နောက်တခုကို ရောက်သွားတယ်။ စတိုးဆိုင် ကိုဖြုတ်လိုက်ပြီ။

အဲဒီ စတိုးဆိုင်ကို အခန်းတွေပြန်ကန့်ပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းလေးဖြစ်သွားပြန်တယ်။

၂၀၀၆ ခုနှစ် တက္ကသိုလ် မတက်ခင်ကာလတွေကတော့ အဲဒီကိုယ်ပိုင်အခန်းလေးထဲမှာပေါ့။ 

ဆယ်ကျော်သက်တို့ ရဲ့ သဘောအတိုင်း Eminem အခွေ၊ Rap သီချင်းတွေ ကို CD player ပါ ပါတဲ့ ကက်ဆက်နဲ့ ဖွင့်လို့ပေါ့၊ အသံကျယ်လေ ကြိုက်လေဆိုတဲ့ အရွယ်မျိုး။

ရန်ကုန်ကိုသွား သူငယ်ချင်းဆီသွားလည်တယ်။

အရင်တုန်းက အတန်းထဲမှာစကားမပြောသူငယ်ချင်း မရှိခဲ့သူက သူငယ်ချင်းတွေဆုံပြီဆိုတိုင်း ပါလေ့ရှိတယ်။

လျှောက်လည်တယ်။

သီချင်းရေးတာဆိုတာတွေလုပ်တယ်။

အင်တာနက်ဂျာနယ်ဖတ်နည်းပညာတွေသွားရည်ကျ၊

ဆုဒိုခု ဆော့တယ်။

ကယ်ရီကေးချားဆွဲတယ်။

ဆယ်တန်းအစမှာပဲ အဖေနဲ့အမေက စားသောက်ဆိုင် စီးပွားရေး အသစ်လုပ်တယ်။

မြို့အရှေ့ဘက်မှာ။ နေပြည်တော် လည်း စဖြစ်တဲ့ကာလဆိုတော့ အလုပ်အကိုင် တော်တော်အဆင်ပြေလာတယ်။ ညဘက်ဆို သူတို့က ညည့်တော်တော်နက်မှ အိမ်ပြန်လာတယ်။  မနက် ခင်း ၃နာရီလောက်မှလည်းဖြစ်ရင်ဖြစ်တတ်တယ်။

အိမ်စောင့်ကတော့ ဝမ်းကွဲ အဖွားရယ်၊ ကိုယ် ရယ်၊ အစ်ကိုကြီးရယ်ပေါ့။

ည၈နာရီ ကိုရီးယားကား ကြည့်ပြီးစောင့်ရင်စောင့်တယ်။

ဒါမှမဟုတ်လည်း ဇာတ်ကားတွေကို DVD player နဲ့ကြည့်ပေါ့။ 

ဆေးကျောင်း စတက်တော့မယ်ဆိုတော့ ၂၀၀၆ နှစ်ကုန်ခါနီးလောက်မှာ.. အရာရာ စပြောင်းလဲတော့မယ့်အချိန်ပေါ့။

၁၆နှစ် နီးပါးနေခဲ့တဲ့ အိမ်ကလေးနဲ့ တစတစ ဝေးလာတဲ့အချိန်တွေပဲပြောရမလား။

မန္တလေးမှာ ဘဝသစ်တစ်ခုလို ဖြစ်ခဲ့တယ်။

ကျန်နေခဲ့တဲ့ အိမ်လေးက သူ့ဘာသာဆက်လည်ပတ်နေတယ်။

အမေ နဲ့ အဖေက တစ်လှည့်စီ မန္တလေးကို လာလေ့ရှိတယ်။

ကျောင်းမှာ စာမေးပွဲကာလတွေပဲဖြစ်ဖြစ်၊ ဖျားနာနေတယ်ဆိုရင်ပဲဖြစ်ဖြစ် အမြဲရောက်လာတယ်။

မန္တလေး ၆၈ လမ်း မှာ ခဏနေတယ်။ မန္တလေးကို စသေချာမိတ်ဆက်တဲ့အချိန်ဟာ အေးစိမ့်ပြီး နှင်းတွေဝေနေတဲ့ကာလပါ။

လမ်း၃၀ ဟာ ကိုယ် ့ရဲ့ခြေရာတွေထပ်နေတယ်။

နောက်တော့ လမ်း၇၀ ကအဆောင်မှာသူငယ်ချင်းတွေနဲ့နေတယ်။

အဲဒီအဆောက်အဦးလေးလည်းမရှိတော့ဘူး။

ဒုတိယနှစ်ကို ၇၇ မှာနေတယ်။

နောက်တော့ လမ်း၇၀ ဗထူးကွင်းနားမှာ အခန်းလေး ဝယ်ပေးပြီး ဒုတိယနှစ် နှစ်တစ်ဝက်ကနေ နောက်ဆုံး ဘွဲ့ရတဲ့အထိ အဲဒီမှာပဲနေဖြစ်သွားခဲ့တယ် ။

ပထမနှစ် မှာ Nokia 6233 ဖုန်းကို အမေဝယ်ပေးခဲ့တယ်။ ပထမဆုံး mobile phone လက်ထဲ စရောက်ခဲ့တုန်းက အပျော်လိုမျိုး အခုနေပြန်ရှာလို့မရတော့ဘူး။ 

ဖုန်းကို anycall ကနေဝယ်တယ်။ လက်ထဲ ပထမဆုံးဖုန်းရောက်တဲ့နေ့က အပြန်မှာ မိုးတွေအရမ်းရွာပြီး မန္တလေးမှာ ရေတွေကြီးတယ်။

လင်းလင်း ထမင်းဆိုင်မှာသွားစားတော့ ရေတွေက တက်သလို ခြေထောက်အောက်မှာ ပိုးဟပ်တွေပြေးနေတာကို သတိထားမိတယ်။

ဒါပေမယ့် ပျော်တာပဲ။ 

ပထမနှစ်တက်တုန်းက အပျော်တွေ၊ ရင်ခုန်မှုတွေ၊ စာမေးပွဲကျမှုတွေနဲ့ ဘယ်လို ပြီးသွားသလဲတောင်မသိလိုက်။

တစ်နှစ်တစ်ခါ ၂ခါလောက် အမြဲ ပျဉ်းမနား အိမ်ကိုပြန်တယ်။

ပြန်တဲ့အခေါက်တိုင်း မှာလည်း နေရာအသစ်တွေ ကပြောင်းလဲနေသလိုပဲ။

၂၀၀၇/၂၀၁၀ တွေလောက်မှာတော့ ဆယ်တန်းပြီးစကနေတဲ့ အခန်းလေးထဲမှာပဲ။

အဲဒီအခန်းလေးထဲမှာ အိပ်နေရင်း ဘေးမှာတော့ဆက်လို့မရတဲ့ မိုဘိုင်း ဖုန်းလေးရှိတယ်။

အဲဒီကာလက GSM ဖုန်းတွေသုံးလို့မရသေးဘူး။ အိပ်မက်ထဲမှာ ဖုန်းလိုင်းမိပြီဆိုပြိး အမြဲလိုလိုပါလေ့ရှိတယ်။

အိပ်ရာကနိုးရင် ဖုန်းကို ဖွင့်ဖွင့်ကြည့်ရတာ။

ဒီဇင်ဘာပိတ်ရက်တွေပြီးလို့ မန္တလေးကို အပြန် မန္တလေးထဲစဝင်ပြီဆိုရင်ပဲ ဖုန်းထဲ မတ်ဆေ့တွေ missed call တွေနဲ့ ကြိုဆိုလို့နေတယ်။

နောက်တော့ ဖုန်းလိုင်း စရလာတယ်။ ဖုန်း အင်တာနက်စရတာကတော့ ၂၀၁၁ လောက်မှဖြစ်လိမ့်မယ်။ 

အိမ်ကအခန်းလေးကတော့ နောက်တနေရာကို ရွှေ့ရဖို့ဖန်လာပြန်တယ်။

အိမ်မှာပဲ စားသောက်ဆိုင် အသစ်ထပ်ဖွင့်ဖို့ဖြစ်လာတော့၊ အရင်က နေခဲ့တဲ့ အခန်းလေးကအခု ဆိုင်ခန်း ဧရိယာထဲပါသွားပြန်တယ််။

အဲဒါနဲ့ ငယ်ငယ်က ရှိခဲ့တဲ့ထမင်းစားခန်းဟာပုံစံပြောင်းပြီး အခုတော့ကိုယ် ့အခန်းလေးဖြစ်သွားပြန်ရော၊ အဲဒီထဲမှာ ဘယ်လောက်ကြာကြာနေခဲ့လဲသိပ်မမှတ်မိချင်တော့ဘူး။

နောက်တော့ အဲဒီဘေးက အရင်က မိဘတွေနေခဲ့တဲ့အခန်း၊ ကိုယ် ့အစ်ကိုကြီးနေခဲ့တဲ့အခန်းစီပြန်ရောက်၊

ကျောင်းပြီးတဲ့အချိန်မှာတော့ အိမ်ကတော်တော် ပုံစံပြောင်းနေပြီ၊ အရင်တုန်းက အလုပ်လုပ်ခဲ့ကြတဲ့ရုံးခန်းဆိုတဲ့နေရာလေးက အခုတော့ ခြေတံရှည်ဖြစ်သွားပြီး အပေါ်ထပ်မှာ ကိုယ် ့အတွက်သီးသန့် အခန်းလေးဖြစ်သွားပြန်တယ်။ ၂၀၁၃ ကျောင်းပြိးကာလ..

Childhoold memory အရာရာပြီးဆုံးသွားမယ့်ကာလပေါ့။

အဲဒီ နေရာလေးမှာ တစ်နှစ်လောက်နေခဲ့တယ်။ mobile app တွေ စရေးခဲ့တာအဲဒီအခန်းလေးထဲပဲ။ 

၂၀၁၃ နှစ်ကုန်ခဲ့သလားတောင်မမှတ်မိတော့ဘူး။

အဲဒီ ခြံကြီးနဲ့ အိမ်ကို ရောင်းပစ်လိုက်ပြီး တင်နေတဲ့အကြွေးတွေ ကို အကုန်ဆပ်လိုက်တယ်။

ရှိနေတဲ့စီးပွားရေးတွေ လည်းအကုန်ရပ်သွားတာပေါ့။

တစ်ချိန်တည်းမှာပဲ မန္တလေးမှာ ကိုယ်ကျောင်းတက်တဲ့တစ်လျှောက်လုံးနေခဲ့တဲ့ အခန်းလေးကိုပါရောင်းပစ်လိုက်ရတယ်။

ဘာမှသေချာနှုတ်ဆက်မှုတောင်မလုပ်ခဲ့ရဘူး။

ရောင်းရတဲ့အဓိက ရည်ရွယ်ချက်ကတော့ အကြွေးတွေဆပ်ဖို့ပါပဲ။

အမေကတော့ ပြောတယ်။ ဒီခြံကို သာရောင်းဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် မန္တလေးက အခန်းလေးကို မရောင်းပစ်ခဲ့ပါဘူးတဲ့။

နောက်ထပ် နေရာအသစ်တွေ၊ အိမ်အသစ်တွေ ရှိပေမယ့်လို့ 

ကိုယ်ဟာ နွေးထွေးမှုကို မခံစားရဘူး။ 

အမှတ်တရတွေက အပြင်မှာ ကြည့်စရာမရှိတော့ဘူး။ ခေါင်းထဲမှာ မှတ်ဉာဏ်အနေနဲ့ပဲကျန်နေတယ်။

အမှတ်တရတွေ ရှိနေတဲ့နေရာ၊ ကိုယ့်ဇာတိချက်ကြွေတဲ့နေရာဟာ အခုထိ အိမ်လို့ပဲ မှတ်မိနေတယ်။

မိုင်ပေါင်း သောင်းချီဝေးတဲ့နေရာမှာရောက်နေလို့ အိမ်ဆိုတာကို အိပ်မက်မက်ရင် အဲဒီနေရာ ကာလတွေကို ပဲမှတ်မိနေတယ်။

အပြင်မှာတော့ ပြန်ကြည့်စရာ အဲဒီနေရာမရှိတော့ဘူး။ ကိုယ်လည်းမ ပိုင်တော့ဘူး။

တစ်နေ့ ကိုယ် အဲဒီနေရာတွေ ပြန်ဝယ်နိုင်တဲ့ အခြေအနေရောက်လာခဲ့ရင် 

ငယ်ငယ်က နေခဲ့တဲ့အတိုင်း ပြန်ဆောက်ပြီး ပြန်လည်ပတ်ကြည့်ချင်မိတယ်။

အဲဒီကာလနောက်ပိုင်းတွေဟာ ကျောင်းသားဘဝကုန်ဆုံးလို့ လက်တွေ့ဘဝထဲကိုရောက်ပြီး. ခက်ခဲတဲ့အချိန်တွေပဲ။

အရာရာ ရုတ်တရက်ကြီး ပြောင်းလဲသွားတာတွေကို လက်မခံနိုင်တာ ဖြစ်တယ်။

ကိုယ့်အတွက်တင်မကပါဘူး။ အမေတို့ ၊အဖေတို့ ၊အစ်ကိုတို့ အတွက်လည်း ပါမှာပါ။

တစ်သက်လုံးနေလာခဲ့တဲ့ life style တစ်ခုကို အသက်ကြီးလာမှ ပြောင်းလဲပစ်လိုက်ရတာ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ အဝေးကို ရောက်သွားတဲ့အခါမှာ ဖြစ်တဲ့ခံစားချက်မျိုးလေ..

But, this is the way right?

အဲဒီနောက်ပိုင်း 

ကိုယ့်ရဲ့ profession နဲ့လည်း တဖြေးဖြေးဝေးလာခဲ့သလိုပါပဲ။ ၂၀၁၃ မှာ ကျောင်းပြီးပေမယ့် နေပြည်တော်မှာနေပြီး ကိုယ့်အတွက် တကယ့်အလုပ်မရှိသလို ခံစားခဲ့ရတယ်။

အဲဒါ ၂၀၁၇ ရန်ကုန်ကို ရွေ့လိုက်တဲ့ ကာလအထိပဲ။

၂နှစ်ခွဲကာလဟာ အိမ်မက်ဆိုးတွေကို မက်ဖို့ လုံလောက်ခဲ့သလိုပဲ။

နောက်ထပ် ဖြစ်လာမယ့်ဘဝတစ်ခုအတွက် လမ်းသစ်တွေလည်းပေါ်လာတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အဆက်အသွယ်တွေလည်းအများကြီးပေါ်ထွက်လာတယ်။

မန္တလေးမှာတုန်းကလိုပဲ၊ အမေနဲ့အဖေဟာ ရန်ကုန်ကိုလည်း မကြာမကြာလာတုန်းပဲ။

နေမကောင်းတဲ့အခါ ကိုယ်တိုင်မလာနိုင်ရင်တောင် တယော်ကမဟုတ်တယောက်ကိုလွှတ်ပေးလေ့ရှိတယ်။

အစားအသောက်အဆင်မပြေဘူးဆိုရင် တစ်ပတ်လောက်တော့ လာပြီး ချက်ပြုတ်ကျွေးတယ်။

၃နှစ် ရှိပြီ …

တစ်ခုအတွက် တစ်ခု ပေးရတယ်ဆိုသလိုပဲ။ 

အိမ်ရဲ့ breadwinner လိုမျိုး ကိုယ်ဖြစ်လာတယ်။ တခြားသော ကိစ္စများစွာကိုလည်း တာဝန်ယူထားတာတွေလည်းရှိလာတယ်။

မင်းရဲ့ မျှော်လင့်ချက်အိပ်မက်က ဘာလို့ လို့မေးလာရင်

တစ်ဖက်က ကိုယ်မလဲပြိုနိုင်တဲ့အခြေအနေထိ ဆက် ရှင်သန်နေဖို့ရယ်..

ကိုယ် တို့ အိမ်ပြန်ပြီး အမှတ်တရ တွေနဲ့ ပြန်ပေါင်းစည်းလို့ ရဖို့ရယ်ပေါ့..