သိပ်မကြာခင် ကိုယ်လည်း ဒီအရွယ် ရောက်တော့မှာ ဆိုတော့ ကြိုတင် မျှော်လင့်ထားနိုင်ဖို့

=======
ထုံပေပေ၊ ပေတေတေနဲ့ တက်ကြွလာအောင် ကိုယ့်ကိုယ်ကို မနဲတွန်းအားပေးနေရတာမျိုးတွေ  အသက်ကြီးလာရင် ဒီလိုပဲဖြစ်လာတယ် ထင်တယ်။ နေ့တိုင်းတစ်နေ့တစ်နေ့ ရိုးလာတယ်။ လုပ်စရာအလုပ်မရှိတာလည်းမဟုတ်ပဲ မအားတဲ့ကြားထဲကကို ငြီးငွေ့နေတာမျိုး ဖြစ်လာတယ်။ ဖြစ်ပျက်တွေဆက်လာလို့ ဘင်္ဂဉာဏ်နဲ့ ရင့်ကျက်လာတာမျိုးမဟုတ်ပဲ ငြီးငွေ့ရုံသက်သက် တက်ကြွမှု နည်းလာတာမျိုး –
အဲဒါကို အသက်သုံးဆယ်ကျော်တွေမှာ တွေ့ရတယ်။
ရွယ်တူတွေထဲမှာ အားလုံးလိုလို ငွေရေးကြေးရေးအားဖြင့်လည်း အတန်အသင့် အဆင်ပြေလာကြတယ်။ ဘဝမှာ သက်သက်သာသာနေလာရတဲ့ အခြေအနေမျိုးရတဲ့သူ ရလာတယ်။ ဘဝရဲ့အဆင်ပြေတဲ့အပိုင်းထဲရောက်လာကြတယ်။ တစ်ချိန်တုန်းက စိတ်ကူးကြံစည်ထားတဲ့ ဘဝမျိုးဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ အဲဒီဘဝကြီးကို ထုံပေပေဖြစ်နေတတ်တယ်။
.
တက်ကြွမှုနည်းလာတယ်။ တစ်ချို့လည်း အဲဒါကို midlife crisis ဆိုပြီး တစ်ယောက်တည်းသမားက အိမ်ထောင်ပြု၊ အိမ်ထောင်ပြုပြီးသားလူတွေက ကလေးယူ၊ ကလေးရှိပြီးသားဆိုရင် နောက်တစ်ယောက်ထပ်ယူ၊ နှစ်အတော်ကြာတော့ စိတ်က ထုံပေပေ ပြန်ဖြစ်ပြန်ရော။ အကုန်လုံးကိုတော့မဆိုလိုပါဘူး။ အများအားဖြင့် အဲဒီအသက်အပိုင်းအခြားက တော်တော်ခက်တယ်။
.
အသက်သုံးဆယ်ကျော်လာရင် တော်တော်သတိထားရတယ်။ ကောင်းမယ်ထင်တာတွေ ဆက်တိုက်လုပ်လာပြီး နည်းနည်းအရှိန်ကုန်သွားတဲ့သဘောထင်တယ်။  ငယ်တုန်းက ရိုးရိုးအေးအေးတွေတောင် အဲဒီအချိန်လောက်ရောက်ရင် ဂျစ်ကန်ကန်တွေဖြစ်လာတယ်။ နည်းနည်း ပလပ်ကျွတ်တဲ့အရွယ် ရောက်လာတဲ့သဘော။ အရင်ကကြိုက်တဲ့အစားအစာတွေ သိပ်မကြိုက်ချင်တော့ဘူး။ အပြောင်းအလဲဖြစ်လာတယ်။ အဲဒါတွေကို သတိထားမိဖို့လိုတယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကို နားမလည်နိုင်ဘူး။ ငါဘာဖြစ်နေတာလဲဆိုပြီး အံ့သြနေလိမ့်မယ်။
.
လောဘနဲ့လုပ်ခဲ့တာတွေလည်း သိပ်အဓိပ္ပာယ်မရှိသလို ဖြစ်လာတယ်။ တစ်သက်လုံးတန်ဖိုးထားလာတွေကိုလည်း ဟုတ်ရောဟုတ်ရဲ့လား ဖြစ်လာတယ်။ အေးအေးချမ်းချမ်းရှိတဲ့ နေရာမှာ ပြောင်းနေရင်ကောင်းမလား တွေးလာတယ်။ ဘာဆက်လုပ်ရင်ကောင်းမလဲ၊ ဘာအပြောင်းအလဲလုပ်ရင်ကောင်းမလဲ၊ အလုပ်ပြောင်းလိုက်ရင်ကောင်းမလား။ မြန်မာပြည်ပြန်ပြီး လက်ဖက်ရည်ဆိုင်ဖွင့်ရင် ကောင်းမလား။ စီးပွားရေးပြန်လုပ်ရင်ကောင်းမလား ဖြစ်လာတယ်။ အဲဒီလိုအတွေးတွေ တစ်ချက်တစ်ချက်ပေါ်လာမယ်။ လွှမ်းမိုးမယ်။ ပြန်ပျောက်သွားမယ်။ လူက အူတူတူ ကျန်ခဲ့မယ်။
.
အားလုံးတစ်ယောက်တစ်မျိုးကြုံနေရတယ်။ မိဘရှိသေးတဲ့သူတွေက မိဘ ဆုံးရှုံးတာကြုံရဦးမယ်။ ဒါတွေက အရင်လည်း ဒီလိုသဘာဝတွေရှိနေတာပဲ။ သုံးဆယ်ကျော်လာမှ အဲဒီကိစ္စတွေက မှန်ဘီလူးနဲ့ချဲ့မြင်လာသလို ပိုစဉ်းစားမိလာတယ်။ အသက်အရွယ်ကြောင့် ဇရာကိုရော၊ ဗျာဓိကိုရော၊ မရဏကိုပါ စဉ်းစားလာတယ်။
.
အဲဒါတွေက အရင်တုန်းက အနှောက်အယှက်သိပ်မပေးဘူး။ သုံးဆယ်ကျော်လာတော့ ဒါတွေက နည်းနည်း overwhelm ဖြစ်လာတယ်။ ၂၅ တုန်းက တော်ရုံတန်ရုံနဲ့ မပင်ပန်းတာမျိုး၊ ၃၀-၃၁ မှာ မဖြစ်နိုင်တော့ဘူး။ သွေးလှူပြီးရင် အရင်လို လတ်လျားလတ်လျားလျှောက်သွားနေလို့ မရတော့ဘူး။ ရေသောက်ပြီးနားနေမှ။ နှစ်ညလောက်အိပ်ရေးပျက်ပြီဆိုရင် အသားအရေက သိသိသာသာမှောင်သွားပြီ။ လူက အကျပိုင်းကို စရောက်လာပြီဆိုတာကို လက်ခံလိုက်ရပြီ။ လူ့သက်တမ်းဟာ ခဲလုံးတစ်လုံးကို မြှောက်တဲ့ဖြစ်စဉ်နဲ့တူရင် လေထဲကနေ ပြန်ကျဖို့ အသင့်ဖြစ်နေတဲ့ခဲလုံးရဲ့ အနေအထားနဲ့တူလာပြီ။ ဆက်တက်ဖို့ တစ်ချို့လည်းရုန်းကန်တယ်။ တစ်ချို့လည်း ထုံပေပေဖြစ်လာတယ်။
.
အသက် ၃၀ မှာ Master ၊ Ph.D ဆက်မတက်ရင် ကျောင်းသားဘဝကလို ကျောင်းစာလုပ်ရတာမျိုး မရှိတော့။ မိဘတွေရဲ့အဆူခံဘဝကလည်းလွတ်ပြီ။ ဆွေမျိုးဆိုတာတွေကိုလည်း ခပ်တည်တည် မသိချင်ယောင်ဆောင်ထားတတ်လာပြီ။ ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲဆိုတာကို ကောင်းကောင်းသဘောပေါက်လာပြီ။ ကိုယ်နေကောင်းအောင်၊ ကိုယ်စိတ်ချမ်းသာအောင်  ်ပိုထားတတ်လာပြီ။
.
လက်လွယ်တယ်လို့ မကြာမကြာပြောခံနေရတာက လက်ခက်တဲ့သူ ဖြစ်လာပြီ။ ငွေများများလေးများ လာချေးလို့ကတော့ ချေးဖို့မရှိဘူးပဲ။ ချေးဖို့မရှိဘူးလို့ပြောတာက သေချာစဉ်းစားရွေးချယ်ထားတဲ့ စကားလုံး။ ပိုက်ဆံမရှိဘူးဆိုရင် မုသာဝါဒဖြစ်မယ်။ ချေးဖို့မရှိဘူးဆိုတာကတော့ ချေးဖို့ သတ်မှတ်ထားတဲ့ ပမာဏထက်များနေတယ်လို့ ဆိုလိုတယ်။ မုသာဝါဒလည်းမဖြစ်ဘူး။ စိတ်ကောင်းလည်း နည်းသထက်နည်းလာတယ်။ ဒေါက်တာသန်းထွန်းပြောတဲ့ ကြီးလေဆိုးလေ၊ စိတ်ပုတ်လေဆိုတဲ့ အမျိုးအစားထဲပါလာတယ်။ တစ်ယောက်တည်း ခပ်အေးအေးနေရတာကို ပိုကြိုက်လာတယ်။ စကားတောင် တစ်ခွန်းကနေနှစ်ခွန်းဖြစ်လာရင် အပေါက်အလမ်းမတည့်တဲ့သူများ လာတယ်။ ပြောတာဆိုတာ နည်းလမ်းမကျတဲ့သူတွေကို အမြင်ကတ်လာတယ်။
.
ကလေးတွေကိုလည်း ဆုံးမချင်စိတ် သွန်သင်ချင်စိတ်နည်းလာတယ်။ အခုခေတ်ကလေးတွေကို တော်တော်ညံ့တယ်ထင်မိတယ်။ ဉာဏ်ရည်အရာမှာတော့ တော်တယ်။ လူ့တန်ဖိုးတွေ၊ အခြေခံယဉ်ကျေးမှုတွေမှာ အင်မတန်ညံံ့တယ်ထင်နေတတ်တယ်။ ကလေးတွေကိုတော့ ယဉ်ကျေးတဲ့သူတွေ ွဖြစ်စေချင်တယ်။ မိဘစကား နားမထောင်တာ/ နားထောင်တာတွေထက်၊ စကားကိုဒေါသနဲ့ မပြောတဲ့သူတွေပဲဖြစ်စေချင်တယ်။ ကိုယ်ထင်နေတာ၊ ကိုယ်မှန်တယ်ထင်တာကို အကျိုးသင့်အကြောင်းသင့် ပြောတတ်တဲ့ကလေးတွေ ဖြစ်စေချင်တယ်။ ဒေါသထွက်တဲ့သူတွေဟာ တိရစ္ဆာန်စိတ်များတဲ့ သဘောရှိတယ်လို့ ထင်တယ်။ အရင်ဆို ဒါမျိုး ကလေးတွေတွေ့ရင် သိပ်ပြင်ပေးချင်တယ်။ အခုတော့ သူ့ကံနဲ့သူ သွားတာ ကိုယ်နဲ့မဆိုင်ဘူးထင်လာပြီ။
.
နောက်တစ်ခုက အလုပ်မလုပ်နိုင်တော့တဲ့အရွယ်နောက်ပိုင်း ဘယ်လိုနေထိုင်ပြုမူသွားမလဲ စဉ်းစားလာတယ်။ သာယာအေးချမ်းတဲ့ဘဝကိုပဲ ပိုရွေးချယ်ချင်လာတယ်။ ၄၅ လောက်မှာ အခြေမကျရင်တော့ ၆၀ မှာလည်း ကျွဲလို၊နွားလို ရုန်းကန်ရဦးမယ်ဆိုတာ ပိုသိလာတယ်။ .
စားနေတဲ့အစားအစာပေါ်မူတည်ပြီး အသက်ကြီးရင်ဖြစ်မယ့် ရောဂါတွေကိုလည်း  စ,တွေးလာပြီ။ မကောင်းတဲ့အကျင့်၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို နည်းနည်းချင်း စ,ပြင်မိတယ်။ ကိုယ့်ဘဝကြီးသာယာဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်စိုက်၊ မစိုက်ရင် ဘယ်သူမှ လာမစိုက်နိုင်ဘူးလို့ တွေးလာပြီ။
.
၃၀ မပြည့်ခင် ၁ ရက်အလိုလောက်အထိ ငွေရေးကြေးရေးကို အရေးကြီးတယ်သိပ်မထင်ဘူး။ ရှိတာတွေကုန်သွားမယ်။ ပြန်ရှာမယ်။ ပြန်ကုန်သွားမယ်။ ဒီလိုနဲ့ပဲ လည်နေတာ။ ငွေဆိုတာ များများရှိရင်ပျက်စီးတာပဲ၊ မြန်မြန်ဖြုန်းပစ်မှလို့ တွေးတယ်။ နောက်တော့ အတွေးအခေါ်ပြောင်းစပြုလာတယ်။ မောင်လေးနဲ့အဘွားဆုံးပြီးတော့ သေခြင်းတရားမှာတောင် ပိုက်ဆံလေးရှိမှ အသေသက်သာတယ်ဆိုတာ ပိုသိလာတယ်။ လှူဖို့တန်းဖို့လည်း ငွေလိုတယ်။
.
အဲဒီလို ၃၀ နောက်ပိုင်း စိတ်အပြောင်းအလဲတွေ ကြုံလာတယ်ဆိုရင် ကိုယ့်စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထားပါ။ ကိုယ့်စိတ်အပြောင်းအလဲကို သတိထားကြည့်ပါ။ အတွေးတွေဟာ စိတ်ကိုပင်ပန်းစေတယ်။ အတွေးနည်းလေ စိတ်တည်ငြိမ်လေပါပဲ။
.
တာဝန်သိစိတ်ကို ပိုတန်ဖိုးထားရမယ်။ လူဟာ လူ့တာဝန်ရှိတယ်။ သားသမီးဟာ သားသမီးတာဝန်ရှိတယ်။ ဇနီး/ခင်ပွန်းမှာလည်း  ဇနီး/ခင်ပွန်းတာဝန်ရှိတယ်။ တာဝန်ကျေတဲ့သူဟာ နောင်တ တဖန်ပူပန်ခြင်းကင်းတယ်။ ကိုယ်မလုပ်ဖြစ်လိုက်လို့၊ ကိုယ်တာဝန်မကျေလိုက်လို့ဆိုတာမျိုး ဘယ်တော့မှ မခံစားရဘူး။ မိဘတွေရှိတုန်း သားသမီးတာဝန်ကျေအောင် နေကြပါ။ မဟုတ်ရင် မိဘဆုံးရင် နှစ်ဆ ပိုခံစားရမယ်။ အဲဒါမကောင်းဘူး။ ညီအကို မောင်နှမတွေလည်း အသက်ရှင်နေတုန်း တည့်အောင်နေ။ ခင်ခင်မင်မင်နေ၊ သေရင်လည်း ငိုမနေနဲ့။ သူ့ကံနဲ့ သူသေမယ်။ သူ့ကံနဲ့ သူဆက်သွားမယ်။ သူ့ကံနဲ့ သူပဲ။ တစ်ခြားလူတစ်ယောက်ရဲ့ဘဝထဲ ဝင်ပြီး မချယ်လှယ်ချင်နဲ့။ ဇနီး၊ခင်ပွန်းပင်ဖြစ်သော်လည်း သီးခြားလူနှစ်ယောက်။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်တာ၊ ကူညီတာ၊ နားလည်တာကောင်းပေမယ့် ကိုယ်ဖြစ်စေချင်တာကို အတင်းအကြပ်မလုပ်စေချင်တာက ပိုပြီးကောင်းတယ် ထင်မိတယ်။ ကိုယ်ချစ်တဲ့သူတွေကို အချိန်များများပေး။ မဟုတ်ရင် တစ်ချိန်ကျ ခံစားရလိမ့်မယ်။ လူတော်တော်များများဟာ လိုချင်လို့ကြိုးစားပြီး ရလာရင် တန်ဖိုးမထားတော့ဘူး။ အဲဒီစိတ်ဟာ အင်မတန် သိမ်ဖျင်းတဲ့စိတ်ဆိုတာကို သတိထားရမယ်။ ကိုယ်ချစ်တဲ့ခင်တဲ့သူ၊ တန်ဖိုးထားတဲ့သူကို လေးစားပါ။ ဂရုစိုက်ပါ။ မပြောဘဲနဲ့ သိနေတဲ့သူဖြစ်အောင်ကြိုးစားပါ။ စာတိုလေးတစ်ကြောင်း၊ message လေးတစ်ခု၊ phone လေးပြောဖို့ အချိန်ရှိကြပါ။ ကိုယ့်စိတ်မှာရှိတဲ့ အထီးကျန်မှုကို နားလည်လာရင် တစ်ခြားသူတွေရဲ့စိတ်ကိုလည်း နားလည်လာတာပါပဲ။ ကိုယ့်စိတ်ကနေပဲစပါ။ ကိုယ့်စိတ်မှာ သိလာမှ ကိုယ်ချင်းစာနိုင်လာမယ်။ ကိုယ့်စိတ်ကိုနားလည်မှ တခြားသူကိုလည်း တကယ်နားလည်လာနိုင်မယ်လို့ ထင်ပါတယ်။
.
ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ မကြိုးစားပါနဲ့ ။
စိတ်ရဲ့ပင်ကိုယ်သဘောက ငြိမ်းချမ်းပြီးသားပါ။ အဲဒီ ပင်ကိုယ်သဘောကို ပြန်ရောက်ဖို့ သတိထားပြီး ပြုပြင်သွားပါ။ တစ်ချိန်မှာ စိတ်ရဲ့ပင်ကိုယ်သဘာဝအတိုင်း ကြည်လင် ငြိမ်းချမ်းနေတဲ့ သဘာဝကို ပြန်ရောက်သွားမှ ဒီ ထုံပေပေ ငြီးငွေ့တဲ့ရောဂါလည်း ပျောက်သွားမှာပါ။
.

Credit Thura Wai Hnin