Many Lives, Many Memories.

Category: Finance

Cashback တွေနဲ့ ငွေစုဖို့

US မှာ ပစ္စည်းဝယ်ရင် cashback တွေက အတော် အသုံးကျကြောင်း တဖြည်းဖြည်းနားလည်လာတယ်။

သာမာန်အားဖြင့်ဆို ပစ္စည်းတွေက စျေးအလွန်ကြီးတယ်။
ဒါပေမယ့် credit card company တွေ ကပေးတဲ့ cashback, promo discount တွေ ကဈေးလျှော့ပေးတာတွေနဲ့၊​ tax refund ရတာတွေနဲ့ ပေါင်းလိုက်ရင် သာမာန်ဈေးထက်သက်သာသွားတယ်။
အဲဒါကလည်း အဲဒီလို ဈေးသက်သာအောင်လုပ်လို့ရကြောင်းသိဦးမှ။
ကျနော်ဆိုမသိခဲ့လို့
၂နှစ်နီးပါး သူတို့ပြောတဲ့ဈေးအတိုင်း ဘာ cashback ဘာ point မှမရပဲ သုံးခဲ့ရတာ ။ အစောတည်းကသာ ပြောပြမယ့်သူရှိပြီး အဲဒီလို မျိုးစနစ်နဲ့ သုံးခဲ့ရင်
အခုနေ အကျိုးတော်တော်ရှိနေပြီ။

ထားပါတော့လေ။ အဲဒါကလည်း Social number ရမှပဲ တော်တော်များများ အလုပ်တွင်တာဆိုတော့မပြောတော့ပါဘူး။

ဒီ post မှာ
အဓိက ပြောချင်တာက Rakuten အကြောင်းပါ။
Rakuten ဆိုတာ Viber messenger ရဲ့ မိခင်ကုမ္ပဏီပါ။
Rakuten ဆိုတာ Online Shopping တွေကို စုစည်းထားတဲ့ marketplace ပါ။ သူ့ဆီမှာ Apple , Google , Microsoft ကစလို့ အဝတ်အစား Brand တွေ လည်းအများကြီးရှိတယ်။

US မှာတော့ သူက Cashback (ဝယ်ထားတဲ့ထဲက ပြန်အမ်းငွေ) တွေပြန်ရအောင်လုပ်တဲ့နေရာမှာ အတော်နာမည်ကြီးတယ်။
သူ့ ပလက်ဖောင်းကတဆင့် နာမည်ကြီး brand တွေကို ဝယ်ရင်
1 % ကနေ 40% လောက်အထိ cashback တွေပြန်ပေးတယ်။
ဥပမာ 4% cashback ရတယ်ဆိုရင် ဒေါ်လာ 100 သုံးရင် 4$ ပြန်ပေးတာမျိုးပေါ့။

Rakuten စပေါ်တာ က ဂျပန်မှာပါ။ ၁၉၉၇ လောက်တည်းကဆိုတော့ တော်တော်ကြာပြီ။

လက်ရှိသူ့ရဲ့ business model က affiliated marketingပါ။
သူက သူနဲ့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေဆီကို ဖောက်သည်တွေ ပို့ပေးတယ်။
အဲဒီလိုပို့ပေးတဲ့အတွက် ကုမ္ပဏီတွေက သူ့ကို ကော်မရှင်ပေးတယ်။
သူက အဲဒီကော်မရှင်ထဲက တစ်ချို့ကို ဈေးဝယ်သူကိုပြန်ပေးတဲ့ပုံစံမျိုးပါ။
အခုနောက်ပိုင်း သူက Online shopping အပြင် ၊ ဆိုင်မှာ ဝယ်တာတွေကိုပါ Cashback ပြန်ပေးတာမျိုးဖြစ်လာတယ်။
တစ်ခါက ကျနော် စားသောက်ဆိုင်တစ်ခုမှာစားတယ်။
ငွေရှင်းတော့ Rakuten နဲ့ချိတ်ထားတဲ့ Visa card ကို ထုတ်ပေးလိုက်မိတယ်။
နောက်ရက် Rakuten app ထဲမှာ အဲဒီဆိုင်က ပေးတဲ့ cashback ဝင်နေတာတွေ့တော့အံ့သြသွားမိတယ်။
သေချာပြန်လိုက်ကြည့်တော့မှ သူ့ဆီမှာ Rakuten dining ဆိုတဲ့ အစီအစဉ်ရှိပြီး၊ သူနဲ့ချိတ်ထားတဲ့ စားသောက်ဆိုင်တွေမှာစားရင် % နဲ့ငွေပြန်ပေးကြောင်း ပြောထားတယ်။

ပုံမှန်ဈေးဝယ်လေ့ရှိသူတွေဆိုရင် Company website တွေထဲသွားဝယ်တာထက် သူ့ဆီကနေ တစ်ဆင့်သွားရင် Cashback လည်းရမယ်။​Discount လည်းရတယ်ဆိုတာမျိုး ဖြစ်နိုင်တယ်။

Rakuten က Mobile app တွေလည်းရှိတယ်။ Chrome browser extension တွေလည်းရှိတယ်။

သူကရလာတဲ့ cashback တွေကို ၃ လ တစ်ခါထင်တယ် ငွေပြန်ထုတ်ပေးတယ်။ Paypal or check နဲ့ပေးတယ်။ Paypal ဆိုရင်တော့ အကောင့်ထဲတိုက်ရိုက်ရောက်တာပေါ့။ Check နဲ့ဆိုရင် တော့ အပြင်လိပ်စာလိုတယ်။
ကြည့်ရတာတော့ US မှာ ဝယ်တဲ့ ပစ္စည်းတွေဆိုရင် Cashback အများဆုံးပဲ။
တခြားနိုင်ငံတွေမှာဆိုအဲဒီလောက်ရတယ်တော့မကြားမိဘူး။

US ကိုရောက်နေတဲ့ကျောင်းသားတွေ နဲ့ မည်သူမဆို ဒီလိုနည်းနဲ့ ဈေးဝယ်ရင် အများကြီး ငွေချွေတာရာ ရောက်ကြောင်းလေးကို ရှယ်ပေးချင်တာပါ။
စိတ်ဝင်စားရင်တော့ အောက်မှာ ကျနော့် referral link ပါပါတယ်။
အဲဒီကနေ Register လုပ်ရင် 30$ ရပါလိမ့်မယ်။ အကယ်၍ cashback ရတဲ့တခုခုကိုစဝယ်လိုက်ရင်တော့ ကျနော်လည်း 30$ ရပါလိမ့်မယ်။
ကျေးဇူးပါဗျ။

http://www.rakuten.com/r/CHANLA101

ရှိဖို့လိုတဲ့ အကြွေးများ(၁)

ကျွန်တော်က အကြွေးရှိရင် မနေတတ်တဲ့သူပါ။

ကိုယ်က သာ သူများကို ချေးထားတာတွေရှိတယ်။ ကိုယ်က သူများဆီက ချေးမိရင် မြန်နိုင်သမျှ​မြန်မြန် ပြန်ဆပ်ရမှ နေတတ်တဲ့သူမျိုးပါ။

မြန်မာပြည်မှာ Payment ကတ်တွေ ခေတ်စားစဉ်က Credit Card နဲ့ Debit Card ကိုတောင် ကွဲကွဲပြားပြားမသိခဲ့ဘူး။

Credit Card ဆိုတာ အကြွေးဝယ်ကတ် ၊ Debit ဆိုတာ ငွေကြိုဖြည့်ထားရတဲ့ ကတ်မျိုး ဆိုတာ နောက်မှသိခဲ့တယ်။

Credit Card တွေလျှောက်ဖို့ဆို မြန်မာပြည်က ဘဏ်တွေမှာ ဘယ်လောက် ဝင်ငွေပုံမှန်ရှိလဲ ၊​ဘာအလုပ်လုပ်လဲ ဆိုတာတွေကို ကြည့်ပြီးတော့မှ ကတ်ထုတ်ပေးကြတယ်။

နောက်ပိုင်းနားလည်လာတာက ၊ ဘဏ်တွေက သူ့ဆီမှာ အပ်ထားတဲ့သူတွေကို တစ်နှစ် 5% လောက်နဲ့ အတိုးပေးတယ်ဆိုရင် အဲဒီငွေတွေကို တစ်နှစ် 10 %,15 to 20% လောက်အထိ အတိုးတင်ပြီးတော့မှ တခြား ငွေလိုတဲ့သူတွေကို Loan အနေနဲ့ ပြန်ချေးတယ်၊ အကြွေးသုံးလို့ရတဲ့ငွေပေးကတ်တွေ ထုတ်ပေးတယ်။ အဲဒီအကြွေးဝယ်ကတ်တွေမှာ အချိန်တန်လို့ ပြန်မဆပ်နိုင်ရင် နောက်ကျကြေးပေးရသလို၊ သူနဲ့ချိတ်ထားတဲ့ merchant တွေဆီကနေ လည်း ကော်မရှင်ခတွေ ဘဏ်ဖက်က ရပြန်တယ်။

အခြား နှစ်စဉ်ကြေး၊ Transaction Fee တွေကလည်းရပြန်တယ်။

ဒါကြောင့် သုံးဖို့တွန်းအားပေးကြတာပေါ့။

မြန်မာပြည်မှာတော့ အကြွေး မယူချင်ရင် မယူပဲနေလည်း ဘာမှမဖြစ်ပေမယ့်

US မှာတော့ လူတွေကို အကြွေးမယူယူအောင် စနစ်က တွန်းအားပေးထားတယ်။ အဲဒီစနစ်က Credit Score ဆိုတဲ့ အချက်ပေါ်မှာ အခြေတည်ထားတယ်။ Credit Score ဆိုတာက လူတယောက် ဘယ်လောက်ထိ အကြွေးယူနိုင်သလို ၊​ဘယ်လောက်ပြန်ဆပ်နိုင်သလဲဆိုတာတွေကို အခြေခံပြီး ရိုးရှင်းအောင် တွက်ချက်ထားတဲ့ နံပါတ်တစ်ခုပဲ။ ၃၀၀ ကနေ ၈၅၀ ကြားမှာရှိတယ်။

အဲဒီ Score က အကြွေးလုံးဝ မယူဖူးရင် မကောင်းသလို၊ ယူပြီး ပြန်မဆပ်ရင်လည်း မကောင်းတတ်ဘူး။

အချို့နေရာတွေမှာ တစ်ခါမှ အကြွေးမယူဖူးရင် ကိုယ်လိုချင်တဲ့အရာ၊ သုံးချင်တဲ့အရာတွေ ငြင်းခံရတာမျိုးဖြစ်တယ်။

ကောင်းတဲ့ Credit Score ရှိရင် ပိုသက်သက်သာသာနဲ့ ဝယ်လို့ရတယ်။ ချွေတာနိုင်တာမျိုးရှိတယ်။ ဥပမာ ကိုယ်က အိုင်ဖုန်းသစ်လိုချင်တာကစလို့၊ အိမ်ဝယ်ဖို့အထိ၊ တစ်လုံးတစ်ခဲတည်း ပေးဝယ််မလား။ လစဉ် အရစ်ကျနဲ့ပေးဝယ်မလား။

အတော်များများက အရစ်ကျနဲ့ပဲဝယ်ချင်တာပေါ့။ ကိုယ့်အတွက် ဝန်မပိဘူးလေ။

ဒါပေမယ့် အဲဒီလိုဝယ်ချင်ရင်တောင် အကြွေးမှတ်တမ်းမရှိခဲ့ရင် ၊ရာဇဝင်မကောင်းရင် ဘယ်သူကမှမချေးပေးဘူး။

Credit Score ဆီမှာပါတဲ့အချက်တွေက ဘယ်တုန်းကစပြီးအကြွေးဝယ်ကတ်တွေစသုံးသလဲ၊ အကောင့်ဘယ်လောက်ဖွင့်ထားသလဲ။ ဘယ်လောက်ထိ အကြွေး ဝယ်နိုင်သလဲ။ ပုံမှန်ပြန်ဆပ်နိုင်ရဲ့လား၊ ရထားတဲ့အကြွေးယူလို့ရတဲ့ ပမာဏထဲက ဘယ်လောက်ပမာဏအထိ သုံးလေ့ရှိသလဲ။​အကုန်သုံးသလား၊ မသုံးပဲနေသလား။ ဝင်ငွေဘယ်လောက်ရှိလဲ၊ အိမ်လခဘယ်လောက်ပေးရသလဲ ။ စတဲ့ မကုန်မခမ်းနိုင်သော အချက်တွေကို အသုံးပြုပြီးမှ Score တွေတွက်လေ့ရှိတယ်။

အဲဒီ ဒေတာတွေ ဘယ်ကရသလဲဆိုတော့၊ Credit Card တစ်ခုလျှောက်ပြီး ကိုယ့်ဒေတာတွေ ပေးလိုက်ပြီဆိုတာနဲ့ သူတို့က တောက်လျှောက် သုံးသမျှ အခြေအနေတွေကို ခရက်ဒစ် ဗျူရိုဆီကို ပုံမှန် ဒေတာပို့ပေးနေတော့တယ်။ အဲဒီ ဒေတာတွေကို အသုံးပြုပြီး

လူတစ်ယောက်စီအတွက် ရီပို့ တွေ ထုတ်တယ်။

လူတစ်ယောက်က ခရက်ဒစ် ကတ်အသစ်လျှောက်မယ်ဆိုတိုင်း ချေးပေးမယ့် ဘဏ်၊ ကုမ္ပဏီကနေ အဲဒီ နောက်ဆုံး ရီပို့တွေကို သူတို့ဘာသာ သူတို့ ဗျူရိုဆီကနေ ယူကြည့်တယ်။ Score က အဲဒီလို ယူကြည့်တဲ့အကြိမ်ပေါ်လည်းမူတည်ပြီး အပြောင်းအလဲ ဖြစ်တတ်တယ်။ အဲဒါက ခရက်ဒစ်ကတ်လိုချင်သူတွေ အများကြီးလျှောက်ခဏခဏ လျှောက်ပြီး System abuse လုပ်တာကို ကာကွယ်တဲ့ပုံစံမျိုးနေမယ်။

US မှာ နေတယ်ဆိုရင် အမေရိကန် အစိုးရဆီမှာ ကိုယ့်အချက်အလက်တွေက ကိုယ်ထင်ထားတာထက်အများကြီးရှိတတ်တယ်။ အချို့အရာတွေက ကိုယ်လိုလိုလားလားပေးခဲ့မိပြီး ကိုယ့်ဘာသာ မမှတ်မိတဲ့အရာတွေပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလဲဖြစ်ရင်ဖြစ်မယ်။ ဖောင်တစ်ခါဖြည့်တိုင်းမှာ ပါသွားတဲ့အချက်တွေက ဘယ်တော့မှ မပျောက်ပျက်သွားပဲ သူတို့ဆီမှာ ကျန်နေတတ်တယ်။ ဒါကြောင့် ဘယ်တုန်းက ဘယ်လိုရေးခဲ့လဲဆိုတာက စလို့ ကိုယ်မမှတ်မိတဲ့ ဓာတ်ပုံတွေပါ သူတို့ ဆီမှာ ကျန်နေနိုင်တယ်။

တစ်ခါက ကျနော် လူမှုဖူလုံရေးနံပါတ်တို့မရသေးခင်က ကျောင်းသားတွေ အတွက်ပေးတဲ့ ခရက်ဒစ်ကို ကိုယ့် Passport နဲ့ပဲ လျှောက်ခဲ့တာရှိတယ်။

ကတ်က စာတိုက်ပုံးထဲရောက်ပေမယ့်လို့ Activate လုပ်တာအဆင်မပြေလို့ ၊ ကိုယ်လည်းစိတ်သိပ်မပါတာနဲ့ မသုံးပဲ ဒီတိုင်းထားလိုက်တယ်။

နောက်တစ်နှစ်ကျော်ကြာလို့ ကတ်အသစ်လျှောက်တဲ့အခါ အဲဒီတုန်းကဖွင့်ခဲ့တဲ့ ကတ်က History ထဲမှာပေါ်နေတယ်။ သူဘယ်လိုများ ဒီ History ကိုရလိုက်လဲစဉ်းစားကြည့်တာ၊ Passport နံပါတ်နဲ့ ချိတ်တာကလွဲလို့ တစ်ခြားနည်းရှိမှမဟုတ်ဘူးလို့ပဲတွေးမိတယ်။

တရုတ်မှာ Social Credit Systemဆိုတာ ကိုကြားဖူးတဲ့အချိန််တုန်းက လွန်လွန်းလှချည်လားဆိုပြီး မြင်ခဲ့တယ်။​လူတွေကို အဲဒီလို တစ်ချိန်လုံး စောင့်ကြည့်နေပြီး အမှတ်ပေးဆုံးဖြတ်နေတာ ဘယ်ကောင်းမလဲဆိုပြီး ထင်ခဲ့တယ်။

တကယ်တော့ အဲဒီ စနစ်ကို အနည်းနှင့်အများ အခြားနေရာတွေမှာလည်းသုံးနေခဲ့ပြီးသားပဲ။ ဥပမာ US မှာပဲ Credit Score မကောင်းရင် ဘာမှ လုပ်လို့မရဘူး။ ဒီလူ အကြွေးဆပ်နိုင်သလား၊ ပေးသင့်သလားဆိုတာကို အဲဒီ Score တွေနဲ့ဆုံးဖြတ်တယ်။ သူတို့အတွက် Risk များတယ်ထင်ရင် အလိုလို ငြင်းတယ်။

ဒါကလည်း အကြောင်းရှိလို့ တဖြည်းဖြည်းနဲ့ ပြောင်းလဲ လာတာလို့ထင်တယ်။

၂၀၀၇/ ၂၀၀၈ ဝန်းကျင်က လူတွေကို (NINJA Loan) No income, No Job and Asset) နဲ့တောင် အကြွေးတွေ ဇွတ်ယူခိုင်း၊ နောက်ဆုံးကျ စီးပွားပျက်ကပ် ဆိုက်သွားခဲ့တာတွေကလည်း သူတို့အတွက် သင်ခန်းစာနေမှာပေါ့။

စိတ်ဝင်စားမိတဲ့အပိုင်းကတော့ ဘယ်လောက်ရှုပ်ထွေးတဲ့ ဒေတာတွေကို ရိုးရှင်းတဲ့ နံပါတ် တစ်ခုဖြစ်သွားအောင် တွက်ပြီး ရီပို့တွေထုတ်ထားတယ်။ အဲဒီ ရီပို့ပေါ်က နံပါတ်ပေါ်ပဲ အခြေခံပြီး ဆုံးဖြတ်ကြတယ်။

လည်နေတဲ့ စနစ်ထဲမှာ အချက်တစ်ခုတိုင်းဟာ အကြောင်းပြချက် တစ်ခုကြောင့် လုပ်ထားတာဖြစ်နေတယ်။

အထပ်ထပ်အခါခါ ဒေတာတွေ ပေးရတာမျိုးလည်း မရှိနေပေမယ့် ရှိပြီးသားဒေတာတွေကို ပို အကျိုးရှိရှိသုံးနေကြတယ်။

ကြုံရင် အဆက် ထပ်ရေးပါဦးမယ်။

Investment Journey

2016 လောက်တည်းက Stock Market တွေ စိတ်ဝင်စားတယ်။

ဒါပေမယ့် stock ဆိုတာဘာမှန်းလဲမသိ။

ဘယ်နားဝယ်ရမှန်းလဲမသိ။

မြန််မာပြည်ကို စတော့မားကတ်တွေ လာရင်ကောင်းမှာဘာညာတွေးတာ။

၂၀၁၇ နှစ်ကုန်လောက်မှ Crypto ဆိုတာကို ကြားဖူး။

စစဖွင့်တဲ့အကောင့် က Binance နဲ့ Kucoin။

အဲဒီတုန်းက ခုလို p2p ကဝယ်ရမလွယ်ဘူး။

ကြားက ပြန်ရောင်းမယ့်သူဆီကနေ ETH မြန်မာငွေ ၂သိန်းဖိုး ပြန်ဝယ်ရတာ။

မှတ်မှတ်ရရ မန္တလေးက နေ ရန်ကုန်ကို ပြန်တဲ့ ကားပေါ်မှာ စပြီး ETH ကို trade ဖူးတာပဲ။

ပြမယ့်သူလည်း မရှိ။ community လည်းမရှိနဲ့

လျှောက်လုပ်ရင်း ထည့်ထားတာလေးပြောင်။

နောက်တော့ ဖုန်းပြောင်းပြီး အကောင့်ကလည်း login ဝင်မရတော့တာနဲ့

ဒီတိုင်းပဲပစ်ထားပြီး.

၂၀၂၀ နှစ်ကုန်ခါနီးကျတော့မှ Binance ကို ပြန်ဆယ်ပြီးသုံးလို့ရတယ်။

အဲဒီအချိန်ကျတော့ p2p ဆိုတာရှိနေပြီ။

သူငယ်ချင်းတွေကိုလည်း ရှင်းပြ၊ တိုက်တွန်း.

အဲဒီနောက် ၂၀၂၁ နှစ်စကစလို့ Bull market စတယ်။

မိုဘိုင်းလောက က သိတဲ့ ကိုယ့်လူရင်းတွေပါတဲ့ signal group ထဲရောက်ပြီး လိုက်ဖတ်ရင်း နည်းနည်းပိုသိလာတယ်။ ကြားဖူးတာတွေရှိလာတယ်။

နောက်တော့ အာဏာသိမ်း ရော။

အစောပိုင်း visa ကတ်နဲ့ ဝယ်တာနောက်ပိုင်း visa ကတ်တွေပိတ်တော့ wise သုံးပြီး singapore ကနေ USDT လိုက်ဝယ်။

Wise ကိုပိတ်ခံရ တော့ ဆက်မဝယ်ဖြစ်တော့ဘူး။

US ကိုရောက်လာတော့ ခရီးတွေသွားရင်းလာရင်းလမ်းမှာ future trade တာတွေလည်းရှိတယ်။

bull market ဆိုတော့ ဆက်တိုက်ပဲ တက်နေတော့ trade တိုင်းမြတ်နေတာကိုး။

ကြားမှာ AIX 51 ရဲ့ tradiing and investment video တွေ ဝယ်ကြည့်သေးတယ်။ အခုတော့သူတို့နာမည်ပြောင်းသွားပြီ။

စက်တင်ဘာလ ၇ရက်နေ့မှာ ဈေးကွက် ပျက်ပြီး

မြတ်ထားသမျှကော အရင်းထဲက တစ်ဝက်လောက်ကော ရှုံးသွားတယ်။

အဲဒီကနေ ဈေးတွေဆက်တိုက်ကျတာ။ တော်တော်ကြာတယ်။

ဒါပေမယ့် စိတ်ဓာတ်အဲလောက်မကျပါဘူး။

ကောင်းတဲ့အပိုင်းလေးတွေ တွေးပြီးကိုယ့်ဘာသာဖြေတာပဲ။

အတူတူလုပ်တဲ့သူငယ်ချင်းလည်း အဲဒီနေ့က ကိုယ့်လောက်မဟုတ်ပေမယ့် တော်တော်ရှုံးသွားတယ်။ သူအဲဒီနောက် trade တာမလုပ်တော့ဘူး။

၂၀၂၂ နှစ်လည်လောက်အထိ ဈေးတွေဆက်တိုက်ကျတုန်းပဲ။

LUNA crash တဲ့အချိန်မှာ အပျော်သဘော 10 ဖိုးဝယ်လိုက်ပြီး

LUNA 10 သန်းရလိုက်သေးတယ်။

အဲဒီကနေ ဈေးရုတ်တရက် ပြန်တက်ပြီး အချို့ ပြန်ရတယ်။

အဲဒီအချိန်က ပျော်စရာပဲ။ souveniors အဖြစ်ဝယ်လိုက်တဲ့ Coin ကနေ ရုတ်တရက် ဈေးပြန်တက်ပြီး မြတ်တယ်ဆိုတာလေ။

၂၀၂၂ နှစ်လည်ပိုင်းမှာ state တော်တော်များများကို လွယ်အိတ်တစ်လုံး luggage တစ်လုံးနဲ့ ခရီးရှည်ထွက်တယ်။ အဲဒီအချိန်ကစလို့ ရှိတဲ့ USDT တွေနဲ့ BTC, BNB,ETH တွေကို နေ့စဉ် 5$ ဖိုး လိုမျိုး အော်တို invest နဲ့ဝယ်တယ်။

တစ်ခါတစ်လေ ဝယ်ထားတာကိုတောင်မေ့နေတယ်။

၂၀၂၂ တစ်နှစ်လုံးလည်း ဝယ်ထားတာကနေ နီရဲလို့။

၂၀၂၃ နှစ်စ ဘဏ်တစ်ချို့ပြိုလဲပြီး binance ကနေ reserve 1 Billion ထုတ်ပြီး BTC တွေစဝယ်လိုက်ချိန်ကစလို့ ဈေးက အကျရပ်သွားတယ်။

တအိအိနဲ့ အတက်ဘက်ကို ပြန်ရောက်လာတယ်။

day trade တွေ လုပ်တိုင်း ရှုံးတဲ့အတွက် မလုပ်တော့ဘူး။

ဖြေးဖြေးနဲ့ နှေးနှေးသွားပြီး risk ပိုသက်သာတဲ့ဘက်ကို ပဲ​ရွေးချယ်တော့တယ်။

အခြားအလုပ်တွေလုပ်ပြီး..

Crypto နဲ့ Stock မှာ

လစဉ် ပုံမှန် invest မယ်ဆိုတဲ့စိတ်ကူးပဲထားတော့တယ်။

2023 အောက်တိုဘာလောက်ကစလို့ Bear market ကနေ လွတ်ပြီလို့ ယူဆကြတယ်။

financial သတင်းတွေပိုဖတ်တယ်။ indicator. တွေအကြောင်း အကုန်မသိပေမယ့် အသုံးများတဲ့ ၁၀ခုလောက်ကိုနားလည်ဖို့ကြိုးစားတယ်။

Noise တွေကို filter လုပ်ကြည့်တတ်ဖို့ လေ့လာတယ်။

Bull market စပြီလို့ သူများတွေ မပြောခင်အချိန်မှာ coin တော်တော်များများ စစုဆောင်းထားပြီး ဖြစ်နေပြီ။

Solana ကနေစပြီး profit စပေါ်တယ်။

နောက်တော့ BNB

ပြီးတော့မှ BTC နဲ့ ETH ကနေ ရတယ်။

သိပ်မထင်ထားဘဲ SHIBA နဲ့ NEAR တို့ကနေလည်း ရတယ်။

လက်ရှိ Crypto market ကြီးတစ်ခုလုံးထဲရောက်နေတဲ့ငွေကြေးက 2.75 Trillion USD ရှိတယ်။

1 trillion = 1 billion x 1000

Nividia ရဲ့ market valuation က 2.118 Trillion ရှိတယ်။

၂၀၂၁ က လွဲခဲ့တဲ့ BTC က တော့ ဒီတစ်ခါ ကျိန်းသေပေါက်တော့ အနည်းဆုံး ၁သိန်းရောက်ဖို့သေချာတယ်။

အဲဒီရောက်ပြီး တော့မှ ဘယ်အထိ ပြန်ကျမလဲ စဉ်းစားတာပေါ့။

ဒီ တစ်ခေါက် Bull market က တစ်နှစ်လုံးကြာမလား တော့ပြောရခက်တယ်။

ဧပရယ် ဝန်းကျင် Bitcoin Halving ပြီးတဲ့အချိန်မှာတစ်ခါ စက်တင်ဘာ​ဝန်းကျင်မှာ တစ်ခါ အခြေအနေ ကြည့်ဖို့လိုတယ်။

အရင်ကလို ဝယ်ပါဘာညာ လည်း ဘယ်သူ့ကိုမှမတိုက်တွန်းပါဘူး။

အခုအချိန်မှ​ ဝယ်ရင်တော့ ခရီးတဝက်ရောက်နေပြီထင်လို့ ပို ပြီး risk ယူရဖို့ရှိတယ်။

အစောပိုင်းကာလတွေက 1 bitcoin ကို တစ်ဒေါ်လာတောင်မတန်ပေမယ့်

တဖြည်းဖြည်းနဲ့

လူအများစု က တန်ဖိုး ရှိတယ်လို့ လက်ခံလိုက်ကြတဲ့အခါ

ဘာမှမဟုတ်တဲ့ 1 and 0 တွေကနေပြီးတော့ တကယ့် တန်ဖိုးတွေ ဖြစ်လာတာ

အံ့သြစရာပဲ။

ရွှေဆိုတာလည်း တကယ်တမ်းကျ ဘာများသေချာအသုံးဝင်လို့လဲ။

ငွေကြေးဆိုတာလည်း စက္ကူတစ်ရွက်ကို အစိုးရက တန်ဖိုးရှိတယ်လို့ သတ်မှတ်လိုက်ပြီး ဖြစ်လာတာ။

ဘာကြောင့် သာမန်ရိုးကျ အရာတွေမှာ မရင်းနှီးပဲ ဒီလို မျိုးဟာတွေမှာ ငွေထည့်လဲဆိုတော့

၁. AI နဲ့ Crypto တွေက နောက်ကြောင်း ပြန်လှည့်ဖို့ မဖြစ်နိုင်တော့တဲ့ အရာတွေလို့ ယုံကြည်တယ်။

၂. လူတွေလက်ခံထားတဲ့ ငွေကြေးတွေရဲ့တန်ဖိုးဟာ နေ့စဉ် အငွေ့ပျံနေတဲ့အတွက် hedge လုပ်စရာ အခြားတစ်ခုရှိဖို့လိုအပ်တယ်။

၃. ကိုယ် နားလည်တဲ့နယ်ပယ်ဖြစ်လို့ အခြား နယ်ပယ်မှာ ရင်းနှီးတာထက် ပို confidence ရှိတယ်။

Powered by WordPress & Theme by Anders Norén