ကျွန်တော်က အကြွေးရှိရင် မနေတတ်တဲ့သူပါ။

ကိုယ်က သာ သူများကို ချေးထားတာတွေရှိတယ်။ ကိုယ်က သူများဆီက ချေးမိရင် မြန်နိုင်သမျှ​မြန်မြန် ပြန်ဆပ်ရမှ နေတတ်တဲ့သူမျိုးပါ။

မြန်မာပြည်မှာ Payment ကတ်တွေ ခေတ်စားစဉ်က Credit Card နဲ့ Debit Card ကိုတောင် ကွဲကွဲပြားပြားမသိခဲ့ဘူး။

Credit Card ဆိုတာ အကြွေးဝယ်ကတ် ၊ Debit ဆိုတာ ငွေကြိုဖြည့်ထားရတဲ့ ကတ်မျိုး ဆိုတာ နောက်မှသိခဲ့တယ်။

Credit Card တွေလျှောက်ဖို့ဆို မြန်မာပြည်က ဘဏ်တွေမှာ ဘယ်လောက် ဝင်ငွေပုံမှန်ရှိလဲ ၊​ဘာအလုပ်လုပ်လဲ ဆိုတာတွေကို ကြည့်ပြီးတော့မှ ကတ်ထုတ်ပေးကြတယ်။

နောက်ပိုင်းနားလည်လာတာက ၊ ဘဏ်တွေက သူ့ဆီမှာ အပ်ထားတဲ့သူတွေကို တစ်နှစ် 5% လောက်နဲ့ အတိုးပေးတယ်ဆိုရင် အဲဒီငွေတွေကို တစ်နှစ် 10 %,15 to 20% လောက်အထိ အတိုးတင်ပြီးတော့မှ တခြား ငွေလိုတဲ့သူတွေကို Loan အနေနဲ့ ပြန်ချေးတယ်၊ အကြွေးသုံးလို့ရတဲ့ငွေပေးကတ်တွေ ထုတ်ပေးတယ်။ အဲဒီအကြွေးဝယ်ကတ်တွေမှာ အချိန်တန်လို့ ပြန်မဆပ်နိုင်ရင် နောက်ကျကြေးပေးရသလို၊ သူနဲ့ချိတ်ထားတဲ့ merchant တွေဆီကနေ လည်း ကော်မရှင်ခတွေ ဘဏ်ဖက်က ရပြန်တယ်။

အခြား နှစ်စဉ်ကြေး၊ Transaction Fee တွေကလည်းရပြန်တယ်။

ဒါကြောင့် သုံးဖို့တွန်းအားပေးကြတာပေါ့။

မြန်မာပြည်မှာတော့ အကြွေး မယူချင်ရင် မယူပဲနေလည်း ဘာမှမဖြစ်ပေမယ့်

US မှာတော့ လူတွေကို အကြွေးမယူယူအောင် စနစ်က တွန်းအားပေးထားတယ်။ အဲဒီစနစ်က Credit Score ဆိုတဲ့ အချက်ပေါ်မှာ အခြေတည်ထားတယ်။ Credit Score ဆိုတာက လူတယောက် ဘယ်လောက်ထိ အကြွေးယူနိုင်သလို ၊​ဘယ်လောက်ပြန်ဆပ်နိုင်သလဲဆိုတာတွေကို အခြေခံပြီး ရိုးရှင်းအောင် တွက်ချက်ထားတဲ့ နံပါတ်တစ်ခုပဲ။ ၃၀၀ ကနေ ၈၅၀ ကြားမှာရှိတယ်။

အဲဒီ Score က အကြွေးလုံးဝ မယူဖူးရင် မကောင်းသလို၊ ယူပြီး ပြန်မဆပ်ရင်လည်း မကောင်းတတ်ဘူး။

အချို့နေရာတွေမှာ တစ်ခါမှ အကြွေးမယူဖူးရင် ကိုယ်လိုချင်တဲ့အရာ၊ သုံးချင်တဲ့အရာတွေ ငြင်းခံရတာမျိုးဖြစ်တယ်။

ကောင်းတဲ့ Credit Score ရှိရင် ပိုသက်သက်သာသာနဲ့ ဝယ်လို့ရတယ်။ ချွေတာနိုင်တာမျိုးရှိတယ်။ ဥပမာ ကိုယ်က အိုင်ဖုန်းသစ်လိုချင်တာကစလို့၊ အိမ်ဝယ်ဖို့အထိ၊ တစ်လုံးတစ်ခဲတည်း ပေးဝယ််မလား။ လစဉ် အရစ်ကျနဲ့ပေးဝယ်မလား။

အတော်များများက အရစ်ကျနဲ့ပဲဝယ်ချင်တာပေါ့။ ကိုယ့်အတွက် ဝန်မပိဘူးလေ။

ဒါပေမယ့် အဲဒီလိုဝယ်ချင်ရင်တောင် အကြွေးမှတ်တမ်းမရှိခဲ့ရင် ၊ရာဇဝင်မကောင်းရင် ဘယ်သူကမှမချေးပေးဘူး။

Credit Score ဆီမှာပါတဲ့အချက်တွေက ဘယ်တုန်းကစပြီးအကြွေးဝယ်ကတ်တွေစသုံးသလဲ၊ အကောင့်ဘယ်လောက်ဖွင့်ထားသလဲ။ ဘယ်လောက်ထိ အကြွေး ဝယ်နိုင်သလဲ။ ပုံမှန်ပြန်ဆပ်နိုင်ရဲ့လား၊ ရထားတဲ့အကြွေးယူလို့ရတဲ့ ပမာဏထဲက ဘယ်လောက်ပမာဏအထိ သုံးလေ့ရှိသလဲ။​အကုန်သုံးသလား၊ မသုံးပဲနေသလား။ ဝင်ငွေဘယ်လောက်ရှိလဲ၊ အိမ်လခဘယ်လောက်ပေးရသလဲ ။ စတဲ့ မကုန်မခမ်းနိုင်သော အချက်တွေကို အသုံးပြုပြီးမှ Score တွေတွက်လေ့ရှိတယ်။

အဲဒီ ဒေတာတွေ ဘယ်ကရသလဲဆိုတော့၊ Credit Card တစ်ခုလျှောက်ပြီး ကိုယ့်ဒေတာတွေ ပေးလိုက်ပြီဆိုတာနဲ့ သူတို့က တောက်လျှောက် သုံးသမျှ အခြေအနေတွေကို ခရက်ဒစ် ဗျူရိုဆီကို ပုံမှန် ဒေတာပို့ပေးနေတော့တယ်။ အဲဒီ ဒေတာတွေကို အသုံးပြုပြီး

လူတစ်ယောက်စီအတွက် ရီပို့ တွေ ထုတ်တယ်။

လူတစ်ယောက်က ခရက်ဒစ် ကတ်အသစ်လျှောက်မယ်ဆိုတိုင်း ချေးပေးမယ့် ဘဏ်၊ ကုမ္ပဏီကနေ အဲဒီ နောက်ဆုံး ရီပို့တွေကို သူတို့ဘာသာ သူတို့ ဗျူရိုဆီကနေ ယူကြည့်တယ်။ Score က အဲဒီလို ယူကြည့်တဲ့အကြိမ်ပေါ်လည်းမူတည်ပြီး အပြောင်းအလဲ ဖြစ်တတ်တယ်။ အဲဒါက ခရက်ဒစ်ကတ်လိုချင်သူတွေ အများကြီးလျှောက်ခဏခဏ လျှောက်ပြီး System abuse လုပ်တာကို ကာကွယ်တဲ့ပုံစံမျိုးနေမယ်။

US မှာ နေတယ်ဆိုရင် အမေရိကန် အစိုးရဆီမှာ ကိုယ့်အချက်အလက်တွေက ကိုယ်ထင်ထားတာထက်အများကြီးရှိတတ်တယ်။ အချို့အရာတွေက ကိုယ်လိုလိုလားလားပေးခဲ့မိပြီး ကိုယ့်ဘာသာ မမှတ်မိတဲ့အရာတွေပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလဲဖြစ်ရင်ဖြစ်မယ်။ ဖောင်တစ်ခါဖြည့်တိုင်းမှာ ပါသွားတဲ့အချက်တွေက ဘယ်တော့မှ မပျောက်ပျက်သွားပဲ သူတို့ဆီမှာ ကျန်နေတတ်တယ်။ ဒါကြောင့် ဘယ်တုန်းက ဘယ်လိုရေးခဲ့လဲဆိုတာက စလို့ ကိုယ်မမှတ်မိတဲ့ ဓာတ်ပုံတွေပါ သူတို့ ဆီမှာ ကျန်နေနိုင်တယ်။

တစ်ခါက ကျနော် လူမှုဖူလုံရေးနံပါတ်တို့မရသေးခင်က ကျောင်းသားတွေ အတွက်ပေးတဲ့ ခရက်ဒစ်ကို ကိုယ့် Passport နဲ့ပဲ လျှောက်ခဲ့တာရှိတယ်။

ကတ်က စာတိုက်ပုံးထဲရောက်ပေမယ့်လို့ Activate လုပ်တာအဆင်မပြေလို့ ၊ ကိုယ်လည်းစိတ်သိပ်မပါတာနဲ့ မသုံးပဲ ဒီတိုင်းထားလိုက်တယ်။

နောက်တစ်နှစ်ကျော်ကြာလို့ ကတ်အသစ်လျှောက်တဲ့အခါ အဲဒီတုန်းကဖွင့်ခဲ့တဲ့ ကတ်က History ထဲမှာပေါ်နေတယ်။ သူဘယ်လိုများ ဒီ History ကိုရလိုက်လဲစဉ်းစားကြည့်တာ၊ Passport နံပါတ်နဲ့ ချိတ်တာကလွဲလို့ တစ်ခြားနည်းရှိမှမဟုတ်ဘူးလို့ပဲတွေးမိတယ်။

တရုတ်မှာ Social Credit Systemဆိုတာ ကိုကြားဖူးတဲ့အချိန််တုန်းက လွန်လွန်းလှချည်လားဆိုပြီး မြင်ခဲ့တယ်။​လူတွေကို အဲဒီလို တစ်ချိန်လုံး စောင့်ကြည့်နေပြီး အမှတ်ပေးဆုံးဖြတ်နေတာ ဘယ်ကောင်းမလဲဆိုပြီး ထင်ခဲ့တယ်။

တကယ်တော့ အဲဒီ စနစ်ကို အနည်းနှင့်အများ အခြားနေရာတွေမှာလည်းသုံးနေခဲ့ပြီးသားပဲ။ ဥပမာ US မှာပဲ Credit Score မကောင်းရင် ဘာမှ လုပ်လို့မရဘူး။ ဒီလူ အကြွေးဆပ်နိုင်သလား၊ ပေးသင့်သလားဆိုတာကို အဲဒီ Score တွေနဲ့ဆုံးဖြတ်တယ်။ သူတို့အတွက် Risk များတယ်ထင်ရင် အလိုလို ငြင်းတယ်။

ဒါကလည်း အကြောင်းရှိလို့ တဖြည်းဖြည်းနဲ့ ပြောင်းလဲ လာတာလို့ထင်တယ်။

၂၀၀၇/ ၂၀၀၈ ဝန်းကျင်က လူတွေကို (NINJA Loan) No income, No Job and Asset) နဲ့တောင် အကြွေးတွေ ဇွတ်ယူခိုင်း၊ နောက်ဆုံးကျ စီးပွားပျက်ကပ် ဆိုက်သွားခဲ့တာတွေကလည်း သူတို့အတွက် သင်ခန်းစာနေမှာပေါ့။

စိတ်ဝင်စားမိတဲ့အပိုင်းကတော့ ဘယ်လောက်ရှုပ်ထွေးတဲ့ ဒေတာတွေကို ရိုးရှင်းတဲ့ နံပါတ် တစ်ခုဖြစ်သွားအောင် တွက်ပြီး ရီပို့တွေထုတ်ထားတယ်။ အဲဒီ ရီပို့ပေါ်က နံပါတ်ပေါ်ပဲ အခြေခံပြီး ဆုံးဖြတ်ကြတယ်။

လည်နေတဲ့ စနစ်ထဲမှာ အချက်တစ်ခုတိုင်းဟာ အကြောင်းပြချက် တစ်ခုကြောင့် လုပ်ထားတာဖြစ်နေတယ်။

အထပ်ထပ်အခါခါ ဒေတာတွေ ပေးရတာမျိုးလည်း မရှိနေပေမယ့် ရှိပြီးသားဒေတာတွေကို ပို အကျိုးရှိရှိသုံးနေကြတယ်။

ကြုံရင် အဆက် ထပ်ရေးပါဦးမယ်။