လွန်ခဲ့တဲ့ ၆နှစ်ဝန်းကျင်လောက်က ကျနော် စာတွေ အရမ်းကိုရေးဖြစ်တဲ့အချိန်တွေပေါ့။ မြန်မာပြည်၊​နေပြည်တော်မှာနေတယ်။ အိမ်မှာ မိဘတွေက လယ်ထဲသွားတယ်။ အိမ်မှာကျန်နေခဲ့ပြီး အလုပ်မရှိတဲ့ ကျနော်က တနေ့တနေ့ Ted talk တွေကြည့်၊ စာအုပ်တွေဖတ်၊ Youtube တွေကြည့်ပြီး ငြီးငွေ့စရာဘဝကို ဖြတ်သန်းခဲ့တယ်။ ဘာ activity မှလုပ်စရာမရှိတဲ့ နေပြည်တော်လို ခေါင်ခိုက်နေတဲ့နေရာမှာနေနေပေမယ့် ငါ ဒီအခြေအနေက လွတ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကို အမြဲခေါင်းထဲထည့်ထားလို့ ၊ တိုးတက်ချင်စိတ်က အရမ်းရှိတယ်။

အဲဒီနောက်တော့ တကယ်လည်း နေပြည်တော်မှာနေရတဲ့ဘဝက လွတ်မြောက်သွားခဲ့ပါတယ်။ ရန်ကုန်ကို ၂၀၁၇မှာ ရောက်တယ်။

အိမ်မှာနေရင်း လေ့လာခဲ့တာတွေ က အလကားမဖြစ်ခဲ့ဘူး။ အသစ်လိုဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ မြန်မြန်ဆန်ဆန်ပဲ အသားကျ သွားခဲ့တယ်။ အသက်အားဖြင့်တော့ ၂၇ ဝန်းကျင်ပေါ့။

မြန်မာပြည်ကလည်း တဖြည်းဖြည်းနဲ့အခွင့်အလမ်းတွေ ပွင့်လို့ ပျော်ရွှင်စရာ နေ့ရက်တွေဖြစ်လို့နေတယ်။ ရန်ကုန်ရောက်တဲ့အချိန်မှာလည်း University of Amsterdam မှာကျောင်းတက်မယ်ဆိုပြီး online course တွေလေ့လာလို့လေ့လာတယ်။ အခုအချိန်လို onlien course တွေက အရမ်းမကောင်းသေးတော့ ဘယ်လိုလေ့လာရမလဲ သေချာမသိတာနဲ့ အဲဒီကျောင်းမှာ အဆုံးထိ မတက်နိုင်ပဲ drop out ဖြစ်သွားခဲ့တယ်။

၂၀၁၇ ကနေ ၂၀၂၂ ကုန်တော့မယ့်အချိန်အထိ အများကြီးပြောင်းလဲခဲ့ပြီ၊ ကိုယ်မျှော်လင့်ထားတဲ့ အရာတွေကို ရရှိခဲ့ပြီ။ ကိုယ်တချိန်လုံးကြိုးစားခဲ့တဲ့ နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုတဲ့ အိပ်မက်လည်း ပြည့်စုံသွားပြီ။ နောက် semester တခုပြီးရင် master ဘွဲ့ရတော့မယ်။ မသိနားမလည်ထားတဲ့ကိစ္စတွေတော်တော်များများကိုလည်း အခုနားလည်သွားပြီ။

ဒါပေမယ့် ရင်ထဲမှာဟာလာဟင်းလင်းဖြစ်နေဆဲပဲ။

အရင်လို တက်ကြွတဲ့ စိတ်လေးရှာမတွေ့တော့ဘူး။

အသက်၃၀ ပြည့်သွားတဲ့အချိန်မှာပဲ နိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့တိုးပြီး. အရာအားလုံးနောက်ပြန်ဆုတ်သွားတယ်။

ကိုယ်က အေးအေးဆေးဆေးကျောင်းတက်နေပေမယ့် လုံခြုံတဲ့နေရာမှာ ရှိနေပေမယ့် ကိုယ့်လို လူတွေ, ကိုယ့်ဆရာတွေ၊ ကိုယ့် ထက်ငယ်တဲ့လူငယ်တွေဟာ၊ ထောင်ထဲမှာ၊ တောထဲမှာ၊ သေတဲ့သူရှင်တဲ့သူနဲ့ အားလုံး တကွဲတပြားစီဖြစ်ကုန်တယ်။

ဒါကြောင့် ပျော်တယ်ဆိုတာကိုလည်း ကောင်းကောင်းမခံစားနိုင်တော့သလို၊ တက်ကြွတဲ့စိတ်ကိုလည်း မွေးမြူလို့မရတော့ဘူး။

ငါတို့လုပ်ခဲ့တဲ့အရာတွေဟာ ဘာမှအရာမထင်ပဲ ဒီလိုမျိုး ကျဆုံးနိုင်ငံတခု ဖြစ်သွားခဲ့ပြီလားဆိုတဲ့စိတ်က အလွန် အားငယ်စေတယ်။

ဒါကြောင့် စာတွေတောင်မတင်ဖြစ်သလို၊ facebookမှာလည်း အရင်လို တက်တက်ကြွကြွမနေတတ်တော့ဘူး။

Midlife crisis ဖြစ်ချိန်မှာ၊ အာဏာသိမ်းတာ၊ ရင်နင့်စရာတွေ နေ့စဉ်ရက်ဆက်မြင်ရတာ၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ခွဲခွာရတာတွေက

ရင်တွင်းဒဏ်ရာတွေကို သာလို့ဆိုးစေတယ်။

မကြာခင်မှာ တော့ တဖြည်းဖြည်းနဲ့နေတတ်သွားလိမ့်မယ်။ အသားကျလိမ့်မယ်လို့ထင်နေပေမယ့်.

အရင်ငယ်ရွယ်စဉ်ကလို ပြန်ဖြစ်မှာတော့မဟုတ်တော့ဘူး။

Arthur.

December 26 2022

မီဝါကီ ( ဝစ်ကွန်ဆင်ပြည်နယ်)

USA.