Many Lives, Many Memories.

Category: Life Page 2 of 7

သင်္ကြန်နဲ့ ကမ်းခြေ

ကမ်းခြေရောက်နေတုန်း ဒီစာလေးတော့ရေးသင့်တယ်ထင်တယ်။
ရန်ကုန်မှာ ၉လလောက်ကြာပြီးတဲ့နောက် ရခဲ့တာက ပင်ပန်းနွမ်းနယ်မှု စိတ်ရှုပ်ထွေးမှုတွေပဲ။
သင်္ကြန်တွင်းက ရက်ပိုင်းလေးပဲ ပိတ်တယ်ဆိုပေမယ့် တစ်ခုခုတော့လုပ်မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။
ဒါပေမယ့် ဘာအစီအစဉ်မှ မရှိခဲ့ဘူး။
အရှင်းက လွန်ခဲ့တဲ့လလောက်တည်းက သင်္ကြန်ချောင်းသာသွားမယ်ဆိုပြီး ကြိုဟော်တယ်ခတောင်းထားတယ်။
အဲဒါနဲ့ပဲသူ့ကိုငွေပေးလိုက်တယ်။
ဒါကြောင့် နောက်ဆုံး အဲဒီဘက်သွားဖို့အစီအစဉ်ကပဲ တကယ်ဖြစ်လာတော့တယ်။
သင်္ကြန် အကြိုနေ့ညကျ မှသူတို့ကစထွက်လာမှာလေ။
ဒါကြောင့် အဲဒီနေ့တစ်ရက်လုံးက ဘာမှလုပ်စရာမရှိဘူး။
အစကတော့ အိမ်ထဲအောင်းနေတာပဲ။
ဒါပေမယ့် ရန်ကုန် သင်္ကြန်ကို ကြုံဖူးတယ်ရှိအောင်တော့လျှောက်လည်မယ်စိတ်ကူးခဲ့မိတယ်။
တစ်နေ့လုံး အိမ်တွင်းအောင်းနေပေမယ့်. ညနေကျတော့ လမ်းလျှောက်ပြီး ပန်းခြံဘက်သွားကြည့်မယ်လို့စဉ်းစားတယ်။
အိမ်ရှေ့ဝရံတာကကြည့်လိုက်တဲ့အခါ လူတွေကော၊ သင်္ကြန်ကားတွေကော အဲဒီဘက်ကို ဦးတည်ပြီးသွားနေတာတွေ့ရတယ်။
ရေလုံအိတ်လေးထဲ မနေ့တနေ့ကမှ ဝယ်ထားတဲ့ xiaomi note 3 အသစ်လေးကိုထည့်.. လမ်းလျှောက်ထွက်ခဲ့တော့တယ်။
ညနေခင်းနေကလည်းအေးပြီ။. ပထမဆုံးသင်္ကြန်ရေ စဆိုသွားတဲ့အချိန်ကျတော့ လူကပျော်ရွှင်စိတ်လေးတွေနည်းနည်းဝင်လာတယ်။
တစ်ယောက်တည်းတော့မသွားချင်လို့. အလုပ်ထဲက အစ်ကိုတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။
သူက အဲဒီနားမှာပဲနေတာလေ။
ဆူးလေဘုရားနား၊ မြို့တော်ခန်းမရှေ့ရောက်တဲ့အခါကျတော့…လူအုပ်ကြီးတွေ့တယ်။
ဓာတ်ပုံလည်းရိုက် ၊ရေလည်းအစိုခံရင်းနဲ့… ပထမဆုံးရန်ကုန် သင်္ကြန်ကို စလေ့လာမိတော့တယ်။
ပုံမှန်ဆို ကားတွေနဲ့ပြည့်ညှပ်နေတဲ့ နေရာတွေက အခုတော့ လူတွေနဲ့ ပြည့်နေတယ်လေ။
Mahabandula Park Thingyan 2018

2018 Yangon Thingyan, Mahabandula Park Thingyan

လမ်းလျှောက်သင်္ကြန်ဆိုတာကိုလည်း ပန်းခြံလမ်းထဲမှာလုပ်ထားတယ်။
အဲဒီ မုဒ်ဉ်ိးရှေ့မှာ ဓာတ်ပုံရိုက်ခဲ့တယ်။
ပျော်နေကြတဲ့ လူတွေ၊ ဓာတ်ပုံလည်းရိုက်၊ ဟိုကြည့်ဒီကြည့်နဲ့.. ကုန်သည်လမ်းပေါ်ရောက်လာတော့တယ်။
အဲဒီနားမှာလည်း ဂျစ်ကားနဲ့ လည်နေကြသူတစ်ချို့တွေ့တယ်၊
နောက်တော့ပန်းဆိုးတန်းဘက်ကနေ.. ခန်းမရှေ့ ပြန်လျှောက်လာခဲ့တယ်။
အခုတော့ ညနေ ၆နာရီထိုးပြီဖြစ်လို့ ရေကပိတ်သွားပြီ။
2018_yangon_thingyan_photoby_Nyein_Chan_Ko_KO

2018 Thingyan in Yangon , pansodan

ခဏလေးလည်လိုက်ရပေမယ့် ကျေနပ်ပြီးပျော်တယ်။
ချောင်းသာကိုစထွက်မယ့်နေပြည်တော်ကသူငယ်ချင်းတွေက မနက်၃နာရီလောက်မှရောက်မှာ။
မနက်ခင်းအစောကြီးထပြီး. သမိုင်းလမ်းဆုံမှာသွားစောင့်နေရတယ်။
မနက်ခင်းစောစောစီးစီးကားမောင်းရတဲ့အရသာအရမ်းမိုက်တယ်။
နေထွက်ခါစအချိန်မှာကိုယ်က ကားလေးမောင်းရင်းမြူတွေနဲ့ လမ်းလေးကို ဖြတ်နေတယ်။
ဖွင့်ထားတဲ့သီချင်းတွေကလည်း. လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က သီချင်းတွေ၊
မသိရင် time machine နဲ့. ၂၀၀၇ခုနှစ် ပထမဆုံးချောင်းသာသွားတဲ့အချိန်ကို ပြန်ရောက်သွားသလိုပဲ။
ပုသိမ်စရောက်တယ်ဆိုရင်ပဲ ကားတွေက ရှုပ်လာပြီ။
သင်္ကြန်လည်တဲ့ကားတွေကော၊ခရီးသွားတဲ့သူတွေကော။
ချောင်းသာကို ၁၁နာရီလောက်မှာရောက်တယ်။
ဒါပေမယ့် ချောင်းသာမှာနေတာတော့မဟုတ်ဘူး။
သင်္ကြန်တွင်းအဲဒီမှာနေဖို့လည်းမဖြစ်နိုင်ဘူးလေ။
လူတွေကြိတ်ကြိတ်တိုးပွဲတော်ကြီးဖြစ်နေတာ။
နေမယ့်နေရာက သူနဲ့ကပ်လျက် ဖိုးကုလားကျွန်းပေါ်က coral view resort ဆိုတဲ့ ဟော်တယ်။
စရောက်ရောက်ချင်းကတော့ စိတ်ညစ်သွားတယ်။
ဘုတ်နဲ့ လာကြိုတဲ့နေရာကလည်း အမှိုက်ပုံမှာ။
ရောက်တော့လည်း ပေးရတာနဲ့ မတန်ဘူးလို့ခံစားမိနေတယ်။
ဟိုတယ်က အကောင်းစားကြိ်းမဟုတ်။
ဝန်ထမ်းတွေက သေချာtrainထားတာမဟုတ်။
ကမ်းခြေက သေးသေးလေး။
အမှိုက်တွေနဲ့ပွနေတာ။
စရောက်ရောက်ချင်းတနေ့လုံးနေကလည်းမပွင့်တော့.. ပင်လယ်က မလှဘူး။
ဒါပေမယ့် စိတ်ထဲမှာတော့ အရမ်းကြီး တော့ ပြဿနာမဖြစ်မိဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် အသေးအဖွား ပြဿနာလေးတွေနဲ့ စိတ်ကို ရှုပ်အောင်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်။
ဒါကြောင့် ဘာတွေကကောင်းလဲလိုက်ကြည့်တယ်။
ပင်လယ်ဘက်အခြမး်ကိုမျက်နှာမူပြီး ဆောက်ထားတာကြောင့် တစ်ချိန်လုံးပငိလယ်ကြီးကိုအပေါ်စီးက မြင်နေရတယ်။
Tony stack ရဲ့ ကမ်းပါးပေါ်က အိမ်အတိုင်းပဲ။
ဘန်ဂလိုလေးတွေက သစ်လုံးအိမ်လေးတွေ။
ညနေ ကျတော့ ရေထဲဆင်းကြတယ်။
မနက်ကတက်နေတဲ့ရေတွေပြန်ကျသွားတာကိုမြင်ရတယ်။
ကျောက်ဆောင်တွေပေါ်လာတယ်။
ဘောလုံးကန်ကြ၊ ရေထဲဆင်းကြ၊ ကျောက်ဆောင်တွေကြားသွားကြည့်ကြနဲ့ပေါ့။
ဒါပေမယ့် နေကတော့ မမြင်ရသေးဘူး။
နေဝင်ချိန်လေးမှာ တော့ တစွန်းတစမြင်လိုက်ရတာလေးရှိတယ်။
စားလိုက်၊ရေထဲဆင်းလိုက်၊အိပ်လိုက်နဲ့ပဲ ကောင်းကောင်းအနားယူထားတယ်။
ပြီးရင် ရန်ကုန်ပြန် အလုပ်လုပ်ရမှာဆိုတော့လေ။
အခုခရီးမှာတော့ ဘာဖြစ်ဖြစ်
ကိုယ်လုပ်ချင်မှလုပ်တယ်
မလုပ်ချင်ရင်မလုပ်ဘူး။
Vacation လာတယ်ဆိုတာ.ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်ထားရတာလေ။
နောက်တစ်ရက်ကျတော့.ပိုအခြေအနေကောင်းလာပြီ။
နေကတော့ပြင်းတယ်။
ဒါပေမယ့် ပင်လယ်က အရမ်းလှတယ်။
ချောင်းသာဘက်မှာလိုလူတွေ အုံနေတာမရှိဘူး။
လုံးဝသီးသန့် နေရာလေးတစ်ခုလိုပဲ။
IMG_20180415_104338

Coral View Resort,Chaungthar

နောက်တစ်ခုသဘောကျတာကတော့ ဟိုတ
်က ခွေးလေးပဲ။
ဒေါက်တိုလို့ခေါ်တယ်။
သူက ကိုယ်တွေဘောလုံးဆော့နေတုန်းကလည်းလိုက်ဆော့တယ်။
ဘောလုံးရေထဲ ကျသွားတာကို ရေကူးပြီးမရမက လိုက်ဆယ်တယ်။
လူတွေနဲ့ ကောင်းကောင်းရင်းနှီးပြီး ကစားတတ်တယ်။
လူချစ်လူခင်အရမ်းများမယ့်ကောင်လေး.
Google ကတော့ austrian terera ဆိုပြီးပြောတယ်။
နောက်တစ်ခုကတော့အိပ်ရာကနိုးနိုးချင်း ပင်လယ်ကြီးကို မြငိနေရတာကိုသဘောကျတာ။
ရေကူးကန်လည်းမဆိုးပါဘူး။
အဝတ်မချွတ်ပဲရေထဲဆင်းတဲ့သူတွေသာမရှိရင်တော်တော်ကောင်းမှာ။
ရေကူးကန်နဲ့ ပင်လယ်နဲ့တဆက်တည်းလိုဖြစ်အောင်ဆောက်ထားတယ်။
ရေကူးနေရတာပင်လယ်ထဲကူးနေရသလိုခံစားရစေတယ်။
ဒီနေ့ဆိုအတက်နေ့ရောက်ပြီ။
သင်္ကြန်ရေကောင်းကောင်းမစိုပေမယ့်.သဘောကျတယ်။
ကျေနပ်တယ်။.
လူတွေနဲ့ဝေးတဲ့ဒီနေရာမှာလာနေရတာ တော်တော် အပန်းပြေပါတယ်။

ဆယ်လမွန်

ရန်ကုန်ဟာ ထိန်ပင် အမှိုက်ပုံက မီးခိုးငွေ့တွေကြားထဲ မှာ ရှင်သန်နေတယ်။ ပူအိုက်ပြီး အမြဲတမ်းထွက်နေတဲ့ ချွေးတွေနဲ့ နေပူထဲသွားရတာဟာ ပင်ပန်းလွန်းတယ်။ ညဘက်တွေ aircon ကြောင့်အအေးမိ၊ နေ့လည်ကျတော့ ချွေးကြောင့်ပြန်ပူ၊ ဒီလိုနဲ့ ကျန်းမာရေးယိုယွင်းလာတာကြောင့် အိမ်ပြန်မယ်လို့ဆုံးဖြတ်လိုက်တယ်။
သောကြနေ့မနက် ၈နာရီကားနဲ့နေပြည်တော်ကိုပြန်လာတယ်။
ပိတ်ရက်တွေဆက်တဲ့အတွက် ၄ရက်လောက်တော့ နားလို့ရမယ်ထင်တယ်။
မနက်စောစောစီးစီးရန်ကုန်မြို့ကခွာလာရတာလည်း တစ်မျိုးကောင်းတယ်။ လမ်းပေါ်မှာကားတွေသိပ်မရှိဘူး။ လတ်ဆတ်တဲ့လေနဲ့ လေးကို ဖွင့်ထားတဲ့ ကားပြုတင်းတံခါးကနေရတယ်။
မနက်၈နာရီမထိုးခင်မှာပဲ JJ ကားဂိတ်ကိုရောက်သွားခဲ့တယ်။
ကားကတော့အချိန်မှန်ပဲကွက်တိထွက်ပါတယ်။ မနက်ခင်းကားဖြစ်တဲ့အတွက်ကြောင့် ကောင်းကောင်းအိပ်လို့မရဘူး။ တဖြည်းဖြည်းနဲ့အလင်းရောင်ကပိုစူးလာတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့ပစ်ပြီး စိတ်ချလက်ချအနားယူတော့တယ်။
တစ်ရေးမှမအိပ်လို့ပဲလားမသိဘူး။
ရန်ကုန်နဲ့ ဖြူး ကိုတောင် တော်တော်ကြာတယ်ထင်နေမိတယ်။
ယာဉ်ရပ်နားစခန်းရောက်တော့ ထုံးစံအတိုင်း Feel ကိုပဲဝင်ဖြစ်တာပေါ့။
အဲဒီမှာ ပုံမှန်ဆို ဗမာထမင်းကြော်လေးပဲစားနေကြ၊ အလွန်ဆုံးကျ ၁၅၀၀ပေါ့၊
ဒီတစ်ခါတော့ အဲဒါမရှိတော့ဘူးဆိုတာနဲ့ အခြားတစ်မျိုးမှာလိုက်ရတယ်။
ငွေရှင်းတဲ့အခါကျတော့ မှ ၃၅၀၀ ဆိုတော့ ၊ စိတ်ထဲမှာ ဘုရားဘုရားဆိုပြီးတမိသွားတယ်။
ကိုယ်ရှာထားတဲ့ငွေလေးတွေ အလဟာသ ကုန်သွားတာကိုနှမြောတာလေ။
နေပြည်တော်ကိုဆက်မောင်းလာခဲ့တယ်. ။ ဝင်ခါနီးမှာတော့ မုန်တိုင်းနဲ့တိုးတယ်။
လေကလည်းကြမ်း၊ မိုးကလည်းသည်းချက်ပဲ၊
ပတ်ဝန်းကျင်ကိုတောင် ကောင်းကောင်းမမြင်ရဘူး။

ဒါပေမယ့် တကယ်နေပြည်တော်ရောက်တော့ မိုးအုံ့ရုံလေးပဲရှိတော့တယ်။
နေပြည်တော်အဝင်လမ်းက ပန်းတွေနဲ့ကြိုနေတယ်။
မြို့စတည်ကတည်းက စိုက်ခဲ့တဲ့ပန်းတွေက အခုဆိုကောင်းကောင်းပွင့်နေပြီလေ။
ပိတောက်တွေပွင့်နေတာလည်းတွေ့တယ်၊ ပြီးတော့ ငုဝါ၊ စိန်ပန်း၊
ချယ်ရီနဲ့တူတဲ့ ငုစပ်တွေလည်းတွေ့တယ်။
တကယ့်ချယ်ရီအစစ်တွေလည်းရှိတယ်။ ဂျပန်မြန်မာ ချစ်ကြည်ရေးအနေနဲ့ Genetic enginerring လုပ်ထားတဲ့ ချယ်ရီတွေကို နေပြည်တော်ပို့ထားတာတဲ့။
ကြာပန်းအဝိုင်းနားမှာ လောလောဆယ်အပင် တစ်ထောင်လောက်ရှိတယ်ပြောကြတယ်။

အရင်ကဆို မြို့မဈေးမှာဆင်းနေကြလေ၊
အခုတော့ ဘောဂသီရီကားဝင်းမှာအဖေက စောင့်နေတယ်။
သူကားပြင်နေတာမိုလို့တဲ့ ၊ တစ်ခါတည်း ကားဝင်းမှာပဲစောင့်နေတော့မယ်ပြောတယ်။
ဘောဂသီရီကားဝင်းက အဝေးပြေးယာဉ်ရပ်နားစခန်းလဲဟုတ်တယ်။
တော်ဝင်ကားတွေ နားတဲ့နေရာလည်းဟုတ်တယ်။
နောက်ပြီး ဝပ်ရှော့တွေအားလုံး စုထားတဲ့ နေရာလည်းဟုတ်တယ်။
ယခင် ကျောင်းတက်တုန်းကတော့ အဲဒီကားဝင်းမှာပဲ စားသောက်ဆိုင်ခန်းတစ်ခု ရခဲ့သေးတယ်။
တစ်နှစ်ကျော်လောက်လုပ်ပြီး ပြန်ရောင်းလိုက်ပြီ။
အခုတော့မရှိတော့ဘူးလေ၊

နောက်တော့ ကားဝင်းကနေ ပျဉ်းမနားအိမ်ကိုသွားတယ်။
ပျဉ်းမနားမှာ အမေကစောင့်နေတယ်။
မနက်ဖြန် အဖိုးဆုံးတာတစ်နှစ်ပြည့်တဲ့အနေနဲ့ နှစ်လည်ဆွမ်းကပ်မလို့အလုပ်နည်းနည်းရှုပ်နေကြတာ၊
မြန်မာထုံးတမ်းက တော့ထူးဆန်းတယ်။ အုတ်ဂူတွေဘာတွေဆီသွားပြီးကန်တော့တာမျိုးမလုပ်ကြဘူး။
အိမ်မှာပဲ ဆုံးသွားတဲ့သူအတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုကြတယ်။
ဝမ်းကွဲအစ်မရဲ့သမီးလေးတောင် စကားပြောတတ်တဲ့အရွယ်ရောက်နေပြီ၊
သူက ငါ့ကို ကောင်းကောင်းမမှတ်မိဘူး။ ဦးဦးဆိုပြီးတော့တခွန်းတော့ပြောတတ်တယ်။

 

အဲဒီနောက်တော့ ပျဉ်းမနားကနေ ဥတ္တရသီရိမြို့ကိုပြန်လာခဲ့တယ်။ ဒီမှာလည်း လေတိုက်မိုးရွာထားပုံရတယ်။ နေပြည်တော်မှာတော့အရင်လိုပဲလမ်းတွေက ရှင်းဆဲပါ။
ရှုပ်ရှက်ခက်နေတဲ့ရန်ကုန်နဲ့ ယှဉ်ရင်တော့ အရမ်းသာယာနေသလိုပဲ။

မိုးရွာ,မီးပျက်တာကလည်း ဒီမှာလည်းဖြစ်တယ်။
ဒါပေမယ့်ဖြစ်တောင့်ဖြစ်ခဲပါ။ သစ်ပင်တွေကျိုးကျလို့ဆိုလား။ မီးခဏဖြတ်ထားတယ်။

 

စနေနေ့

မနက်ခင်း၆နာရီလောက် အဖိုးနေခဲ့တဲ့ လယ်ထဲကအိမ်ကိုသွားမယ်ပြောတဲ့အတွက် စောစောနိုးနေတယ်။
ရင်ထဲမှာတစ်မျိုးပဲ၊လွန်ခဲ့တဲ့ နှစ်က အဖြစ်အပျက်တွေပြန်တွေးမိပြီးစိတ်မကောင်းဖြစ်နေရတယ်။
လက်ထဲမှာ ဆုံးခဲ့တဲ့ အဖိုးကိုသနားနေမိတယ်။ မနက်စောစော မြို့အရေှ့ဘက်မှာရှိတဲ့ရွာကိုသွားတယ်။
အဖိုးနေတဲ့နေရာကို အလွယ်တကူသိနိုင်တာကတော့ တောင်တွေပဲ၊
မြို့ရဲ့အရေှ့ဘက်ကိုကြည့်လိုက်ရင် မြင်နေရတဲ့တောင်တန်းတွေအောက်မှာ အဖိုးရဲ့လယ်တွေရှိတယ်။
ငယ်ငယ်ကတော့ အဲဒီတောင်တွေဆီကို သွားချင်တယ်ဆိုတဲ့စိတ်ကူးမကြာမကြာဖြစ်ဖူးတယ်။
ဒါပေမယ့် အဲဒီနေရာက အဖိုးတို့နေတဲ့နေရာဆိုတာမသိခဲ့ဘူး။
ကားလေးကနည်းနည်းနိမ့်တဲ့အတွက် လမ်းကြမ်းကိုဖြေးဖြေးမောင်းရတယ်။
လမ်းကခင်ထားတာမကြာသေးပေမယ့် စံနှုန်းမပြည့်တာကော ဖြတ်သွားဖြတ်လာယာဉ်တွေမှာ သံဘီးတပ်ယာဉ်တွေပါတာကောကြောင့် မြန်မြန်ဆန်ဆန်ပဲ ပျက်သွားတယ်။

ရွာမရောက်ခင် တစ်နေရာမှာ နှမ်းတောဆိုပြီး ရှိသေးတယ်။ အဲဒါ အဖေ့ကို မွေးခဲ့တဲ့နေရာတဲ့။
အဲဒီနားက လမ်းမကြီးပေါ်မှာ အမွေရထားတယ်ဆိုတဲ့ လယ်လေးတစ်ကွက်ရှိသေးတယ်။ အဲဒီလမ်းစည်ကားလာရင်ကောင်းမှာပဲလို့စဉ်းစားနေမိတယ်။
သွားနေစဉ်စ စ်တောင်းမြစ်ကို ဖြတ်ရတယ်။ မြစ်က အရမ်းမကျယ်ပေမယ့် ရေရှိတယ်။ စီးဆင်းနေလို့ တော်တော်လှတယ်။
အဲဒီရေတွေကို အဝေရာဆည်ထဲကိုပို့ ပြီးတော့မှာ အနီးအနားကလယ်တွေဆီကိုပြန်ဖြန့်တယ်။
မြောင်းတွေထဲမှာ စီးနေတဲ့ရေက ကြည်လင်နေပြီး အေးမယ့်ပုံပေါ်တယ်။

စိုက်ပျိုးရေးအကြောင်းဘာမှမသိလို့ မပြောတတ်ပေမယ့် နေရာကတော့ တော်တော်သာယာတယ်။

နောက်ဆုံးတစ်ခေါက်ရောက်တာ အဖိုးမဆုံးခင်ကပေါ့၊ အခုတော့သူမရှိတော့ဘူး။
ညီမအငယ်ဆုံးတစ်ယောက်ကိုအဖိုးကထားခဲ့တယ်။ ကျွန်တော်တို့ရဲ့ဖွားလေးပေါ့။ ဖွားပုလို့ခေါ်တယ်.။
သူကမြွေအရမ်းကြောက်တယ်။ ငယ်ငယ်ကဆို ကျွန်တော်ကဆိုးတယ်။ သူ့ကိုစဖို့အတွက်
မြွေရုပ်တွဝယ်ပြီး လိုက်တို့တာ။
အခုတော့ မြွေကြောက်တာက ကျွန်တော်ကိုယ်တိုင်ဖြစ်နေပြီ။

 

ဘုန်းကြီးတွေပင့် ဆွမ်းကပ် တရားနာပြီးတော့ နေ့လည်ကျတော့ပြန်လာခဲ့ကြတယ်။

အပြန်မှာ နှမ်းတော့က အဖေ့ရဲ့ ကြီးတော် ဆိုဝင်သေးတယ်။ သူက ကျွန်တော့်နောက်ထပ်အဖွားပေါ့။
နားကလုံးဝမကြားတော့ဘူး။ ဒါပေမယ့် ခုထိသွားနိုင်လာနိုင်တယ်။ မြေးတွေလာရင် ပျော်တုန်းပဲ။
အိမ်မှာသူ မြေးပုံတွေကပ်ထားတယ်။ ကျွန်တော် ဘွဲ့ရတုန်းကပုံတွေရောပဲ။
သူ့ဆီသွားလည်တော့ တဟေးဟေးနဲ့ ပျော်နေတာ။ ရှိတာတွေချကျွေးတယ် ။
ကိုယ်ကတော့ မစားနိုင်တော့ဘူး။
ဓာတ်ပုံတေွရိုက်ခဲ့သေးတယ်။ တနည်းနည်းနဲ့တော့ print ထုတ်ပေးရမယ်။

နေပြည်တော်မှာနေတုန်း အိမ်ကချက်ကျွေးတာတွေစားတယ်။
Facebookမတက်ဘူး။ အဲဒီစိတ်ညစ်စရာ တွေ ကြွားဝါတာတွေလိုက်မဖတ်မိအောင်နေတယ်။
အပြင်မှာပဲစာအုပ်ဖတ်တယ်. စကားပြောတယ်။
သူငယ်ချင်းတွေနဲ့တွေ့တယ်။
တကယ်ဆို ဒီလိုပဲနေချင်တယ်။ ဟန်ဆောင်ပြီးမနေချင်ဘူး။
အပိုမသုံးမဖြုန်းချင်ဘူး။ စကားမပြောချင်ဘူး
ကိုယ်ကောင်းမယ်ထင်တာတွေလုပ်နေချင်တယ်။

ကိုယ့်ရဲ့type က ရန်ကုန်နဲ့မအပ်စပ်ဖြစ်နေတယ်။ ရန်ကုန်က introvert လူမျိုးတွေအတွက် နေရာသိပ်မရှိဘူးလေ။

 

ဧပြီလ ၃၀ ရက် ၂၀၁၈ ခုနှစ်

 

ရန်ကုန် ပိတောက်

မနက် ခင်း ၉နာရီထိုးပြီဖြစ်ပေမယ့် နေမမြင်ရဘူး။
မိုးသားမိုးရိပ်တွေ ကောင်းကင်မှာ လွှမ်းမိုးနေတယ်။
သင်္ကြန်မိုးလေးများရွာဦးမလား။
မနက်ခင်းနိုးပြီး အိမ်ရှေ့ ဝါးရံတာ မှာ ကော်ဖီတစ်ခွက်နဲ့ထိုင်နေမိတယ်။
စိတ်တွေက ဟိုးမန္တလေးက အိမ်လေးကိုသတိရမိတယ်။
အဲဒီအိမ်မှာလည်း ခုလိုပဲ အိမ်ရှေ့မှာ ပိတောက်ပင်ရှိတယ်လေ။
ကျွန်တော်သစ်ပင်တွေကို ချစ်တယ်။
အိမ်နားမှာ သစ်ပင်ရှိနေမှ ကျေနပ်တယ်။

ပိတောက်ပင်မှာ အဖူးလေးတွေဖူးနေပြီ။ ပိတောက်ပွင့်တဲ့အခါကျရင် ဝရံတာကနေ လှမ်းခူးရင်တောင်ရတယ်။
ဘယ်သူ့ပေးရပါ့မလဲတောင်မသိ။
😀
ကျွန်တော်လည်း settle ကျချင်ပြီ

 

ဧပြီလ ၃ရက် ၂၀၁၈

Padauk at night ,Photo By Nyein_Chan_Ko_Ko

First Padauk Blossoming at Night in Yangon, 2018 April

2018 January

တစ်နေ့ တစ်နေ့ လုပ်တော့လုပ်နေတာပဲ.
ဒါပေမယ့်.. အလုပ်ပြီးတယ်လို့မခံစားရဘူး။အဓိက လုပ်ရမည့်အလုပ်တေွဟာ မပြီးစီးနိုင်ဘဲ ဗာရီဟ အလုပ်တေွနဲ့ပြည့်နေတယ်။
အစားအသောက် ဘာစားရမလဲစဉ်းစားရတာမျိုး။​အိမ်မှာ လုပ်စားတော့လည်း ပန်းကန်ခွက်ယောက်ဆေးရတာမျိုးကော။ ပြီးရင် ဝတ်ထားတဲ့အဝတ်တေွ လျှော်ဖွတ်နေလှမ်း မီးပူတိုက်ဖို့ တေွကော။
တကယ်တော့ မီးပူတောင် မတိုက်ပါဘူး။ ဒီတိုင်းပဲ ပြန်ဝတ်တာများနေတာ။
ခဏခဏ ဖုန်တက်တဲ့ အခန်းလေးကို ဖုန်ခဏခဏ သုတ်ရတာလည်းရှိသေးတယ်။
ဒီလိုမျိုးတေွပါပဲ။

ဒီ လထဲမှာတော့ မနှစ်ကနဲ့မတူတဲ့ပုံစံတစ်မျိုးနဲ့ နေနိုင်အောင် ကြိုးစားကြည့်တယ်။
ကျန်းမာရေးအတွက်ကော body fitness အတွက် gym သွားတာ ၁၃ ရက်ရှိပြီ။​
အစပိုင်းကတော့ ကိုယ်လက်တေွနာတာပေါ့ ။
အောက်ပိုင်းထိုင်တဲ့နေ့ကဆိုရင် ခြေတောင် ကောင်းကောင်းမလှမ်းနိုင်ဘူး။
နှစ်ရက် ၃ရက်လောက်လည်း နေရော အဆင်ပြေသွားပါတယ်၊
ကောင်းတာကတော့ လူက လန်းဆန်းလာတယ်။ စကားပြောရာမှာ အရင်ကထက် ပိုသွက်လာသလိုပဲ လို့ခံစားမိတယ်၊
endophin တွေရိုက်ခတ်တာလည်း ဖြစ်မှာပေါ့။
စုဆောင်းထားတာလေးတွေ အကြောင်းအမျိုးမျိုးနဲ့ တဖြည်းဖြည်းပါးလာတာကို မြင်ရတာ မပျော်ဘူး။
ရန်ကုန်ရောက်တည်းက အကုန်အကျအရမ်းများတယ်။ ဒါကြောင့် အစားအသောက်ကိုလည်းချွေတာနေပြီ။ ညဘက်တွေလည်းမထွက်တော့ဘူး။
ဒါကြောင့်အရင်က တစ်ရက်တစ်သောင်းထက်မနည်းကုန်တဲ့ငွေကို ၅၀၀၀အောက် ရောက်အောင် ထိန်းချုပ်လိုက်နိုင်တယ်။ တက္ကစီကို မစီးတော့ဘူး။ လိုင်းကားပဲအဓိကထားစီးတယ်။
ဈေးကြီးတဲ့ဆိုင်တွေမစားဘူး။ အိမ်မှာ အပြည့်အစုံဝယ်ထားလိုက်တယ်။ တစ်ခါတစ်လေအိမ်မှာပဲ ခေါက်ဆွဲပြုတ််ကိုအသီးအရွက်တွေထည့်ပြီး ပြုတ်စားလိုက်တယ်။
အလုပ်ကပြန်လာရင် လမ်းမှာဟင်းရောင်းတဲ့ ဆိုင်တွေရှိတယ်။ အဲဒီက ထမင်းနဲ့ ဟင်းတစ်မျိုးဝယ်လိုက်ရင် ၁၀၀၀ လောက်ပဲကျမယ်။
အိမ်ရောက်မှ ဖွယ်ဖွယ်ရာရာဖြစ်အောင် အခြားဟာတွေထည့်စားတော့မယ်။

 

အိမ်ကိုလည််းဖုန်းမဆက်ဖြစ်တာကြာပြီ။
နေကောင်းကြရဲ့လားမသိဘူး။
FACEBOOK ပေါမှာတော့ ဘယ်လိုသတင်းတွေမှန်းလည်းမသိဘူး။
စိတ်ညစ်စရာတွေပဲမြင်နေရသလိုပဲ၊
လမ်းပေါ်မှာ ဖရဲသီးဗန်းမှောက်မှောက်ပြီး လူတွေသနားအောင်လုပ်ပြီး ပိုက်ဆံယူတတ်တဲ့ ကောင်လေးတစ်ယောက် သူ့အိမ်မှာ သတ်သေသွားတယ်ဆိုတာကို ကြားရတယ်။
လူတွေက အဲဒီအပေါ်မှာ လူလိမ်ဆိုပြီး ရှုပ်ချတဲ့အဖွဲ့က တစ်ဖွဲ့.. သေသွားတဲ့ကောင်လေးကို သနားတဲ့ သူတွေကတစ်ဖွဲ့၊
FDA မှာ အလုပ်လုပ်တဲ့အမျိုးသမီးတစ်ဦး သူ့မိဘရှိတဲ့ရန်ကုန်ကို ပြန်လာခိုက်မှာ တက္ကစီသမားက သတ် ၊ မုဒိန်းကျင့်ပြီး မြောင်းထဲပစ်ထားခဲ့တဲ့အကြောင်းကတစ်ခု။
ဘယ်လိုလူတွေများရက်ရက်စက်စက်လုပ်ရက်လဲဆိုတာကို မစဉ်းစားနိုင်ဘူး။
လူတွေက အမျိုးမျိုးထင်မြင်ချက်တွေပေးကြတယ်။ အမျိုးသမီးများ တစ်ယောက်တည်းကားစီးရင် ဘယ်လိုအန္တရာယ်တွေရှောင်ရမယ် ဆိုပြီးရေးကြ ဖြန့်ဝေကြတယ်။
အဲဒါတွေ မြင်တိုင်းကြားတိုင်း အဖြစ်ဆိုးနဲ့ကြုံခဲ့တဲ့အဲဒီ အမျိုးသမီးငယ်ရယ်။
သူ့သမီးအကြောင်းကို ပြောပြီး ကျန်ရစ်ခဲ့မယ့် သူ့မိဘ အသိုင်းအဝိုင်းရယ်ကို သွားမြင်တယ်။
သူတို့ ဘယ်လိုနား ၊ ဘယ်လိုမျက်စိနဲ့ ဒီအကြောင်းတွေကို ဖတ်နိုင် နားထောင် နိုင်ကြပါ့မလဲ။
ခဏခဏ အသည်းကို ဓားနဲ့ဆွသလိုဖြစ်နေမှာပေါ့။

နိုင်ငံရေး အနေနဲ့ လည်း မကောင်းလှ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါတွေက နိုင်ငံတကာမှာကျနေတယ်။ အဓိကကတော့ ရခိုင်ကိစ္စကြောင့်ပေါ့။
ကျွန်တော်ကိုယ်တိုင်လည်း ဘာဖြစ်ချင်နေမှန်းမသိတော့ဘူး။
ကိုယ်လုပ်ကိုလုပ်ရမှာတွေကို မထိ မကိုင်နိုင်ပြန်ဘူး။
အလုပ်stress များလှတယ်လို့တော့မဟုတ်ပေမယ့် .. နည်းတော့လည်းမနည်းဘူး။
ဒါပေမယ့် အခြားဝင်ငွေမရှိ၊ လောက်ငှရုံလေးရှိတဲ့ အခြေအနေကို စိတ်ညစ်နေတယ်။
လုပ်မယ်ကြံရွယ်ထားတဲ့ project တွေ ဖြစ်မလာတော့ဘူး။
လုပ်ပြီးသွားတဲ့ project တွေကလည်း ဒီလိုကြီးပဲ မအောင်မမြင်ဖြစ်နေတယ်။
ပေးဆပ်လိုက်ရတဲ့ အချိန်တွေ ခွန်အားတွေက ဒီလိုပဲ အချည်းနှီးဖြစ်သွားမှာလားလို့ တွေးနေမိတယ်။

အချစ်ရေးလားစမ်းတဝါးဝါးမသေချာ…
မပြောင်းမလဲ အရင်အတိုင်းပါပဲ..
FA တွေအများကြီးရှိတဲ့ Group ထဲမှာတောင် နောက်ဆုံးလက်ကျန် ဆိုလို့ ကိုယ်ရယ်ကိုယ့်ထက် ၅နှစ်လောက်ကြီးတဲ့ FA ဘိုးအေးကြီးတစ်ယောက်ရယ်ပဲရှိတော့မယ်။
ဒါပေမယ့် သူက အလုပ်အကိုင်၊ စီးပွားရေး အားလုံးပြည့်စုံနေပြီလေ။
ကိုယ်ပဲ အရာအားလုံး အစမှာပဲရှိသေးတာ..

စိတ်ဓာတ်ခဏခဏ မကျပါဘူးလို့ ကိုယ့်ကိုယ်ကို သတိပေးထားတယ်။
အကောင်းတွေတွေးပြီး ဖြစ်ချင်တဲ့နေရာရောက်အောင် သွားပါ့မယ်လို့သတိပေးထားတယ်။
ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ demon တွေကိုလည်း နိုင်အောင် ထိန်းပါ့မယ်လို ကတိပေးထားတယ်။

 

သာယာချမ်းမြေ့တဲ့ ၂၀၁၈ ဖြစ်ပါရစေ..

 

 

 

 

My OPD

ကျွန်တော် ရန်ကုန်ကိုစရောက်ခါစက ရန်ကုန်ဆေးရုံကြီးမှာအလုပ်ဝင်ပြီးဘွဲ့လွန်တက်နေတဲ့သူငယ်ချင်းတွေနဲ့ အပြင်မှာတစ်ခေါက်ဆုံဖြစ်တယ်။

သူတို့လည်း ဆေးရုံတွေမှာ တက်နေတဲ့ပြဿနာအကြောင်းတွေကိုပြောပြ ၊
ကျွန်တော်လည်း ကိုယ်လုပ်နေတာတွေကိုပြောပြပေါ့။

ဒီလိုနဲ့ပဲ.. သူတို့က တစ်ခုပြောတယ်။
တစ်နေ့ထက် တစ်နေ့ ဆေးရုံကြီးကို ရောက်လာတဲ့လူနာတွေကပိုပိုများလာကြောင်း။

ရောက်လာတဲ့လူနာတိုင်းကလည်းအရေးပေါ်မဟုတ်ကြောင်း။
အချို့တွေဆိုရင် သူနဲ့ နီးစပ်ရာဆေးရုံတွေမှာကုသမှုယူနိုင်ပေမယ့် ရန်ကုန်အထိရောက်လာကြကြောင်းပြောတယ်။
နောက်ပြီးတော့ လူနာတွေကိုလွှဲတဲ့အခါတွေမှာလည်း .. Specialist OPD ကြည့်တဲ့ရက်ရယ် လူနာတကယ် ဆေးရုံကိုရောက်လာတဲ့ရက်ရယ်က မတူတဲ့အတွက်ကြောင့် မလိုအပ်ပဲနဲ့ လူနာတွေ က ရောဂါပြဖို့စောင့်နေရကြောင်းကိုလည်းပြောတယ်။

အဲဒါနဲ့ ပဲ .. ဆေးရုံတွေရဲ့ ပြင်ပလူနာကြည့်တဲ့အချိန်တွေကို အလွယ်တကူရှာဖွေလို့ရတဲ့ နေရာရှိရင်ကောင်းမယ်ဆိုတဲ့ အကြံပြုချက်ထွက်လာတယ်။

ဒါကြောင့် .. အဲဒီလို အလွယ်တကူ ကြည့်လို့ရဖို့
appတစ်ခုလုပ်ဦးမှဆိုတဲ့စိတ်ကူးထွက်လာတယ်။

တကယ် အဲဒီလိုလုပ်ဖို့ကတော့
အခက်အခဲတွေအများကြီးရှိတယ်။

ပထမတစ်ခုကတော့ Develop လုပ်မယ့်သူပေါ့လေ။
နောက်တစ်ခုကတော့ ဒီOPD အချိန်တွေကိုလိုက်စုတဲ့အခက်အခဲ
ပြီးတော့ တစ်နှစ်တစ်ခါ အချိန်တွေကပြောင်းလဲနေတာမို့ . ရေရှည် သူ့ဘာသာ ရပ်တည်နေအောင် လုပ်ဖို့ကိစ္စ။

ပထမ Develop လုပ်ဖို့အခက်အခဲကတော့ Developer experience အများကြီးရှိတဲ့ ကို ချမ်းမြေ့ကိုကို က ကူညီလို့အများကြီးအဆင်ပြေသွားတယ်။

ကျွန်တော်ကတော့ ရတဲ့နေရာကနေ အချိန်ဇယားတွေလိုက်စုတယ်။
Database ထဲထည့်တယ်။
၂လခွဲလောက် လုပ်ပြီးတဲ့အခါ အခုတော့ တော်တော်လေးကိုပုံပေါ်လာပါပြီ။

ဒီလအကုန်လောက်မှာ ကျွန်တော်တို့ Android app ထုတ်ပြီး playstore ပေါ်တင်နိုင်လောက်ပါမယ်။

ကျွန်တော်တို့ က platform တစ်ခုကိုဖန်တီးထားပြီးပါပြီ
တစ်ခုပဲ လိုနေတာက .. နောက်ထပ်အချက်အလက်တွေပါ။
အချက်အလက်အသစ်တွေထပ်ပေးပို့ရင် ပိုအသုံးဝင်တဲ့ appဖြစ်လာမှာပါ။

အခုဆိုရင်တော့ ရန်ကုန်၊မန္တလေး၊ နေ့ပြည်တော်နဲ့ မြို့ကြီးများက ဆေးရုံတွေရဲ့ ပြင်ပလူနာကြည့်တဲ့ရက်တွေ အချိန်တွေ ရထားပြီ:ပါပြီ။
နောက်ထပ်ပို့ပေးချင်တဲ့သူများလည်း messenger ကနေပဲဖြစ်ဖြစ်၊
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပို့ပေးနိုင်ပါတယ်။

🙂
နောက်ကိုလည်း medical appတွေထပ်ပြုလုပ်ဖို့ရှိပါတယ်။

(နောက်ဆက်တွဲ: ဒီဇင်ဘာ တစ်ရက်နေ့ မှာ ကျွန်တော်တို့ app ကို လက်စသတ်ပါတယ်၊ အခုဆိုရင် Google Play မှာ စတင် ယူလို့ရပါပြီ၊ )

Download 

 

 

Download :

ပြည့်နှက်နေသော အတွေးများ

လက်တလောမှာ ခေါင်းထဲမှာ အကြောင်းအရာတွေနဲ့ပြည့်နှက်နေတယ်၊

ဒါတွေကိုနည်းနည်းတော့ကျွန်တော်ချရေးထားသင့်တယ်လို့ထင်တယ်။

ကျွန်တော်အလုပ်အသစ်ကိုရောက်တဲ့အခါ ယခင်ကမသုံးဖူးခဲ့တဲ့ ဆော့ဖ်ဝဲတွေကိုသိလာရ လေ့လာခွင့်ရခဲ့ပါတယ်။

အချို့သော ဆော့ဖ်ဝဲများဆိုရင်မြန်မာနိုင်ငံမှာသုံးနေတဲ့သူတကယ့်ကိုရှားပါးပါတယ်။
အဲဒီလိုမျိုးရှိတယ်ဆိုတာကိုလည်းသိသူရှားပါတယ်၊

ကျွန်တော့်အတွက်ကတော့တနေ့ထက်တစ်နေ့ အသစ်အဆန်းတွေမြင်လေတွေ့လေလေ .. အင်တာနက်ပေါ်မှာရှိတဲ့ကျွန်တော်တို့တွေရဲ့ ကိုယ်ရေးအချက်အလက်တွေရဲ့လုံခြုံမှုကိုစိုးရိမ်လေလေပါပဲ။

တစ်နေ့ကတင် Facebook မှာကျွန်တော်တို့ ပြောဖြစ်ကြတာတစ်ခုရှိတယ်။

ကျွန်တော်တို့မြန်မာလိုပြောတဲ့စကားတွေကို ဖေ့စ်ဘွတ်ကတိတ်တိတ်လေး အသံဖမ်းယူပြီး သူရဲ့ ads campaign တွေမှာသုံးဖို့သုံးနေတယ်လို့လေ ။ အခုနောက်ပိုင်းအဲဒီAI ကအဆင့်မြင့်လာပြီး ကျွန်တော်တို့မြန်မာလိုပြောနေတာတွေကိုတောင်မှ နားလည်အောင် လုပ်နိုင်တဲ့အဆင့်ရောက်နေပြီလို့ထင်ကြတယ်။

ဥပမာ ကျွန်တော်က ပစ္စည်းတစ်ခုအသစ်အကြောင်းကို ပြောနေတယ် ။ လူသိပ်မသိတဲ့အကြောင်းအရာပေါ့.

သိပ်မကြာခင်မှာပဲ အဲဒီ ပစ္စည်းနဲ့ဆိုင်တဲ့ကြော်ငြာ ကျွန်တော့်ဆီမှာလာပေါ်တယ်။

သေချာတာကတော့ အဲဒီကြော်ငြာအကြောင်းကို အွန်လိုင်းမှာရှာတာမျိုးလဲမလုပ်ဘူး ။ messenger ကနေပြာနေတာမျိုးလဲမဟုတ်ဘူး.

အပြင်မှာဒီလိုစကားပြောနေတာပဲ ။ ဒါပေမယ့် ကျွန်တော်ရှာနေတဲ့ဟာကိုလာပြတာမျိုး.။

ဖေ့စ်ဘွတ်ကကိုယ့်အကြောင်းကိုကိုယ့်ထက်အများကြီးပိုသိနေပါတယ်။

အင်တာနက်မှာ ခင်ဗျားတစ်ခုခုလုပ်လိုက်ပြီဆိုရင် ကျန်တဲ့နေရာတွေကိုပဲအလိုအလျောက်ပြောင်းလဲရောက်ရှိသွားအောင်လုပ်လို့ရတဲ့ စနစ်တွေအများကြီးတယ်၊

အဲဒါတွေကို automation tools တွေလို့ခေါ်တယ်။  နမူနာပြောပြရရင် ခင်ဗျားက Facebook page မှာစာတစ်ခုတင်လိုက်တယ်။

ပြီးတာနဲ့ twitter မှာအလိုအလျောက် tweet တစ်ခုတက်လာမယ် ။ instagram မှာ post တစ်ခုပေါ်လာမယ်။ ပြီးတော့ Google sheet ထဲမှာ အဲဒီ post က Row တစ်ခုအနေနဲ့သွားပေါ်မယ်။ ပြီးတော့ post ရဲ့ metadata လို့ခေါ်တဲ့ Like ဘယ်လောက်ရတယ် Share ဘယ်လောက်ရတယ်။ လူဘယ်လောက်နဲ့ engagement ရတယ်စတာတွေကို အလိုအလျောက်သွားသိမ်းတယ်။ ပြီးတော့အဲဒီ status တစ်ခုချင်းrow တစ်ခုချင်းက အချက်အလက်တွေကို စုပေါင်းပြီး auto analysis လုပ်အောင် formula ထည့်ထားလို့ရတယ်။

နောက်ပြီးpost တစ်ခုခုက အရမ်းကို hot ဖြစ်နေတယ်ဆိုရင် ကိုယ့်ကိုအသိပေးဖို့ အတွက် sms alert မျိုး email alert မျိုးထားလို့ရတယ်.

ဒါ့အပြင်အခြားသော လုပ်လို့ရတာတွေအများကြီးရှိတယ်.

ပြောချင်တာကတော့ စက်ရုံတစ်ခုမှာ တဆင့်ခြင်း စက်ရုပ်တွေနဲ့အလိုအလျောက်ကုန်ပစ္စည်းတွေထုတ်လုပ်သလိုမျိုး ကျွန်တော်တို့ ဒီဇိုင်းထုတ်လို့ရတယ်၊

ဒီဒီဇိုင်းကတော့ hardware design တော့ဖြစ်မှာမဟုတ်ဘူးပေါ့လေ။ ဆော့ဖ်ဝဲနဲ့ပဲ အလုပ်လုပ်မှာပေါ့

ဒါပေမယ့် system တစ်ခုဖြစ်အောင်ဖန်တီးယူလို့ရတယ်.။

ကျွန်တော် အဲဒီလို မျိုးနည်းလမ်းတွေကိုစမြင်သွားတဲ့အခါခေါင်းထဲမှာအတွေးအသစ်တွေအများကြီးပေါ်လာခဲ့တယ်။

ယခင်ကတော့ programming မပါရင် ဘာမှလုပ်မရဘူးလို့ယူဆခဲ့ပေမယ့် တကယ်ကတော့ programming မပါပဲနဲ့ကိုလုပ်လို့ရနေတာတွေတော်တော်များများကြီးကိုရှိနေပါတယ်။

website တစ်ခုကနေ အချက်အလက်တွေကို data scrapping နည်းနဲ့ဆွဲထုတ်ယူလို့ရမယ်လို့ သိလိုက်တဲ့အခါမှာ ..ခေါင်းထဲမှာပေါ်လာတာကတော့.. အင်တာနက်မှာရှိတဲ့မြန်မာလိုဒေတာတွေကိုဆွဲထုတ်ယူပြီး

AI တစ်ခုဖန်တီးယူဖို့ပါပဲ။

အခက်အခဲတွေအများကြီးရှိတယ်ဆိုတာသိပေမယ့် ခေါင်းထဲမှာ အဲဒီအချက်တစ်ခုတော့ထည့်ထားမိတယ်။

တစ်ချိန်ချိန်မှာ သုံးလို့ရနိုင်မှာပါ။

အရင်က အစိုးရနဲ့ပတ်သက်တဲ့အသိုင်းအဝိုင်းမှာနေခဲ့တုန်းကနဲ့ယှဉ်လိုက်ရင် အခုတော့ ကျွန်တော်ခေတ်ရှေ့ကိုအရမ်းပြေးနေပြီလို့ခံစားမိတယ်။

အစိုးရရဲ့ နည်းပညာကိုသုံးပြီး လုပ်ပုံလုပ်နည်းနည်းစနစ်တွေက တော်တော်ဝေးဝေးမှာကျန်နေခဲ့ပြီဆိုတာကို ပိုသတိထားမိလာတယ်။

စောစောကပြောတဲ့ automation tools တွေကိုသုံးပြီးသူတို့ကို ကူညီလို့ရမယ့်နည်းလမ်းတွေကိုအားတဲ့အချိန်မှာ ကျွန်တော်စဉ်းစားနေလေ့ရှိတယ်။

တစ်နေ့နေ့မှာတော့ နည်းပညာအကူအညီနဲ့ကျွန်တော်တို့ ရဲ့လူနေမှုကိုအများကြီးအဆင်ပိုပြေသွားအောင်လုပ်နိုင်မှာပါ

 

 

အာသာ

2017 စက်တင်ဘာ၂၀

 

 

အနောက်ဘက်ဆောင်..ရန်ကုန်မြို့

Dear Mary.
ဒီစာကို ဖန်တီးရာရဲ့. အနောက်ဘက်ဆောင်ကနေ ရေးလိုက်ပါတယ်။
ကိုယ်တို့ဆီမှာ အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းဆိုပြီး နှစ်နေရာရှိတယ်။
များသောအားဖြင့်ကိုယ်က အရှေ့ဘက်ခြမ်းမှာနေတာများတယ်။
ညနေရှုခင်းတွေဆိုရင်တော့ အနောက်ဘက်ခြမ်းက အများကြီးပိုလှတာပေါ့လေ။
နေဝင်ရှုခင်းရယ်၊ ကားမီးရောင်တွေနဲ့အတူတဖြောင့်တည်းသွားနေတဲ့လမ်းမကြီးရယ်၊ ထိုးထိုးထောင်ထောင်မြင်ရတဲ့ ခေတ်မီတိုက်သစ်ကြီးတွေရယ်၊ မြို့တော်ခန်းမ ၊ပန်းခြံနဲ့ ဆူးလေဘုရားတို့ဟာ ကြည့်လေကြည့်လေကြည့်မဝလေမြင်ကွင်းပဲပေါ့။
အခုဆိုရင် ၆နာရီထိုးပြီးကာစ ၊ အိမ်ပြန်မယ်ဆိုရင် ပြန်လို့ရတယ်၊
ဒါပေမယ့် မပြန်ချင်သေးဘူး Mary..အိမ်ပြန်ရင်လည်းစောင့်နေမယ့်သူမရှိဘူး။ ဒီမှာနေလို့ရသလောက်နေပြီး အလုပ်လေးတွေပြီးအောင်လုပ်ချင်တယ်။
နောက်တစ်ခုကတော့ ဒီကနေမြင်ရတဲ့ရှုခင်းကအရမ်းလှတယ်။ တစ်ယောက်တည်း ရှုခင်းကြီးကိုမျှှော်ငေးလိုက် စိတ်ကူးပေါ်တာလေးရေးလိုက်လုပ်ရတာ ဘယ်လောက်တောင်ကောင်းလိုက်သလဲ။
ရှေ့လဆိုရင် တော့နေရာအသစ်ကိုပြောင်းတော့မယ်။ အဲဒီမှာတော့ဒီလောက်လှတဲ့ရှုခင်းကိုမြင်ရတော့မယ်မထင်ဘူး ။
တစ်ခါတစ်လေတော့ ဒီလောက်လှတဲ့ရှုခင်းကို တစ်ယောက်တည်းမြင်ရတာ သိပ်တောင် ဘဝင်မကျမိဘူး။
အခြားတစ်ယောက်ယောက်ကိုပြောပြချင်စိတ်ကတော့အမြဲဖြစ်မိတယ်။
ဒါနဲ့ပြောရဦးမယ် မေရီ၊
နိုဝင်ဘာကျရင် စပိန်နိုင်ငံ ဗလန်စီယာမြို့ကို ခရီးထွက်ဖို့ရှိတယ်။
၁၀ရက်လောက်ကြာမယ်လို့တော့မှန်းထားတယ်.
ကိုယ့်ရဲ့ပထမဆုံးဥရောပခရီးစဉ်ဖြစ်မှာပေါ့။ သွားချင်တဲ့မြို့တွေထဲမှာပဲရစ်ကိုတော့ဦးစားပေးအနေနဲ့တွေးထားတယ်။
စပိန်နိုင်ငံထဲကပဲ မက်ဒရစ် နဲ့ ဗာစီလိုနားတွေကိုလည်းသွားလည်ဖြစ်မှာပေါ့။
ကိုယ့်အတွက် ၁၇ ရက်နေ့ကနေ ၂၁ အထိ လည်ချိန်ရှိတယ်။
အဲဒီအတွင်းမှာ စားရိတ်နည်းနည်းနဲ့ နေရာများများကို အချိန်တိုတိုအတွင်းဘယ်လိုသွားမလဲဆိုတာတွက်ချက်ရမှာပေါ့။
အခုထိတော့ဘာမှသေချာမစီစဉ်ရသေးဘူး .
တော်တော်တော့ရင်ခုန်ဖို့ကောင်းမယ်ဆိုတာသေချာမှာပဲ Mary
တစ်ယောက်တည်းသွားရတာထက်စာရင် အဖော်ပါရင်တော့ပိုကောင်းမယ်လို့တွေးမိတယ်။
ဒါပေမယ့်လည်း ဘယ်တတ်နို်င်မလဲ။ကြည့်ရတာ ကိုယ့်ဆီမှာဘာမဆိုတစ်ယောက်တည်းလုပ်ရမယ့်ကံပါလာသလားတောင်မသိဘူး ။
ကိုယ်နဲ့သူငယ်ချင်းတစ်ယောက်လုပ်နေတဲ့ လူနာကြည့်တဲ့အချိန်စာရင်းတွေပြပေးတဲ့ mobile app လေးတော့ အခုဆိုပြီးလုနီးနေပြီ။
ဟိုတနေ့က ကိုယ့် facebook အကောင့်ကနေ တင်လိုက်တာ Share ပေါင်း ၁၅၀ ကျော်သွားတယ်။
တော်တော်များများ ဆရာဝန်တွေကအားပေးကြတယ်။
ဒါကိုကြည့်ခြင်းအားဖြင့်သူတို့တွေ အပြောင်းအလဲနဲ့ ဆန်းသစ်တဲ့စိတ်ကူးတွေကိုလိုလိုလားလားကြိုဆိုနေတယ်ဆိုတာ သိသာတယ် Mary..
ဒါကြောင့်ကိုယ်တို့နောက်ထပ်ဆက်လုပ်မယ့်အစီအစဉ်တွေလည်းရှိတယ်။
အဲဒီ လူနာအချိန်စာရင်းအတွက်လိုအပ်တဲ့ အချက်အလက်တွေကို ဆေးရုံတွေမှာရှိတဲ့သူငယ်ချင်းတွေကိုဆက်သွယ်ပြီးအကူအညီတောင်းရတယ်။ တစ်နေရာတည်းမှာ သွားယူလို့မရတော့ အပင်ပန်းခံပြီး လိုက်ရှာရတာပေါ့ ။အစုံအလင်ရဖို့ကတော့မဖြစ်နိုင်ဘူး ။လောလောဆယ်မှာ ရသလောက်မြို့ကြီးတွေကဒေတာနဲ့ပဲစထားတယ် Mary
အဲဒီအချက်အလက်တွေက ပုံသေဆိုရင်လည်းအကောင်းသား။
တစ်နှစ်တစ်ခါပြင်နေတာဖြစ်တဲ့အတွက်ကြောင့် APPထုတ်ပြီးရင်တောင် နောက်ပိုင်း တော်တော်တော့လက်ဝင်မယ့်အလုပ်လို့မြင်တယ်။ ဒီဇင်ဘာဆိုရင်ပဲနောက်ထပ်အချိန်စာရင်းအသစ်တွေထွက်ပြီလေ။
အဲဒါအပြင်ကိုနောက်ထပ် medical dictionary တစ်ခုလုပ်နေတာလည်းရှိသေးတယ် Mary
စာအုပ်တစ်အုပ်လုံးကိုနည်းနည်းစီ စကန်ဖတ်ပြီး ကိုယ် tabe ထဲ လိုက်ဖြည့်နေတာ အခုဆို ၇၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ။
သိပ်မကြာခင်တော့ ပထမဆုံး English Myanamar ဆေးအဘိဓာန်ကို မိုဘိုင်းအတွက်ထုတ်နိုင်တော့မှာပါ။
အဲဒါကိုလည်းမြန်မြန်ထုတ်ချင်မိတယ်။
ကျောင်းကိစ္စကိုလည်းမပြောလို့မပြီးဖြစ်လို့ပြောရဦးမယ်။
တကယ်ဆို စက်တင်ဘာတည်းက Premaster ကစနေပြီ။ ဒါပေမယ့်ခုချိန်ထိ စာကောင်းကောင်းမဖတ်ရသေးဘူး Mary
ကိစ္စပေါင်းစုံနဲ့အမြဲပဲရှုပ်နေတယ်။ အလုပ်က၇နာရီလောက်ပြန်ရောက် အိမ်ရောက်တော့လည်း ကွန်ပျူတာကိုကိုင်ချင်စိတ်မရှိတော့ဘူး။
ဒါကြောင့် မို့ဘာစာမှမလုပ်နိုင်ဘူးလေ။
ကျန်တဲ့ကိစ္စတွေအနေနဲ့ကတော့လောလောဆယ်မှာအဆင်ပြေပါတယ်။
ရန်ကုန်မှာ တစ်ယောက်တည်း နေတော့ ပျင်းတာတစ်ခုပဲရှိတာပါ။
ဒါပေမယ့်လည်းတစ်ယောက်တည်းနေနေကျဖြစ်တဲ့အတွက် အရမ်းကြီးလည်းမဆိုးပါဘူး။
ဒါပေမယ့်လုပ်စရာတွေကအရမ်းများလွန်းနေတယ်။အဲဒါတွေကိုအမီလိုက်လုပ်ရတာ မလွယ်ဘူး Mary.
ဒီကြားထဲမှာ Freelance လက်ခံချင်တဲ့အလုပ်မျိုးတွေလည်းရှိသေးတယ်။
ဒါပေမယ့် အချိန်ကို ကောင်းကောင်း manage မလုပ်တတ်သေးဘူး။
တကယ်တမ်းညှစ်ထုတ်လိုက်ရင်ပေါ်လာမယ့်အချိန်တွေရှိပေမယ့် အခုထိတော့အချိန်ရှားပါးနေသလိုပဲ။
ကိုယ်တကယ်လုပ်ချင်တဲ့အရာတွေအတွက်ကော
ကိုယ်လုပ်သင်တဲ့အရာတွေအတွက်ကော
ဆက်လုပ်ဖို့အရာတွေအတွက်ကော ပြင်ဆင်နေရတာ စိတ်လှုပ်ရှားပျော်ဖို့ကောင်းသလိုတစ်ခါတစ်လေတော့
မောပန်းရတယ် Mary..
ခဏနေရင် အိမ်ပြန်တော့မှာပါ။
စက်တင်ဘာ၂၀ရက် ၂၀၁၇ ခုနှစ်

My letter.

Dear Mary

မမြင်ရတဲ့အရာတစ်ခုခုကိုကြောက်လန့်နေတာမျိုးဖြစ်ဖူးလား။
ကိုယ်ဘာမှလုပ်လို့မရပဲ…နေ့စဉ်ရင်တထိတ်ထိတ် နေရတာကိုကော ကြုံဖူးလား။
အရင်က မသိခဲ့ပေမယ့် အခုတော့ ကိုယ်အဲဒီလိုခံစားချက်မျိုးကိုယ်ချင်းစာတတ်ပြီမေရီ။
အမှန်ပြောရရင်.. လွန်ခဲ့သောနှစ်တွေက.. ဆေးရုံတွေမှာ ကူးစက်မှုနှုန်းမြင့်တဲ့ ဆေးမတိုးတီဘီတို့၊ HIVတို့၊ ဘီပိုးစီပိုးတို့တွေနဲ့လက်ပွန်းတတီးနေခဲ့တုန်းကတောင် ဒီလိုမဖြစ်မိဘူး ။
မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားရှိတယ်မဟုတ်လား။မေရီ။
ကိုယ်နည်းနည်းမြင်ရလာပြီလို့ထင်မိတယ်။

အရင်လို မစိုးရိမ်တတ်ပဲရယ်သွမ်းသွေးတတ်တာလည်းမဟုတ်၊
စိုးရိမ်လွန်တာလဲမဟုတ်ပဲ ..ကြားကာလတစ်ခုကိုရောက်နေမိတယ်။
ကိုယ်ဘာအကြောင်းကိုပြောချင်နေတာလဲ.. ဆိုတာ ရေးရေးနားလည်လာမယ်လို့ထင်ပါတယ်

လွန်ခဲ့တဲ့အပတ်က စပြီးတော့ H1N1 swine flu ဆိုတဲ့အကောင်ရန်ကုန်မှာခေါင်းထောင်လာတယ်။
စတွေ့တွေ့ချင်းတုန်းကတော့… ရန်ကုန်မှာ ရောက်နေပြီလားဆိုတဲ့သံသယပဲရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တော်တော့်ကိုလူသိများတဲ့ကိစ္စတစ်ခုဖြစ်နေပြီ မေရီ၊

အဲဒီမှာသတင်းတွေကိုဖြန့်တဲ့သူတွေထဲမှာ နှစ်မျိုးတွေ့ရတယ်.
တစ်မျိုးကတော့.. တက်လာသမျှ H1N1 သတင်းကိုအကုန်ရှယ်ကြသူတွေပေါ့။
မှားတယ်မှန်တယ်မသိဘူး။ Alarm လုပ်တာပါ။ Alert လုပ်တာပါနဲ့ပဲ
သူတို့လုပ်ရပ်မှန်ကြောင်းသက်သေထူကြတယ်။
သူတို့တွေကိုကြည့်လိုက်ရင်လည်းဖြစ်တဲ့နေရာနဲ့အဝေးကြီးမှာနေကြသူတွေပဲ

နောက်တစ်မျိုးကတော့..ဘာသတင်းပဲတက်လာတက်လာ ..
အပိုတွေဆိုတဲ့ပုံစံမျိုး အမြင်ရှိကြသူတွေပဲ ။
သူတို့တွေကတော့ .. အကာအကွယ်ယူတာတွေကော၊ လူတွေကြောက်လန့်နေတာကောကြည့်ပြီး.. ကြောက်တတ်ရန်ကောဆိုတဲ့သူတွေပေါ့။

ကိုယ်ကတော့ ဘယ်ဖက်ကမှ မပြောအား။ ကိုယ့်မထိအောင် ကြည့်ရှောင်နေရသူပါ မယ်ရီ၊

နေ့စဉ်နေ့တိုင်း.. လမ်းမပေါ်ထွက် လိုက်ရင် ပြည့်ကျပ်နေတဲ့ကားတွေပေါ်မှာ နှာခေါင်းစွပ်တွေတပ်ထားတဲ့လူတစ်ချို့ကိုတွေ့ရလိမ့်မယ်။
သူတို့ အတွက် အကာအကွယ်ရလားမရလားလဲ သေချာသိကြမယ်မထင်ဘူး။ သို့ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ လုံခြုံမှုခံစားကောင်းခံစားမိမယ်ထင်တယ်မယ်ရီ။

နေ့စဉ်နေ့တိုင်းကြားနေရတဲ့သတင်းတွေက လည်းခြောက်ခြားစရာ။
ဟိုနေ့က ဘယ်နှစ်ယောက်တွေ့တယ်၊ ဘယ်နှစ်ယောက်သေပြီပြောလိုက်၊
ဒီနေ့ဘယ်နှစ်ယောက်တွေ့၊၊ ဘယ်နှစ်ယောက်သေပြီပြောလိုက်နဲ့ပေါ့။

စိုစွတ်စွတ်မိုးရေနဲ့ .. ထိုင်းမှိုင်းနေတဲ့တိမ်တွေထဲမှာ
ဟိုဘက်လူ ဟန့်လိုက်တဲ့ ချောင်းက .. H1N1 virus တွေပါသလားမပါသလားဘယ်သူကပြောနိုင်မလဲ မယ်ရီ။
ကိုယ်တပ်ထားတဲ့ Mask ကကော အဲဒီအမှုန်တွေကိုကာသလားမကာသလား ဘယ်လိုလုပ်သိမာလဲ၊

ကျန်းမာရေးဌာနကပြောတယ်။
လူကြားထဲဖြစ်နိုင်ရင်မသွားပါနဲ့တဲ့။
မသွားပဲနေလိုက်ချင်တာပေါ့ မယ်ရီ၊

(နေ့စဉ်လမ်းပေါ် တသုတ်သုတ်သွားနေကြတဲ့လူတွေအစားပြောလိုက်ပါတယ်။)
သူတို့လမ်းပေါ်မထွက်လို့၊လူကြားထဲမသွားလို့မှ မဖြစ်နိုင်တာ

ဆရာဝန်တွေ၊သူနာပြုတွေ H1N1ကြောက်လို့မရသလိုပေါ့။

ကိုယ်ခံအားကောင်းအောင်နေပါတဲ့မယ်ရီ၊
ခက်တာပဲ ကိုယ့်ကိုယ်ခံအားကကောင်းနေမကောင်းနေ သိနိုင်လားမယ်ရီ၊
တက်ကြွရွှင်လန်း ကျန်းမာနေသူတစ်ဦးကိုတော့ကိုယ်ခံအားကောင်းနေတယ် လို့ဆိုနိုင်မှာပဲ၊
သူဘယ်နှစ်ရက်အိပ်ရက်ပျက်ထားလဲကောဘယ်သူသိမလဲ။
သူဘယ်လိုမျိုးစားသောက်နေရလဲကောဘယ်သူသိမလဲ၊

ကာကွယ်ဆေးထိုးရင်ကော အကာအကွယ်ဖြစ်ပြီတဲ့လားမယ်ရီ၊
ကိုယ္ကေတာ့မထင္မိ၊
ထိုးချင်ထိုးဦးတော့… လက်ရှိဖြစ်နေတဲ့ပိုးကို ကာကွယ်နိုင်သလားဘယ်သူမှသေချာမသိပါမယ်ရီ

အခုဖြစ်နေတဲ့အခြေအနေက ..ဘာကိုမှဝေဝေဝါးဝါးမမြင်ရဘူး။
မှောင်ပိန်းနေတဲ့မြူတွေကြားထဲကနေ ထွက်ထွက်လာတဲ့..
မြှားတွေက ကိုယ်တွေထဲက မှန်ချင်တဲ့သူလာမှန်နေသလိုပဲမယ်ရီ၊

ဟိုဘက်မှာရှိတဲ့ရန်သူကဘယ်လိုဆိုတာကိုသေချာမသိရသေးဘူး။
တနည်းအားဖြင့် သူ့ရဲ့အမျိုးအစား၊ ဘယ်လိုအဖျက်စွမ်းအားရှိတယ်။
ဘယ်လိုအားနည်းချက်ရှိတယ်၊ဘယ်လိုတိုက်ရမလဲ၊
ဘာမှမသိသေးဘူး မယ်ရီ၊

ပြောချင်တာကတော့ အခုလာတဲ့H1N1 ကအရင်ဖြစ်နေတဲ့ဟာလား။
ဗီဇထပ်ပြောင်းပြီးပေါ်လာတဲ့ အဖျက်စွမ်းအားကြီးတာလား မပြောနိုင်သေဘူး။
ဒီလိုမသေချာမရောရာဖြစ်နေတဲ့အချိန်မှာ .. ဟိုဖက်ကလာနေတဲ့ရန်သူက
ခေါမတပ်ကြီးလား၊ ရန်သူလေးတစ်ယောက်နှစ်ယောက်က လက်တည့်လာစမ်းနေတာလားဘယ်သူမှမသိသေးဘူး မယ်ရီ၊

ကိုယ်တွေဘက်ကပြင်ဆင်တာအားနည်းလွန်းနေတယ်။
ကိုယ့်တာကိုယ်လုံအောင်ကာဆိုတာမျိုးပဲဖြစ်နေတယ်။
အခုဖြစ်နေတာမျိုးက မင်းတို့ဘာသာမြှားမမှန်အောင် ကြည့်နေကြဦးဆိုတာမျိုးပေါ့လေ။

ကိုယ်လည်းလေးသံတော့နားထောင်နေပါတယ်။ မယ်ရီ၊
ကိုယ်နည်းနည်းငွေ့၊ချောင်းလေးဆိုးလာရင် အရင်လိုပေါ့ပေါ့မနေရဲဘူး မယ်ရီ၊
ရှုလိုက်တဲ့လေတွေကအလိုလိုလေးလံနေတယ်။
အချိန်တွေမြန်မြန်ကုန်ပြီး.. ဘာဖြစ်နေတယ်ဆိုတာ မြန်မြန်သိရရင်ကောင်းမယ်။
H1N1ရဲ့ အသေးစိတ်အချက်အလက်တွေကိုမသိရသေးသရွေ့တော့..
ဘာလုပ်လုပ်စိတ်မဖြောင့်နိုင်ဘူး

ဒီနေ့တော့ဒီလောက်ပဲပြောပါရစေ..
မြန်မြန်နေသာဖို့ဆုတောင်း ပါ မယ်ရီ

Yours lovingly..

Heartbeats in Yangon.

IMG_20170711_122906

Does it look like a picture from 19th century ?

 

ဒီနေ့က ရန်ကုန်မှာရောက်နေတာ ၁၁ ရက်မြောက်နေ့ပေါ့။

နည်းနည်းတော့အသားကျစပြုလာပါပြီ။

ကျွန်တော် ဘပ်စ် ကားလည်းစီးတတ်ပါပြီ ၊ တိုက်အထပ်မြင့်ကိုတက်ရလို့လည်း မောတယ်မထင်တော့ပါဘူး။

တစ်နေ့တာကို ကုန်ကျစာရိတ် အနည်းဆုံးနဲ့ဘယ်လိုနေရမလဲဆိုတာကို သင်ယူနေတယ်။ နယ်မှာလည်းနေခဲ့ဖူးတယ်။ ရွာကဘဝတွေလည်းမြင်ခဲ့ဖူးတယ်။ နို်င်ငံတော်အဆင့်အသိုင်းအဝိုင်းတွေကြားလည်းကျင်လည်ဖူးတယ်။

နိုင်ငံတကာအဖွဲ့တွေကြားလည်း လျှောက်သွားဖူး။ ပါဝင်လှုပ်ရှားဖူးတယ်။

အခုတော့ ကျွန်တော် ရန်ကုန်မြို့ရဲ့ လူလတ်တန်းစားတွေဘယ်လိုနေကြတယ်ဆိုတာကိုလေ့လာဖို့အခွင့်အရေးရရပြန်ပြီ.။ ရန်ကုန်ဆင်ခြေဖုံးတွေအထိတော့ကျွန်တော်မရောက်ဖူးသေးပါဘူး။

ဒါပေမယ့် ကြပ်ညှပ်နေတဲ့လူနေမှုစရိုက် နဲ့နေ့စဉ် သွားလာလှုပ်ရှားမှုတွေကို သူတို့ ဘယ်လိုဖြေရှင်းကြလဲ၊ ဘယ်လို လုပ်ကိုင်ကြလဲဆိုတာကိုတော့သိခွင့်ရဦးမယ်။

နေပြည်တော်လိုခြောက်သွေ့တဲ့နေရာကနေပြောင်းလာသူအတွက် ရန်ကုန်နေ့ရက်တွေက အုံ့မှိုင်းပြီး အမြဲစိုစွတ်နေတာပါပဲ။

ကျွန်တော်အလုပ်လုပ်တဲ့ ၁၁ လွှာကနေလှမ်းကြည့်လိုက်ရင် တစ်ဖက်မှာ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ မဟာဗန္ဒုလပန်းခြံ၊ စျေးဆိုင်တန်းလေးတွေနဲ့ ဗဟိုတရားရုံးကြီးကိုမြင်ရတယ်။

အခြားတစ်ဖက်မှာတော့ရန်ကုန်မြစ်ကြီးပေါ့။ မိုးတွေမှိုင်းနေတဲ့အချိန်ကြည့်လိုက်ရင် မြင်ရတဲ့မြင်ကွင်းက နိုင်ငံခြားကားတွေထဲက အချိန်ပြည့်အုံ့မှိုင်းနေတဲ့ ဇာတ်ဝင်ခန်းတွေကိုပြန်မြင်ယောင်မိတယ်။

ရန်ကုန်ကမ်းနားလမ်းနဲ့ဆိပ်ကမ်းကြီးကိုကြည့်ပြီး ..အင်ဒရူးမေဆင် ဇာတ်လမ်းထဲက ကျောက်မီးသွေးတွင်းတွေကို မြင်နေမိတယ်။

နေရာအသစ်၊အလုပ်အသစ်မှာ လူအသစ်တွေနဲ့တွေ့ရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါပဲ။ ဆူးလေ Techလို့တစ်ချိန်က နာမည်တွင်ခဲ့သေးတဲ့ ဖန်တီးရာဆိုတဲ့နေရာက နည်းပညာကိုစိတ်ဝင်စားသူ မည်သို့သော လူငယ်မဆို လာရောက်လို့ရတဲ့ Community center တစ်ခုပါ။

သူ့ဆီမှာမတူညီတဲ့ လှုပ်ရှားမှုတွေရှိတယ်။ အားလုံးရဲ့အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနို်င်ငံမှာခို်င်မာတဲ့ နည်းပညာ ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာဖို့ပဲ။

ကျွန်တော် Medical background ကလူဖြစ်ပေမယ့် စိတ်ရဲ့စေစားမှုကြောင့် ဟိုးအရင်တည်းက ဖန်တီးရာဆိုတဲ့နေရာကို အရမ်းရောက်ချင်နေခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုကြာပြီးတဲ့နောက် ကျွန်တော် က ဖန်တီးရာကိုရောက်လာတဲ့ ၄ ယောက်မြောက် medical doctor ဖြစ်လာခဲ့တယ်။ ဒီနည်းပညာတွေအကြောင်းကို ဘယ်နေရာမှာ မှ သေချာမသင်ယူခဲ့ဖူးပေမယ့် ကိုယ်စိတ်ပါဝင်စားသလို လုပ်ခဲ့တာတွေက အရမ်းတန်ဖိုးရှိလာတယ်ဆိုတာတော့ နောက်မှသေချာသိလာခဲ့တယ်၊

ကျွန်တော့်အတွက် အလုပ်လုပ်ရတဲ့ ပုံစံနဲ့ workspace ကအရမ်းအရေးကြီးတယ်။

တစ်ချိန်လုံးindependent နေခဲ့သူ Freelance လုပ်ခဲ့သူဆိုတော့ .. ကိုယ့်ကိုသူများကခိုင်းတာထက် ကိုယ့်ဟာကိုလုပ်ရတာကိုပိုသဘောကျတယ်။ အဲဒီအချက်ကိုသဘောပေါက်တဲ့သူတွေကတော့ ကျွန်တော့်ကိုဘယ်လိုကိုင်တွယ်ရမလဲသိတတ်ကြတယ်။

ကျွန်တော် အဲဒီနေရာမှာ စိတ်ကူးပေါက်သလို အလုပ်လုပ်ပါတယ်။ စျာန်ဝင်စားသွားရင် မထတမ်းလည်းအလုပ်လုပ်တယ်။ ငြီးငွေ့လာရင် .Table tennis ထွက်ရိုက်ပါတယ် ။ ကော်ဖီသောက် အခြားအဖော်တွေနဲ့စကားသွားပြောပါတယ်။ ကိုယ့်အလုပ်ကိုနားကြပ်တပ်ပြီးလုပ်ရတာ အကြိုက်ဆုံးပဲ။ ဘယ်သူမှလည်း လာမနှောင့်ယှက်တော့ ကျွန်တော့်အတွက်အဆင်ပြေပါတယ်။ လိုအပ်တာရှိရင် messenger app တစ်ခုခုကနေလာပြောတယ်။

ဒီနေရာက နည်းပညာအသစ်တွေကိုဖော်ထုတ်ပြီးခေတ်ရှေ့ပြေးနေတဲ့နေရာပါ။

ကျွန်တော့်တာဝန်က အဲဒီနည်းပညာတွေကိုဖော်ထုတ်ပြီး လိုက်လျောညီထွေပြီးအသုံးကျတဲ့နည်းပညာတွေကို အရပ်ဘက် အဖွဲ့အစည်းတွေလက်ထဲကိုကူးပြောင်းထည့်ပေးဖို့ပါ။

အခုမစလုပ်တာဆိုတဲ့အတွက် ပြစရာအများကြီးမရှိသေးပေမယ့် ကျွန်တော် စတင်နေတာတွေတော့ရှိပါပြီ။

ကိုယ်လုပ်ချင်တာကိုလုပ်ရတဲ့အတွက်ပျော်ပါတယ်။

တစ်နေ့ကိုအလုပ်ချိန် ၉နာရီရှိပေမယ့် ရုံးတက်ချိန်လိုပဲ ရုံးဆင်းချိန်မှာလည်း ကျွန်​တော် တက်ကြွနေပါတယ်။ကျွန်တော့်အတွက် အလုပ်က ကစားကွင်းတစ်ခုလိုပါပဲ။ Innovation lab ,Creative place လို့ဆိုတာနဲ့လိုက်အောင် .. Staff တွေအတွက် Pressure မပေးတဲ့ပတ်ဝန်းကျင်မျိုး၊ မိမိကိုယ်ကို Part of a team လို့ခံစားရစေအောင် လုပ်ပေးတဲ့ပတ်ဝန်းကျင်မျိုးကို ကျွန်တော်နှစ်သက်ပါတယ်။ဒီလို ပတ်ဝန်းကျင်မျိုး တွေနောက်ထပ်အများကြီးထပ်ရှိလာစေချင်ပါတယ်။

 

IMG_20170710_172219_838

Liberty in Yangon

Photo by Me (Nyein Chan Ko Ko)

Place (Phandeeyar, 11th floor ,MAC tower ,Merchant Road, Yangon)

 

 

 

The feedback

လွန်ခဲ့တဲ့ ၂၀၁၄ က ကျွန်တော် Myanmar First Aid စလုပ်တော့ email တစ်စောင် လက်ခံရရှိတယ်။

အဲဒီ email ကထူးဆန်းတယ်။

သူ ဆေးခန်းအတွက် လိုချင်တဲ့ app တစ်ခုရဲ့ idea ကိုပြောပြတယ်။

မလုပ်ပေးနိုင်ပေမယ့်. သူ့ရဲ့ အကြံက ခုထိ အဖိုးတန်ဆဲပဲ။

အောက်က အဲဒိ Dr ပို့တဲ့ email ထဲက တစိတ်တပိုင်းပါ။

ကျွန်တော် လုပ်ချင် တာက ကုသိုလ်ဖြစ် ဆေးခန်း အတွက်ပါ။

ဆေးခန်းမှာ 

  • လူနာ database တစ်ခု (patient register database)
  • လူနာတွေ လာပြတိုင်း ထည့်ဖို့ consultation register သို့မဟုတ် case register database တစ်ခု

  • laboratory investigation database တစ်ခု

  • prescription database တစ်ခု

  • drug and equipment stock database တစ်ခု

  • ဆေးအဝယ် drug purchase database တစ်ခု

  • ငွေစာရင်း database တစ်ခု

  • staff database

  • လူနာတင်ယာဉ် database တစ်ခု

စတဲ့ data တွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီး သုံးဖို့ဖြစ်ပါတယ်။

သုံးတဲ့နေရာမှာ ဝန်ထမ်းအများစုကို phone/tablet တွေနဲ့ တစ်ယောက် နဲ့ တစ်ယောက် data မျှဝေ သုံးစေမှာ ဖြစ်ပါတယ်။

၁။ လူနာ မှတ်ပုံတင် တဲ့ နေရာ ရှိပါမယ်။ (patient reception/ registration area) ဆေးခန်းထဲ လူနာဝင် လာ လာချင်း စာရင်း သွင်းဖို့ပါ။ အဲဒီမှာ reception staff တစ်ယောက် (လူနာများချိန်မှာတော့ တစ်ယောက်ထက် ပိုပါမယ်) က နေပြီးတော့ tablet သို့မဟုတ် phone ကိုင်ပြီးတော့ ဝင်လာတဲ့ လူနာကို register လုပ်ပါမယ်။ entry လုပ်လိုက်တဲ့ data က patient register database နဲ့ case register database တွေထဲကို ဝင် သွား ပါမယ်။ လူနာမှတ်ပုံတင်ရာမှာ လူနာရဲ့ ဓါတ်ပုံ နဲ့ လက်ဗွေတွေ ကိုပါ မှတ်တမ်းယူပါမယ်။

၂။ လူနာစမ်းသပ်ခန်း ထဲကို လူနာရောက်လာချိန်မှာ ဆရာဝန်က စောစောက ရှေ့က staff သွင်းပြီး ထည့်ထားတဲ့ အချက်တွေကို သူ့မှာရှိတဲ့ phone/tablet နဲ့ ကြည့် နေပါပြီ။ 

၃။ ဆရာဝန်က လူနာရဲ့ history, physical examination, laboratory investigation, diagnosis နဲ့ prescription တွေကို သူ့ရဲ့ phone/tablet ထဲကို data entry လုပ်လိုက်တာနဲ့ အဲ့ဒါတွေက သက်ဆိုင် ရာ database တွေထဲကို ဝင်သွားပြီး သက်ဆိုင် တဲ့ staff တွေက သူတို့ ရဲ့ phone/tablet တွေနဲ့ ကြည့် ပြီးတော့ ဆရာဝန် ညွှန်ကြားချက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဆောင် ရွက်ကြပါမယ်။

၄။ လူနာ ဆေးယူပြီး ပြန်မထွက်မီ ဆေးကုသမှု မှတ်တမ်းကို စာရွက်ငယ်နဲ့ print ထုတ်ပေးလိုက်ပါမယ်။

၅။ prescription data entry လုပ်တဲ့အခါ drug store database ထဲမှာ ရှိတဲ့ စာရင်းထဲက အလိုအလျောက် နှုတ်ပေးသွားပါမယ်။

၆။ ဆေးဝယ် drug purchase တဲ့အခါ နဲ့ staff တွေကို လစာပေးတဲ့အခါ ရန်ပုံငွေ database balance ထဲက တစ်ခါတည်း အလိုလို နှုတ်ပေးသွားပါမယ်။

၇။ ambulance သုံးတဲ့အခါမှာလည်း မိုင်နှုန်းအလိုက် ကျသင့်တဲ့ ဆီဖိုး နဲ့ ယာဉ် ထိန်းသိမ်း စားရိတ် တွေကို ငွေ စာရင်း balance မှာ နှုတ်သွားပါမယ်။

၈။ ရောဂါအမည်နဲ့ ဆေးအမည်တွေကို WHO က code နံပါတ်တွေနဲ့ တစ်ခါတည်း တွဲချိတ်ပေးထားပါမယ်။

၉။ ဒီ App သုံးခြင်းဖြင့် ဆေးခန်းတွင်း အလုပ်လုပ် ရာမှာ လျင်မြန်စေပြီး ဆေးခန်းလာတဲ့ လူနာတွေ အချိန်ကုန် သက်သာစေဖို့မျှော်လင့်ပါတယ်။ ဒီ software အဆင်ပြေခဲ့ရင် အခြား လူမှုရေး အသင်းတွေရဲ့ ဆေးခန်းတွေမှာပါ စမ်းသုံးစေပြီး လူမှုရေး အသင်း ဆေးခန်းများ အချင်းချင်း နဲ့ လူမှုရေး ဆေးခန်းတွေနဲ့ MOH/DOH တို့အကြား data တွေ မျှဝေ သုံးစွဲရာမှာ လျင်မြန် လွယ်ကူစေဖို့ မျှော်လင့်ပါတယ်။ နယ်မှာရှိတဲ့ လူမှုရေး ဆေးခန်းက ဆရာဝန်တွေက သူတို့ လူနာတွေကို specialist opinium အတွက် အထူးကုတွေနဲ့ data အပြန်အလှန် မျှဝေသုံးစွဲရာမှာလည်း ဒီ App ကို သုံးနိုင် မယ်လို့ ထင် ပါ တယ်။ စာရင်းစစ် audit ဝင် တဲ့အခါ နဲ့  

data analysis/ reporting တွေမှာလည်း အသုံးတည့်ပါလိမ့်မယ်။

Page 2 of 7

Powered by WordPress & Theme by Anders Norén