တစ်ခါတစ်ရံမှာ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေက ဖြတ်ထားဖို့လိိုတယ်။
ဟိုရက်ပိုင်းက ကျွန်တော် စိတ်ကျသလိုဖြစ်နေတယ်။ ဘာကြောင့်လဲအကြောင်းရေရေရာရာ မပြောတတ်ဘူး။
ဒီအွန်လိုင်းမှာတွေ့နေကျလူတွေနဲ့မတွေ့ချင်တော့ဘူး. မမြင်ချင်တော့ဘူး။ စကားမပြောချင်တော့ဘူး.။
ကျွန်တော် ဆိုရှယ်နက်ဝက်သုံးတာအရမ်းများလွန်းသွားပြီထင်တယ်။
နောက်တော့ ကိုယ့်ဘဝကိုမကျေနပ်တာတွေအရမ်းများလာတယ်။ ပုံမှန်ဆိုမေ့နေတတ်တဲ့ အဆိုးမြင်စိတ်တွေ ၊မကောင်းတဲ့အတွေးတွေ ကအကုန်ဝင်လာတယ်။
ဖေ့စ်ဘွတ်ပေါ်မှာတက်ရေးလို့လည်းမပျောက်နိုင်ဘူးဆိုတာ ကျွန်တော်သိနေတယ် ။
ဒါကြောင့်ကျွန်တော် ဖေ့စ်ဘွတ်ကိုတတ်နိုင်သလောက်ယာယီဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်။
စကားဝှက်သိနေရင်ဝင်ကြည့်မိနေမှာစိုးလို့ .. စကားဝှက်ကိုလဲပြောင်းပြီးတော့ စာအုပ်တစ်နေရာမှာရေးထားလိုက်တယ်။ ဒါဆိုရင်ကျွန်တော် အကျင့်ဖြစ်ပြီး login ဝင်ချင်ရင်တောင် အလွယ်တကူမဝင်မိတော့ဘူးပေါ့လေ။
အရင်တုန်းကလည်း တက္ကသိုလ်တက်တုန်းက စာမေးပွဲနီးပြီဆိုရင် ကွန်ပျူတာ နဲ့လုံးဝအဆက်ဖြတ်ရတယ်။
အဲဒီခေတ်က ဖုန်းထဲကနေ ဖေ့စ်ဘွတ်သုံးလို့မရသေးဘူး။
အဲဒီလိုအဆက်ဖြတ်တော့မှ ကျွန်တော်စာကျက်တာကိုအာရုံစိုက်လို့ရတယ်.
မဟုတ်ရင်အာရုံပျံ့လွင့်တာအရမ်းများတယ်လေ။
ကျွန်တော်ဖေ့စ်ဘွတ်ကိုရပ်လိုက်ပြီးတော့ IELTS ကိုသေချာပြန်လေ့ကျင့်ဖို့အချိန်ရတယ်။
ဒီဇင်ဘာ လောက်မှာဖြေမယ်လို့ကျွန်တော် စဉ်းစားထားတယ်
ဇန်နဝါရီလဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒီကြားထဲ ရတဲ့အချိန်တွေမှာ ကျွန်တော်မြန်မြန် လေ့ကျင့်ဖို့လိုတယ်
ဆက်သင်ယူမယ့်ဘာသာရပ်နဲ့ တက်မယ့်တက္ကသိုလ် နဲ့ကျောင်းကိုရွေးဖို့လိုတယ်။
မာစတာ ဘွဲ့အတွက် ကျွန်တော်ကျောင်းပြန်တက်ချင်ပြီလေ။
သူငယ်ချင်းတွေကလည်းသူတို့ရဲ့ အထူးပြုဘာသာရပ်အသီးသီးမှာ ဝင်ခွင့် အောင်သွားကြပြီ.။
ကျွန်တော်လည်း တစ်ခုတက်ချင်တယ်။
လောလောဆယ်မှာ ကျွန်တော်မျှော်လင့်ထားတာက Health informatics ဆက်သင်မလို့ပဲ။.
တော်တော်များများက ဒီဘာသာရပ်အကြောင်းကိုမသိကြပါဘူး။
ကျွန်တော်အဲဒီဟာကိုရွေးချယ်ရတာအကြောင်းရှိပါတယ်။
အရင်တည်းက ကျွန်တော်တတ်ထားတဲ့ပညာကိုကောင်းကောင်းသုံးချင်တယ်။ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့နေရာကို ဝင်ဖြည့်ဆည်းပေးချင်တယ်။
တကယ်တမ်းဆို ကျွန်တော်ဝါသနာပါတာတွေက အများကြီ:ပါ။ ဆေးပညာရပ်ကိုလည်းဝါသနာပါပါတယ်။
ဒါပေမယ့် ရွေးချယ်သူများတဲ့နေရာ လုပ်မယ့်သူတွေအများကြီးရှိတဲ့နေရာကိုကျွန်တော်မရွေးချင်ဘူး။
ဒါကြောင့် ကျွန်တော်ဝါသနာ ပါလွန်းတဲ့ Information technology နဲ့ ဆေးပညာရပ်ပေါင်းစပ်ထားတဲ့ဘာသာဖြစ်တဲ့ Health informatics ကိုရွေးဖို့ ဆုံးဖြတ်လိုက်တာ.
ဒီနိုင်ငံမှာ အဲဒီဘာသာရပ်က မဖွံ့ဖြိုးသေးဘူး။ သိရသလောက် ဘယ်သူမှလည်း သိပ်မရှိသေးဘူးလို့ထင်တယ်။
EMR လို့ခေါ်တဲ့ Electronic medical record တွေက လူနာတွေအများကြီးကို ကုသစောင့်ရှောက်ရာမှာ အရမ်းအရေးပါပါတယ်။
နိုင်ငံတော်တော်များများမှာ စာရွက်ပေါ်ကနေ Electronic စနစ်နဲ့သွားနေချိန်မှာ မြန်မာနိုင်ငံမှာ စက္ကူပေါ်မှာပဲအလုပ်လုပ်သေးတယ်။
တကယ်လို့ EMRS ပေါ်ပေါက်လာရင်..ဆေးရုံတွေအချင်းချင်း ဆက်သွယ်မှု လျင်မြန်ပြီး သတင်းအချက်အလက် ပေးပို့တာပိုကောင်းလာမှာပါ။ သတင်းပို့တာမြန်ရင် လူနာကိုလည်းမြန်မြန်ကယ်နိုင်မယ်။
မှတ်တမ်းဟောင်းတွေပျောက်လို့ ရောဂါဟောင်းတွေကိုမသိတော့တာလည်း ပျောက်သွားမယ်။
စာရွက်စာတမ်းတွေသိမ်းဆည်းစရာမလိုတဲ့အတွက် မလိုအပ်ဘဲဆရာဝန်တွေသူနာပြုတွေစာရွက်တွေနဲ့အလုပ်မရှုပ်တော့ဘူး။
ဆေးစစ်ချက်စာရွက်စုတ်တွေကိုင်ပြီးဟိုပြေးဒီပြေးပြေးရတာလည်းကင်းဝေးရမယ်။
Soft copy တွေနဲ့ပဲအလုပ်လုပ်ရင် Diagnosis လုပ်တာလည်းမြန်လာမှာပေါ့။
တစ်ယောက်ချင်းကုသရာမှာစွမ်းရည် တက်လာမှာဖြစ်သလို ..လအလိုက် နှစ်အလိုက် ပြန်ပြီး အချက်အလက်တွေကြည့်ရာမှာလည်းလွယ်ကူသွားလိမ့်မယ်။ ဆေးတွေဘယ်လောက်သုံးတယ်ဆိုတာလည်းတိတိကျကျသိရလိမ့်မယ်။
ဘယ်ရောဂါဘယ်လောက်ဖြစ်တယ်။ ဘယ်နေရာမှာ ဘာတွေအဖြစ်များတယ်။ ဘာတွေဖြစ်လာနိုင်တယ်။
စတာတွေတွက်ချက်ဖို့အတွက်လည်း. .ဒေတာအချက်အလက်တွေရပြီဖြစ်တဲ့အတွက်.. epidemiologist တွေအတွက်အရမ်းအစဉ်ပြေပြီးသူတို့အစွမ်းတွေကိုထုတ်ပြနိုင်လိမ့်မယ်။
အားလုံးခြုံလိုက်ရင်.. မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အဆင့်တိုးတက်ဖို့ ဒီမှတ်တမ်းသိမ်းဆည်းရေး အချက်အလက်ပြန်ရယူရေးက အရမ်းအရေးပါနေတယ်လို့ကျွန်တာ်က ယုံကြည်ထားတယ်။
ဒါပေမယ့် ဒီဟာ အခုအထိ အကောင်အထည်မပေါ်သေးဘူး။ လုပ်ဆောင်မယ့်ပညာရှင်တွေလည်းမရှိသေးဘူး။
ဒါကြောင့် ကျွန်တော် လုပ်ချင်တယ်။
ခေါင်းထဲမှာ အကြမ်းဖျဉ်းစိတ်ကူးပဲရှိပေမယ့် ဘယ်နေရာကနေဘယ်လိုစမလဲ ။ ဘာတွေလိုအပ်တယ်ဆိုတာကျတော့ သေသေချာချာ ဘာသာရပ်တစ်ခုအနေနဲ့လေ့လာမှ ရလိမ့်မယ်။
အခုကျွန်တော်သင်ချင်တဲ့ health informatics ထဲမှာ ဒါတွေအားလုံးပါလိမ့်မယ်။
ဆေးပညာနဲ့ပတ်သက်တဲ့နယ်ပယ်တွေ ကဘွဲ့ရခဲ့သူတွေဆိုရင် အိုင်တီနဲ့ပတ်သက်တဲ့ပညာကိုဆက်လက်သင်ယူရမှာဖြစ်ပြီး.
အိုင်တီနယ်ပယ်ကလာတဲ့သူဆိုရင်တော့ ဆေးပညာနဲ့ပတ်သက်တာတွေကို သင်ယူရမှာပါ။
ကျွန်တော်ကနှစ်ဖက်စလုံးမှာ အတွေ့အကြုံရှိတယ်လို့ပြောလို့ရတဲ့အတွက် လေ့လာဖို့ အသင့်တော်ဆုံးဘာသာရပ်လို့ပဲယူဆမိတယ်။
ဒါပေမယ့် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျောင်းသွားတက်ဖို့ကတော့ ငွေကြေးမတတ်နိုင်ဘူးဗျာ။
ပညာသင်ဆုပဲ လျှောက်ရမှာပေါ့်။ အရင်ကလည်း အခွင့်အရေးတွေတော့ရခဲ့ဘူးတယ်။
အလုပ်အတွေ့အကြုံပေါ်မူတည်ပြီး ပညာသင်ဆုလျှောက်ရင်ရနိုင်မယ့် ဘာသာရပ်မျိုးတွေလည်းရှိခဲ့တယ်
ဒါပေမယ့် ကျွန်တော်လက်လွှတ်ခဲ့တယ် ။ကျွန်တော်နှစ်နှစ်ကာကာ ယုံကြည်တာမျိုးမဟုတ်လို့။
ဆိုရရင် passion မရှိလို့ပေါ့ဗျာ။ နိုင်ငံခြားမှာကျောင်းတက်နိုင်မှာတစ်ခုတည်းနဲ့ ကိုယ်မကြိုက်တဲ့ဘာသာရပ်ကြီးကိုဒုက္ခ ခံမသင်ချင်ဘူး။
ဒါကြောင့်ကိုယ်ဘာလိုချင်တယ်ဆိုတာကိုသေချာသိအောင်ရှာနေခဲ့တယ်။
အခုတော့ ကျွန်တော်လုပ်ချင်တာဒီတစ်ခုသေချာတယ်ဆိုတာကိုသိပြီလို့ထင်တာပဲ။
ရအောင်လုပ်ဖို့ပဲရှိတော့တယ်။
ဒီရက်ပိုင်းအတွင်းမှာ ကျနေတဲ့စိတ်ဓာတ်ကိုဆွဲတင်ပြီး ..မနည်းတွန်းတင်ပြီးလုပ်ခိုင်းနေရတယ်
ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်က ခုထိ မပေါ်လာသေးဘူး။ scholarship ရဖို့ ကျောင်းဝင်ခွင့်ရဖို့မလုပ်နိုင်မှာကိုကြောက်နေမိတယ်။
အာသာ
7.10.2016
12:50PM