It all started with unexpected trip to Manila in 2014 January.
Category: Blog Page 8 of 14
၅နှစ်မျှ single ဘဝနှင့်နေပြီးကာလ
ပထမဆုံးအကြိမ်
ကောင်မလေးတစ်ယောက်ကို ပန်းစည်း ပေးခဲ့သည်။
လွန်ခဲ့တဲ့ ၅ နှစ်ကလည်း တရုတ်တန်း ရဲ့ ညဈေးတန်းလေးမှာ ဒီလိုပဲ ပေးခဲ့ ဖူးသည်။
ထို့နောက် ကျနော် အသည်းကွဲခဲ့သည်။
ယခုအကြိမ်တွင်တော့ ကျနော် ဘာမှ သိပ်မမျှော်လင့်ပါ။
ကျနော် မည်သူ့ကိုမျှ ဂရုစိုက်မှု ကြင်နာမှုမပေးတာ ကြာပြီဖြစ်သည်။
ဖေဖော်ဝါရီ၁၄ ကို တစ်ယောက်တည်းဖြတ်သန်းတာလည်း ကြာပြီ ဖြစ်သည်။
ကျနော်ပေးတဲ့ ပန်းစည်းက တန်ဖိုးရှိချင်မှရှိမယ်။
ဒါပေမယ့် ၅ နှစ်အတွင်းဘယ်သု့ကိုမှ မပေးခဲ့ဖူးတဲ့လက်ဆောင်လို့ မှတ်ယူပါလေ။
ဘာကိုမှ ပြန်လည်ရဖို့ မမျှော်လင့်ပါဘူး။
အရင်အတိုင်းပဲအတူတူအလုပ်ဆက်လုပ်ကြတာပေါ့။
အချိန်တန်ရင် ကိုယ့်လမ်းကို သွားကြမယ့်သူတွေပဲလေ။
ယူနီကုဒ် သုံးသူတွေက Personal attack သိပ်လုပ်တဲ့ စဆရက တွေဆိုတဲ့ အမြင်လေးခဏ ဖျောက်ပေးပါ။
ကျွန်တော် တစ်ခါ မှ သူများကို နှိမ်ပြီး ယူနီမသုံးရကောငိးလားဆိုပြီး မပြောဖူးပါဘူး။။
မေးသမျှ သူတိုင်းကို သေချာ ရှင်းပြပါတယ်။
ဒါကိုပဲ ရှင်းပြရင်းနဲ့ ပိုရှုပ်ကုန်လို့ စဆရကြီးလုပ်တယ်ထင်ရင်လည်းရွဲ့ပါ ခနဲ့ပါ။
ဒါပေမယ့် ခင်ဗျားတို့ စိတ်ထဲက ယူနီကုဒ်နဲ့ ယူနီကုဒ်အကြောင်းပြောပြသူကို ခွဲ ပြီးတော့မြင်ပေးပါ။
လူကို သဘောမကျတာနဲ့
စနစ်ကြီးမကောင်းဘူးလို့ မယူဆလိုက်ပါနဲ့။
၁၀၀မှာ ၉၉ ယောက် ဇော်ဂျီဆိုတာ သိသိကြီးနဲ့
ယူနီကုဒ် မှ ယူနီကုဒ် ဘာလို့ လုပ်နေကြတာ လည်း ဆိုတဲ့ အချက်ကို မြင်အောင်ကြည့်ပေးပါ။
ကျွန်တော့်ရဲ့ ခံယူချက်ကိုပြောရမယ်ဆိုရင်
နည်းပညာက လူတွေကို အများကြီးကူညီပေးနိုင်ပါတယ်။
ဘာသာစကားမတူတဲ့သူတွေ ကြားမှာ ရှိတဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ပါတယ်။
ကျွန်တော် english လ်ုအတန်အသင့်နားလည်ပါတယ်။ပြောနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်မှာလိုချင်တာ ကို အေးအေးဆေးဆေး english လိုရှာယူလို့ရပါတယ်။
ဒါပေမယ့် english လိုမတတ်တဲ့သူ သန်းပေါင်းများစွာရှိပါသေးတယ်။
သူတို့ အတွက် မြန်မာလို အချက်အလက်တွေက facebook မှာ ပြန့်သလောက်ပဲ သိရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။
နိုင်ငံတကာသတင်းတွေကို မြန်မာလိုအဆင်သင့် ဘာသာပြန်ဖတ်လို့ရရမယ်။
ကိုယ်သိချငိတဲ့အကြောင်းကို ဘာသာပြန်ရငိနားလည်ရမယ်။
နောက်ဆုံး နိုင်ငံခြားရောက်နေတဲ့ လုပ်သားတွေနိုင်ငံခြားဘာသာနဲ့ ရေးထားတဲ့ စာတွေမှာလက်မှတ်ထိုးခိုင်းရင် မသိတဲ့နေရာ ကင်မရာနဲ့ချိန် မြန်မာဘာသာပြန်ပြီး သူတို့ ဘာအကြောင်းရေးထားတယ်ဆိုတာ သိရမယ်။
ဒါတွေ အားလုံး ရှိရင် အရမ်းကောင်းမှာပဲလို့ စိတ်ကူးကြတယ်။
မျက်စိမမြင်တဲ့ ကျွန်တော့် မိတ်ဆွေတစ်ချို့ရှိတယ်။
သူက အင်္ဂလိပ်လိုပဲ အများဆုံးရေးတယ်။
မြန်မာလိုိုရေးရင် သူဖတ်လို့မရဘူး။
အင်္ဂလိပ်လိုကျတော့ ကွန်ပျူတာက အသံထွက် ဖတ်ပြပေးတယ်။
မြန်မာလိုကျတော့ မရဘူးတဲ့။
နောင်ကို မြန်မာလို ရရင် အရမ်းကောင်းမှာပဲလို့ပြောတယ်။
သူတို့ အတွက် ကြိုက်တဲ့ website ကို မြန်မာလို အသံထွက်ဖတ်ခိုင်းလို့ရရမယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ထုတ်ခဲ့တဲ့ ဝတ္ထုတွေအများကြီးရှိတယ်။
နေ့စဉ်ထုတ် ဂျာနယ် မဂ္ဂဇင်း အများကြီးပဲ။
ဒါတွေကို တစ်ချိန်ချိန်မှာ ပြန်ရှာဖို့လိုလာမယ်
မှီငြမ်းဖို့လိုလာမယ်ဆိုရင် ကျွန်တော်တို့အတွက် ဘယ်မှာလဲ reference.
ebook ပြောင်းပေးထားတဲ့ စာအုပ်တွေဟာ ထွက်ခဲ့သမျှ စာတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်ရှိမလဲ။
ယခုခေတ်ကထားပါတော့။
တစ်ချိန်က ထွက်ခဲ့တဲ့စာအုပ်တိုင်းကွန်ပျူတာနဲ့ ပြန်ရိုက်မသိမ်းနိုင်ကြဘူးလေ။
ဒါတွေအားလုံး ကို scan ဖတ်ရုံနဲ့ အဆင်သင့်ကွန်ပျူတာ စာလုံးဖြစ်ခဲ့ရင် အလုပ်တွေအများကြီးပိုပြီးသလို
အွန်လိုင်းပေါ်မှာ လေ့လာစရာ မြန်မာစာနဲ့ရေးထားတာတွ ပေါများလာမှာပဲ။
မြန်မာဘာသာ ပြန်ထားတာတွေက ဘယ်လောက်သောက်သုံးကျလို့ ငါတု့်က မြန်မာလ်ု သုံးရမှာလဲ လို့တော်တော်များများပြောကြတယ်။
ကျွန်တော်လည်း ရံဖန်ရံခါပဲ ဆက်တင်တွေကို မြန်မာ လို ပြောင်းသုံးပါတယ်။
ဘာသာပြန်တာ လက်တွေ့ဆန်တာမဆန်တာ နောက်မှ ဆွေးနွေူလို့ရပါတယ်။
ကိုယ့်ဘာသာ စကားလုံးက လူရာဝင်လာပြိ်ဆိုတဲ့အသိက ပီတိဖြစ်စေပါတယ်။
ကမ္ဘာပေါ်မှာ အလှဆုံး စကားလုံးတွေထဲမှာ မြန်မာစကားလုံးကထိပ်ဆုံးမှာပြထားပါတယ်။
။
အင်္ဂလိပ်စာလုံးတွေကနေ မြန်မာ စကား အဖြစ် ဖလှယ်ဖို့ စထွင်ခဲ့ကြ တာ အရင်ကဆိုရင်
စာရေးဆရာတွေရဲ့အလုပ်လေ။
သူတို့ကမှ အလှဆုံး အဓိပ္ပါယ်တွေ ပြောတတ်တာကိုး။
လက်ရှိ ဘာသာပြန် ပေးတဲ့ google translate,facebook setting, စတာတွေမှာ
ဒီမြန်မာစာလုံးတွေ ဘယ်သူက ဘယ်လို ပြန်ပေးတာလဲလို့ မစဉ်းစားမိဘူးလား။
အရှေ့ပိုင်းတုန်းက မြန်မာစာတွေတော့ ဘယ်သူ ပြန်ခဲ့သလဲ ကျွန်တော်မသိပါဘူး။
နောက်ပိုင်း facebook မှာကော google translate မှာကော မြန်မာနိုင်ငံက မြန်မာတွေပဲ ပြန်ကြတာ
ကုမ္ပဏီ ကြီးတွေကတော့ နိုင်ငံတစ်ခုမှာ ဘယ်ဘာသာစကား စနစ်ပဲအသုံးများများ သူတို့စနစ်နဲ့လိုက်လျောညီထွေရှိတဲ့ unicode system ကိုပဲသုံးရပါတယ်။
တစ်ကမ္ဘာလုံးက ဘာသာစကားတွေ သူ့နေရာနဲ့သူ ရှိပြီး အရှုပ်အထွေးမဖြစ်အောင်
ထိန်းပေးထားတဲ့ ကမ္ဘာ့ ယူနိကုဒ် အဖွဲ့အစည်းက သတ်မှတ်တဲ့စည်းမျဉ်းစည်းကမ်း ကိုပဲလိုက်နာရပါတယ်။
ဒါကြောင့် translate ပဲ ဖြစ်ဖြစ် setting ပဲ ဖြစ်ဖြစ် ယူနီကုဒ်နဲ့ဘာသာပြန်ကြရပါတယ်။
စောစောကပြောသလို မြန်မာနိင်ငံမှာ ယူနီကုဒ် အသုံးပြုသူက အရမ်းနည်းနေတော့
သုံးတဲ့သူထဲမှာမှ ကိုယ့်ထမင်းကု်ယ်စားဘာသာ ပြန်ပေးနေတာ ဘယ်နှစ်ယောက်ရှိမလဲစဉ်းစားကြည့်ပါ။
ဇော်ဂျီနဲ့ ဝင်ပြန်သူမရှိဘူးမဟုတ်ပါဘူး။
ရှိခဲ့ပါတယ်။
နောက်ပိုင်း facebook က စည်းကမ်းသတ်မှတ်ပြီး တားဆီးထားပေမယ့်
ဇော်ဂျီနဲ့ရေးပြန်သူ ကြိုကြားကြိုကြားရှိနေဆဲပါ။
သန်းနဲ့ချီတဲ့ မြန်မာ တွေသုံးနေတဲ့ ဖေ့စ်ဘွတ်အတွက် english အသုံးအနှုန်းတွေက်ု မြန်မာလ်ုပြန်တဲ့အခါ
ကြီးကြပ်သူ မြန်မာစာ ပညာရှင်တွေ မရှိပါဘူး။
စာရေးဆရာတွေမပါပါဘူး။
တတ်နိုင်သလောက် မြန်မာစာ လူရာဝင်ချင်စိတ်နဲ့ ကူညီ ဘာသာပြန်ပေးကြတယ်။
သူများတွေမေ့နေတဲ့အရာကို ဘယ်သူမှ မချီးမွမ်းလဲ
ဝင်လုပ်နေကြတဲ့သူတွေပါ။
တကယ်လို့သာ ယူနီကုဒ် ပိုသုံးကြမယ်ဆိုရင်
ဘာသာပြန်တဲ့နေရာမှာ ပိုကျွမ်းကျင်သူတွေပါလာလို့ ပို အရည်အသွေးကောင်းတဲ့ စာကြောင်းတွေ ရရှိလာပါမယ်။
သုံးတဲ့သူတွေလည်းပ်ုအဆင်ပြေလာမယ်။
တစ်ယောက်နှစ်ယောက်တည်းကနေ တစ်ရာနှစ်ရာ ဖြစ်လာရင်
ပိုလည်း အရွေ့မြန်သလို အားလည်းပိုတက်ကြမှာပါ။
ဘာဖြစ်လို့ ဇော်ဂျီဖောင့်နဲ့ပဲမလုပ်ခဲ့လဲမေးရင်
လုပ်လို့မရလို့ မလုပ်ခဲ့တာလို့ ပြောရပါလိမ့်မယ်။
ဘာလို့ လုပ်လို့မရတာလဲထပ်မေးရင်တော့
တရားဟောချင်စိတ်မရှိတဲ့အတွက် မဖြေ တော့ပါဘူး။
ကိုယ်လဲ ဘာမှ သိပ်သိတာမဟုတ်ဘူး။
အခြားနေရာမှာ သိပ်အပြောမခံတဲ့သူက
ယူနီကုဒ်နဲ့ပတ်သက်ရင် ပယ်ပယ်နယ်နယ်တွယ်တော့ လူငယ်ပဲဗျာ။
ဒေါသရှိတယ်။
အများဘက်က ကြည့်တဲ့အမြင်က သက်သက်။
လုပ်သင့်တယ်မလုပ်သင့်ဘူး စဉ်းစားတဲ့ဘက်က သက်သက်ပါ။
လုပ်ရင်ဖြစ်မယ့်အကျိုး၊ ဆိုးကျိုး တွေ ချိန်ကြည့်ရင် စောနိုင်သမျှစောလေ အထိနာသက်သာလေ ဖြစ်တယ်လို့ မြင်ပါတယ်။
ဒီကြားထဲ အရမ်းတော်တဲ့ပညာရှင်တွေက ပိုကောင်းတဲ့ အဖြေ တစ်ခုထုတ်နိုင်ခဲ့ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။
ကျွန်တော် စာအုပ်တွေ ကနေ ပြီး ကွန်ပျူတာ စာလုံးအဖြစ် ပြောင်းစရာ အများကြိးရှိ်တယ်။
လုပ်မယ့် လူအင်အားမရှိဘူး။
ပြေးကြည့်မှ ကိုယ်တစ်ယောက်ပဲ ရှိတယ်။
လုံလောက်တဲ့ အချိန်မရှိဘူး။
ကျွန်တော် အချိန် သိပ်မပေးနိုင်ဘူး။
စာရိုက်တာနဲ့တင် အချိန်ကုန် လူပန်းလည်း မဖြစ်ချငိဘူး။
အပြင်ဆိုင် အပ်ရင် ပိုက်ဆံအရမ်းတောင်းသလို အချိန်လည်းယူတယ်။
ကိုယ်နဲ့နီးစပ်ရာအကူအညီတောင်းရင်
ရပေမယ့် ကွန်ပျူတာ တစ်လုံးသက်သက်ပေးရမှာဆိုတော့မဖြစ်နိုင်ဘူး။
ဒီတစ်ပတ်လုံး အဲဒီပြဿနာ ဘယ်လို ရှင်းရနလဲ စဉ်းစားရင်းခေါင်းကိုက်နေတာ။
နောက်ဆုံးတော့ အမြန်နဲ့ အလွယ် နည်းလိုက်ဖို့စဉ်းစားလိုက်တော့တယ်။
google drive ကနေ pdf တွေ ကို ကွန်ပျူာ စာလုံး အဖြစ်ပြောင်းပေးတဲ့ OCR ရှိတာ သိတယ်။
ကျွန်တော့်မှာ scanner လည်းမရှိဘူး။
ဓာတ်ပုံရိုက်ပြီး drive ထဲထည့်ရင် quality မကောင်းတော့
output စာလုံးတွေက သုံးစားမရဘူး။
ဒါနဲ့ google က scanner application တစ်ခု ရှာတယ်။
ပြီးတော့ ရိုက်ချင်တဲ့ စာအုပ်ကို တစ်စစီ ဖြုတ်ပစ်တယ်။
ပြီးတော့ L file ထဲထည့် ပြီး ပြန်စီတယ်။
အဲဒါကိုမှ ဓာတ်ပုံရိုက် scanner app နဲ့ scan ဖတ်ပြီးတော့ drive ထဲမှာ save တယ်။
ပြီးတော့ OCR သုံးပြီး ပုံရိပ်ကနေ စကားလုံး အဖြစ်ပြန်ပြောင်းတယ်။
၁၀၀% မမှန်ပေမယိ့
၉၀ ရာခိုင်နှုနး်သုံးလို့ ရတယ်။
ထွက်လာတာ ယူနီကုဒ်ဖြစ်ပြီး
သုံးစရာလိုတဲ့နေရာက ဇော်ဂျီနဲ့ ဖြစ်လို့
converter သုံးပြီးပြောင်းလ်ုက်တယ်။
နောက်တော့ မှ အချော ပြန်ပြီး လူ ကိုယ်တိုင် proof ဖတ်တယ်။
ဒါနဲ့ပဲ စာပြန်ရိုက်ရင် ၃ ရက်လောက်အချိန်ယူတဲ့ စာတွေ၂ နာရီလောက် အချိန်ပေးလိုက်တာ နဲ့ ပြီးသွားတယ်
Phyo Ko Ko Naing
ဖီးနစ် သို့ မီးငှက် (၁)
မြန်မာပြည် မြောက်ပိုင်းတွင် ရှေးနှစ်ပေါင်း (၁.၇ သန်း) မှစ၍ လူသား မျိုးနွယ်စုများ နေထိုင်ခဲ့သော နိုင်ငံတစ်ခု ရှိပါသည်၊ သမိုင်း မှတ်တမ်းကို (ဘီစီ ၂၂ ရာစု) ထဲက တွေ့ရ၏၊ ရှေးနှစ်လေးထောင် ကပင် အဆင့်မြင့် ပိုးထည် ရက်လုပ်တတ်သည်၊ နှစ် ၃၅၀၀ ကျော်ထဲက ကြေးသွန်းနှင့် ကြွေထည် လုပ်ငန်း တတ်မြောက်သည်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာများ ထွန်းကား၏၊ ရေအား စွမ်းအင်၊ ရေနာရီ၊ လေရဟတ်၊ ယမ်း နှင့် ပုံနှိပ် အတတ်များ ကို စောစီးစွာ တတ်မြောက်ခဲ့၏၊ ကမ္ဘာ့ ယဉ်ကျေးမှု နှင့် နည်းပညာ ရှေ့ဆောင်နိုင်ငံ ဖြစ်ခဲ့သည်၊ ဟင်းခတ် အမွေးအကြိုင်၊ ကြွေထည် နှင့် ပိုးထည် များကို အနောက် ကမ္ဘာက မက်မောစွာ ကုန်သွယ် ခဲ့ရ၏၊ ဆောက်လုပ်ရေး၊ ဆေးပညာ၊ စစ်ပညာ နှင့် နက္ခတ္တဗေဒများ တဘက် ကမ်းခတ် ထွန်းကားခဲ့သည်၊ ကမ္ဘာ့အံ့ဖွယ် မဟာတံတိုင်း တည်ဆောက်ခဲ့သည်၊ ၁၈ ရာစုက ဗြိတိသျှတို့ တည်ဆောက်ခဲ့သော သငေ်္ဘာ များထက် သုံးဆကြီးသော သစ်သား သငေ်္ဘာကို ၁၅ ရာစု ကပင် ဆောက်လုပ် နိုင်ခဲ့သည်၊ (Treasure) ရတနာ အမည်ရှိ သငေ်္ဘာသည် တန်ချိန် ၇၀၀၀ ရှိပြီး နောင် နှစ်လေးရာ ကြာမှ အလားတူ သငေ်္ဘာမျိုးကို ကမ္ဘာက ဆောက်နိုင်ခဲ့သည်၊
ဤမျှ ကြီးမားသော သမိုင်းကြောင်းရှိသည့် နိုင်ငံသည် ၎င်းတို့၏ နည်းပညာ၊ ယဉ်ကျေးမှု အသာ စီးရမှု ကြောင့်မည်သူကိုမှ အထင်မကြီးဘဲ တံခါး ပိတ်ဝါဒ ကျင့်သုံးကာ ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်၊ ဥရောပ၏ စက်မှု တော်လှန်ရေး နှင့် နည်းပညာ ထွန်းကားမှုကို လျစ်လျူရှုခဲ့၏၊ ထို အကျိုးဆက် များကြောင့် ၁၉ ရာစု တွင် ဗြိတိသျှတို့ ကျူးကျော်မှု နှစ်ကြိမ်ခံခဲ့ရပြီး သယံဇာတ နှင့် အခွင့်အရေး များစွာ ပေးခဲ့ရသည်၊ (၁၉၁၂) ခုနှစ် တွင် ယိုင်တိယိုင်တိုင်ဖြင့် သမ္မတနိုင်ငံ စတည်ထောင် သည်၊ တည်ထောင်ပြီး ၁၉ နှစ် အကြာတွင် တိုင်းပြည် အရှေ့ မြောက်ဘက် ကို ဂျပန်တို့ ကျူးကျော် သိမ်းပိုက်သည်၊ နောင် ၆ နှစ်အကြာ တွင် တစ်နိုင်ငံလုံးကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်သည်၊
ဂျပန်တို့၏ အံ့မခန်း ရက်စက်မှုကို အနစ်နာဆုံး ခံခဲ့ရသည့် နိုင်ငံဖြစ်သည်၊ နမူနာ ပြရသော် နန်ဂျင်းမြို့ တမြိ်ု့တည်းတွင် ဂျပန်တို့မှ လူပေါင်း သုံးသိန်းကျော်အား ခြောက်ပတ် အတွင်း နည်းလမ်း မျိုးစုံဖြင့် ရက်စက်စွာ သတ်ပြခဲ့သည်၊ အမျိုးသမီး နှစ်သောင်း ကျော် အား အဓမ္မပြုကျင့်၊ ကိုယ်လုံးတီး တန်းစီ မတ်တပ်ရပ်ခိုင်း၊ ဓာတ်ပုံ ရိုက်ယူပြီး အရှက် တကွဲ ဖြစ်စေခဲ့သည်၊ ၎င်းတို့၏ မျိုးရိုးမာန်ကို ချိုးနှိမ်ရန် တမင်လုပ်ခဲ့ခြင်း ဖြစ်သည်၊ ထိုထဲတွင် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ် များ နှင့် အရွယ်လွန် အမျိုးသမီး များ ပါဝင်ခဲ့ပြီး ရက်စက်စွာ သတ်ဖြတ်ခြင်းလဲ ခံခဲ့ရသည်၊ မြို့သုံးပုံနှစ်ပုံကို ရစရာ မရှိအောင် ဖျက်ဆီး ခဲ့သည်၊ နေရာအနှံအပြား ထိုသို့ ကျူးကျော် ခံခဲ့ရသည်၊ ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်တို့ စစ်ရှုံးမှသာ သက်သာရာ ရခဲ့၏၊ ထိုနောက် မပြီးဆုံးသေးသော ပြည်တွင်းစစ်ကို ဆင်နွဲရပြန်သည်၊
ပြည်တွင်းစစ်ပြီးဆုံးပြီးနောက် တိုင်းပြည် ပြန်လည် တည်ထောင်သည်၊ တည်ထောင်ပြီး တစ်နှစ် အကြာတွင် ကိုရီယားစစ်ပွဲ ဖြစ်ပွားရာ ဝါဒရေးရာ မဟာမိတ် မြောက် ကိုရီးယား ဘက်မှ ဝင်ရောက် တိုက်ခိုက်သည်၊ အင်အား ကြီး အမေရိကန်မှ တောင် ကိုရီးယား ဘက်မှ ဝင်ရောက် တိုက်ခိုက်ရာ စစ်စရိတ် များစွာ ဆုံးရှုံးပြန်သည်၊ ပြည်တွင်းတွင်လည်း မဟာ ခုန်ပျံကျော်လွားမှု၊ ဘုံ လယ်ယာမြေ စနစ် နှင့် ယဉ်ကျေးမှု တော်လှန်ရေး စသည့် မူဝါဒ အမှားကြောင့် (၂၆ နှစ်) အကြာတွင် တိုင်းပြည် သည် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိ လာသည်၊
များပြားသည့် လူဦးရေနှင့် ကာမိအောင် စိုက်ပျိုးမြေ မရှိသောကြောင့် လူပေါင်း (သန်း ၃၀) ငတ်မွတ်သေကြေခဲ့၏၊ ပါဝါလွန် အမေရိကန်၏ ဘက်ပေါင်းစုံ ထိုးနှက်ချက် ခံရသည်၊ စူပါပါဝါ ဆိုဗီယက်၏ စစ်ရေး ရန်စမှု ပြဿနာ ပေါ်လာသည်၊ အစာ ငတ်မွတ်ခြင်းနှင့် လယ်ယာ မြေ ရှားပါးမှု ကြောင့် လူပေါင်းများစွာ တိုင်းပြည်မှ ထွက်ပြေး၍ အခြားနိုင်ငံများသို့ ပြောင်းရွေ့ ကာ အောက်ခြေ အလုပ်သမားများ အဖြစ် လုပ်ကိုင် ရသည်၊ အင်္ဂလိပ်တို့၏ ဘိန်းကျေွး ခဲ့မှု ကြောင့် တစ်ပြည်လုံး ဘိန်းစား ပြဿနာကို ရင်ဆိုင် ရသည်၊ ဒီကြားထဲ လူဦးရေ ပေါက်ကွဲ မှုက သန်း ၁၀၀၀ နီးပါး ရှိလာချိန် တွင် ကျေွးစရာ မရှိသော အစိုးရမှာ အရူးမီးဝိုင်း ဖြစ်ရပြန်သည်၊ ဤမျှ များပြား သော လူဦးရေ ရှိပါလျက် ကမ္ဘာက ဝိုင်းပယ်ထား၍ ကုလသမဂ္ဂသို့ ဝင်ခွင့် မရခဲ့ခြင်းတို့ကလည်း အကူ အညီများစွာ ဆုံးရှုံးစေသည့်ပြင် တိုင်းပြည် သိက္ခာ လည်း ကျဆင်း ခဲ့ရသည်၊
ထိုချိန်တွင် စက်မှုတော်လှန်ရေး နှင့် နည်းပညာများ လျင်မြန်စွာ ထွန်းကား လာသည်၊ အမေရိကန်နှင့် ဥရောပတို့မှ နည်းပညာတွင် ပြိုင်ဘက်ကင်း ဦးဆောင် လာသည်၊ ရုရှားနှင့် အာရှ ကွန်မြူနစ် သြဇာကို ထိန်းချုပ်ရန် အမေရိကန်၏ ကူညီမှုကြောင့် ဂျပန်၊ တောင်ကိုရီးယား စသည့် အာရှ ကျားများ ပေါ်လာသည်၊ ထိုပြင် အမေရိကန်မှ ၎င်းတို့၏ ခန္ဓာကိုယ်ထဲ တံကျင်လိျှု ပေးသည့်နှယ် ရန်သူတော် ထိုင်ဝမ် ကို စက်မှုနိုင်ငံကြီး အဖြစ် တည်ထောင် ပေးလိုက်သည်၊ နံကြားထဲ ထိုးသည့် နောက် ဓားတချက် အနေဖြင့် ရန်သူဟောင်း အင်္ဂလိပ် ကလည်း ဟောင်ကောင်ကို ဈေးကွက် စီးပွားရေး ထူထောင် ပေးသည်၊ ပေါ်တူဂီ လက်အောက် ရောက်နေသော မကာအို မှာလည်း လျင်မြန်စွာ တိုးတက်လာသည်၊ ထိုပြင် သမိုင်းရန်ကြွေး အကြီးဆုံး ဂျပန်သည် အဆမတန် ကြွယ်ဝချမ်းသာ လာသည်၊
ကမ္ဘာကို ကြာမြင့်စွာ ဦးဆောင် နိုင်ခဲ့သည့် မြင့်မားသော ယဉ်ကျေးမှု နှင့် အံ့မခန်း အနုပညာ များ ပိုင်ဆိုင်သောနိုင်ငံ၊ ကျယ်ဝန်းလှ သည့် နိုင်ငံဧရိယာ နှင့် သမိုင်းဂုဏ် မျိုးရိုးမာန် ကြီးလှသော ထိုနိုင်ငံသည် ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု၊ အနိုင်ကျင့် စော်ကားခံရမှုနှင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်များကို ကြိတ်မှိတ်ခံစား နေခဲ့သည်၊ ၎င်းတို့ လောက် သမိုင်းဂုဏ် မကြီးကျယ်ခဲ့သော ဂျပန်နှင့် တောင်ကိုရီးယား၊ တချိန်က ပိုင်ဆိုင်ခဲ့သည့် ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ သူတို့ကို ခေါင်းပုံ ဖြတ်ခဲ့သော ဥရောပ တို့ နှင့် မဟာဗျူဟာ ရန်ဘက် ကြီး အမေရိကန်တို့၏ ကြွယ်ဝချမ်းသာ မှုကို မျှော်ကြည့်ရင်း နာကျည်းစိတ်ဖြင့် အံကြိတ် နေခဲ့ ပါသည်၊
(၁၉၇၈) တွင် အစိုးရ အပြောင်းအလဲ ဖြစ်၍ ခေါင်းဆောင်ကောင်း တစ်ဦး၏ လက်ထဲသို့ လုပ်ပိုင် ခွင့် အာဏာ ရောက်လာသည်၊ အုပ်ချုပ်သူ နှင့် စနစ် အကူးအပြောင်း တွင် ခေါင်းဆောင် နှင့် ပြည်သူများ အားလုံး ဒီတခါတော့ အလွတ် ရုန်းတော့မည်ဟု ဆုံးဖြတ်ပြီး နေ့နေ့ညည ကြိုးစား၍ ဆင်းရဲတွင်းမှ ခုန်တက်ခဲ့ပါသည်၊ မှန်ကန်သောမူဝါဒ ဖော်ဆောင်ခဲ့သည့် ခေါင်းဆောင်ကောင်း နှင့် ပြည်တွင်း ပြည်ပရှိ နိုင်ငံသားများ နှစ်ဘက်ပြိုင်၍ အနိုင်ကြဲခဲ့သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်၊ တမျိုးသားလုံး တအုံနွေးနွေး ခံစားခဲ့ရသည့် နာကျည်းစိတ် ကို စီးပွားရေးဘက်တွင် ဖောက်ခွဲခဲ့သော ကမ္ဘာ ကျော် ပုံပြင် တစ်ပုဒ် လည်းဖြစ်၏၊ “ဖီးနစ် သို့ မီးငှက် ပုံပြင်” ဟု အမည် တပ်လိုပါသည်၊ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သော တရုတ် နဂါးကြီး နိုးလာခဲ့သည် ဟုလည်း ဆိုနိုင် ပါသည်။
(အပိုင်း ၂) ဆက်တင်ပါမည်။
ဖီးနစ် သို့ မီးငှက် (၂)
၁၉၆၀ လောက်မှစ၍ ဆင်းရဲ ငတ်မွတ် လွန်း သောကြောင့် တရုတ်ပြည်မှ ပြည်ပသို့ ထွက်ခွာ လာသော အသက် ၁၅ နှစ်မှ အသက် ၃၀ ကြား တရုတ် လူငယ် မျိုးဆက်တစ်ခု ရှိပါသည်၊ နီးစပ်ရာ အာရှ နိုင်ငံများ၊ ဥရောပ နှင့် အမေရိကတိုက် သို့ ရရာနည်း ဖြင့် ထွက်ခွာကြသည်၊ ရောက်ရှိရာ ကမ္ဘာအနှံ့ ရရာအလုပ်ကို ပင်ပန်းဆင်းရဲ ကြီးစွာ လုပ်ကြသည်၊ ၎င်းတို့၏ တစ်ခု တည်းသော အာရုံမှာ နာကျည်းစိတ်မှ ပေါက်ဖွားလာသော ကြီးပွားလို စိတ်ပင် ဖြစ်သည်၊ ဘိုးဘွားများ ပြောပြ သော အတိတ်က ခမ်းနားသည့် ပုံပြင်များကို နားထောင်သည်၊ ကွန်ဖြူးရှပ် အဆုံးအမ များကို နာယူသည်၊ ရွှေရောင် လွမ်းခဲ့သည့် အချိန်ကို အာရုံ ပြုသည်၊ သို့သော် လက်တွေ့ ရင်ဆိုင် နေရသည်က လူရာ မဝင်သည့် ဘဝ နှင့် ခက်ခဲသည့် ပတ်ဝန်းကျင် သစ်၊ အမိမြေကို ထပြန်ချင် လှသော်လည်း မိသားစု အနာဂါတ် ကို စဉ်းစားပြီး နေရာသစ် တွင် ရှင်သန် နိုင်ရန်သာ ကြိုးစားကြသည်၊
ရှေးရာစုနှစ်များက ကြိုရောက် နေသော တရုတ်များက ထိုမျိုးဆက်သစ်အတွက် ယဉ်ကျေးမှု မပျောက်ပျက်ရန် ဘုံကျောင်းများ တည်ထောင် သည်၊ ဘုံကျောင်းမှတဆင့် အတွေး အခေါ်၊ ယဉ်ကျေးမှု နှင့် အကူအညီ များ လက်ဆင့်ကမ်း ကာ တရုတ် လူငယ် တို့၏ မခံချင်စိတ် ကို မြေတောင်မြှောက် ပေးခဲ့ကြသည်၊
တိုးတက်လိုစိတ်ဖြင့် အလုပ်ကို ပြင်းထန်စွာ ကြိုးစားသည်၊ အောက်ခြေသိမ်း အလုပ်များကို မခိုမကပ် လုပ်သည်၊ ဥရောပနှင့် အမေရိကန် လုပ်ငန်းရှင် များမှာ တရုတ်တို့ကို ခိုင်းရတာ တန်သည်၊ ၎င်းတို့ နိုင်ငံသားများ ထက် လစာ သုံးဆလျော့ပေးသည်၊ တရုတ် လူငယ် များသည် အိမ်ထောင်ကျ ပြီးတာတောင် အိမ်ခန်း ငှားမနေကြ၊ စက်ရုံဟောင်းများတွင် ညအိပ်ကြသည်၊ ဖြစ်သလို စားသည်၊ အကျႌများကို စုတ်ပြတ်နေသည့် အထိ ဝတ်သည်၊ တနေ့ ၁၂ နာရီ အနည်းဆုံး အလုပ် လုပ်၏၊ တချို့ နာရီ ၂၀ နီးပါး အလုပ်လုပ်၍ ၄ နာရီ ခန့် သာ အိပ်စက်ကြသည်၊
ခေါင်းဆောင်း၊ ခါးပတ်၊ ခါးသိုင်းကြိုးများ မပါသော တရုတ် အလုပ်သမား များသည် အထပ် ၈၀ တိုက် များ ပေါ်တက်ကာ တနေ့ ၁၂ နာရီ အလုပ် လုပ်ကြ သည်၊ မကြာခင် တွင် လုပ်ငန်းခွင်တွင် အတော်ဆုံး သူများ ဖြစ်လာ သည်၊ သူတို့နဲ့ ယှဉ်သော် ဒေသခံ အလုပ်သမား များကို လုပ်ငန်းရှင်များမှ မခိုင်း လိုတော့၊ ထိုကြောင့် ဒေသခံများမှ လုပ်စရာ ဈေးကွက် ပျောက်လာ၍ အလုပ်သမား သမဂ္ဂကို တိုင်ကြား ကြသည်၊ တရုတ်များ အချိန်ပို အလွန် အကျွံ ဆင်းနေသည်မှာ ၎င်းတို့၏ အလုပ်သမား အခွင့် အရေးကို ချိုးဖောက်ရာ ရောက်သည်ဟု တင်ပြ ကြသည်၊ ထိုကြောင့် တနေ့ နာရီ ၂၀ လုပ်ခြင်းကို ရပ်နား လိုက်ရသည်၊ တရုတ် တို့မှာ မကျေနပ်ကြ၊ သူတို့မှာ အလုပ် များများလုပ်၍ ငွေများများ ရလိုသူများ ဖြစ်သည်၊
ငွေကြေးကို တတ်နိုင်သမျှ ချေွတာ၍ စုဆောင်းသည်၊ မည်သည့်လုပ်ငန်း လုပ်နေ သည်ဖြစ်စေ၊ တနေ့ ကိုယ်ပိုင် ဖြစ်ရမည်ဟု စိတ်ကူး ယဉ်ကြသည်၊ တရုတ်ပြည်ထုတ် ဈေးအပေါဆုံး ဖီးနစ် (မီးငှက်) တံဆိပ် သားရေ ဖိနပ်များကို စုတ်ပြတ် သည်ထိ ဝတ်ကြသည်၊ သွားပွတ်တံ များ စုတ်ပြတ်နေမှ အသစ် ဝယ်သည်၊ ထိုကြောင့် ဥရောပသား များက ဖီးနစ်တွေ (အပေါစားကောင်) ဟု နှိမ်ခေါ်ကြ၏၊
ဤကား နိမိတ်ကြိုဖတ်သည့်နှယ် ဖြစ်သည်၊ ဖီးနစ် ငှက်သည် ဒဏ္ဏာရီလာ မသေသည့် ငှက်မျိုး၊ သေခါနီး အချိန်တွင် မီးလျှံထဲသို့ ခုန်ချ၊ နုပျိုမှုများ ပြန်ရပြီး တဖန် ပြန် ရှင်သန် သည့် မှော်မီးငှက် ဖြစ်သည်၊ မည်မျှ ရှုံးနှိမ့် နေပါစေ၊ မလျော့သော ဇွဲဖြင့် မူလထက်ပင် ပိုမို အောင်မြင်အောင် လုပ်ခဲ့သူ တို့ကို ဖီးနစ်ဟု တင်စားကြသည်၊
ဖီးနစ်တို့ သည် ထိုသို့ အနှိမ် ခံရင်း အလုပ်စုံ သိမ်းကျုံး လုပ်ကိုင်၍ နည်းပညာ ယူသည်၊ ငွေကြေးစုမိ လာသည်နှင့် တပိုင်တနိုင် ကိုယ်ပိုင် လုပ်ငန်းများ စ တည်ထောင်သည်၊ တရုတ်ပြည်မှ ဆွေမျိုး များကို ၎င်းတို့ဆီခေါ်၍ အလုပ် သွင်းပေးသည်၊ ရောက်လာသမျှ တရုတ် များမှာ အောက် သက်ကြေပြီး အလုပ်စုံ သိမ်းကျုံး လုပ်သည်၊ အလုပ် ကြိုးစားရင်းနှင့် တရုတ် မီးငှက် မျိုးဆက်သည် အဝေး မှနေ၍ သူတို့ ချစ်သော အမိမြေကို မျှော်ကြည့် နေခဲ့ပါသည်၊
၁၉၇၆ တွင် ကွန်မြူနစ်ပါတီ ဥက္ကဌကြီး မော်စီတုန်း ကွယ်လွန်သည်၊ ၁၉၇၈ တွင် အသက် ၇၄ နှစ်အရွယ် အဖိုးအို တိန့်ရှောင်ဖိန် လက်ထဲ အကြွင်းမဲ့ အာဏာ ရောက်ရှိ လာသည်၊ ဦးထုတ်နီ ဆောင်းထားသော တိန့်က “ချမ်းသာတာ မင်္ဂလာပါ” ဟု မိန့်ခွန်း စချေွသည်၊ “ကြောင်ဖြူ ကြောင်မည်း အရေးမကြီးဘူး၊ ကြွက်ခုတ်ရင် ရပြီ” ဟု ဆိုသည်၊ “အရင် ချမ်းသာဖို့ လိုသည်၊ မည့်သည့် စနစ်မဆို တိုင်းပြည် အတွက်ကောင်းရင် လက်ခံ မည်” ဟု ဆိုလိုခဲ့ခြင်း ဖြစ်သည်၊
ထိုမိန့်ခွန်းဖြင့် ပြည်တွင်းရှိ တရုတ်တွေကို စိတ်ကူးယဉ် ကွန်မြူနစ် နိဗ္ဗာန်ဘုံ ထဲမှ လှုပ်နိုးလိုက်သည်၊ လန့်နိုးလာ၍ ဘေးပတ်ဝန်း ကျင် ကို ကြည့်လိုက်ရာ အားလုံး နတ်ဘုံ နတ်နန်း လို ဖြစ်နေပြီ၊ မခံချင်စိတ်က ငယ်ထိပ်ဆောင့် တက်လာသည်၊ ဥက္ကဌ မော်၏ သြဝါဒ များကို မေ့လိုက်ပြီ၊ ကုန်ထုတ် လုပ်ငန်း တွင် ၎င်းတို့၏ ပြင်းပြသော ခံစားချက် များကို ဖောက်ခွဲရန် အသင့်ဖြစ်ပြီ၊
တိန့်သည် အာဏာ ရပြီးသည်နှင့် နိုင်ငံရေး၊ ပညာရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု များစွာ လုပ်သည်၊ နိုင်ငံရေး တွင် စစ်ကို ရှောင်ရှားရန် ရန်လိုသော မူဝါဒ အစား စီးပွားရေးသာ အဓိက မူဝါဒကို ပြောင်းလိုက်သည်၊ အာရှနိုင်ငံ များသို့ ကွန်မြူနစ် အတွေး အခေါ် ထုပ်ပိုး တင်ပို့ ခြင်းကို ရပ်ဆိုင်းလိုက်သည်၊ ဥက္ကဌ မော် လက်ထက်ထဲက အစပျိုးခဲ့သော အမေရိကန် နှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာသည်၊ အမေရိကန် ကို မဟာ ဗျူဟာ ရန်ဘက်မှ မဟာဗျူဟာ ပြိုင်ဘက် အဆင့် သို့ လျော့ချ နိ်ုင်ခဲ့သည်၊
တိန့်သည် ဈေးကွက် စီးပွားရေး စနစ်ကို ရဲရဲ ကျင့်သုံးခဲ့၏၊ ကမ္ဘာပေါ်တွင် ကွန်မြူနစ်စနစ် ကို မဖြိုဖျက်ဘဲ နှင့် ဈေးကွက် စီးပွားရေး တည်ဆောက် အောင်မြင်ခဲ့သော ပထမဆုံး နှင့် အံ့မခန်း မော်ဒယ်သစ် ဖြစ်၏၊ နိုင်ငံပိုင် မြေယာ အများစုကို ပုဂ္ဂလိက ပိုင်ဆိုင်မှု ပြောင်းပစ် သည်၊ ပြည်သူပိုင် စက်ရုံ များကို ပုဂ္ဂလိက သို့ လွဲပေးသည်၊ စက်မှုဇုန်များ သတ်မှတ်၍ နိုင်ငံခြားသား များ ဈေး သက်သာစွာ ငှားရမ်း လုပ်ကိုင်နိင်ရန် စီစဉ်ပေး၏၊ လုပ်ငန်း လုပ်ကိုင်မှု မြန်ဆန်ရန် ကြိုးနီ စနစ်ကို လျော့ချပစ်၏၊ ဆိပ်ကမ်းများ၊ စက်မှုဇုန်များ တွင် လိုအပ်သော အခြေခံ အဆောက်အအုံ၊ ဆက်သွယ်ရေး စနစ်များ ပြည့်စုံစွာ တပ်ဆင် ပေးသည်၊ ပြည်ပ ရင်းနှီးမြုပ်နံှမှု များကို အပြည့်အဝ ကာကွယ်ပေးသည်၊
နိုင်ငံခြားသား ရင်းနှီးမြုပ်နံှမှု ကို အားပေးသော ဥပဒေ များစွာ ထုတ်ပြန်ခဲ့သည်၊ စက်ကိရိယာ များ တင်သွင်းပါက အခွန် ကင်းလွတ် ခွင့် ပြုသည်၊ ပြည်ပ ရင်းနှီး မြုပ်နံှမှုကို ၁၀၀ ရာခိုင်နှုန်း အထိ ခွင့်ပြုသည်၊ တချို့နေရာ များတွင် ကာလ တစ်ခု အထိ ရာခိုင်နှုန်းပြည့် အမြတ်ခွန် ကင်းလွတ် ခွင့် ပြုသည်၊ တရုတ် နိုင်ငံသား တို့နှင့် ဖက်စပ် လုပ်ကိုင်ပါက အခွန် ၅၀ ရာခိုင်နှုန်း ထပ်မံ လျော့ခြင်း တို့ကို ပြုလုပ်သည်၊ ယခင်က ပြည်ပ ထွက်ခွာ သွားသော တရုတ်များကို သစ္စာဖောက် ဟု သတ်မှတ်သော အစဉ် အလာကို ပြောင်းလဲ၍ လူငယ်များကို နိုင်ငံ ရပ်ခြား သို့ သွားရောက် ပညာ သင်ရန် သို့ အလုပ်လုပ်ရန် လွယ်ကူ အောင် စီစဉ် ပေးသည်၊
ကမ္ဘာ့ နည်းပညာကို ပြန်ဦးဆောင်နိုင်ရန် နှင့် ပြည်ပမှ လာရောက် ဖွင့်လှစ်သော စက်ရုံ များတွင် လိုအပ်သော ကျွမ်းကျင် လုပ်သား ရရှိရန် ပညာရေး စနစ်ကို အဓိကထား ပြုပြင် ခဲ့သည်၊ ကွယ်လွန်သွားပြီ ဖြစ်သော ဝန်ကြီးချုပ် ချူအင်လိုင်း ၏ ပညာရေး ပြုပြင်ရန် အတွေးအခေါ် ကို တိန့်က ဆက်ခံသည်၊ ၁၉၇၈ မှ စ၍ တိန့်သည် စာမေးပွဲ ဦးတည် ကျက်မှတ် ပညာရေးမှ နိုင်ငံ အတွက် လိုအပ်သော အရည် အသွေး ရရှိစေမည့် ပညာရေး ဖြစ်ရန် ပညာရှင် များနှင့် အကြိမ်ကြိမ် ညှိနှိုင်း၍ ဥပဒေ များစွာ ထုတ်၊ အပြီးတိုင် ပြင်ဆင် ခဲ့သည်၊ ချူနှင့် တိန့် တို့ မျိုးစေ့ချ ခဲ့သော ကမ္ဘာ အဆင့် ပညာရေး အောင်မြင်မှု အိမ်မက်ကိုတော့ ၎င်းတို့ မမြင်တွေ့ နိုင်လိုက်ပါ၊ နောင် နှစ်နှစ်ဆယ် အကြာ ကျန်ဇီမင်း လက်ထက် တွင် သီးပွင့် လာသော အဆင့်မှီ ပညာရေး ကို တမလွန်မှ ခေါင်းဆောင် နှစ်ဦး မြင်ပါက ပီတိ ဖြစ်နိုင်မည် ဖြစ်ပါသည်၊
ခေါင်းဆောင်ကောင်း တက်လာပြီ ဆိုသည်နှင့် ပြည်တွင်း ပြည်ပမှ တရုတ်တို့၏ စိတ်အား ပြန်တက်လာသည်၊ ပြည်ပရောက် ဖီးနစ်များမှာ နိုင်ငံရေး နှင့် စီးပွားရေး ပြောင်းလဲမှု သတင်းများ နားထောင်ပြီး ထိန်းသိမ်း မရအောင် တက်ကြွ လာသည်၊ အမိမြေ ကို လွမ်းလှပြီ၊ ဆွေမျိုး တွေနှင့် ပြန်တွေ့ချင်ပြီ၊ ပြည်ပတွင် မွေးခဲ့သော သားသမီးတွေကို မိခင်တိုင်းပြည် ကို ပြန်ခေါ်ပြမည်၊ ကိုယ်မြေကိုယ်ရေ တွင် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးကြမည်၊ ၂၀၀၀ ခုနှစ် ပြည့်ခါနီး တွင်တော့ ဖီးနစ်များ သူတို့ ချစ်သောမြေကို ပြန်လာ ပါပြီ၊ အလုပ်ကြမ်း သမား များ ဘဝဖြင့် ပြန်လာခြင်း တော့ မဟုတ်၊ သက်ဆိုင်ရာ နိုင်ငံများမှ အရင်းအနှီး နှင့် နည်းပညာများ ယူ၍ ပြန်လာခြင်း ဖြစ်သည်၊
အပေါစား ဖိနပ် စီးသော မီးငှက်တို့ မကြာခင် တောင်ပံ ထခတ်တော့ မည် ဖြစ်သည်၊ နာကျည်း စိတ်ဖြင့် အံကြိတ် နေခဲ့ရသော ကာလများ၏ နောက်ဆုံး အချိန် နီးကပ် လာပါပြီ၊ ခေါင်းဆောင် နှင့် နိုင်ငံသား များ ပြိုင်တူထ တွန်းရာမှ ရာဇဝင် ရဟတ်ဘီး တပတ် ပြန်လည်တော့ မည်ဖြစ်ပါသည်။
(အပိုင်း ၃) ဆက်တင်ပါမည်။
ဆရာ ချစ်စံဝင်း၏ အံ့မခန်း ဖွင့်ဖြိုး တိုးတက် လာသော တရုတ်ပြည်ဆိုင်ရာ လေ့လာချက် စာတမ်း အမှတ်(၅) နှင့် အင်တာနက် တို့မှ အချက်အလက် နှင့်ပုံ များ ကိုးကား ပါသည်။
ဖီးနစ် သို့ မီးငှက် (၃)
အမိမြေ ပြန်လာသော ဖီးနစ် တို့ကို ခေါင်းဆောင် များက နွေးထွေးစွာ ကြိုဆိုသည်။ တရုတ်ပြည်ကို ပြန်တည်ဆောက်ရန် ၎င်းတို့ အားပါမှ ရမည်ကို ကောင်းစွာသိသည်။ ဦးစွာ ပြည်ပ ဖီးနစ်တို့ ၏အားကို အသုံးပြု၍ ကုန်ထုတ် လုပ်ငန်း မြင့်တင်မည် ဆုံးဖြတ်သည်။ ဖီးနစ်တို့ကို ကျေးလက် များတွင် စက်ရုံများ တည်ထောင် နိုင်ရန် ငွေချေး ပေးသည်။ ရည်မှန်းချက် ကြီးသော ဖီးနစ် တို့သည် မကြာမီ တရုတ် ကျေးလက် တွင် ကိုယ်ပိုင်စက်ရုံ များ တည်ထောင် လာကြသည်။ ဘာသာစကား တတ်မြောက် လာခြင်း၊ ပြည်ပ အတွေ့ အကြုံ၊ နည်းပညာ များ နှင့် အဆက် အသွယ် များ ပါလာခြင်း တို့ကြောင့် ၎င်းတို့သည် တရုတ် စီးပွားရေး၏ အဓိက မောင်းနှင် အား ဖြစ်လာသည်။
ကမ္ဘာ အရပ်ရပ်ရှိ ၎င်းတို့ အလုပ်ကြမ်း လုပ်ခဲ့သော စက်ရုံဟောင်း များကို အောက်ဈေး နှိုက်ကာ ပြန်ဝယ်ယူ သည်။ ထိုသို့ ဝယ်ယူနိုင်ရန် အစိုးရ မှ ငွေထုတ်ချေးသည်။ ထိုစက်အစုတ် များမှ အခြေခံ နည်းပညာများ ရှာဖွေသည်။ နည်းပညာဟောင်း များသည် တရုတ်တို့ အတွက် တော့ အသစ်ပင် ဖြစ်သည်။ ထိုမှ တဆင့် ၎င်းတို့၏ ဉာဏ်နှင့် ပေါင်း စပ်ကာ နည်းပညာသစ်များ တီထွင်သည်။
ပြည်ပရောက် တရုတ်ဖီးနစ်တို့၏ အဆက် အသွယ် နှင့် နည်းပညာ ရရှိလာမှု၊ တရုတ်ပြည်၏ စီးပွားရေး မူဝါဒ ပြောင်းလဲမှု၊ ဈေးပေါသော အလုပ်သမား များစွာ ရှိမှုတို့ကြောင့် ကမာ ္ဘအရပ်ရပ်မှ စီးပွားရေး သမား များ တရုတ်ပြည် သို့ လာရောက် ရင်းနှီး မြုပ်နံှ ကြသည်။ အစိုးရမှ နွေးထွေးစွာ ကြိုဆို၍ ဥပဒေနှင့် အကာအကွယ် ပေးသည်။
ထိုချိန်တွင် အနောက်ကမ္ဘာ နှင့် ဂျပန် လုပ်ငန်းရှင်တို့ ရင်ဆိုင်ရသော ပြဿနာမှာ လုပ်အားခ ဈေးကြီးခြင်း နှင့် အလုပ်သမား အခွင့်အရေး များစွာပေးရခြင်း ဖြစ်သည်။ တိန့်က ဈေးပေါသော အလုပ်သမား ထုကြီး ကို ပြကာ ပြည်ပ ရင်းနှီး မြုပ်နှံမှု များကို ဖိတ်ခေါ်သည်။ လုပ်သား ဈေးကွက် ကို မက်မောသဖြင့် ပြည်ပ ရင်းနှီးမြုပ်နံှမှု များ ဝင်ရောက်လာ သည်။ ပြည်တွင်းနှင့် ပြည်ပ မှ ပြန်လာသော တရုတ် လုပ်သား များမှာ နိုင်ငံခြား စက်ရုံ များနှင့် စီးပွားရေး လုပ်ငန်းများတွင် အလုပ် ဝင်လုပ်ကြသည်၊ နည်းပညာ များကို လျင်မြန်စွာ အတုခိုး ကြသည်။ ပြည်ပမှ ပြန်ရောက် လာသော တရုတ်များသည် တကမ္ဘာလုံး မှ နည်းပညာ အခြေခံများ တတ်မြောက်ပြီး ဖြစ်ရာ လျင်မြန်စွာ အတုခိုးနိုင်သည်။
ဥပမာ ဆိုရသော် အီတလီသို့ ၁၉၈၉ တွင် ခိုးဝင်လာသော ဝမ်ရီဟွား သည် ရောက်ခါစတွင် အသက် ၁၉ နှစ်သာ ရှိသေး သည်။ အကျႌဆိုင်တွင် မဖြစ်စလောက် လခ ဖြင့် အလုပ်လုပ်သည်။ ငွေကိုစုပြီး လမ်းဘေး အထည်ဆိုင် ဖွင့်သည်။ ထိုမှ တဆင့် အရောင်း သွက်လာကာ ဆိုင်ကြီး ဖြစ်လာသည်။ အကျႌ ဒီဇိုင်းများကို မှတ်သားပြီး အီတလီ ဒီဇိုင်းနာ တစ်ဦးကို အလုပ်ခန့်၍ ဒီဇိုင်းဆွဲစေသည်။ ထိုနောက် တရုတ်ပြည် ပြန်ပို့၍ ချုပ်စေသည်။ ဝမ်၏ ဒီဇိုင်းများကို တရုတ်ပြည်မှ တသွေ မတိမ်း လက်ရာတူ ပြန်ချုပ်၍ အီတလီ သို့ ပြန်ပို့သည်။ အီတလီရှိ အလုပ်သမားခ ထက် ဆယ်ဆ သက်သာ သွားပြီး အမြတ် အစွန်း များစွာ ရရှိ၍ မကြာခင်တွင် Great Fashion ကုမ္ပဏီ တည်ထောင်သည်။ အီတလီ အထည်ချုပ် လုပ်ငန်း များကို ယှဉ်ပြိုင်သည်။ အရည်အသွေး ထပ်တူ ကြပြီး လုပ်အားခ သက်သာလှသော တရုတ် အထည် များကို အီတလီ အထည်ချုပ် လုပ်ငန်းရှင် များ မယှဉ်နိုင်ဘဲ ပိတ်သိမ်းရသည် အထိ ဖြစ်ကုန်သည်။
ထိုကြောင့် တရုတ် လုပ်ငန်းရှင် များနှင့် ယှဉ်ပြိုင်နိုင်ရန် လုပ်ခ ဈေးပေါသော တရုတ်ပြည် တွင် အီတလီမှ စက်ရုံ တည်ဆောက်၍ ချုပ်လုပ်ပြီး ပြန်ပို့ရန် စီစဉ်သည်။ အီတလီမှ ဒီဇိုင်းနှင့် ချုပ်နည်းစနစ် ပို့ပေးလိုက်သည်။ မကြာခင်တွင် တရုတ်ပြည် စက်ရုံရှိ တရုတ် လုပ်သား တို့မှ ဒီဇိုင်းနှင့် နည်းပညာ အကုန် ရယူသွားရာ အီတလီ အထည် လုပ်ငန်းရှင် များမှာ ဆုပ်လည်းစူး စားလည်းရူး ဖြစ်ကုန်သည်။
အမေရိကန်တွင် စစ်လက်နက် ထုတ်လုပ်သော ရော့ခ်ဖို့ဒ် အမည်ရှိ မြို့ ရှိသည်။ ထိုမြို့ရှိ ဆန်းထရင်း ကုမ္ပဏီမှ လေယာဉ် အဆင်းအတက် ကိစ္စများကို ထိန်းချုပ်သော အီလက် ထရောနစ် နည်းပညာကို တီထွင်ခဲ့သည်။ ထိုနောက် ၎င်းတို့၏ စက်ရုံပစ္စည်း အဟောင်း များကို စွန့်ပစ်ရာ ဖီးနစ်တို့မှ ဈေးပေါပေါဖြင့် ဝယ်ယူသွားပြီး နည်းပညာ ရယူခဲ့ပြန်သည်။ ထိုမြို့ရှိ အင်ကာဆို ကား ထုတ်လုပ်ရေး စက်ရံုံဟောင်းကြီး ကို ရောင်းချပြန်ရာ ဖီးနစ်များမှ ဝယ်ယူပြီး တရုတ် ပြည် သို့စက်ရုံတစ်ခုလုံး ဖြုတ်သယ်သွားသည်။ ထိုစက်ရုံဟောင်းမှ နည်းပညာကို လေ့လာပြီး နည်းပညာသစ် ပံ့ပိုး၍ ကားသစ်များ ထုတ်လုပ်ခဲ့သည်။ ထိုမှတဆင့် တရုတ်တို့ အဆင့်မြင့်ကား ထုတ်လုပ်ရေး နည်းပညာ ရသွားပြန်သည်။
ထိုပြင် အင်ကာဆို စက်ရုံ ၏ ရေဒါ မမိအောင် ပြုလုပ်သည့် သတ္ထုများ ထုတ်လုပ် သည့် သံပြားကြိတ်စက် ကို ဖီးနစ်တို့ အမှိုက်ဈေးဖြင့် ဝယ်ရန် ချောင်းနေ ပြန်သည်။ တရုတ်တို့ စွန့်ပစ်စက်ရုံ ပစ္စည်းများကို နည်းပညာရယူရန် လိုက်ဝယ် နေခြင်းကို စီအိုင်အေ ပင် သတိ မထားမိပါ။ ကွန်ဂရက် အမတ် မန်ဇာလို မှ သတိ ထားမိလာ၍ အစိုးရကို အသိပေး သောကြောင့် ထို စက်ရုံ ပစ္စည်းဟောင်း များကို တရုတ် တို့ကို မရောင်းဘဲ အီတလီ ကုမ္ပဏီ ကမ်မိုဇီ သို့ ရောင်းလိုက်သည်။ အမေရိကန် မသိလိုက် သည်မှာ ကမ်မိုဇီ သည်လည်း တရုတ် အစိုးရမှ တဘက်လှည့်နှင့် အီတလီ တွင် ဟန်ပြ ထောင်ထားသော ကုမ္ပဏီ ဖြစ်သည်။ မကြာခင် တွင် ထိုစက်ရုံဟောင်းနှင့် နည်းပညာ အကုန် တရုတ်တို့ လက်ထဲပါ သွားပြန်သည်။
ဂျာမနီ သည် ဥရောပ စီးပွားရေး၏ အဓိက မောင်းအားဖြစ်သည်။ စက်မှု အထွန်းကားဆုံး ဒေသမှာ ဒေါ့မွန်မြို့ဖြစ်သည်။ ထိုမြို့သို့ တရုတ် ဖီးနစ် များသည် ပန်းကန်ဆေး၊ သန့်ရှင်းရေး စသည့် အောက်ခြေ အလုပ်များလုပ်ရန် ရောက်လာသည်။ ဖိနပ်စုတ် စီး၍ ငွေစုသည်။ ဘာသာစကား သင်သည်။ ထိုနောက် နည်းပညာကို ကြိတ် အတုယူသည်။ အရင်းအနှီး နှင့် နည်းပညာ ရသည်နှင့် တရုတ်ပြည် သို့ ပြန်ယူသွားကာ စက်မှု လုပ်ငန်း ပြန် ထူထောင်သည်။ ထိုဖီးနစ် များသည် ၂၀၀၀ ခုနှစ်ကျော်တွင် ဂျာမနီသို့ ပြန်လာသည်။ ယခင် ကလို အလုပ်ကြမ်းသမား အဖြစ်တော့ မဟုတ်။ လုပ်ငန်းရှင်များ အနေဖြင့် ဖြစ်သည်။ သူတို့တွင် အစိုးရ ချေးငွေပါလာသည်။
ဒေါ့မွန် တွင်ရှိသည့် ဒုတိယ ကမ္ဘာစစ်ထဲက လက်ကျန် သံတိုသံစ များကို အမှိုက်ဈေးဖြင့် ဝယ်သည်၊ အမှိုက်များကို မမြင်လိုသည့် ဂျာမန်များမှ ပေါပေါနှင့် ရောင်းလိုက်သည်။ ထိုနောက် လန်ဒန်ရှိ သံရည်ကြို စက်ရုံဟောင်း အစိတ်အပိုင်း များ ဝယ်ပြန်သည်။ ဂျာမနီရှိ သက်ဆင်ကရပ် သံမဏိ စက်ရုံကြီးကို အောက်ဈေး (ဒေါ်လာ ၃၇.၂ သန်း) ဖြင့် ဝယ်သည်။ ထိုနောက် တရုတ်ပြည်သို့ သံတို သံစနှင့် စက်ရုံ အစိတ်အပိုင်း များပို့၍ ပြန်လည် တပ်ဆင်ကာ သံမဏိပြားမှ ထုတ်လုပ်ကာ တရုတ် သံမဏိခေတ် ပြောင်းစေခဲ့ သည်။
ထိုဖြစ်ရပ်များမှ သံမဏိ ဘုရင် ရှန်ဝန်ယုံ စသူတို့ ပေါ်ထွက် လာသည်။
သံတိုသံစများ ရှင်းလင်းသွားသော ဒေါ့မွန်မြို့ လမ်းမကြီးတွင် အီတလီမှ နည်းပညာ ရယူလာ သော ဖီးနစ်များမှ အထည်ချုပ် စက်ရုံများ လာဖွင့်သည်။ ၎င်းစက်ရုံထွက် အထည်များမှာ ဈေးချို၍ အရည်အသွေး ကောင်းလှသော ကြောင့် ဂျာမန် အိမ်ရှင်မ များတန်းစီ ဝယ်ကြသည်။ ယခင်က ဂျာမနီတွင် အိုးတိုက် ပန်းကန်ဆေး ခဲ့သော တရုတ်ဖီးနစ် တို့ မှာ ၎င်းတို့ စက်ရုံမှ အထည်များ တန်းစီ ဝယ်နေသည့် ဂျာမန်သူများကို ရေခဲမုန့် စားရင်း ပြုံးကြည့် နေခဲ့ပါသည်။
နမူနာ တချို့ ဖြစ်ပါသည်။ တရုတ် ပစ္စည်း များကို စားသုံးသူက ကြိုက်နေတော့ ပြိုင်ရ ခက်လှသည်။ တချိန်က တရုတ်ပြည်ကို ဘိန်းစစ်ဖြင့် အဓမ္မ တံခါး တွန်းဖွင့်၍ ဝင်လာခဲ့သော ဥရောပသားမှာ တရုတ်တို့၏ လုပ်သား နှင့် ဈေးကွက် စစ် ဖြင့် ပြန် တိုးဝင်လာ ခြင်းကို အလူးအလဲ ခံနေရသည်။ အမေရိကန် နှင့် ဂျပန် တို့ပါ ပြေးမလွတ်။ သမိုင်း ရဟတ်ဘီး တပတ် ပြန်လည်လာပြီ။
(အပိုင်း ၄) ဆက်တင်ပါမည်။
ဖီးနစ် သို့ မီးငှက်ပုံပြင် (၄)
၁၉၇၅ ဝန်းကျင်တွင် တရုတ်ပြည် ရင်ဆိုင်ရသော အဓိက ပြဿနာမှာ မြေယာ ရှားပါးမှုနှင့် လူဦးရေ ပေါက်ကွဲမှုပင် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မတူသည့် အချက်မှာ တိုင်းပြည် ကြီးသော်လည်း စိုက်ပျိုးမြေ ရှားပါးခြင်း ဖြစ်သည်။ တိုင်းပြည်၏ ၁၀ ရာခိုင်နှုန်း သာ စိုက်ပျိုး၍ ရသောမြေဖြစ်သည်။ နေရာ အများစုမှာ ကျောက်တောင်များ၊ သဲကန္တာရ များ ဖုံးလွှမ်းနေသည်။ ထိုကြောင့် မကြာခဏ စားနပ် ရိက္ခာ ပြတ်လပ်မှု ဖြစ်ပြီး လမ်းမ ပေါ်တွင် လူများ သေဆုံးသည် အထိ ဖြစ်ရသည်။ တရုတ်ပြည် တည်ထောင် ကာစ ၁၉၅၃ တွင် လူဦးရေ ၅၈၂.၆ သန်းရှိပြီး ၁၉၇၅ ရောက် လာသောအခါ လူဦးရေ သန်း ၉၀၀ ကျော်လာ သည်။ လူဦးရေ အဆမတန် တိုးလာ သော်လည်း ကုန်ထုတ် လုပ်ငန်း မတိုးတက်လာ။ ပြည်ပသို့ ပို့ရန် မဆိုထားနှင့်၊ ပြည်တွင်း၌ပင် မလုံလောက်။ တရုတ် ခေါင်းဆောင် များမှာ တိုးလာသော ပါးစပ် ပေါက် များကို ဘယ်နည်းဖြင့် ရှာကျေွး ရမည် မသိဘဲ အရူးမီးဝိုင်း ဖြစ်နေသော အချိန် ဖြစ်သည်။
တိန့်သည် ကုန်ထုတ်လုပ်ငန်း မတိုးတက်သည့် ကိစ္စကို အလေးအနက် စဉ်းစားသည်။ လူဦးရေ ဆက်တိုးနေသော ကြောင့် တိုင်းပြည်က ကျေွးရ မည့် ပါးစပ်ပေါက် များလာသည်။ ကုန်ထုတ် လုပ်ငန်းတွင် သုံးမရသည့် ပါးစပ်ပေါက် များလေ၊ တိုင်းပြည် ဆင်းရဲလေ ဖြစ်သည်။ လမ်းပေါ်တွင် အလုပ်မရှိဘဲ ဟိုယောင် ဒီယောင် လုပ်နေသော လူငယ်စုကို မိခင် တိုင်းပြည်အတွက် ရုန်းကန်ခိုင်း မည်ဟု ဆုံးဖြတ်သည်။ တရုတ် လူငယ်များ ကုန်ထုတ် လုပ်ငန်းတွင် ဘာကြောင့် မအောင်မြင် လဲကို လေ့လာရာ ရှေးရိုး စာမေးပွဲ ဦးတည် ကျက်မှတ် ပညာရေး ကြောင့် ဆိုသည်ကို တွေ့ရ သည်၊
တရုတ်တို့ အရိုးထဲ စွဲမြဲနေသော ပညာရေး မှာ နန်းတွင်းသို့ဝင်၍ ကဗျာ၊ စာများ အလွတ် ရွတ်ပြ ကာ အစစ်ခံသော ပညာရေး ဖြစ်သည်၊ ဖတ်အားကောင်း သူများသာ အောင်မြင်သော စနစ်ဖြစ်သည်၊ ထိုသူများကို ဘုရင်မှ ပညာရှိ အဖြစ် ရွေးချယ်၍ သူကောင်းပြုသည်၊ ထိုစနစ်သည် အလွတ်ကျက် ပညာရေး ဖြစ်သဖြင့် တရုတ်တို့၏ ဉာဏ်ပိုင်းဆိုင်ရာ တီထွင် ဖန်တီးမှု ဆုတ်ယုတ် စေသည် ဟု တိန့်က ဆုံးဖြတ်သည်၊ ထိုကြောင့် ၁၉၈၀ မှစ၍ တီထွင် ဖန်တီးတတ်သော ဦးနှောက် ဖြစ်စေ ရန်နှင့် ကုန်ထုတ်လုပ်ငန်း အတွက် အသုံးဝင် ရန် ပညာရေး ပြုပြင်ပြောင်းလဲမှု များစွာ လုပ်ခဲ့သည်၊ ပညာရေး ပြင်ဆင်ချက်ပေါင်း ၂၀၀ ကျော် ပြဌာန်းခဲ့သည်၊
တိန့် ၏ ပညာရေး ပြောင်းလဲမှုက နောင် ၁၀ နှစ် ကျော်အကြာတွင် အကျိုး သက်ရောက် လာသည်။ တရုတ် တို့၏ ဗီဇ အသိဉာဏ် ကောင်းမွန်မှု၊ တအုံနွေးနွေး ပေါက်ကွဲလိုသော အမျိုးသားရေး စိတ် နှင့် ကြီးပွားလိုစိတ် တို့ကို ပညာရေးဖြင့် လမ်းခင်းပေးမည်။ ထိုနောက် စီးပွားရေး သို့ လမ်းကြောင်းလွဲ ပေးလိုက်ပါက လူငယ်တို့ စိတ်ပါသွား နိုင်သည် ဟု ခေါင်းဆောင်တို့ တွက်ဆ၏။ တွက်ကိန်း မလွဲခဲ့ပါ။ လမ်းမ ပေါ်တွင် ဘာစလုပ်ရမှန်း မသိ၍ အချိန်ကုန် နေသော တရုတ်လူငယ် တို့မှာ အသိပညာ အနည်းငယ် ရသည် နှင့် ကုန်ထုတ် လုပ်ငန်း လမ်းကြောင်းပေါ် ခုန်တက်လာသည်။
တရုတ်ပြည် အဆမတန် တိုးတက်ခဲ့ရာတွင် ပြည်သူ လူထုကို ချန်၍မရ။ ထိုစဉ်က တရုတ် မျိုးဆက်မှာ ကမ္ဘာ အဆင်းရဲဆုံး နိုင်ငံတွင် ကြီးခဲ့ရာ အလုပ် ကြိုးစား သလောက် အသုံး အစွဲ လည်းချေွတာလှ သည်။ မြေဆီ မြေသြဇာ မကောင်းသော မြေမှာ စိုက်ပျိုးစေကာမူ တရုတ်တို့ တဧက ထွက်နှုန်းသည် မြေသြဇာ ကောင်းသော ပါကစ္စတန်၏ ထွက်နှုန်း ထက် ပိုသည်ဟု တရုတ်ပြည် လာလည်သော ပါကစ္စတန် တရားသူကြီးချုပ် မှတ်တမ်း တင်ဖူး သည်။ ပြည်သူရော အစိုးရရော ဟန်ပြအလုပ် လုပ်တာ မရှိ။ ရိုးရိုးစင်းစင်းသာ ကြိုးစားကြ သည်မှာ ပါကစ္စတန်တို့ အတုယူဖွယ်ဟု ဆိုခဲ့ပါသည်။ ထိုကြောင့် ခေါင်းဆောင်တို့က လမ်းခင်း ပေးလိုက် သည်နှင်တပြိုင်နက် ခုန်တက် ခဲ့သော လူထု၏ စုပေါင်း အားမာန်က တိုင်းပြည်ကို ဆင်းရဲတွင်းမှ ဆွဲထုတ် ခဲ့ခြင်း ဖြစ်ပါသည်။
တရုတ်မီးငှက် မျိုးဆက်မှ အချို့ကို နမူနာပြ လိုပါသည်။
၁။ သံမဏိသူဌေး ရှန်ဝန်ယုံ
၁၉၄၆ တွင် ရှန်စီမြစ် အောက်ဘက်ရှိ ရွာငယ်လေး တွင် မွေးသည်။ အစာရေစာ အမြဲ ငတ်မွတ်သော ရွာလေးဖြစ်သည်။ အသက် ၂၄ နှစ်တွင် ချည်မျှင် စက်ရုံ တစ်ခုတွင် အလုပ်ကြမ်း လုပ်ရသည်။ ထိုစက်ရုံ တွင် အလုပ် လုပ်နေရာမှ နောက်ပိုင်း စက်မှု လုပ်ငန်း ဖွင့်ဖြိုး၍ စက်ရုံများ တည်ပါက သံမပါလျှင် မပြီးသည်ကို သဘော ပေါက်လာ သည်။ ထိုကြောင့် ငွေကြေး စုဆောင်း၍ သံတိုသံစ များ နှင့်သံရည်ကျို စက် အဟောင်း တစ်လုံး ဝယ်ကာ လုပ်ငန်း စတင်သည်။
အသက် ၂၉နှစ်တွင် Shagang Group ကို စတည်ထောင်သည်။ တိန့် အာဏာ ရလာသော အခါ ငွေချေးပေးခြင်း၊ ကိုယ်ပိုင် လုပ်ငန်း ချဲ့ရန် အားပေးခြင်းကြောင့် ရှန်သည် အလုပ်ရုံ ထပ် တိုးချဲ့သည်။ အလုပ်သမား များပိုမို ခန့်ထား၍ လည်ပတ်ရာမှ လုပ်ငန်း အောင်မြင် လာသည်။ သူ့စက်ရုံမှ တစ်နှစ် သံတန်ချိန် နှစ်သိန်းခွဲ ထုတ် နိုင်လာသည်။ ထိုနောက် လုပ်ငန်း တိုးချဲ့လို၍ အင်္ဂလန်မှ လျှပ်စစ် သံရည်ကျို စက်ရုံ အဟောင်း ကြီး ကို ဝယ်ယူရန် ကြိုးပမ်းသည်။ မအောင်မြင်ဘဲ ငွေကြေး ဆုံးရှုံးမှု များ ဖြစ်သွား သည်။ ၁၉၉၂ အသက် ၄၆ နှစ်တွင် အကြွေးများ ပတ်လည် ဝိုင်းနေပြီ ဖြစ်သည်။ စိတ်ဓာတ် ကျလွန်း ၍ အားလျော့ခါနီး တွင် တိန့်မှ “သတိ္တ နည်းနည်း ပိုရှိလိုက်” ဟုတိုင်းပြည်ကို လှုံ့ဆော် ရာမှ စိတ်ပြန် တင်း၍ ကြိုးစားသည်။ ထိုမှ လုပ်ငန်းများ ပြန် လည်ပတ်လာသည်။
၁၉၉၅ တွင် တရုတ် စီးပွားရေး ၁၄ ရာခိုင်နှုန်း တိုးတက် လာသည်။ ကမ်းစပ်မြို့များတွင် စက်မှုဇုန်များ တည်ထောင် ပေးရာမှ လျင်မြန်စွာ ဖွံဖြိုး လာသည်။ တရုတ်များ ငွေကြေးပြေလည် လာသည်။ မကြာခင် ကားဝယ်စီးလိမ့်မည် ဟု ရှန်က တွက်ဆပြီး ကားတွင် တပ်ဆင်မည့် သံမဏိပြား ထုတ်လုပ်ရန် ကြိုးစားသည်။ ထိုနောက် ၂၀၀၁ ခုနှစ်တွင် ဂျာမန် သံမဏိ စက်ရုံဟောင်း သက်ဆင်ကရပ် ကို အောက်ဈေး ဒေါ်လာ ၃၇.၂ သန်းဖြင့် ငွေချေးဝယ်သည်။ ထိုကြောင့် ကမ္ဘာက သူ့ကို သတိထား မိလာသည်။ ထိုစက်ရုံကို သူဇာတိ မြို့ ကိုသယ်ဆောင်၍ မူလီတစ်ချောင်း မကျန် ပြန် တပ်ဆင်၍ သံမဏိပြား စထုတ်သည်။ ၂၀၀၄ တွင် သံမဏိ ဈေးကောင်း လာရာမှ ရှန်သည် အကြွေး များ ကြေကာ အလွန် ချမ်းသာ ကြွယ်ဝလာသည်။
၁၉၇၅ က ချေးငွေ ယွမ် လေးသိန်းခွဲနှင့် စခဲ့သော သူ့ ကုမ္ပဏီ Shagang Group သည် ၂၀၀၇ တွင် အလုပ်သမားပေါင်း ၂၆၇၀၀ ကို အလုပ်ပေးနိုင်ပြီး ပိုင်ဆိုင်မှု ယွမ် ဘီလီယံ ၁၀၀ ကျော် ကြွယ်ဝ လာသည်။ နှစ်စဉ် သံတန်ချိန် ၂၃ သန်း ထုတ်လုပ် ပေးနေပြီး ကမ္ဘာအနှံ သို့ ပြန်လည် တင်ပို့ ရောင်းချ သည်။ တရုတ်ပြည်၏ အကြီးဆုံး ပုဂ္ဂလိကပိုင် သံမဏိ စက်ရုံ ဖြစ်သည်။
ရှန်သည် တိုင်းပြည် အပြောင်းအလဲ ဖြစ်ချိန် သူ့ အသက်၂၉ နှစ်တွင် ထရုန်းကန် ခဲ့သော မီးငှက် မျိုးဆက် တစ်ဦး ဖြစ်ပြီး ယခု ၆၉ နှစ် ရှိပြီ ဖြစ်သည်။ ငတ်ပြတ်နေသည့် မိခင်နိုင်ငံကို ထမင်း ပြန်ခွံ့ကျေွးခဲ့သော သားကောင်း တစ်ယောက် လည်း ဖြစ်ပါသည်။
(အပိုင်း ၅) ဆက်တင်ပါမည်။
အလုပ်ရှုပ်နေလို့ မရေးဖြစ်တာ တောင်းပန်ပါတယ်။ ဒီရက်ပိုင်း အပြီး ဖြတ်ပါမယ်။:mrgreen:
။
ဖီးနစ် သို့ မီးငှက်ပုံပြင် (၅)
၂။ ခေါက်ဆွဲခြောက်ကို လေယာဉ်လေးစီးနှင့် လဲခဲ့ သူ မော်ကီချောင်း
လေယာဉ်လေးစီး ကို ခေါက်ဆွဲခြောက် ဖြင့် လဲလို့ ရမည်ဟု သင်ထင်ပါသလား။ တရုတ် ဖီးနစ် တစ်ယောက် ကတော့ လဲပြ ဖူးပါသည်။ သူ့နာမည်က မော်ကီချောင်း။ ၁၉၇၉ တွင် ထောင်မှ လွတ်လာ သည်။ အစိုးရထံမှ ငွေချေးကာ နိူးစက်နာရီ များစရောင်းသည်။ ထိုမှ တဆင့် အမြတ် ရရှိလာသည်။ ကြီးပွားမည့် အခွင့်အလမ်း ရှာဖွေရာမှ စီချွမ် လေကြောင်းလိုင်း အကြောင်း သိလာသည်။ ၎င်းတို့မှာ လေယာဉ် ဝယ်၍ ပျံသန်း လိုသော်လည်း ဝယ်ရန် ငွေမရှိ။ ၎င်းတို့ လိုချင်သော လေယာဉ်မှာ ဆိုဗီယက်တွင် ရှိသည်။
မည်သို့ အကျိုးဆောင်ရင် ကောင်းမလဲ စဉ်းစားရာမှ ဆိုဗီယက်တို့လည်း လူသုံးကုန် ပစ္စည်းများ အရေးတကြီး လိုအပ် နေသည်ကို သိလာသည်။ တရုတ်မှာလည်း အသေးစား လုပ်ငန်းများ ဖွံ့ဖြိုး နေပြီဖြစ်ရာ ထိုပစ္စည်း များ ကောင်းစွာ ထုတ်နိုင်သည်။ ထိုကြောင့် ဆိုဗီယက် တာဝန်ရှိသူ များကို သွားရောက်၍ အထည်၊ ဖိနပ်နှင့် ခေါက်ဆွဲခြောက် များကို လေယာဉ်နှင့် လဲရန်ညှိသည်။ ဆိုဗီယက် တို့က လေယာဉ်ကို ရောင်းရန်သာ စိတ်ဝင်စား သော်လည်း မော်ကီချောင်း အကြိမ်ကြိမ် ညှိရာမှ သဘောတူပြီး အလဲအလှယ် ဖြစ်သွားသည်။ နောက်ဆုံး တရုတ် လုပ် အထည်၊ ဖိနပ်နှင့် ခေါက်ဆွဲခြောက် ရထား အစီးငါးရာတိုက် ဖြင့် ဆိုဗီယက် လေယာဉ် လေးစီး လဲယူခဲ့သည်။ ထိုဖြစ်ရပ် ပြီးနောက် မော်ကီချောင်းမှာ နာမည်ကြီး လာပြီး ဆိုဗီယက် အာဏာပိုင် များ နှင့် ရင်းနှီး လာကာ ဆိုဗီယက် ဂြိုလ်တု လွှတ်တင်ရေး တွင်ပါ ရင်းနှီး မြုပ်နှံခဲ့သည်။
မဖြစ်နိုင်ဟု ထင်ရသော အရောင်းအဝယ်ကို စိတ်ရှည်စွာ ရအောင် အကြိမ်ကြိမ် ညှိနှိုင်း ခဲ့သည့် မော် သည် တရုတ်တို့ ၏ စိတ်ကူး အကောင်းဆုံး လုပ်ငန်းရှင်များတွင် ပါလာ သည်။ မြန်မာတို့ ၏ ပြန်မရနိုင်သော သဘာဝ သယံဇာတ များကို တန်ဖိုး မရှိသည့် တရုတ် ထုတ်ကုန်များနှင့် လဲနေရခြင်းနှင့် နှိုင်းယှဉ် စေချင်ပါသည်။ မော်က တော့ စီချွမ် လေကြောင်း သမိုင်းတွင် ခေါက်ဆွဲခြောက် နှင့်လေယာဉ် လဲစီးခဲ့သူ ဟု သမိုင်းဝင် ခဲ့သည်။
၃။ အချိုရည် လုပ်ငန်းရှင် လီရှောင်ဟွေး
ငယ်စဉ် စာသင်နေချိန်တွင် ယဉ်ကျေးမှု တော်လှန် ရေး ဂယက်ကြောင့် ရုရှားနယ်စပ် ပို့ခံရပြီး တောင်သူ လုပ်ရသည်။ ပညာရေး တပိုင်းတစ ဖြစ်သွားသော လီရှောင်ဟွေးမှာ အသက် ၃၀ မှ မြို့ပေါ် ပြန်ရောက်သည်။ ရောက်ရောက်ခြင်း လုပ်စရာ အလုပ်မရှိ၍ နာရီတု များ ရောင်းချသည်။ ထိုနောက် ထို အလုပ်ကို မကြီးပွား နိုင်ဟု ဆုံးဖြတ် စွန့်လွတ်ကာ အမေရိကန် လုပ် ပက်စီ၊ ကိုကာကိုလာ များ စရောင်းသည်။ ထိုမှတဆင့် အချိုရည် ကိုယ်တိုင်ထုတ်လုပ်ပြီး ရောင်းချ သည်။ထိုလုပ်ငန်းကို ဇောက်ချ လုပ်ကိုင်ရာမှ ၁၉၉၄ တွင် တရုတ်ပြည်၏ ဒုတိယ အကြီးဆုံး အချိုရည် လုပ်ငန်းရှင် ဖြစ်လာသည်။
၄။ အရှုံးမပေးတတ်သည့် စာအုပ် လက်ပွေ့ ရောင်းသူ (သို့) လီဖန်း သူဌေး ယင်မင်ရှန်
၁၉၄၀ တွင်မွေးသည်။ အသက် ၁၈ နှစ် အရွယ်တွင် လက်ယာ အတွေးအခေါ် လွှမ်းမိုးသည် ဆိုပြီး ကျောင်းထုတ်ခံရသည်။ နောက် သုံးနှစ်အကြာတွင် အရင်းရှင် ဝါဒ ကိုင်းညွတ်သည် ဆိုကာ ထောင် ၉ လ ချခံရသည်။ အသက် ၂၃ ရောက်သော အခါ သူငယ်ချင်း ဖြစ်သူကို အမေရိကန် သွားနိုင်ရန် ကူညီမိ သောကြောင့် သစ္စာဖောက်ဟု တံဆိပ် တပ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် နှစ်ဆယ် ချခံရပြန်သည်။ အသက် ၄၀ ဝန်းကျင် တွင် ထောင်မှ လွတ်လာသည်။
ထောင်မှ လွတ်လာချိန်တွင် ဝန်ထမ်းလုပ်ရန် စ စဉ်းစားသည်။ တိန့် အာဏာရသွားပြီး စီးပွားရေး မူဝါဒ ပြောင်းလဲမည် ဟု သတင်းကြား၍ ဝမ်းမြောက် ဝမ်းသာ ဖြစ်ကာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရန် ကြံစည်သည်။ အစိုးရဆီမှ အသေးစား ချေးငွေ ချေး၍ စာအုပ်လက်ပွေ့ ရောင်းသည်။ ဝန်ထမ်း ဘဝထက် ဝင်ငွေပိုရ လာသည်။ မကြာမီ စာအုပ်ဆိုင် ပိုင်ရှင် ဖြစ်လာသည်။ စာအုပ်ဆိုင် ထိုင်ရင်း အသွားအပြန် လုပ်နေသော လူများကို ကြည့်ကာ မော်တော် ဆိုင်ကယ် ရောင်းရင် ကောင်းမလား ဟု အတွေး ပေါ်လာသည်။ ထိုနောက် ၁၀ နှစ်နီးပါး လုပ်ကိုင် ခဲ့သော စာအုပ်ဆိုင်ကို ရောင်းချကာ ဆိုင်ကယ် စတင် ထုတ်လုပ်ရန် စီစဉ်သည်။
အသက် ၅၂ အရွယ် ၁၉၉၂ တွင် ယင် သည် ဝန်ထမ်း ၉ ယောက်ငှားကာ ချုံကင်း မြို့တွင် ဆိုင်ကယ် ထုတ်လုပ်ရန် စတင်သည်။ ကနဦး ရင်းနှီးငွေ (ဒေါ်လာ ၃၆၀၀၀) ဖြစ်သည်။ ဂျပန် ဟွန်ဒါ (Honda) ကို သဘောကျ၍ သူဆိုင်ကယ်ကို (Hongda) ဟု ဆင်တူယိုးမှား နာမည်ပေးသည်။ မကြာမီ ပြည်တွင်း ဈေးကွက်တွင် အောင်မြင် လာသည်။ ထိုနောက် ဈေးကွက် ကို မခန့်မှန်းဘဲ ယုံကြည်မှု လွန်ကဲပြီး ဆိုင်ကယ် ၁၅ သန်း ထုတ်လိုက်ရာ ၅ သန်းသာ ရောင်းထွက် ပြီး ကျန် ဆိုင်ကယ် ၁၀ သန်းကို သံရည်ကျို ဈေးဖြင့် ရောင်းလိုက်ရသည်။ စီးပွားပျက်မလို ဖြစ် သွား ချိန်တွင် ဂျပန် ကုမ္ပဏီ ဟွန်ဒါမှ ဆင်တူယိုးမှား နာမည် သုံးသဖြင့် တရားစွဲခံရသည်။
ယင် သည် ဇွဲမလျော့ဘဲ ဆက်ကြိုးစား ပြန်သည်။ မကြာခင် ပြည်တွင်းတွင် ဆိုင်ကယ် ထုတ်လုပ် သည့် စက်ရုံပေါင်း တစ်ထောင် ကျော် ဖြစ်လာ ပြန်ရာ ဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန် လာသည်။ ထိုကြောင့် ဗီယက်နမ် ဈေးကွက် သို့ ဝင်ရန် ကြိုးစားသည်။ ဗီယက်နမ် တွင် ဂျပန်ကုမ္ပဏီ ဟွန်ဒါက ဈေးကွက် အုပ်ထားသည့် အပြင် ယင်၏ Hondga နာမည်ကို တရားစွဲ ထားသောကြောင့် နာမည်သစ် လီဖန်း (Lifan) ကို သုံးကာ ဝင်ပြိုင်ရာမှ မထင်မှတ်ဘဲ ဈေးကွက်သစ် ရရှိ အောင်မြင် ခဲ့သည်။
ယခုအသက် ၆၅ နှစ်ရှိပြီ ဖြစ်သော ယင် သည် တရုတ် ၏ အချမ်းသာဆုံး လုပ်ငန်းရှင်များမှ တစ်ယောက် ဖြစ်လာပြီး ဝန်ထမ်း ၅၀၀၀ ကျော်ကို အလုပ်ခန့် ပေးထားနိုင်ခဲ့သည်။ လက်ရှိ ချုံကင်း ပြည်နယ် အစိုးရအကြံပေး အဖွဲ့၏ ဒုဥက္ကဌ လည်း ဖြစ်ပါသည်။ ၁၉၉၂ မှ စ၍ ယနေ့ထိ လူမှုအကျိုးပြု လုပ်ငန်း များ အတွက် ယွမ် (၆၄၁၃) သန်း လှူဒါန်းခဲ့သည်။ ၂၀၀၇ ခုနှစ် စာရင်း အရ လီဖန်း ဆိုင်ကယ်နှင့် လယ်ယာ သုံး စက်များ၊ ကားများကို ပြည်တွင်း ပြည်ပ သို့ ယွမ် (၁၂.၁၆) ဘီလီယံဖိုး ရောင်းချခဲ့ရသည်။
ငယ်ဘဝ နှစ်နှစ်ဆယ် ကို အပြစ်မရှိဘဲ ထောင်ထဲ တွင် အချိန်ကုန်ခဲ့ရသော၊ အသက် ၄၀ မှ စီးပွားရေး စလုပ်ခဲ့ရသော၊ အရှုံးများစွာ ရင်ဆိုင် ခဲ့ရသည့် စာအုပ် လက်ပွေ့ ရောင်းသူ သည် နောင် ၂၅ နှစ် အကြာ ၂၀၁၄ ခုနှစ် တွင်တော့အစိုးရသို့ အခွန် ဒေါ်လာ ၁၅ သန်း ဆောင်နိုင် သည့် လုပ်ငန်းရှင် ဖြစ်လာ သည်။ သူသည် မိခင်တိုင်းပြည် အတွက် အရှုံးမပေး တတ်သော ကျားကုတ် ကျားခဲ ဇွဲကြီးလှသည့် စိတ်ဓာတ် ပိုင်ရှင် သားကောင်း တစ်ဦး လည်း ဖြစ်ပါသည်။
ကိုးကား
http://www.economist.com/node/1666584
ဆရာ ချစ်စံဝင်း၏ အံ့မခန်း ဖွင့်ဖြိုး တိုးတက် လာသော တရုတ်ပြည် ဆိုင်ရာ လေ့လာချက် စာတမ်း အမှတ်(၅)
ဖီးနစ် သို့ မီးငှက် (၆)
၅။ ရေခဲမုန့် ရောင်းတဲ့ ချောင်ကျင်ဟို
၁၉၄၅ တွင်မွေးသည်။ အတန်းပညာ ပုံမှန်သာ တတ်သည်။ ကျောင်းပြီးချိန်တွင် လယ်တော၌ အလုပ် လုပ်ရသည်။ အသက် ၃၄ နှစ်မှ မိခင်ဖြစ်သူ ကျောင်းဆရာမ အလုပ်မှ အနားယူ သောကြောင့် လုပ်ကျွေးရန် အိမ်ပြန် လာသည်။ မွေးရပ်မြေတွင် အလုပ်ရှာရာ သာမန် ပညာ အရည်အချင်း ဖြစ်၍ အလုပ်ကောင်း မရ။ အလုပ်ကြမ်းများ လုပ်ရင်း ငွေစု နေခဲ့သည်။
အသက် ၄၀ ရောက်မှ ကျောင်း တစ်ကျောင်းတွင် အသေးစား ကုန်စုံဆိုင် ဖွင့်ခွင့် ရသည်။ ထိုနေရာ တွင် စာရေးကိရိယာ၊ အချိုရည်၊ ရေသန့်၊ ရေခဲမုန့် နှင့် နို့ပုလင်းများ ရောင်းရာမှ အကြံပေါ်လာသည်။ ရေခဲမုန့် နှင့် နို့ ကို ကိုယ်တိုင် ထုတ်ရောင်းမည် ဆုံးဖြတ်ပြီး စက်နှင့် ပစ္စည်းဖိုး အရင်း တွက်ကြည့် ရာ ဒေါ်လာ ၂၀၀၀၀ ကျော် (ယွမ် ၁၄၀၀၀၀) ကျနေသည်။ ထို ငွေမရှိ သောကြောင့် အငြိမ်းစား ကျောင်းဆရာ နှစ်ဦး နှင့် ရှယ်ယာ စပ်၍ ငွေချေး လုပ်ကိုင်ခဲ့သည်။ ကျောင်းရှိ ကလေးများ စိတ် ဝင်စားရန် “ဝါးဟားဟား” ဟု နာမည် တံဆိပ် တပ်၍ ကုမ္ပဏီ တည်ထောင် ခဲ့သည်။
နောင် အနှစ်သုံးဆယ် အကြာတွင် ကျောင်း ကုန်စုံဆိုင်လေးမှ သန္ဓေ စတည်ခဲ့သော ဝါးဟားဟား ကုမ္ပဏီ သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေသန့်၊ လက်ဖက်ရည်၊ နို့၊ အချိုရည် နှင့် ရေခဲမုန့် ရောင်းချသည့် ကုမ္ပဏီ ဖြစ်လာ ခဲ့သည်။ ချောင်သည် ကုမ္ပဏီ၏ အစုရှယ်ယာ ၈၅% ပိုင်ဆိုင်သည်။ ၂၀၁၂ တွင် တရုတ်ပြည်၏ အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် စာရင်းတင်ခံရသည်။ ၂၀၁၃ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
၂၀၁၃ နောက်ပိုင်းတွင် အိုင်တီ နည်းပညာ ပေါက်ကွဲမှု ကြောင့် ချောင်သည် တရုတ် နိုင်ငံ၏ အချမ်းသာဆုံး နေရာကို ဒုတိယ မျိုးဆက်မှ အိုင်တီ လုပ်ငန်းရှင်များ ဖြစ်သော အလီဘာဘာ စီအီးအို “ဂျက်မား” နှင့် ရှောင်းမီ စီအီးအို “လေကျွင်း” သို့ ဖယ်ပေး လိုက်ရသည်။ ၂၀၁၄ တွင် ချောင် ဝင်ငွေ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ဝါးဟားဟား၏ ရောင်းအား ဒေါ်လာ ၁၁ ဘီလီယံ ရှိသည်။ တစ်ဦးတည်းသော သမီး ကယ်လီချောင် သည် ဝါးဟားဟား၏ အရိုက် အရာကို ဆက်ခံ မည့်သူ ဖြစ်ပြီး တရုတ်ပြည်၏ အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာလိမ့်မည်။ ချောင်၏ လက်ရှိ ပိုင်ဆိုင်မှု ဒေါ်လာ ၂၀ ဘီလီယံ ရှိမည် ဟု ခန့်မှန်း ရသည်။
အသက် ၇၀ ရှိပြီ ဖြစ်သော ချောင်သည် အလုပ် စွဲနေသူ ဖြစ်သည်။ ယနေ့ထိ လည်း အနား မယူသေး။ နေရာအနှံ့တွင် သူ၏ ရင်းနှီးမြုပ်နှံမှု များစွာရှိသည်။ အမေရိကန် အမြဲတမ်း နေထိုင်ခွင့် လက်မှတ် ကိုင်ထားကာ ကမ္ဘာအနှံ့သွား၍ စီးပွားရေး လုပ်ငန်းများ ကွပ်ကဲ သည်။ ကျောင်း ကုန်စုံဆိုင်လေးတွင် ရေခဲမုန့် နှင့် နို့ရောင်းသည့် ချောင်သည် ကံ စီရင်သမျှကို လက်မခံဘဲ သူ ကြမ္မာ သူ ဖန်တီးခဲ့သူ ဖြစ်ပါသည်။
မြောက်မြားစွာသော မီးငှက် မျိုးဆက် များ ကျန်ပါသေးသည်။ ၎င်းတို့ အကြောင်းရေးပါက ကုန်နိုင်ဖွယ် မရှိ။ လက်ရှိ တရုတ် ပြည်မကြီး တွင်ပင် ဘီလီယံနာ ၅၉၆ ဦး ရှိကာ အမေရိကန် ထက် ပိုများပါသည်။ အမေရိကန် တွင် လက်ရှိ ဘီလီယံနာ ၅၃၇ ဦး ရှိပါသည်။ ဟောင်ကောင်၊ ထိုင်ဝမ် နှင့် မကာအိုရှိ ဘီလီယံနာ ၁၁၉ ယောက် နှင့် ထပ်ပေါင်းပါက စုစုပေါင်း တရုတ် ဘီလီယံနာ ၇၁၅ ယောက် ရှိပြီ ဖြစ်သည်။ လက်ရှိ တရုတ် အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ အိမ်ခြံမြေ၊ ဟိုတယ်၊ စူပါမားကတ် နှင့် ရုပ်ရှင်ရုံ ကွင်းဆက် လုပ်ငန်း များ လုပ်ကိုင်နေသော ဝမ်ဒါ အုပ်စု၏ သူဌေး ဝမ်ကျန်လင် ဖြစ်ပြီး ဒေါ်လာ (၃၄.၄) ဘီလီယံ ကြွယ်ဝမည်ဟု ခန့်မှန်းရသည်။ ဒုတိယမှာ အလီ ဘာဘာ သူဌေး ဂျက်မား ဖြစ်ပါသည်။
တိန့်၏ တချို့လူတွေကို အရင်ပေး ချမ်းသာ လိုက်ပါ။ ချမ်းသာတာ ကျက်သရေ ရှိပါတယ် ဆိုသည့် မိန့်ခွန်းက တရုတ် တို့၏ ချမ်းသာလိုစိတ် ကို နှိုးဆွခဲ့ပြီး တိန့်ဖွင့် ပေးသော စီးပွားရေး အခွင့် အလမ်း တံခါးမှ တရုတ် လူငယ်တို့ ထပြေး၍ ကမ္ဘာ အလယ်တွင် အောင်ပွဲ ခံခဲ့ပါသည်။
တရုတ်တို့၏ နည်းပညာ စုပ်ယူမှုများ
တရုတ်ပြည် ခေတ်နောက်ကျ ခဲ့ခြင်းမှာ နည်းပညာ နောက်ကျခဲ့ ခြင်းကြောင့် ဟု တိန့်က သုံးသပ် သည်။ ဥရောပသည် ၁၈ ရာစု၊ ၁၉ ရာစု စက်မှုတော်လှန်ရေး တွင် နည်းပညာ အသစ်များ တီထွင် ဦးဆောင်နိုင်၍ ကိုလိုနီ နယ်ချဲ့ကာ ချမ်းသာလာသည်။ ယခုရာစုသစ် တွင်လည်း နည်းပညာကို ဥရောပနှင့် အမေရိကန် ကသာ ဦးဆောင် နေသည်။ နည်းပညာ လိုက်မမှီ ပါက ယှဉ်နိုင်ဖို့ မလွယ်။ ထိုကြောင့် ၎င်းတို့၏ နည်းပညာ ကို အချိန်တို အတွင်း စုပ်ယူရန် စီမံကိန်းများ ချခဲ့သည်။
တရုတ် ခေါင်းဆောင် များမှ စျေးပေါသော သန်းတစ်ထောင် လုပ်သားစျေးကွက် ကိုပြ၍ အနောက် ကမ္ဘာမှ လုပ်ငန်းရှင်များကို ဆွဲဆောင် သည်။ စီးပွားရေး လုပ်ကိုင်နိုင်ရန် လမ်းကြောင်းများ ဖွင့်ပေးသည်။ လုပ်ငန်းရှင် များ ဝင်ရောက်လာသော အခါ တရုတ် အလုပ်သမား များကို အလုပ်ကြမ်း တွင် သာမက ပညာရှင်ပိုင်း တွင်ပါ မဖြစ်မနေ ထည့်သုံးခိုင်းသည်။ လုပ်ငန်းရှင် များလည်း နည်းပညာ ပြရမည့် အပိုင်းကို တရုတ် တို့အား မခိုင်းလို သော်လည်း စျေးပေါသော လုပ်အား စျေးကွက်ကို လက်မလွတ် နိုင်၍ အလျော့ပေး လိုက်ရသည်။ တရုတ်များကို ၎င်းတို့ နိုင်ငံသို့ ခေါ်၍ သင်တန်းများ တက်စေပြီး လေ့ကျင့်ပေးရ၏။ ထိုမှ တဆင့် တရုတ်တို့ နည်းပညာ ရရှိလာသည်။
ပြည်တွင်းတွင်လည်း အစိုးရမှ နည်းပညာ အတုခိုးရန် ဌာန တစ်ခုဖွဲ့စည်းသည်။ ထိုဌာနတွင် အင်ဂျင်နီယာ နှင့် ပညာရှင်များစွာ ခန့်ထား၍ တရုတ်ပြည်သို့ လာရောက်သော ပြည်ပ စက်ရုံ များမှ နည်းပညာ များကို သုတေသန ပြုစေသည်။ ထိုပြင် ကမ္ဘာ အရပ်ရပ်မှ ဝယ်ယူ လာသော စက်ရုံဟောင်း များကို နှစ်မျိုး အသုံးချသည်။ တရုတ်တို့ သုံးစွဲရန် ထုတ်ကုန် ထုတ်ခိုင်းသည့် အပြင် ထိုစက်များ အလုပ် လုပ်ပုံကို လေ့လာ စေသည်။ တဘက်တွင်လည်း ဉာဏ်ပိုင်း ဆိုင်ရာ တီထွင်မှု တိုးတက်စေသော ပညာရေး ပြုပြင်မှုများ ပြုလုပ်သည်။ ထိုမှတဆင့် တရုတ်တို့သည် မူပိုင်ခွင့် ချိုးဖောက် အတုယူ ကူးချသည့် နေရာတွင်ပါ အလွန်အမင်း ထူးချွန် လာသည်။
ဥပမာ- ဂျေကေရိုးလင်း က ဟယ်ရီပေါ်တာ အတွဲ ၆ မရေးခင် တရုတ်တို့က ကြိုရေး၍ ရောင်းသည်။ အင်္ဂလိပ် လိုရေးသည့် အစစ် ပေါ်လာရင်လည်း ချက်ခြင်း ဘာသာပြန်၍ တင်ရောင်းသည်။ စာရေးဆရာ ၏ ဇာတ်သိမ်း မကြိုက်ရင် ပြင်၍ ပင်ရေးသေးသည်။ တခြား နာမည်ကျော် စာရေးဆရာ တို့၏ စာအုပ်များ အကုန် ကူးယူခြင်း ခံရသည်။ ဟောလိဝုဒ်တွင် ဇာတ်ကား တစ်ကား ရုံတင်၍ အောင်မြင်ပြီး ခွေ မထုတ်ရသေးချိန် တရုတ်ပြည်တွင် ထိုခွေ စရောင်းနေပြီ ဖြစ်သည်။ မူပိုင်ခွင့် များ ချိုးဖောက် ရာတွင် တရုတ် တို့ကို မှီသူမရှိ။
၁၉၉၀ တွင် ဗောက်(စ်)ဝက်ဂင် ကား ကုမ္ပဏီ တရုတ် သို့ ရောက်လာသည်။ Jekka မော်ဒယ်ကို ထုတ်လုပ်ရာ မကြာမီ သူနှင့် ပုံစံတူ ချယ်ရီကား ပေါ်လာသည်။ စျေးကို တဝက်ဖြင့် ချရောင်းသည်။ ဂျပန်က ယာမဟာ မော်ဒယ် Jinbao ဆိုင်ကယ်ကို ၁၉၉၅ တွင် ထုတ်ရောင်းသည်။ လအနည်းငယ် အတွင်း Jinbao အတု စက်ရုံ ၃၆ ရုံ ပေါ်လာသည်။ မူရင်းနှင့် ခွဲမရအောင် တူသော ထို ဆိုင်ကယ်များ မြန်မာ စျေးကွက် သို့ပင် ရောက်ရှိ လာခဲ့သည်။ တရုတ်တို့၏ ထူးခြားချက် မှာ မည်သည့် နည်းပညာ များကို မဆို လျင်မြန်စွာ အတုခိုးနိုင်ခြင်း ဖြစ်သည်။
တရုတ် တို့သည် သူတို့ မလုပ် နိုင်သော တည်ဆောက်ရေး လုပ်ငန်းများကို အနောက် ကမ္ဘာ မှ ကုမ္ပဏီ များကို ဖိတ်၍ ပွင့်လင်း မြင်သာ စွာ တင်ဒါ ခေါ်စေသည်။ အကောင်းဆုံး နှင့် စျေး အသက်သာ ဆုံး ကုမ္ပဏီကို ရွေးချယ်သည်။ ထို တည်ဆောက်ရေး လုပ်ငန်းတွင် တရုတ် အင်ဂျင်နီယာ တို့ကို မဖြစ်မနေ ထည့်သုံး ရသည်။ ထိုလုပ်ငန်း ပြီးသည် နှင့် တပြိုင်နက် နည်းပညာကို တရုတ်တို့ လက်ထဲ ကျန်ရစ် စေရန် တခါတည်း စီမံထားသည်။ ထိုမှတဆင့် မီးရထားလမ်း၊ ကားလမ်း၊ မိုးပျံရထား၊ ရေအောက်လမ်းများ ဆောက်လုပ်မှု အတတ် ပညာ၊ ရေကာတာ နှင့် ရေအား လျှပ်စစ် ထုတ်ယူမှု၊ မြို့ပြ တည်ဆောက်မှု နည်းပညာ အကုန် တရုတ်တို့ လက်ထဲ ပါသွားပြန်သည်။
ပြည်ပမှ လာရောက် အခြေစိုက် သော ကုမ္ပဏီ များစွာ၏ နည်းပညာများ အားလုံး တရုတ်တို့ လက်ထဲရောက်ကာ တရုတ်ပြည် လျင်မြန်စွာ တိုးတက်လာသည်။ အနောက်တိုင်းမှ ပညာရှင် များက တရုတ်တို့သည် နည်းပညာကို သုတေသန ဖြင့် အဓိက မရယူဘဲ ပြည်ပ ကုမ္ပဏီ များနှင့် ကုန်သွယ်ရေးပြုလုပ်ပြီး ထိုမှ တဆင့်စုပ်ယူ ၍ ကြီးထွားစေ ခဲ့သော နိုင်ငံဟု သုံးသပ်ကြ၏။ တရုတ် တို့မှာ နည်းပညာကို စုပ်ယူရင်း တပြိုင်နက် တည်း ကမ္ဘာကျော် မိုက်ခရိုဆော့၊ တိုယိုတာ အစရှိသော ကုမ္ပဏီ တို့နှင့် ပူးပေါင်းကာ နည်းပညာ သုတေသန လည်း ပြုလုပ် နေပါသည်။
၁၉၇၃ တွင် ကုန်သွယ်ရေး ပေါ်လစီနှင့် ပတ်သတ်၍ မော်စီတုန်း နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျား တို့ ပြောခဲ့သော စကားဝိုင်း တစ်ခုရှိသည်။ မော်က တရုတ်ပြည် တွင် ဘာပို့ကုန် မှ မထုတ်လုပ် နိုင်ကြောင်း၊ ပေါပေါ များများ ပို့စရာ အမျိုးသမီး များသာ ရှိကြောင်း စိတ်ပျက်စွာ ပြောဖူးသည်။ ကစ်ဆင်းဂျား မှ ထိုပစ္စည်း များဆို အခွန်မကောက်ပါ ဟုပင် အရွှန်းဖောက် ဖူးသည်။ ယခုတော့ တရုတ် တို့သည် သူတို့ အမျိုးသမီး များကို ပို့မည် မဟုတ်တော့ပါ။ ကလေး တစ်ယောက် ပေါ်လစီ ကြောင့် တရုတ်တို့၏ အမျိုးသမီး လိုအပ်ချက် လွန်စွာ ကြီးမားလာပြီး နှစ်စဉ် သတို့ သမီး သန်း ၂၀ ခန့် ပြန်လို နေပါသည်။ နီးစပ်ရာ မြန်မာ အပါအဝင် အာဆီယံနိုင်ငံ များနှင့် အိမ်နီးချင်း နိုင်ငံ များမှ အမျိုးသမီး များကို ပြန်လည် လူကုန်ကူး၍ ရယူနေပြီ ဖြစ်သည်။
တချိန်က ပြည်တွင်း၌ပင် ထုတ်ကုန် ပစ္စည်း လုံလောက်အောင် မထုတ်နိုင်ခဲ့သော နိုင်ငံ သည် နည်းပညာများ စုပ်ယူ၍ ကမ္ဘာ ပေါ်တွင် ထုတ်ကုန် ပစ္စည်း အများဆုံး ပြည်ပသို့ ပြန် တင်ပို့သော နိုင်ငံ ဖြစ်အောင် နှစ်နှစ်ဆယ် အတွင်း လုပ်ဆောင် နိုင်ခဲ့ သည်။ ထို စွမ်းဆောင်မှု တွင် ခေါင်းဆောင် တို့၏ တိုင်းပြည် အပေါ် စေတနာ ထားမှု နှင့်အတူ ပြည်သူ တို့၏ ကြိုးပမ်းမှု တို့က အခရာ ကျခဲ့သည်။
ရိုးရှင်းစွာနေထိုင်ခြင်း၊ ချွေတာ သုံးစွဲခြင်း၊ အပင်ပန်းခံ အလုပ်လုပ်ခြင်း၊ ရည်မှန်းချက် ကြီးမားခြင်း နှင့် အချင်းချင်း ကူညီ စောင့်ရှောက်ခြင်း တို့သည် တရုတ် မီးငှက် မျိုးဆက်ကို အောင်ပွဲရစေခဲ့သော အချက်များ ဖြစ်ပါသည်။ ထိုအချက်များကို လုပ်ကိုင်သော မည်သည့် နိုင်ငံသား မဆို ကမ္ဘာ ရှေ့တန်းသို့ ပြန်ရောက် နိုင်သည်ကို လွန်ခဲ့သော နှစ်လေးဆယ်က ကမ္ဘာ့ အဆင်းရဲဆုံး တရုတ် နိုင်ငံသား တို့က သက်သေ ပြခဲ့သည်။ လက်ရှိ မြန်မာ မီးငှက် (ခွပ်ဒေါင်း) မျိုးဆက် အနေဖြင့် လာမည့် နှစ်နှစ်ဆယ် အတွင်း ထိုသို့ ယှဉ်ပြိုင် သက်သေပြ ပြီး ကမ္ဘာ မျက်နှာစာ သို့ ပြန်ရောက်လို လှသည်။
(အပိုင်း ၇) ဆက်တင်ပါမည်။
ဖီးနစ် သို့ မီးငှက် (၇)
နှစ်နှစ်ဆယ် အတွင်း အံ့မခန်း တိုးတက်မှုများ
အဝေးပြေး လမ်းမကြီးများ
အမေရိကန်သည် (၁၉၅၀ မှ ၁၉၉၀ ထိ) နှစ်ပေါင်း လေးဆယ် အတွင်း ဒေါ်လာ ၁ တစ်ထရီလီယံ (ဘီလီယံ ၁၀၀၀) အကုန်ခံ၍ အဝေးပြေး လမ်းမကြီး များ ဖောက်လုပ်သည်။ တရုတ်တို့လည်း ထို နမူနာကို ယူ၍ (၁၉၉၀ မှ ၂၀၂၀ ထိ) နှစ်ပေါင်း သုံးဆယ် အတွင်း ၎င်းတို့၏ ပင်မ အဝေးပြေး လမ်းမကြီး (National Trunk Highway) ကို ကီလိုမီတာ (၈၆၀၀၀) အရှည်ထိ ဖောက်လုပ်ရန် ပစ်မှတ် ချခဲ့သည်။
ထို ပစ်မှတ်ကို သတ်မှတ်ချိန်ထက် ၈ နှစ် စောပြီး ၂၀၁၂ တွင် ပြီးစီးခဲ့သည်။ ၎င်းလမ်းမ ကြီးတွင် တောင်/ မြောက် ချိတ်ဆက် ထားသော လမ်းမကြီး ၉ လမ်းနှင့် အရှေ့/အနောက် ချိတ်ဆက်ထားသော လမ်းမကြီး ၁၈ လမ်း ပါဝင် သည်။ ယခုအချိန်တွင် ကီလိုမီတာ တစ်သိန်း တစ်သောင်း ကျော်ထိ ထပ်မံ တိုးမြင့် ဖောက်လုပ် ပြီးစီးပြီ ဖြစ်သည်။
၂၀၁၂ ထဲက တရုတ်တို့၏ ထိုလမ်းကြီးသည် အမေရိကန်တို့ ၏ အဝေးပြေးလမ်းမ များတွင် အရှည်ဆုံး၊ အကြီးကျယ်ဆုံး၊ အကောင်းဆုံး ဆိုသော ဂုဏ်ပုဒ်ကို လွဲယူ ခဲ့ပါသည်။ ၂၀၂၀ တွင် အဝေးပြေးလမ်းများကို ကီလိုမီတာ သုံးသန်းထိ တိုးမြှင့် ဖောက်လုပ်ရန် ပစ်မှတ် ချထားသည်။ ယခင်က ကြာမြင့် စွာ သွားရသော မြို့များကို အချိန်နှင့် ကုန်ကျ စရိတ် သုံးပုံ နှစ်ပုံထိ သက်သာ သွားအောင် ပြုလုပ် ပေးနိုင်ခဲ့၍ သယ်ယူ ပို့ဆောင်ရေး အထူး တိုးတက် လာကာ ကုန်စည် စီးဆင်းမှု မြန်ဆန် စေခဲ့သည်။
မီးရထားလမ်းများ
ကီလိုမီတာ တစ်ထောင်ကိုးရာ ကျော် ရှည်လျားသည့် ကွန်ဟိန်း – တိဘက် မီးရထား လမ်းကို ဖောက်လုပ် ခဲ့သည်။ (၈၁၅) ကီလိုမီတာ ကို ၁၉၈၄ ထဲက ဖောက်လုပ် နိုင်ခဲ့ပြီး ပင်လယ် ရေမျက်နှာပြင် အထက် အမြင့်ပေ (၁၄၅၀၀) ကျော်တွင်ရှိသော (၁၁၄၂) ကီလိုမီတာကို ၂၀၀၆ တွင် ဖောက်လုပ် ပြီးစီးခဲ့သည်။ ကမ္ဘာ အမြင့်ဆုံး မီးရထားလမ်း အဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီး တံတားပေါင်း (၆၇၅) ခုပါသည်။ တရုတ် အင်ဂျင်နီယာ တို့မှ အမေရိကန် တို့၏ ဆာရာ နာဗာဒါး (Sierra Navada) ဒေသတွင် ဖောက်လုပ် ခဲ့သည့် ဗဟိုမီးရထား ကွန်ယက်ကို နည်းပညာ အသာစီး ယူ၍ ဖောက်လုပ် နိုင်ခဲ့သည်ဟု ကမ္ဘာက အသိအမှတ် ပြုရသည်။
ရှန်ဟိုင်းတွင် မြေအောက် မီးရထားလမ်း ငါးလိုင်း ရှိသည်။ နေ့စဉ်လူဦးရေ နှစ်သန်း သယ်ယူ ပို့ဆောင် ပေးသည်။ ယခုနောက်ထပ် ခြောက်လိုင်း တိုးချဲ့နေရာ ပြီးဆုံးပါက ကမ္ဘာအကြီးဆုံး မြေအောက် မီးရထားလမ်း ဖြစ်လာမည်။
ရေကာတာများ
လွန်ခဲ့သော နှစ်ရှစ်ဆယ်ကျော်က တရုတ် ခေါင်းဆောင် ဆွန်ယက်ဆင်မှ ယန်စီမြစ် နှင့် မြစ်ဝါမြစ်ကို ရေကာတာ ဆောက်ရန် စိတ်ကူး ယဉ်ဖူးသည်။ ဆောက်လုပ်နိုင်ခဲ့ပါက မြင်းကောင်ရေ သန်း ၁၀၀ ရှိသော စွမ်းအင်ကို ပေးစွမ်းနိုင်မည် ဟုဆိုခဲ့သည်။
ဆွန်ယက်ဆင် အိမ်မက် သည် ၂၀၁၃ တွင်တော့ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ယန်စီမြစ်ပေါ်ရှိ ရေကာတာကြီး သုံးခု (Three Gorges Dam) သည် အမေရိကန်တို့ ဆောက်လုပ်ထားသော ရေကာတာ များကို ကျော်တက်၍ ကမ္ဘာ အကြီးဆုံး ရေကာတာ ဖြစ်သွားသည်။ ထိုရေကာတာ များမှ လျှပ်စစ်စွမ်းအင် များစွာ ရသည့် အပြင် ချုံကင်း ရေလှောင်ကန်ကို ၂၀၀၄ မှ စ၍ ရေဖြည့် ပေးနိုင်သောကြောင့် ယန်စီ မြစ်ညာပိုင်းနှင့် ချံုကင်းတို့ ဆက်စပ်သွားကာ ပင်လယ်ကူး သင်္ဘောများ ချံုကင်းထိ သွားလာနိုင်ပြီ ဖြစ်သည်။ ချံုကင်းတွင် ဆိပ်ကမ်းနှစ်ခုကို ထပ်မံ တည်ဆောက်နေရာ လုပ်ငန်းပြီးစီးပါက ကုန်ပစ္စည်း သယ်ယူစရိတ်ကို ၇၀ မှ ၉၀ ရာခိုင်နှုန်းထိ လျော့ချ နိုင်မည် ဟု ခန့်မှန်းထားသည်။
စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးမှုအောင်ပွဲ
၂၀၀၇ တွင် တကမ္ဘာလုံး စီးပွားရေး တိုးတက်မှု နှုန်းတွင် တရုတ်က အမေရိကန်ကို ပထမဆုံး ကျော်တက်ခဲ့သည်။ အမေရိကန် အနေဖြင့် ၁၉၃၀ နောက်ပိုင်း ပထမဆုံး အကျော်ခံ လိုက်ရခြင်း ဖြစ်သည်။ ပညာရှင်များ၏ ခန့်မှန်းချက် အရ ၂၀၂၀ တွင် တရုတ် ဂျီဒီပီ သည် ဒေါ်လာ ၃၀ ထရီလီယံ ရှိမည် ခန့်မှန်းထားပြီး အမေရိကန် ဂျီဒီပီမှာ ၂၈ ထရီလီယံ သာ ရှိနိုင်၍ တရုတ်တို့ နံပါတ်တစ် နေရာကို ယူလိမ့်မည်ဟု ခန့်မှန်းထားသည်။
ဥရောပသားတို့ နှစ်နှစ်ရာ နီးပါး ဖြတ်သန်းပြီးမှ ရရှိခဲ့ရသော မြို့ပြ တည်ဆောက်ရေး၊ စီးပွားရေး၊ လူမှုရေး နှင့် နည်းပညာ ဖွံဖြိုးမှု အားလုံးကို တရုတ် တို့က နှစ်နှစ်ဆယ်ဖြင့် အမှီ လိုက်ခဲ့သည်။ ဆယ်ဆ အမြန်နှုန်း ဖြင့် လိုက်ခဲ့သည် ဟုဆိုရမည်။ နည်းပညာ စုပ်ယူမှုကြောင့် မယုံနိုင်ဖွယ် ဧရာမ ခုန်ပျံ ကျော်လွှားမှုကြီး ဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ အဆင့်မှီ မြို့ကြီးများ၊ တက္ကသိုလ်များ၊ လမ်း တံတားများ၊ ဆိပ်ကမ်းများကို ဤနှစ်နှစ်ဆယ် အတွင်း ပေါ်ထွက်စေခဲ့ပြီး လူပေါင်း သန်း၄၀၀ ကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင် ခဲ့ပါသည်။
အာကာသ ေအာင္ပြဲ
၁၉၉၂ မှစ၍ ပရောဂျက် ၉၂၁ အမည် ပေးထားသော အာကာသ စီမံကိန်း စတင်ခဲ့သည်။ လူမဲ့ လွှတ်တင်မှုများကို ၁၉၉၉၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် လေးကြိမ် စမ်းသပ် လွှတ်ခဲ့သည်။ ၂၀၀၃ အောက်တိုဘာ ၂၃ တွင် အာကာသယာဉ် ရှင်ဇူး ၅ (Shenzhou -5) ကို လွှတ်တင်နိုင်ခဲ့သည်။ တရုတ် အာကာသ ယာဉ်မှူး ရန်လီဝေ လိုက်ပါ သွား၍ ကီလိုမီတာ ရှစ်သိန်း အထိ ပျံသန်း နိုင်ခဲ့ သည်။ ၂၁ နာရီ ၂၂ မိနစ် ၄၅ စက္ကန့် ကြာသည်။ အောက်တိုဘာ ၂၀၀၅ တွင် ရှင်ဇူး ၆ ကို လူနှစ်ယောက် လိုက်ပါသွားပြီး ထပ်မံ၍ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ အာကာသ အောင်ပွဲကို နိုင်ငံ တကာမှ စစ်ရေးအတွက် လွှတ်တင်သည်ဟု သံသယ ဖြစ်ခဲ့သော်လည်း တရုတ်တို့သည် စီးပွားရေး တိုးတက်မှု အတွက်သာ ဦးတည်ခဲ့သည်။
ဤမျှ တိုးတက်ခဲ့သည့် တရုတ်တို့၏ အတိတ်ကို တချက် ပြန်ကြည့် ရအောင်။
၁၉၇၅ စက်တင်ဘာ တွင် ဗီယက်နမ် အလုပ်သမား ပါတီ အတွင်းရေးမှုး လီဒွပ် တရုတ်တို့ထံမှ အကူအညီ တောင်းခံရန် ရောက်လာသည်။ မော်စီတုန်းက “ခင်ဗျားတို့ တိုင်းပြည်က အဆင်းရဲဆုံး မဟုတ်ဘူးဗျ။ အဆင်းရဲ ဆုံးက ကျုပ်တို့။ လူဦးရေ သန်း ၈၀၀ ကျော်တယ်။ စားဖို့တောင် မလောက်ဘူး။ ခေါင်းဆောင် ပိုင်း မှာလည်း လုပ်နိုင်တဲ့သူ မရှိတော့ဘူး။ ထူထူ ထောင်ထောင် ဆိုလို့ တိန့် တစ်ယောက်ပဲ ကျန်တော့တယ်” ဟု ညည်းတွား ခဲ့သည်။ ထိုအချိန်တွင် မော် သည် ၈၂ နှစ် ရှိပြီ ဖြစ်ပြီး ဝန်ကြီးချုပ် ချူအင်လိုင်းမှာ ဆေးရုံပေါ်တွင် ကင်ဆာရောဂါ ဖြင့် နောက်ဆုံး အချိန် ဖြတ်သန်းနေပြီ ဖြစ်သည်။
ထိုနှစ် အောက်တိုဘာ ၂၁ ရက်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကစ်ဆင်းဂျားနှင့် မော် ထပ်တွေ့ခဲ့သည်။ မော်က အမေရိကန် နှင့် ဆိုဗီယက် တို့ နှစ်ဘက် အစည်းအဝေးများ စိပ် လာခြင်းကို သံသယ ရှိနေ၍ ကစ်ဆင်းဂျားမှ လာရောက် ဖြေရှင်းခြင်း ဖြစ်သည်။ ဆွေးနွေးရာမှ ကစ်ဆင်းဂျားမှ အမေရိကန်သည် တရုတ်အပေါ် အမြတ်ထုတ်မည် မဟုတ်ကြောင်း ပြောသောအခါ မော်က ဒေါပွ၍ ဤသို့ပြော၏။
မော်စီတုန်း – တရုတ်ဆီက ခင်ဗျားတို့ ထိုင်ဝမ်ကို အမြတ် ထုတ်ပြီး ပြီလေ။
ကစ်ဆင်းဂျား – ဒီကိစ္စက ကျွန်တော်တို့ ညှိပြီးပြီလေ ဥက္ကဌကြီးရယ်။
မော်စီတုန်း – ဟုတ်ပါပြီလေ။ ခင်ဗျား ပြန်ပေး ရင်တောင် ကျုပ်ခု မယူနိုင်ပါဘူး။ နောင် နှစ်တစ်ရာ ဆိုရင်တော့ ပြန်ယူမယ်။
ကစ်ဆင်းဂျား – (ရယ်မောရင်း) နှစ်တစ်ရာတော့ မလုပ်ပါနဲ့ ဥက္ကဌကြီးရယ်။
မော်စီတုန်း – (မျက်နှာကြက် ကို ငေးမောနေရင်း ငိုင်သွားကာ) တကယ်လို့ ကျုပ် ကောင်းကင်ဘုံ မှာ ဘုရားသခင် နဲ့ တွေ့ခဲ့ရင် ထိုင်ဝမ်ကို အမေရိကန် လက်ထဲမှာပဲ ထားမယ် ပြောမိမှာပါ။
ကစ်ဆင်းဂျား – ဗျာ …… ဘုရားသခင် တော့ အံ့သြ ကုန်တော့မှာပဲ ဥက္ကဌကြီးရယ်။
မော် သည် ထိုင်ဝမ်ကို တရုတ်ပြည်မ ထဲသို့ ရအောင် ပြန်သွင်းမည်ဟု ဆုံးဖြတ် ထားသည့် အတင်းမာဆုံး လူဖြစ်ပါသည်။ ထိုင်ဝမ်ကိစ္စမှ လွဲ၍ အမေရိကန်နှင့် အားလုံး ညှိနှိုင်း နိုင်သည် ဟုပြောခဲ့သူ ဖြစ်ပါသည်။ အနုမြူကိုပင် ဂရုမစိုက်၊ စက္ကူကျား ဟုပြောခဲ့သော ဧရာမ အာဏာရှင်ကြီး ၏ နောက်ဆုံး အချိန် တွင်တော့ ၎င်း၏ ကျဆုံး တိုင်းပြည်ကို တိုးတက်နေသည့် ထိုင်ဝမ်နှင့် ယှဉ်ကြည့်၍ စိတ် အားလျော့ ခဲ့ဟန် တူပါသည်။
ထို အဆင်းရဲဆုံး နိုင်ငံသည် မူဝါဒ ပြောင်းလဲပြီး နောင် နှစ်သုံးဆယ် ခန့် အကြာ တွင် လက်ရှိ ကမ္ဘာ၏ စူပါ ပါဝါ နေရာကို စိန်ခေါ်လိမ့်မည် ဆိုတာ ကိုတော့ မော် တွက်ဆ နိုင်လိုက် မည် မထင်ပါ။ မော် ကွယ်လွန်ပြီး ၁၉၇၈ ဝန်းကျင်ထိ နိုင်ငံတကာနှင့် ပတ်သတ်မှု မရှိဘဲ အထီးကျန် နေသော တရုတ် တို့သည် တိန့် ၏ဦးဆောင်မှု အောက်တွင် ကမ္ဘာ မျက်နှာစာ သို့ ပြန်ရောက်လာသည်။ ၁၉၈၂ ခုနှစ်၌ နိုင်ငံ တကာ ကုန်သွယ်ရေး အဖွဲ့ (GATT) ယခု (WTO) ကို လေ့လာသူ အဖြစ် ဝင်ရောက် နိုင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် တို့၏ အဖွဲ့ဝင် ဖြစ်လာ ပါသည်။
ထိုစဉ်က အာရှတိုက်၏ အလားအလာ အကောင်းဆုံး ကြယ်ပွင့် ဖြစ်ခဲ့သော မြန်မာ နိုင်ငံတွင် ၁၉၇၄ မဆလ တစ်ပါတီ ဖွဲ့စည်းပုံဖြင့် အုပ်ချုပ် လျက်ရှိပြီး ကမ္ဘာဘဏ်တွင် ရှိနေသော စံလင်း၊မောင်ကောင်း တို့၏ ငွေကြေး အာမခံ ရွှေများ စတင် ကုန်ခမ်း နေပြီ ဖြစ်သည်။ အိမ်နီးချင်း တရုတ် ခေါင်းဆောင် နှင့် ပြည်သူ တို့ ဆင်းရဲတွင်းမှ ရုန်းထ နေသည့် တချိန်တည်းတွင် စစ်ခေါင်းဆောင် တို့၏ မှားယွင်းသော အုပ်ချုပ်မှု ကြောင့် အာရှ ၏ ထိပ်ဆုံး နေရာမှ ကမ္ဘာ ဘိတ်ဆုံး ဆင်းရဲ တွင်း ထဲသို့ ခုန်ဆင်း ခဲ့ရသော မြန်မာနိုင်ငံ အဖြစ်မှာ ရင်နာစရာ ကောင်းလွန်း လှပါသည်။
(အပိုင်း ၈) ဆက်တင်ပါမည်။
ဖီးနစ် သို့ မီးငှက် (၈)
တရုတ်တို့၏ အံမခန်း တိုးတက်မှုနှင့် အတူ အပြစ် အနာဆာများ ရောပါလာခဲ့ပါသည်။ လူဦးရေ အဆမတန် တိုးပွားလာခြင်းကြောင့် သဘာဝ ဂေဟ စနစ်ကို ထိခိုက်စေသော ပြဿနာ များစွာပေါ်လာသည်။ ဥပမာ ချုံကင်းမြို့ တစ်မြို့ထဲတွင် နှစ်စဉ် အညစ် အကြေး တန်ချိန် တစ်ဘီလီယံ ထွက်သည်။ ၎င်းကို ယန်စီမြစ်ထဲသို့ ပိုက်လုံးကြီးများ နှင့် စွန့်ပစ်နေရာ ရေထု ညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။ ထိုပမာဏမှာ လျော့ရန် မရှိဘဲ နှစ်စဉ် တိုးရန်သာ ရှိသည်။ သန့်ရှင်းသော သောက်သုံးရေ ရရှိဖို့လည်း အခက်အခဲ ကြံုနေ သည်။ ရှန်ဟိုင်း တွင် ရရှိနိုင်သော မြေပေါ်ရေ ၏ ၁ ရာခိုင်နှုန်း သာ သောက်သုံးရန် စိတ်ချရသည်။
ပီကင်း၊ ရှန်ဟိုင်း၊ ကွမ်ကြိုး၊ ဟောင်ကောင် စသော မြို့ကြီးများတွင် လေထု ညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။ များပြားလှသော စက်ရုံ များကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု တွင်လည်း အမေရိကန် နှင့် ဂျပန်ကို ကျော်တက် သွားသည်။ ဓာတ် မြေသြဇာ အဆမတန် အသုံးပြု ခြင်းကြောင့် မြေထုတွင် ဓာတုဓာတ်ကြွင်း အာနိသင် များပြားပြီး မြေဆီလွှာ ပျက်ဆီးမှု များ ရင်ဆိုင် နေရသည်။
ကမ္ဘာ့အကြီးဆုံး ဆည်များ ဆောက်လုပ် ခြင်းကြောင့် စွမ်းအင်လိုအပ်ချက် ရရှိပြီး ပို့ဆောင် ဆက်သွယ်ရေး လွယ်ကူလာ သော်လည်း သဘာဝ ပတ်ဝန်းကျင် များစွာ ထိခိုက်ပြီး ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်စေ ခဲ့သည်။ နမူနာ ဆိုရသော် ယန်စီမြစ်ပေါ်ရှိ ရေကာတာကြီး သုံးခုကြောင့် လူပေါင်း ၁၃ သိန်း နေရာ ရွေ့ပေး ခဲ့ရပြီး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများစွာ ရေလွှမ်းမိုး ခံခဲ့ရသည်။ ထိုကြောင့် တရုတ်တို့သည် အနာဂါတ် စွမ်းအင်လိုအပ်ချက် အတွက် အခြားနိုင်ငံများတွင် မြစ်ဆုံကဲ့သို့သော ဆည်များ ဆောက်လုပ်ပြီး ရယူရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ သဘာဝ ပတ်ဝန်းကျင် နှင့် ရာသီဥတု ပြောင်းလဲ ခြင်းကို ပြန်လည် ထိန်းသိမ်းရန် စီစဉ် နေသည်။
လူဦးရေ များပြားခြင်း ကြောင့် စားနပ်ရိက္ခာ ဖူလုံရန် မွေးမြူရေး တိုးချဲ့ လုပ်ကိုင်ရသည်။ ထိုနေရာများ တွင် ကြက်/ ငှက် တုပ်ကွေး၊ ဆားစ် ကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပါက ထိန်းချုပ်ရန် အလွန် ခက်ခဲသော အနေ အထား ဖြစ်လာသည်။ တခြား အန္တရာယ်ကြီးသော ကူးစက်ရောဂါ များ လည်း ပြန့် ပွားနေသည်။ ၂၀၁၀ တွင် HIV ရောဂါသည် ၁ သန်း ခန့် ရှိသည် ဟုခန့်မှန်းရသည်။
ကွန်မြူနစ် ပါတီ စနစ်ကို မဖျက်သိမ်း သေးသော ကြောင့် လူအခွင့်အရေး နှင့် ဒီမိုကရေစီ ဖော်ဆောင် ရာတွင် လည်း ပြဿနာ များစွာ ရှိနေသည်။ စီးပွားရေးကို တိုးတက် ရန်သာ အဓိက တွန်းအား ပေးခဲ့သောကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှု များစွာ ဖြစ်ပေါ်လာသည်။ အမြတ် ရမည် ဆိုပါက မည်သည့် အလုပ်မဆို မကြောက် မရွံ့လုပ်လာ ကြသည်။
မူပိုင်ခွင့် ရဲတင်းစွာ ချိုးဖောက် ကြသည်။ အစိုးရ မှလည်း ထိရောက်စွာ အရေးမယူ။ စျေးပေါသော အလုပ်သမားထု ကြီး ကို မက်၍ လာရောက် ရင်းနှီး မြုပ်နှံသူတိုင်း တရုတ်တို့၏ မူပိုင်ခွင့် ချိုးဖောက်မှု နှင့် နည်းပညာ စုပ်ယူမှု ခံရသည်။ ၂၀၀၄ ခုနှစ်တွင် ဒေါ်လာ ၅၆ ဘီလီယံ စတင် မြုပ်နှံ ခဲ့သော အနောက် ကမ္ဘာ နှင့် ဂျပန် တို့မှာ အထိအနာဆုံး ဖြစ်သည်။ တွက်ချက်မှု များအရ မူပိုင်ခွင့် ချိုးဖောက်မှုကြောင့် ဒေါ်လာ ၆၀ ဘီလီယံခန့် နှစ်စဉ် ဆုံးရှုံးသည်။ နည်းပညာ စုပ်ယူ ခံရသည် ကိုပါ ထည့်တွက် ပါက ရင်းနှီး မြုပ်နှံသူများ များစွာအရှုံးပေါ် ခဲ့သည်။ ထိုကြောင့် တရုတ်တို့နှင့် ဆက်ဆံ ရမည်ကို လုပ်ငန်းရှင်များ စိတ်ကုန် လာကြသည်။
၁၉၈၀ တရုတ်ပြောင်းလဲမှုကို ဦးဆောင်ခဲ့သော ယခု အသက် ၆၀ နှင့် ၇၅ နှစ်ကြားရှိ မီးငှက် မျိုးဆက် များမှာ အလွန် ဆင်းရဲသော တံခါးပိတ် အုပ်ချုပ်မှုအောက် ကာလကို ဖြတ်သန်းခဲ့ရဖြင့် ရုပ်ဝတ္ထု မက်မောမှု နည်းသည်။ ပညာ မတတ်ကြ။ နှိမ်နှိမ်ချချ နေကြသည်။ ခြိုးခြိုး ခြံခြံ နေ၍ ပြင်းထန်စွာ ကြိုးစား ကြသည်။ ယခု မျိုးဆက်ကား တရုတ်ပြည် ချမ်းသာချိန်တွင် မွေး၍ နိုင်ငံ တကာနှင့် ရင်ဘောင်တန်း နိုင်သော ပညာ၊ ဘာသာစကား၊ ကြွယ်ဝမှု နှင့် နည်းပညာတို့ ရရှိပြီး ယခင် မျိုးဆက် များထက်ပင် အဆမတန် ပိုမို ချမ်းသာလာ ကြသည်။ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန် လာပြီး ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ မက်မောမှု၊ ကျင့်ဝတ် မစောင့်ထိန်းမှု၊ အလွန် အမင်း ဇိမ်ခံမှု နှင့် မောက်မာမှု တို့စတင် သန္ဓေ တည်နေပြီ ဖြစ်သည်။
ယခုနှစ်ထဲပင် တရုတ် အချမ်းသာဆုံး ပုဂ္ဂိုလ် ဝမ်ကျန်လင်၏ သားမှ သာမန်လူ ဝယ်မဝတ် နိုင်သော Apple Watch နှစ်လုံးကို ၎င်းအိမ်မွေးခွေး လက်တွင် ပတ်ပေး၍ လူမှုကွန်ယက်တွင် ဓာတ်ပုံ ရိုက်တင် ကြွားလုံးထုတ် ခဲ့ရာ ဝေဖန်မှု များစွာ ကြုံခဲ့ရသည်။ သိန်းထောင် ဂဏန်းတန် လက်ပတ် နာရီ ပတ်၍ ဓာတ်ပုံ ရိုက်တင် ကြွားသော မြန်မာ နိုင်ငံရှိ သူဌေးသား များကဲ့သို့ပင်ဖြစ်ပါသည်။ လူတန်းစား ကွာဟမှု အလွန် ကြီးမား လာပြီး အာဏာပိုင် များနှင့် ဘီလီယံနာ များ၏ သားသမီး များမှာ အနောက်ကမ္ဘာမှ အကောင်းဆုံး ပြိုင်ကားများ၊ နာရီ၊ လူသုံးကုန်၊ အဝတ်အထည်နှင့် ဇိမ်ခံ ပစ္စည်း များ အလျှံပယ် ပြိုင်ဆိုင် သုံးဖြုန်း နေသောကြောင့် ပြည်သူ များကြား မကျေနပ်မှု တိုးပွား လာသည်။
အနောက်ကမ္ဘာမှ တရုတ်ပြည် ထုတ်ကုန် များကို ကန့်သတ်၍ တရုတ် ကြီးထွားလာမှုကို ရပ်တန့်လို လှသော်လည်း တရုတ်တို့၏ ကမ္ဘာ အကြီးဆုံး စျေးကွက် နှင့် စျေးပေါသော လုပ်သားထု ကို လက်လွတ် မခံနိုင်ခြင်း၊ အရည်အသွေး ကောင်း၍ စျေးပေါသော ထုတ်ကုန် ရရှိနေခြင်း နှင့် တရုတ် ပြည်တွင်း ကျွံဝင်နေသော ရင်းနှီးမြုပ်နှံမှု များကြောင့် အခက်တွေ့နေပါသည်။ ဥပမာ အမေရိကန်မှ တရုတ်လုပ် ပုဇွန်၊ သားငါး များကို အရည် အသွေး မမှီဟု ဆိုပြီး ပိတ်လိုက်ရာ တရုတ်ရှိ ဥရောပ လုပ်ငန်းရှင်များ၏ စက်ရုံထွက် ပစ္စည်းများက ပိုများနေသည်။ ဥရောပမှ တရုတ် ပစ္စည်းကို စံချိန်မမှီဟု ဆိုပြီး ပိတ်ပြန်ရာ တရုတ်ရှိ အမေရိကန် လုပ်ငန်းရှင် များ၏ စီးပွားရေး အထိနာပြန်သည်။ ဂျပန် မှာလည်း ရှိသမျှ နည်းပညာနှင့် မူပိုင်ခွင့် များအကုန် ကူးယူခံရသဖြင့် အကြပ်ရိုက် နေသည်။
အာဆီယံ အနေဖြင့် တရုတ်၏ ပါဝါကို ထိန်းချုပ်ချင်သော အနောက်ကမ္ဘာ အတွက် စျေးပေါသော လုပ်သားထု၊ တန်ဖိုးသင့် အရည် အသွေးရှိ ထုတ်ကုန်များ၊ ဥပဒေ စိုးမိုးမှု နှင့် ရင်းနှီး မြုပ်နှံမှု များ အပေါ် စနစ် တကျ အကာအကွယ် ပေးမှုများ ဖန်တီးပေးနိုင် ပါက အခွင့်အလမ်း ကြီးစွာ ရှိပါသည်။ စင်ကာပူ၊ ထိုင်း နှင့် မလေးရှား တို့ မှာ လုပ်ခ လစာ အတန်အသင့် မြင့်မားနေပြီ ဖြစ်၍ လက်ကျန် မြန်မာ၊ ဗီယက်နမ်၊ လာအို နှင့် ကမ္ဘောဒီးယား တို့အတွက် အခွင့်အလမ်းကို ရယူရန် အကောင်းဆုံး အချိန်ဖြစ်ပါသည်။ ဗီယက်နမ်မှ ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ပြီး ကောင်းစွာ အခွင့်အရေး ယူခဲ့သည်။
မြန်မာနိုင်ငံသာ စနစ်ပြောင်းလဲမှု ထိရောက်စွာ လုပ်နိုင်ပါက မဟာဗျူဟာမြောက် ပထဝီ အနေ အထား၊ စိုက်ပျိုးမြေ များပြားမှု၊ သယံဇာတ ကြွယ်ဝမှု၊ ပေါများလှသည့် ရေချို အရင်းအမြစ်၊ သန်းငါးဆယ် ရှိသော စျေးကွက် နှင့် တနေ့ သုံးဒေါ်လာပင် မရသေးသော လုပ်သားထု ကြောင့် ဓားမ နောက်ပိတ်ခွေး ဖြစ်ခဲ့ရသော တိုင်းပြည် ဘဝမှ အာရှ၏ အံ့သြဖွယ်ရာ တစ်ခု အဖြစ် ပြန် ခုန်တက် လာရန် အခွင့် အလမ်း ကြီးစွာ ရှိနေပါသည်။
(အပိုင်း ၉) ဇာတ်သိမ်းပိုင်း ဆက်တင်ပါမည်။
ဖီးနစ် သို့ မီးငှက် (၉) (ဇာတ်သိမ်း)
တရုတ်တို့သည် ၎င်းတို့ နှစ်ရှည်လများ ခံစား ခဲ့ရသည့် မခံချင်စိတ်ကို စစ်ရေးတွင် မဖောက်ခွဲဘဲ စီးပွားရေးတွင် ဖောက်ခွဲခဲ့ ခြင်းကြောင့် ကြီးမားသော အောင်မြင်မှု ရခဲ့သည်။ အဆင်းရဲဆုံး နိုင်ငံဘဝမှ ထိပ်တန်း နိုင်ငံ များကို လျင်မြန်စွာ ကျော်ဖြတ်လာပြီး ကမ္ဘာ့ ဒုတိယ နေရာသို့ ရောက်ရှိ လာသည်။ ရာစုသစ်၏ နံပါတ်တစ် အဖြစ် ဆက်ခံဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။ ကမ္ဘာ့ ကုန်သွယ်ရေး တွင် ဖြစ်စေ၊ ကမ္ဘာကြီး ပူနွေးလာမှု တွင် ဖြစ်စေ၊ မြောက် ကိုရီးယား အရေးတွင် ဖြစ်စေ တရုတ်တို့ မပါဘဲ ဖြေရှင်း၍ မရတော့သော အခြေအနေ သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည်။
စူပါပါဝါ ဖြစ်လာ တော့မည့် ထို တရုတ်နိုင်ငံ သည် တချိန်တုန်းက
– ဥရောပသားတို့၏ ဘိန်းကြွေးမှုကြောင့် လမ်းဘေးရှိ လေလွင့် ကလေးလေး များကို လက်တွန်းလှည်း ဖြင့် လိုက်ကောက် ခဲ့ရသည့်နိုင်ငံ ဖြစ်သည်။
– ဆန်ပြုတ်ဖြူ တပန်းကန်ကို ဆားခတ်ပြီး လူများ ဝိုင်းသောက် ခဲ့ရသည့်နိုင်ငံ ဖြစ်သည်။
– ကျားမ အားလုံး ဇင်ပိတ်ပြာကိုသာ ဝတ်ဆင် ခဲ့ရသည့် နိုင်ငံ ဖြစ်သည်။
– အစာ ငတ်ပြတ်မှုကြောင့် လူသန်း၃၀ကျော် သေဆုံး ခဲ့ရသော နိုင်ငံ ဖြစ်ပါသည်။
– ဖက်ဆစ် ဂျပန်တို့၏ စော်ကားမှုနှင့် အရှက်ခွဲ ခံရမှုကို အနစ်နာဆုံး ခံခဲ့ရသည့် နိုင်ငံ ဖြစ်သည်။
– မှားယွင်းသည့် မူဝါဒများကြောင့် တိုင်းပြည် တည်ထောင်ပြီး နှစ်သုံးဆယ် ကျော် ဒုက္ခ ပင်လယ်ဝေ ခဲ့ရသော နိုင်ငံဖြစ်သည်။
– အမျိုးသမီးများကို မကျွေးနိုင်တော့၍ အမေရိကန်သာ လိုချင်ပါက ပို့ပေးပါမည်ဟု ဇာတိပုည ဂုဏ် မာနကို အောက်ချ၍ ကမ်းလှမ်း ခဲ့ရသော နိုင်ငံ ဖြစ်သည်။
– စားစရာ မရှိအောင် ဆင်းရဲနေသည့် ကြားမှ ကမ္ဘာ ပါဝါလွန် အမေရိကန်နှင့် စစ်စရိတ် ကြီးမားစွာ တိုက်ခိုက် ခဲ့ရသော နိုင်ငံ ဖြစ်သည်။
– ကမ္ဘာ့ဒုတိယ စစ်အင်အား အကြီးဆုံး ဆိုဗီယက် ၏ ခြိမ်းခြောက်မှုကြားမှ အဏုမြူ စစ်အင်အား ရအောင် တည်ဆောက်နိုင် ခဲ့သော နိုင်ငံ ဖြစ်သည်။
– အပေါစား ဖီးနစ်တံဆိပ် ရာဘာ ဖိနပ်ကို နှစ်ပေါက်အောင် စီး၍ ပြည်ပတွင် တနေ့နာရီ ၂၀ ထိ အလုပ်လုပ်ပြီး ကျွန်ခံခဲ့ရသူ တို့၏ နိုင်ငံ ဖြစ်သည်။
ခေါင်းဆောင်ကောင်း တစ်ဦး တက်လာပြီး ဦးဆောင်မှု မှန်သည်နှင့် ထို အဆင်းရဲဆုံး နိုင်ငံကို နှစ်သုံးဆယ် အတွင်း မျက်လှည့်ပြ သကဲ့သို့ပြောင်းလဲ နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် အာရှတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်နေသော်လည်း တရုတ်တို့စတင် ကြိုးစား ခဲ့ရသော အခြေအနေ ထက် အခွင့်အလမ်း များစွာ ပိုသာ နေသေးသည်။ ဥပမာဆိုရသော် မြန်မာ နိုင်ငံ၏ ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမိုင် (၂၆၁၂၀၀) ရှိသည်။ ဧကဖွဲ့မယ်ဆိုပါက ဧက ၁၆၇ သန်းကျော် (၁၆၇,၁၆၈,၀၀၀) ရှိ၏။ ရေခဲတောင် နဲ့ ကျောက်တောင်ထွဋ် တချို့မှအပ စိုက်ပျိုး၍ မရတဲ့ နေရာ မရှိ။ တရုတ်ပြည် တွင် စုစုပေါင်း မြေဧရိယာ ၏ ၁၀ ရာခိုင်နှုန်း သာ စိုက်ပျိုး ၍ ရသည်နှင့် နှိုင်းယှဉ်ရန် ဖြစ်သည်။
တရုတ်ပြည် အငတ်ဘေးမှ ရုန်းထွက်ချိန်တွင် လူဦးရေ သန်း ၉၀၀ ကျော်ပြီး ကုန်ထုတ် လုပ်ငန်း မှာ မြန်မာပြည် ကဲ့သို့ မဖွံ့ဖြိုးသေး။ စိုက်ပျိုးမြေ ရှားပါးလွန်း၍ အစစ အရာရာ ချွေတာရသည်။ ထိုချိန်က တရုတ်ခေါင်းဆောင် များမှာ သန်း ၉၀၀ ကျော် ပါးစပ်ပေါက်ကို ထမင်းပုံမှန် ကြွေးနိုင်ဖို့ အရူး မီးဝိုင်းနေချိန် ဖြစ်သည်။
မြန်မာနိုင်ငံ တွင် လူဦးရေ ၅၁ သန်း ခန့်သာ ရှိသည်။ မြေဧကနဲ့ စားကြည့်ပါက လူတစ်ဦး အတွက် (၃.၂၇) ဧကစာ စိုက်ပျိုးမြေ ရှိ၏။ မိသားစု တစ်စု အတွက် စိုက်ပျိုးမြေ အနည်းဆုံး ၁၅ ဧက ကနေ ဧက ၂၀ ကျော် ရှိသည်။ ကျိန်းသေ ပေါက် ကြွယ်ဝ ချမ်းသာ ရမယ့် နိုင်ငံ ဖြစ်သည်။ စားနပ် ရိက္ခာ ပိုလျှံပြီး ကမ္ဘာ လူဦးရေ အများဆုံး အဆင့် (၁၊ ၂၊ ၈) ရှိသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း သုံးနိုင်ငံသို့ ထုတ်ကုန် များ ကောင်းစွာ ပြန်လည် တင်ပို့ရောင်းချ နိုင်ရမည့် နိုင်ငံ ဖြစ်သည်။ လူဦးရေ ၁၅၆ သန်းကျော် ရှိသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် သည် ရှမ်းပြည်နယ် အကျယ်အဝန်းသာ ရှိပါသည်။
ရေသယံဇာတ ကိုကြည့်ရအောင်။ ရေချို မြစ်ကြီး ၄ စင်းနဲ့ မြစ်ငယ် များစွာ ရှိသည်။ အဖိုးတန် သစ်တောများ၊ မြေဆီလွှာများလည်း ရှိသေးသည်။ မြေအောက် သယံဇာတ (ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မျက် နှင့် တွင်းထွက် ဓာတ်သတ္ထုများ)၊ ပင်လယ် သယံဇာတ နှင့် ပထဝီ အနေအထား အချက်အခြာ ကျမှု ပါထည့်တွက်ရင် အလွန် ကြွယ်ဝသော နိုင်ငံ ဖြစ်ပါသည်။
ထို ကြွယ်ဝမှုသည် ယခင်ကလို စစ်အုပ်စုနှင့် အပေါင်းအပါ တသိုက် တို့အတွက်သာ မဖြစ်သင့်ပါ။ ရန်ကုန်၊ မန္တလေးရှိ အခြေခံ လူတန်းစား များ အတွက်သာ မက ကချင်ပြည် နှင့် ရှမ်းပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည် များအတွက်လည်း ဖြစ်သင့်ပါသည်။ မိုးခေါင် ရေရှား အညာသား ကြီး များနှင့် နာဂစ် ဒဏ်ခံ ဧရာဝတီတိုင်း အပါအဝင် ရခိုင်ရိုးမနှင့် ချင်း တောင်တန်းမှ တိုင်းရင်းသားများ အတွက်ပါ အကျုံးဝင် ရမည်။ မွန်၊ ကရင်၊ ကယား လူမျိုးစု များနှင့် တနင်္လာရီတိုင်း ကျွန်းစု များမှ မျိုးနွယ်စု များအတွက်ပါ သက်ဆိုင်ရမည် ဖြစ်သည်။
ရွှေရောင် အခွင့်အလမ်း သည် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ က လက်သန်းပြာ များ ထောင်၍ မြန်မာပြည်သို့ တကျော့ပြန် ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် အခွင့်အလမ်းနှင့် ခေါင်းဆောင်ကောင်း ရရှိရုံနှင့် မပြီး။ ပြည်တွင်း ပြည်ပရှိ ပြည်သူတို့ ပြင်းထန်စွာ ကြိုးစားမှ ဓားမ နောက်ပိတ်ခွေး ဘဝမှ လွတ် နိုင်မည် ဆိုသော အချက်ကို ထင်ရှားစေရန် ရည်ရွယ်၍ မီးငှက် စာစဉ် ကိုရေးပါသည်။
အံ့မခန်း ပြောင်းလဲခဲ့သော တရုတ်တို့ကို လေ့လာကြည့်ပါက
၁။ ခေါင်းဆောင်များ၏ တိုင်းပြည်ကို အမှန်တကယ် ချစ်စိတ်ရှိခြင်းနှင့် မှန်ကန်သော ဦးဆောင်မှု
၂။ အနောက်ကမ္ဘာမှ ကျော်တက်သွားသော နှစ်နှစ်ရာစာ နည်းပညာကို အချိန်တိုအတွင်း ပြန်လည် စုပ်ယူနိုင်ခဲ့မှု
၃။ အသုံးမဝင်သည့် သန်း တစ်ထောင် လုပ်သားထုကို ကုန်ထုတ် လုပ်ငန်း အတွက် အသုံးဝင်သော သူများ ဖြစ်အောင် ပြောင်းလဲ ပေးခဲ့သော ပညာရေးစနစ်
၄။ ကွန်မြူနစ် စနစ် ဖြစ်ပါလျက် ရဲတင်းစွာ စျေးကွက် တံခါးဖွင့်ခဲ့သော မူဝါဒ နှင့်
၅။ ပြည်ပ ရင်းနှီးမြုပ်နှံမှု များ ရောက်လာစေခဲ့သော အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများ
ကို အဓိက အဖြစ်တွေ့ရမည် ဖြစ်သည်။
အရေးအကြီးဆုံး အချက်မှာ တရုတ် မီးငှက် မျိုးဆက် လူငယ် များ၏ ကြိုးစားမှုပင် ဖြစ်သည်။ ပြည်တွင်းနှင့် ပြည်ပ ရောက်နေသော ဖီးနစ်တို့၏ ဆင်းရဲတွင်းမှ ခုန်ထွက်လိုစိတ်၊ ရန်သူတော် ဂျပန်၊ ထိုင်ဝမ်နှင့် အနောက် ကမ္ဘာ၏ တိုးတက်မှုကို အောက်ကျ မခံလိုသည့် စစ်မှန်သော အမျိုးသားရေး စိတ်တို့က ခေတ်သစ် တရုတ်ပြည်ကို မွေးဖွားပေး ခဲ့ပါသည်။
ထို မီးငှက်မျိုးဆက်သည် ယခု အသက် ၇၀ – ၈၀ တန်းကို ရောက်နေပြီ ဖြစ်ပါသည်။ အိပ်ပျော် နေသော တရုတ် နဂါးကြီးကို ၎င်းတို့၏ ချွေးစက်၊ မျက်ရည်စက်များ ဖြင့် လန့်နိုးစေ ခဲ့သည်။ ယခု အချိန် တွင်တော့ သူတို့ လက်ဖြင့် ပင်ပန်း ကြီးစွာ တည်ဆောက် ခဲ့ရသော မိခင်နိုင်ငံ အကြောင်း သားသမီး မြေးမြစ် များကို ဂုဏ်ယူစွာ ပြန်ပြော နိုင်ပြီ ဖြစ်သည်။
တချိန်က တိုင်းပြည်က ကျွေးထားခဲ့ရသော တရုတ် လူငယ်တို့၏ ပါးစပ်ပေါက်များကို ခေါင်းဆောင်တို့မှ မိခင်တိုင်းပြည် အတွက် ပြန်အန်ထုတ် ကျွေးမွေး သည့် ပါးစပ်များ ဖြစ်အောင် စွမ်းဆောင်ခဲ့ပါသည်။ ပြီးခဲ့သော နှစ်သစ်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်း စုကြည်မှလည်း ပြည်သူတို့ကို တိုင်းပြည် အတွက် နှစ်သစ် လက်ဆောင် ပေးဆပ် ရန်သာ ပြင်ဆင် ထားဖို့ ပြောခဲ့ပါသည်။ လက်ရှိ မြန်မာ မျိုးဆက် အနေဖြင့်လည်း မိခင်တိုင်းပြည်ကို စွမ်းနိုင်သမျှ ပြန်လည် အန်ထုတ် ကျွေးမွေး လိုပါသည်။
တချိန်က အာရှ၏ ကြယ်ပွင့် ဖြစ်ခဲ့ပြီး ယခု အိမ်နီးချင်း နိုင်ငံများကြားတွင် အစစ အရာရာ အောက်ကျ နောက်ကျ နေခဲ့ရသော မြန်မာ ဖီးနစ် မျိုးဆက်များ၏ ရင်ထဲတွင် ပန်းတွေ ပွင့်နေစရာ အကြောင်း မရှိပါ။ မခံချင်စိတ် ဆူးတွေ သီးနေမည်သာ ဖြစ်သည်။
လတ်တလော ထိုင်းတွင် ဖြစ်ခဲ့သော ဝင်းနဲ့ဇော် ကိစ္စ သည် မျက်နှာမွဲ၍ အနိုင်ကျင့်ခံ ခဲ့ရခြင်း ဖြစ်သည်။ တရုတ် သံအမတ် ခေါ်ဆဲ လိုက်သည် နှင့် သစ်ခိုး တရုတ်များကို ၈ ရက်နှင့် လွတ်ပေး ရသည်မှာ လည်း ဆင်းရဲ ၍ ခေါင်းငုံ့ခံခဲ့ရခြင်း ဖြစ်သည်။ မလေးရှားတွင် သတ်ခံရသော ကိုယ့်နိုင်ငံသား များကို ကာကွယ်မှု မလုပ်နိုင် ခဲ့သည်မှာလည်း အင်အားမရှိ သော အခြေအနေ ကြောင့် ဖြစ်သည်။ တချိန်က ရခိုင်ဘုရင် ပိုင်ခဲ့သော ဘင်္ဂလားဒေ့ရှ်ကို ရေပိုင်နက် အချို့ ပေးလိုက် ရသည် မှာလည်း ပြည်ပကို ခပ်မာမာ တုံ့ပြန်နိုင်သော အနေအထား မရှိသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ ရင်ထဲ အရှက်တကွဲ စူးဝင်ခဲ့ရသော ဆူးများကို ဆွဲနှုတ်ရန် အချိန်ကျ လာပါပြီ။ လာမယ့် နှစ်နှစ်ဆယ် အတွင်း မြန်မာ မီးငှက် များမှ အနာဂါတ် မျိုးဆက် အတွက် သမိုင်းပေး တာဝန် အဖြစ် အမိမြေကို ဆင်းရဲတွင်းမှ အမြန် ဆွဲထုတ်ရပါမည်။
ကွန်မြူနစ်ကြီး တိန့်က “ချမ်းသာတာ ကျက်သရေ ရှိပါတယ်ကွာ” ဟု ပြောခဲ့သည်။ မှန်၏။ အရင် ချမ်းသာဖို့လိုသည်။ သို့မှသာ မိခင်တိုင်းပြည် နှင့် မောင်နှမ နိုင်ငံသား များကို စောင့်ရှောက် နိုင်မည်။ အထက်ပါ အရှက်တကွဲ အကျိုးနည်း မှု များမှ ကာကွယ်နိုင်မည်။
ဒီလောက် အရေးကြီးသော အချိန်တွင် ဘာသာရေး အရေခြုံ အတုအယောင် အမျိုးသားရေးမျိုး ကို အလိုမရှိပါ။ စစ်မှန်သော အမျိုးသားရေး စိတ်ကိုသာ အလိုရှိပါသည်။
ကျွန်တော်တို့ နှစ်ပေါင်းများစွာ မျိုသိပ်ခဲ့ရသော နာကျည်းစိတ်ကို စီးပွားရေး တွင် ဖောက်ခွဲကြမည်။
ပြီးခဲ့သော နှစ်ငါးဆယ်အတွင်း ခုန်ဆင်း ခဲ့ရသော ဆင်းရဲတွင်းမှ ပြန်တက် ကြမည်။
ရွှေထီး ဆောင်း ခဲ့သော အတိတ်က ရာဇဝင် ရဟတ်ဘီး ကို တပတ် ပြန်လှည့် ပြမည်။
အာရှ၏ နောက်ထပ် အံ့သြဖွယ် အသစ် တစ်ခု ပေါ်ထွက်လာဖို့” မြန်မာ မီးငှက်တို့ တောင်ပံ စခတ်ကြစို့” ဟုဆိုရင်း ဤစာစဉ်ကို အဆုံးသတ် ပါသည်။
ကိုးကားစာများ
- ဆရာ ချစ်စံဝင်း၏ “အံ့မခန်း ဖွင့်ဖြိုး တိုးတက် လာသော တရုတ်ပြည်ဆိုင်ရာ လေ့လာချက် စာတမ်း အမှတ်(၅)” ကို အဓိက ကိုးကားပါသည်။
- ဆရာ ချစ်စံဝင်း၏ “တရုတ်နိုင်ငံ ပညာရေးပြုပြင် ပြောင်းလဲမှု ဆိုင်ရာ လေ့လာချက် စာတမ်း အမှတ်(၄)”
- ဆရာ ကျော်ဝင်း၏ “ရာဇဝင် တွင်ရစ်မယ့် စကားဝိုင်းများ”
- http://www.economist.com/node/1666584
- http://fortune.com/2015/10/15/china-billionaires/
- https://en.wikipedia.org/wiki/Zong_Qinghou
- https://en.m.wikipedia.org/wiki/Three_Gorges_Dam
- https://en.m.wikipedia.org/wiki/Qinghai-Tibet_Railway
- https://en.m.wikipedia.org/wiki/Shenzhou_program
- Photo Credit – Internet & Original Uploader
Author Phyo Ko Ko Naing
လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်လို့မရတော့ဘူးလို့ အရင်က ယုံကြည်လက်ခံခဲ့ကြတယ်။ တကယ်တော့ ဓားတစ်လက်လိုပဲ ဦးနှောက်ဟာလည်း သွေးလေ ထက်လေပါပဲ။ အခုပြောပြမယ့် အချက်တွေဟာ ဉာဏ်ရည်ကို ပိုထက်မြက်စေပါတယ်လို့ သိပ္ပံပညာက အတည်ပြုလက်ခံထားပါတယ်။ အဲဒါတွေကတော့
(၁) ဂီတတူရိယာတစ်ခုကို တီးပါ
တူရိယာကို ဂီတသံဖြစ်အောင် တီးခတ်တဲ့အခါ တီထွင်နိုင်စွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းနဲ့ တခြားအရာတွေကို တိုးတက်စေပါသတဲ့။ တူရိယာတီးခတ်သူတွေဟာ အသက်ဘယ်လောက်ကြီးကြီး ဦးနှောက် မပျက်စီးဘူးလို့ ဆိုပါတယ်။
(၂) ဘယ်စာတွေ့တွေ့ ဖတ်ပါ
သမိန်ပေါသွပ်ကိုပဲ ကြိုက်ကြိုက်၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကိုပဲ ရွေးရွေး၊ ဓမ္မပဒကိုပဲ ကောက်ကိုင်ကိုင် ကိုယ်ကြိုက်တဲ့စာကို ဖတ်ပါ။ စာဖတ်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကိုယ့်ဘဝကို ပိုကျေနပ်နှစ်သိမ့်စေနိုင်တယ်။ ဒါတင်မက ဉာဏ်ရည်ဉာဏ်သွေးကိုလည်း တဖြည်းဖြည်းမြင့်တက်စေပါတယ်တဲ့။ ဉာဏ်ရည်ဆိုရာမှာ ပြဿနာဖြေရှင်းနိုင်စွမ်းစတဲ့ အိုင်ကျူအပြင် လူတစ်ယောက်ကို စာနာနားလည်နိုင်တဲ့ အီးကျူပါ မြင့်တက်စေတာပါ။
(၃) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်း လုပ်တစ်လှည့်၊ မလုပ်တစ်လှည့်လုပ်တာဟာ ဦးနှောက်အတွက် ဘာမှမထူးပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်၊ နားထားလိုက်ထက် မှန်မှန်လေး လေ့ကျင့်ခန်းလုပ်တာဟာ BDNF ခေါ်တဲ့ ပရိုတိန်းတစ်ခုကို ထွက်လာစေပြီး မှတ်ဉာဏ်၊ လေ့လာသင်ယူမှု၊ စူးစိုက်မှုနဲ့ နားလည်မှုတို့ကို တိုးတက်စေပါတယ်။
တစ်ခုသတိထားရမှာက အကြာကြီးထိုင်နေသူတွေဟာ ဒါနဲ့ဆန့်ကျင်ဘက်ဆိုးကျိုးတွေကို ရရှိစေပြီး ဦးနှောက်ပျက်စီးမှု မြန်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။
(၄) ဘာသာစကားအသစ်တစ်ခုကို လေ့လာပါ
ဘာသာစကားအသစ်တစ်ခုကို လေ့လာတာဟာ ဦးနှောက်စွမး်ဆောင်ရည်ကို ခပ်မြန်မြန်မြင့်တက်စေပါတယ်။ ပိုတော်တဲ့သူတွေဟာ ဘာသာစကားတစ်မျိုးထက်ပိုပြောတတ်တာကိုကြည့်ရင် သည်ဆက်စပ်မှုကို လက်ခံနိုင်မှာပါ။
(၅) တတ်မြောက်ထားတဲ့ ပညာကို စစ်ဆေးပါ
ဘယ်ပညာကို မဟာဘွဲ့ရသည်အထိ တတ်လာသည်ဖြစ်စေ ပညာကို အသုံးမချရင် ကိုယ့်ဦးနှောက်ထဲက ပျောက်ကွယ်သွားမှာပါပဲ။ ကိုယ်သိထားတဲ့အသိပညာတစ်ခုကို လက်တွေ့လုပ်ငန်းမှာ အသုံးချရင်တော့ အရင်ထက် ပိုပြီး ကျွမ်းကျင်လာတယ်။ အခက်အခဲတွေ့လာတဲ့အခါမှာလည်း ကိုယ်သိထားတဲ့နယ်ပယ်ကဖြစ်လို့ စိတ်ပါလက်ပါ ဖြေရှင်းချင်စိတ်ရှိတယ်။ သည်လိုနည်းနဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းမြင့်တက်လာပါတယ်။ သည်နယ်ပယ်မှာ တော်သူလည်း ဖြစ်လာပါလိမ့်မယ်။
(၆) ဦးနှောက်ကို အလုပ်ပေးပါ
ဆူဒိုခုတွေ၊ ပဟေဠိတွေ၊ စကားထာတွေက ဦးနှောက်ကို ဖြန့်ကျက်စဉ်းစားအောင် အလုပ်ပေးပါတယ်။ နာ့ဗ်ဆဲလ်တွေက နည်းသစ်တွေနဲ့ တုံ့ပြန်တဲ့အခါ အရင်ကြည့်နေကျ အမြင်၊ တွေးနေကျအတွေးနဲ့ မတူတာတွေကို တွေးခေါ်ကြည့့်မြင်ရပါတော့တယ်။ ကျွန်မတို့ဟာ သည်လိုလည်း စဉ်းစားလို့ရပါလား လို့ အသိပညာရလာပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းလည်း မြင့်တက်လာပါတယ်။
(၇) တရားထိုင်ပါ
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား တရားထိုင်တဲ့အခါ ထူးခြားတဲ့ဦးနှောက်လှိုင်းတွေ ထွက်လာသလားဆိုတာ သိပ္ပံပညာရှင် ရစ်ချက်ဒေးဗစ်ဆင်က စမ်းသပ်ပါတယ်။ ဒလိုင်းလားမားနဲ့ တခြားဘုန်းတော်ကြီးတွေ တရားထိုင်တဲ့အခါထွက်လာတဲ့ ဦးနှောက်လှိုင်းတွေကို စစ်ဆေးတဲ့အခါ သူတို့ဟာ စိတ်ရဲ့ငြိမ်သက်ခြင်းကို ရောက်နေကြောင်း စစ်ဆေးတွေ့ရပါတယ်။ အတွေးတွေနဲ့ ယောက်ယက်ခတ်မနေဘဲ စိတ်ဟာ တည်ငြိမ်အေးဆေးနေတဲ့အခါ မှတ်လိုရာကို ပြတ်ပြတ်ထင်ထင် မှတ်မိတယ်။ တော်တော်နဲ့ မမေ့ဘူး။ ဒါကို ဉာဏ်ကောင်းတယ်လို့ ခေါ်တာပါပဲ။
လူနဲ့တိရစ္ဆာန်ကွာခြားချက်က ဦးနှောက်ပါပဲ။ အဆင့်အတန်းမြင့်တဲ့၊ အောင်မြင်တဲ့၊ ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဦးနှောက်ထက်မြက်ဖို့က အဓိကကျပါတယ်။ သည် ၇ ချက်ကို တတ်နိုင်သလောက် ကျင့်သုံးရင်း အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
Credit: စုပြည့်စုံ
Ref: Entrepreneur
အများကို လွှမ်းမိုးနိုင်သည့် ဦးဆောင်သူဖြစ်ဖို့#Money
တစ်ခါတစ်လေမှာ တစ်ချို့ကိစ္စတွေဟာ ကျွန်တော်တို့ ထင်မြင်ယူဆထားသလို ဖြစ်မလာတတ်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေကတော့ အားလုံးရဲ့ထင်မြင်ယူဆချက်တွေနဲ့ ဆန့်ကျင့်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်ကြပါတယ်။ ဥပမာပြောရရင် နည်းပညာလုပ်ငန်းချင်းအတူတူမှာ Apple က ဘာကြောင့်များ ဆန်းသစ်တီထွင်မှုတွေ ရှိနေတာလဲ၊ လူမဲတန်းတူအခွင့်အရေးရဖို့ တိုက်ပွဲဝင်ခဲ့သူတွေ အများကြီးထဲကမှ Martin Luther King ကို ဘာကြောင့် လူသိများရတာလဲ။ လေယာဉ်ပျံတီထွင်နိုင်တဲ့ အခြားအဖွဲ့အစည်းတွေရှိခဲ့ပေမယ့် ဘာကြောင့်များ Wright ညီနောင်က ထင်ရှားကျော်ကြားရတာလဲ ဆိုတာက စဉ်းစားစရာပဲ ဖြစ်ပါတယ်။
တကယ်တော့ Apple၊ Martin Luther King နဲ့ Wright ညီနောင်တို့သာမက ကမ္ဘာမှာရှိတဲ့အခြားသော လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုဟ်တွေအားလုံးဟာ နည်းလမ်းတစ်ခုတည်းနဲ့ပဲ တွေးခေါ်ပြုမူ၊ ပြောဆိုဆက်သွယ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကလည်း ကမ္ဘာမှာ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ Golden Circle လို့ ခေါ်ပါတယ်။
Why? How? What? တို့နဲ့ ဖွဲ့စည်းထားတဲ့ Golden Circle ဖြစ်ပါတယ်။ ဒီ Golden Circle ကို မှန်မှန်ကန်ကန်အသုံးပြုပြီး တစ်ချို့သောခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ လူတွေရဲ့စိတ်ကို လွှမ်းမိုးရယူနိုင်ကြတာဖြစ်ပါတယ်။ ဒီ Golden Circle သဘောတရားမှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် သူတို့ဘာလုပ်တာလဲဆိုတဲ့ What ကို (၁၀၀)ရာခိုင်နှုန်း သိကြပါတယ်။ တချို့ကတော့ ဘယ်လိုလုပ်မှာလဲဆိုတဲ့ How ကိုသိကြပါတယ်။ ဒါ့ပေမယ့် ဘာကြောင့်လုပ်ရတာလဲဆိုတဲ့ Why ကိုသိတဲ့ လူပုဂ္ဂိုဟ်နဲ့အဖွဲ့အစည်းကတော့ အရမ်းကိုနည်းပါတယ်။ ဘာပဲလုပ်လုပ် အကျိုးအမြတ်ရချင်လို့ ဆိုတဲ့ Why မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတဲ့ Why က သင့်ရည်ရွယ်ချက်က ဘာလဲ? အကြောင်းရင်း၊ ယုံကြည်မှုက ဘာလဲ? သင့်အဖွဲ့အစည်း ဘာအတွက်ရပ်တည်နေတာလဲ? သင် ဘာအတွက် မနက်တိုင်း အိပ်ရာထဲက ထလာတာလဲ? စတဲ့ သင်လုပ်နေတာကို ဘာကြောင့်လုပ်နေရတာလဲဆိုတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အများစုက အရိုးရှင်းဆုံး What ကနေစပြီး အရှုပ်ထွေးဆုံး Why ဆီကိုသွားတဲ့ အပြင်မှအတွင်းသို့ ချဉ်းကပ်မှုကိုပဲ လုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမယ့် အခြားလူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်နည်းလမ်းဖြစ်တဲ့ အတွင်းမှ အပြင်သို့ ချဉ်းကပ်မှုကို သုံးလေ့ရှိပါတယ်။
အားလုံးကသိကြတဲ့ Apple ကုမ္ပဏီကို ဥပမာထားပါရစေ။ အကယ်၍ Apple ကုမ္ပဏီက အခြားကုမ္ပဏီတွေလိုပဲ “ကျွန်တော်တို့ဆီက အကောင်းဆုံးကွန်ပျူတာတွေ ထုတ်လုပ်ပါတယ်။ ဒီကွန်ပျူတာတွေက ဒီဇိုင်းသေသပ်လှပပြီး အသုံးပြုရလွယ်ကူပါတယ်။ တစ်လုံးလောက် ဝယ်ယူသုံးစွဲကြည့်ပါ” လို့ ကြော်ငြာမယ်ဆိုရင် သင်ဝယ်ချင်ပါသလား။ သင့်စိတ်ကို ထူးထူးခြားခြားမဆွဲဆောင်နိုင်ဘူးဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ အများစုက ဒီလိုပဲ ဆက်သွယ်လေ့ရှိကြပါတယ်။ ကျွန်တော်တို့ ဘာလုပ်ထားတယ်။ ဘယ်လို ကွဲပြားတယ်ဆိုတာလောက်ကိုပဲ အလေးပေးဖော်ပြနေကြပါတယ်။ ဒီနည်းလမ်းက လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။
Apple ရဲ့ ဆက်သွယ်ပုံကတော့ ဒီလိုပါ။
“ကျွန်တော်တို့ဘာပဲလုပ်လုပ် အခြေအနေတစ်ရပ်ကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကွဲပြားခြားနားတဲ့ တွေးခေါ်မှုတွေကို ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။ လက်ရှိအခြေအနေကို ပြောင်းလဲပစ်လိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ဒီဇိုင်းဆန်းသစ်ပြီး သုံးစွဲသူအဆင်ပြေအောင် ဖန်တီးထုတ်လုပ်ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အကောင်းဆုံးကွန်ပျူတာတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်လုံးလောက် စမ်းသုံးကြည့်ပါ။”
ဆက်သွယ်ပုံခြားနားချက်ကို သင်မြင်ပါသလား။ ကွန်ပျူတာတစ်လုံးလောက် ဝယ်သုံးကြည့်ချင်စိတ်ပေါ်သွားမှာ သေချာပါတယ်။ အဓိကအချက်ကတော့ လူတွေက သင်ဘာလုပ်လဲဆိုတာက ကြည့်တာမဟုတ်ပါဘူး။ သင်ဘာကြောင့်လုပ်လဲဆိုတာကိုပဲ ကြည့်တတ်ကြတယ်ဆိုတာပါပဲ။
ဒီလိုဆက်သွယ်လွှမ်းမိုးနိုင်မှုကြောင့်ပဲ ကျွန်တော်တို့အားလုံးက Apple ကွန်ပျူတာတွေကို ဝယ်ချင်ကြသလို Apple ထုတ်လုပ်တဲ့ MP3 player နဲ့ မိုဘိုင်းလ်ဖုန်းတွေကိုလည်း ယုံယုံကြည်ကြည် ဝယ်ယူသုံးစွဲလိုစိတ်ရှိကြပါတယ်။ တကယ်တော့ Apple က သူ့ရဲ့ပြိုင်ဖက်တွေနည်းတူ ကွန်ပျူတာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အခြားနည်းပညာကုမ္ပဏီတွေလည်း Apple ထုတ်ကုန်တွေလောက် အရည်အသွေးရှိတဲ့ ပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြပါတယ်။ Dell ကုမ္ပဏီက MP3 စက်တွေနဲ့ DVR စက်တွေ ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝယ်ယူသုံးစွဲသူ အလွန်နည်းပါတယ်။ ဘာကြောင့်မျာ Dell ကုမ္ပဏီထုတ် MP3 ကို မဝယ်ချင်ရတာလဲ စဉ်းစားကြည့်ပါ။ အဖြေက ရှင်းပါတယ်။ Dell က ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေလို့ပါ။ ဒီလောက်ဆိုရင် လူတွေက သင်ဘာလုပ်လဲဆိုတာထက် ဘာကြောင့်လုပ်တာလဲဆိုတာကို ပိုစိတ်ဝင်စားတတ်ကြတာကို သဘောပေါက်မှာပါ။
Golden Circle ကို အတွင်းကနေ အပြင်ကို ပြောင်းပြန်ဆက်သွယ်တဲ့နည်းလမ်းဟာ အယူအဆ သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို Golden Circle ရဲ့ ပါဝင်အစိတ်အပိုင်းတွေအတိုင်း အပိုင်း(၃)ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Neocortex လို့ ခေါ်တဲ့ ဦးနှောက်ရဲ့ အပြင်ဖက်ဆုံးအလွှာဟာ What ကို ကိုယ်စားပြုပါတယ်။ ကျိုးကြောင်းဝေဖန်မှုတွေ၊ ဘာသာစကား ဆန်းစစ်မှုတွေကို တာဝန်ယူလုပ်ဆောင်ပေးတဲ့အပိုင်းဖြစ်ပါတယ်။ အတွင်းဖက်အပိုင်း(၂)ခုကတော့ Limbic brains လို့ခေါ်ပြီး ယုံကြည်မှု၊ သစ္စာတရား စတဲ့ခံစားချက်တွေကို သိရှိတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအတွင်းပိုင်း(၂)ခုက လူတွေရဲ့အပြုအမူ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း တွေကို တာဝန်ယူလုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အပြင်ကနေ အတွင်းကို ဆက်သွယ်မယ်ဆိုရင် လူတွေက အကျိုးရှိမရှိ၊ ကောင်းမကောင်း အချက်အလက်တွေကို နားလည်နိုင်မှာဖြစ်ပေမယ့် သူတို့ရဲ့အပြုအမူကိုတော့ လှုံ့ဆော်နိုင်စွမ်းမရှိပါဘူး။ အတွင်းမှအပြင်သို့ ဆက်သွယ်ရာမှာတော့ ကျွန်တော်တို့ဟာ အပြုအမူကိုတာဝန်ယူထားတဲ့ အပိုင်းကို တိုက်ရိုက်ဆက်သွယ်ပြောဆိုတာဖြစ်ပါတယ်။ ပြီးတော့မှ ဒီအချက်ကို ခိုင်မာစေနိုင်တဲ့ အရာတွေနဲ့ ထပ်လောင်းပြီး ယုံကြည်မှုကို ရယူတာဖြစ်ပါတယ်။ ဒါ့ကြောင့် အတွင်းမှ အပြင်သို့ ဆက်သွယ်မှုကို လူတွေက ပိုပြီး ယုံကြည်သက်ဝင်တတ်ကြတာဖြစ်ပါတယ်။
သင့်ရဲ့ Why ကို သင်ကိုယ်တိုင်မသိရင် အခြားလူတွေကလည်း သိမှာမဟုတ်ပါဘူး။ ဒါဆို လူတွေကို သင်ပြောတာလက်ခံလာအောင် ဘယ်လိုပြောပြောရမှာမဟုတ်သလို သင်ဖြစ်စေချင်တာကို ဖြစ်လာဖို့လည်း တတ်နိုင်မှာမဟုတ်ပါဘူး။ အဓိကဆိုလိုရင်းက လူတွေကို သင်ယုံကြည်တဲ့အတိုင်း ထပ်တူယုံကြည်လာစေဖို့ပဲ ဖြစ်ပါတယ်။ ယုံကြည်ချက်တူတဲ့သူတွေနဲ့အတူ အလုပ်တွဲလုပ်ဖို့ပါ။ အကယ်၍ အလုပ်လိုအပ်သူတစ်ယောက်ကို အလုပ်ပေးလိုက်တယ်ဆိုပါစို့။ သူက ငွေကြေးအတွက်ပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင်နဲ့ ယုံကြည်ချက်တူသူတစ်ယောက်ကို အလုပ်ပေးလိုက်တယ်ဆိုရင်တော့ သွေးချွေးနဲ့ရင်းပြီး သင့်အတွက် အလုပ်လုပ်ပေးပါလိမ့်မယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Wright ညီနောင်က ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။
၂၀ ရာစုနှစ်အစပိုင်းမှာတုန်းက လူတွေကောင်းကင်မှာ ပျံသန်းသွားနိုင်ဖို့ လူတိုင်းက စိတ်ဝင်စားကြပါတယ်။ ဒီကိစ္စအောင်မြင်ဖို့အတွက် Samuel Pierpont Langley ဆိုသူက လုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ Samuel ကို ကောင်းကင်မှာပျံသန်းနိုင်တဲ့ ယန္တရားတီထွင်ဖို့အတွက် စစ်ဘက်က ဒေါ်လာ(၅၀၀၀၀) ပံပိုးပေးပါတယ်။ ဒါ့ကြောင့် သူက အတော်ဆုံးပုဂ္ဂိုဟ်တွေကို ငှားယမ်းပြီး လုပ်ဆောင်ခဲ့ပါတယ်။ နာမည်ကျော် သတင်းစာတွေကလည်း သူနောက်ကို တစ်ကောက်ကောက်လိုက်ပြီး သတင်းတွေ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ အများစုက သူ့အကြောင်းကို မကြားဖူးကြတာ ဘာလိုဖြစ်လို့ပါလဲ။
ဒီလို Samuel Pierpont Langley ကို အားလုံးက အာရုံစိုက်နေကြတဲ့အချိန်မှာ Orville Wright နဲ့ Wilbur Wright တို့ ညီအစ်ကို နှစ်ဦးကို သိတောင်မသိကြပါဘူး။ သူတို့မှာ ငွေကြေးလည်း မရှိပါဘူး။ သူတို့ရဲ့ စက်ဘီးဆိုင်လေးက ရတဲ့ အကျိုးအမြတ်နဲ့ အိပ်မက်ကိုအကောင်အထည်ဖော်နေခဲ့ကြတာဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်အပြင် သူတို့နဲ့အတူတွဲလုပ်ခဲ့သူတွေကလည်း ဘွဲ့ရပညာတတ်တွေမဟုတ်ပါဘူး။ ဘယ်သတင်းစာကမှလဲ သူတို့အကြောင်းကို ဖော်ပြတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကွဲပြားခြားနားချက်ကတော့ Wright ညီနောင်က ရည်ရွယ်ချက်၊ ယုံကြည်ချက်ရှိရှိနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ ပျံသန်းနိုင်တဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်နိုင်ရင် ကမ္ဘာကြီးပြောင်းလဲသွားမယ်ဆိုတာကို ညီအစ်ကိုနှစ်ယောက်စလုံးက ယုံကြည်ခဲ့ပါတယ်။ Samuel Pierpont Langley ကတော့ သူအောင်မြင်ဖို့ သူချမ်းသာဖို့ စတဲ့ ရလဒ်တွေကိုပဲ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ရည်ရွယ်ချက် အကြောင်းရင်းချင်း မတူညီတာကြောင့် Wright ညီနောင်နဲ့ နောက်လိုက်အဖွဲ့က သွေးရောချွေးရော ရင်းပြီး အိပ်မက်ကို ဝိုင်းဝန်းအကောင်အထည် ဖော်နိုင်ခဲ့ကြပေမယ့် Samuel ရဲ့ အတော်ဆုံးအဖွဲ့ကတော့ ငွေကြေးအတွက်ပဲ လုပ်ခဲ့တာကြောင့် ဘာမှဖြစ်မလာခဲ့တာဖြစ်ပါတယ်။
လူတွေဟာ ရည်ရွယ်ချက်ချင်း၊ ယုံကြည်ချက်ချင်း တူမှ လက်တွဲတတ်ကြတာကို Martin Luther King ကို ဘာလို့ ထောက်ခံခဲ့ကြတာလဲဆိုတာကြည့်ရင် သိနိုင်ပါတယ်။ (၁၉၆၃)ခုနှစ် နွေရာသီမှာ ဝါရှင်တန်မြို့က Martin Luther King ရဲ့ ဟောပြောပွဲကို တက်ဖို့ လူပေါင်း (၂၅၀၀၀၀)ရောက်လာခဲ့ပါတယ်။ ဒီဟောပြောပွဲအတွက် ဖိတ်စာတွေလဲ မကမ်းထားပါဘူး။ နေ့စွဲနဲ့ အချိန်သိဖို့ အင်တာနက်မှာတက်ကြည့်စရာ ဝက်ဘ်ဆိုက်လည်း မရှိသေးပါဘူး။ ဒီလောက်လူအများကြီး တစ်ချိန်တည်း ဘာကြောင့်ရောက်လာခဲ့တာလဲဆိုတာ အံ့ဩစရာပါပဲ။ Martin Luther King တစ်ယောက်တည်း လူမဲတန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ သူပြောတဲ့တစ်ချို့စိတ်ကူးတွေက မကောင်းပါဘူး။ ဒါပေမယ့် သူမှာ အစွမ်းတစ်ခုတော့ရှိပါတယ်။ သူက အမေရိကန်ပြည်ထောင်စုက ပြောင်းလဲဖို့ လိုနေပြီလို့ လူတွေကို မပြောပါဘူး။ သူ့ရဲ့ယုံကြည်ချက်ကိုပဲပြောပါတယ်။ သူ့ယုံကြည်ချက်ကို တစ်ထပ်တည်း ယုံကြည်သူတွေက သူ့လမ်းကြောင်းကို လိုက်လျှောက်ကြပါတယ်။ သူတို့ရဲ့ယုံကြည်ချက်ကို အခြားလူတွေကို ပြောပါတယ်။ ဒီလိုနဲ့ ယုံကြည်ချက်ထပ်တူကျတဲ့ လူပေါင်း (၂၅၀၀၀၀)ဟာ တစ်ချိန်တည်း တစ်နေရာတည်း ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုစဉ်းစားရမှာက ရောက်ရှိလာကြတဲ့ လူတွေထဲမှာ Martin Luther King ကို အားပေးဖို့ လာရောက်ကြသူ ဘယ်နှစ်ယောက်ရှိမယ်ထင်ပါသလဲ။ တစ်ယောက်မှမရှိပါဘူး။ ဒီလူတွေအားလုံးဟာ သူတို့ရဲ့ ယုံကြည်ချက်ကို ချပြဖို့ တကူးတကအချိန်ပေးပြီး လာရောက်ကြတာဖြစ်ပါတယ်။ Martin Luther King ပြောတဲ့ “I have a dream” မိန့်ခွန်းတွေထဲမှာ သူတို့ရဲ့ ယုံကြည်ချက်၊ ရည်ရွယ်ချက်ကို သူတို့ရှာဖွေတွေ့ရှိပြီး ကိုယ်ပိုင် ယုံကြည်ချက်အတွက် ရပ်တည်ကြတာဖြစ်ပါတယ်။
ခေါင်းဆောင်နဲ့ ဦးဆောင်သူ မတူပါဘူး။ ခေါင်းဆောင်ဆိုတဲ့သူတွေက လုပ်ပိုင်ခွင့်အာဏာတစ်ခုကို ကိုင်စွဲထားပြီး ဦးဆောင်သူတွေကတော့ ကျွန်တော်တို့ကို လွှမ်းမိုးနိုင်ပါတယ်။ တစ်ယောက်ချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဦးဆောင်သူနောက်ကို လိုက်ကြပါတယ်။ လိုက်ချင်လို့ကို လိုက်တာဖြစ်ပါတယ်။ လိုက်သင့်လို့ လိုက်တာမဟုတ်ပါဘူး။ ဒါ့ကြောင့် အကြောင်းရင်း ရည်ရွယ်ချက် Why နဲ့ စတင်သူတွေကသာ ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး အားလုံးကို ဦးဆောင်နိုင်မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။
ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် ၁၀၀ ထဲပါတဲ့ မြန်မာလူမျိုး နာနိုသိပ္ဖံပညာရှင် ပရော်ဖက်ဆာဒေါက်တာစောဝလှ အကြောင်းပါ
~~~~~~~
~~~~~~~~~~~~~~~~~~~~
မောင်ဗြိ ဘဝမှာ ဒေါက်တာစော နဲ့ စကားပြောခွင့်ရခဲ့တာဟာ ဂုဏ်အယူဆုံးကိစ္စတွေထဲက တစ်ခုပဲဗျို့
……………………………………………
ဓာတ်ခွဲခန်းထဲက ဘေ့စ်ဂစ်တာ (သို့) ကမ္ဘာ့အတော်ဆုံးသိပ္ဖံပညာရှင်(၁၀၀)ထဲမှ မြန်မာလူမျိုး နာနိုသိပ္ဖံပညာရှင် ပရော်ဖက်ဆာဒေါက်တာစောဝေလှ
(Real Lives Real Stories)
……………………………………………………………………………
(၁)
Saw Wai Hla, Ph.D.
Professor,Physics and Astronomy Department
Nanoscale and Quantum Phenomena Institute
Ohio University , USA
(၂)
“တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ဘဝမှာ နိုင်ငံတကာက သိတဲ့ ဂစ်တာသမားတစ်ယောက်ဖြစ်ရမယ်”
၁၉၈၂ ခုနှစ်
စိန်သြဂတ်စတင်းကျောင်းသား ၊ လီယိုဟေမာန် တီးဝိုင်းရဲ့ (၁၆)နှစ်သား ဘေ့စ်ဂစ်တာသမားလေး စောဝေလှ ရဲ့ တစ်ချိန်က ရည်မှန်းချက် ။
စောဝေလှ အဖေက မဆလအစိုးရလက်ထက် စက်မှု(၂) ဝန်ကြီးဌာန မှာ ဒုဝန်ကြီးတာဝန်ယူခဲ့ဖူးသည် ။
မိခင်ဖြစ်သူ ကျောင်းဆရာမ ။
စစ်တွေဇာတိ မိဘနှစ်ပါးကနေ မွေးလာတဲ့ ရန်ကုန်သား ရခိုင်လူမျိုးလေး စောဝေလှ ရဲ့ ဂစ်တာသမားဘဝက အောင်မြင်ခဲ့သည် ။
အချိန်တိုအတွင်း မာလာဆောင်ရှေ့အုတ်ခုံမှသည် မြန်မာ့အသံတွင် သီချင်းသုံးပုဒ်လွှင့်ခွင့်ရခဲ့သည် ။
သင်္ကြန်စင်မြင့်များထက်တွင် လီယို နှင့်အတူ ဘေ့စ်သမားဘဝကို အောင်မြင်စွာကျော်ဖြတ်နေခဲ့ပြီ ။
ဂစ်တာသည်သာ ဘဝ ၊ ဂစ်တာသည် သာ ရည်မှန်းချက် ။
စာသင်နှစ်များမှာလည်း အတန်းမှန်မှန်မတက် ၊ ဂစ်တာကို စာအုပ်တွေထက် ပိုဖက်တွယ်မိခဲ့သည့် စောဝေလှ ။
သို့သော်လည်း ဘုရားပေးသည့် ဉာဏ်ပညာကား စောဝေလှဘက်မှာ ရှိသည် ။
ဂစ်တာတီးရင်းတစ်နှစ်တစ်တန်းမှန်မှန်တက်ကာ တက္ကသိုလ်နေ့စွဲများကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့၏။
၁၉၈၅ ရူပဗေဖြင့် ဘွဲ့ရခဲ့ပြီ ။
ဘွဲ့ရလျင် အလုပ်လုပ်ရတော့မည် ။ စောဝေလှက ဂစ်တာပဲ တီးချင်သည် ။ ဒီတော့ ဘာလုပ်ရမလဲ ။
ရူပဗေဒ ဘာသာရပ်ဖြင့် မာစတာဆက်တတ်သည် ။ ကျောင်းသားဘဝ မှာပဲ ဂစ်တာ က လွတ်လွတ်လပ်လပ်တီးခွင့်ရှိမည် မဟုတ်လား ။
မာစတာတက်ရင်း ဂစ်တာတီးသည် ။ လီယိုဝိုင်းတော်သားများဖြင့် ပွဲတော်ပေါင်းများစွာကို ဖြတ်သန်းခဲ့သည်။
အင်းလျားလိတ်မှ မင်္ဂလာဆောင်ပွဲတွေမှာလည်း တစ်ပတ်ကို သုံးရက်လောက် လီယိုက တီးရသည် ။
စတိတ်ရှိုးတွေ ၊ မွေးနေ့ပွဲတွေမှာ ဆူဆူညံညံသိပ်မရှိသော လီယို ကို ငှားရမ်းကြသည် ။
ဂစ်တာတီးသည့် ငွေဖြင့် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ခဲ့သည် ။
၁၉၈၆ မှာ စက်မှုကျောင်းကဘွဲ့ရသူငယ်ချင်းတွေ ၊ ရာဇူးက သူငယ်ချင်းများအဆွယ်ကောင်းသဖြင့် တပ်မတော်ဗိုလ်လောင်းသင်တန်းကျောင်း OTS ဝင်ခွင့်ကို သွားဖြေလိုက်သည် ။
တက္ကသိုလ်မှ ဆရာများကလည်း သူ့ကို ကျောင်းတွင် သရုပ်ပြဆရာပြန်လုပ်ရန် တိုက်တွန်းကြသည် ။
ဒါလည်း သွားလျှောက်လိုက်သည် ။
လျှောက်ထားသည့် အလုပ်နှစ်ခုလုံးက မီးစိမ်းပြလာပြီ ။
တက္ကသိုလ်ကျောင်းဆရာလုပ်မလား ။ စစ်ဗိုလ်လုပ်မလား ။
စာသင်ခန်းနှင့် စစ်မြေပြင် ၊ တိုက်ပုံအင်္ကျီနှင့် ယူနီဖောင်း ၊ မြေဖြူခဲနှင့် သေနတ် ၊ လက်ချာစင်မြင့်နှင့် ပခုံးပေါ်က အပွင့်..။
တလက်လက်တောက်ပနေသည့် အနာဂတ်များအား ချွန်မြရင်း လမ်းဆုံမှာ ရောက်နေသည့် လူငယ်စောဝေလှ ။
ဘာကိုရွေးမလဲ ။
အသက်မွေးဝမ်းကြောင်းတစ်ခုကို လုပ်ကိုင်ရင်း ဘဝရဲ့ တပ်မက်အရူးသွပ်ဆုံး ဂစ်တာကို ကိုလဲ ကိုင်ခွင့်ရမည့် အလုပ်မျိုးက ဘာဖြစ်မလဲ ။
စစ်တပ်မှာတော့ ဂစ်တာ ကို ကိုင်ခွင့်ရမည်မဟုတ် ။
တက္ကသိုလ်ဆရာဘဝ နဲ့ ဂစ်တာတီးလို့ က အိုကေမည် ။
ဒီတော့…
“ကျွန်တော်တို့ တပ်ထဲ မဝင်ချင်တော့ပါဘူး ။ အဲဒါလေး လာပြောတာပါ”
“ဘာ..မင်းတို့ကို ဗိုလ်သင်တန်းတက်ဖို့ ရွေးပြီးသွားပြီ ။ အခုတမျိုးတော်ကြာတစ်မျိုးနဲ့ အလုပ်လာရှုပ်တယ် ။ စစ်တပ်ကွ..စစ်တပ်…မင်းတို့ ပထွေးအိမ်မဟုတ်ဘူး..”
မှော်ဘီရှိ ဗိုလ်ရွေးအဖွဲ့မှ အရာရှိများ၏ ဆဲသံကို စောဝေလှနှင့် သူငယ်ချင်းဖြစ်သူတို့ ဇက်ကလေးပုကာ နားသောတဆင်ရင်း ကုတ်ကုတ်လေးထွက်လာခဲ့ရသည် ။
မတတ်နိုင် ။ ဂစ်တာ နှင့် စစ်သား ဘယ်လိုမှ မအပ်စပ် ။
သူတို့က သေနတ်တိုက်ခြင်တာမဟုတ်..ဘေ့စ်ဂစ်တာလေးကို ကြိုးညှိ့ပြီး တီးလုံးတွေပဲ တိုက်ချင်တာ။
မတတ်နိုင် ။
(၂)
၁၉၈၇ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအခြေအနေက ခပ်ယဲ့ယဲ့ ။
စောဝေလှက ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာနမှ သရုပ်ပြဆရာလေး..။
တီးဝိုင်းက သူငယ်ချင်းတွေက နိုင်ငံခြားထွက်သွားကြသဖြင့် လီယိုလည်း ပျက်သွားပြီ ။
(၈၈)အရေးအခင်းကြီးဖြစ်ပြီ ။
တပည့်ကျောင်းသားတွေကြား ၊ သူငယ်ချင်းဆရာတွေကြား လှုပ်လှုပ်ရှားရှားလေးဖြစ်ကုန်သည် ။
စောဝေလှက လစ်ဘရယ်သမား ။ ဒီတော့ သိပ်တော့ ပြင်းပြင်းထန်ထန်ကြီး ဝင်မပါဖြစ်လိုက် ။
ဒီလိုနှင့် တံတားဖြူသည် နီသွားခဲ့ပြီ ။
ဂျဒ်ဆင်သည်လည်း လရိပ်ပြာပြာအောက်မှာ ငုတ်တုတ်မေ့နေခဲ့ပြီ ။
သစ်ပုပ်ပင်ကြီးလည်း အရိပ်ခိုသူတွေမဲ့ခဲ့ပြီ ။
ကျောင်းကြီးက တစ်မျှော်တစ်ခေါ်ပိတ်သွားခဲ့လေပြီ ။
စာသင်ဆဲ MSC ကျောင်းသားတစ်ဖြစ်လဲ ကျောင်းဆရာလေး စောဝေလှ ကျောင်းပိတ်ပြီဆိုတော့ အလုပ်မရှိဖြစ်သွားသည် ။
ဂစ်တာတီးတုန်းက စုထားတဲ့ပိုက်ဆံ ၊ ကျောင်းဆရာဘဝက စုထားတဲ့လစာ ၊ မိဘတွေဆီက နည်းနည်းပါးပါးနှင့် စောဝေလှ စီးပွားရေးလောကထဲ ဝင်သည် ။
စီးပွားရေးလောကဆိုလို့ ကြီးကြီးကျယ်ကျယ်တော့မဟုတ် ။
အဲ့ဒီတုန်းက ခေတ်ရေစီးက ဗီဒီယိုခေတ်ဦးမဟုတ်လား ။
ဒီတော့ စောဝေလှ ဗွီဒီယိုအခွေအငှားဆိုင်လေးတစ်ခု တံတားဖြူမှာ ဖွင့်သည်။
ဗွီဒီယို အောက်စက် (၅)လုံးနှင့် အခွေတွေ ကော်ပီကူးရပြီ ။
ဂစ်တာတီးချင်တဲ့ ကျောင်းဆရာ အခွေဆိုင်ထိုင်ပြီး စာရင်းတွေမှတ်ရပြီ ။
တစ်နှစ်ကြာတော့ လုပ်ငန်းက ထင်သလောက်မအောင်မြင်လာခဲ့ ။
စောဝေလှ ငွေနောက်လိုက်ဖို့ လောကကြီးထဲ ဝင်ခဲ့သည် ။
ရှမ်းပြည်နယ် ဝန်းသိုဘက်ကို ထွက်ပြီး သစ်အရောင်းအဝယ်လုပ်ငန်းဘက်ခြေဦးလှည့်ခဲ့သည် ။
ဂစ်တာတီး ၊ စာသင် ၊ အခွေငှား မြို့ပေါ်က အနုသမားဘဝ က အခု တစ်တောဝင် တစ်တောထွက် သစ်ဝယ်ထွက်ခဲ့ရပြီ ။
တကယ့်ဘဝ ၊ တကယ့်တိုက်ပွဲ ၊ တကယ့်စီးပွားရေးဂွင်ထဲမှာ စောဝေလှ ကျင်လည်ခဲ့သည် ။
အကျိုးအမြတ်ရသမျှ ရဲကိုပေးရသည် ။ သစ်တောကိုပေးရသည် ။ မဝတကို ပေးရသည် ။ ပေးရသည် ။ပေးရသည် ။
တကယ့် လာဘ်ပေးလာဘ်ယူဇုန်ကြီးထဲမှာ စောဝေလှ က သူတို့ကို လုပ်ကျွေးသလိုဖြစ်နေ၏ ။
ဒီတော့ ရန်ကုန်ကို နောက်ကြောင်းပြန်လှည့်လိုက်သည် ။
သူငယ်ချင်းတော်တော်များများကလည်း နိုင်ငံခြားရောက်ကုန်ပြီ ။
ကျောင်းတွေကလည်း ဖွင့်ဖို့ကမသေချာ ။
ဒီတော့ စောဝေလှ နိုင်ငံခြားကို ခြေဆန့်ဖို့ ပြင်သည် ။
ပတ်စ်ပို့ ၊ ဗီဇာရပြီးနောက် (၆၄)ဒေါ်လာကို အိတ်ကပ်ထဲထည့်ကာ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည် ။
ဒေါင်ကျကျ ပြားကျကျ ဘဝကို အဓိပါယ်ရှိရှိတော့ ထူထောင်ရတော့မည် ။
ဘန်ကောက်လေဆိပ်တွင် လီယိုတီးဝိုင်းတုန်းက သူငယ်ချင်း ကိုအောင်မင်းတို့က လာကြိုသည် ။
ကိုအောင်မင်းတို့ဆီမှာ သူတည်းရမည် ။
သို့သော် ရောက်ရောက်ခြင်း ကိုအောင်မင်းတို့ နေသည့်နေရာကို သူမသွားရသေး ။
ကိုအောင်မင်း တို့က ဘန်ကောက်ရှိ ဘားများတွင် ဂစ်တာလိုက်တီးနေသည်။
အခုလဲ ဘားမှာ ဂစ်တာသွားတီးရမည် ။
ဒီတော့ စောဝေလှ ဘားကို လိုက်ခဲ့ ။ ပွဲပြီးမှ အိမ်အတူပြန်ကြမည် ။
ဘန်ကောက်ရောက်ရောက်ခြင်း သေတ္တာကို ဆွဲကာ ကိုအောင်မင်းတို့ဂစ်တာတီးမည့် ဘားကို လိုက်သွားလိုက်သည် ။
ဟိုရောက်တော့ ရုပ်ရှင်မင်းသားကိုမြင့်တို့လည်း တီးဝိုင်းအဖွဲ့မှာ ပါနေသည် ။
သေတ္တာလေးကိုချကာ သူတို့တီးတာထိုင်ကြည့်ရင်း ကိုအောင်မင်းတို့က ဝင်တီးဖို့ ဖိတ်ခေါ်သည် ။
မြန်မာပြည်သား ဘေ့စ်ဂစ်တာလစ် စောဝေလှ ၏ ဂီတ ကို ဘန်ကောက်သို့ ပထမဆုံးခြေချသည့်နေ့မှာပင် ထိုင်းတွေကို ပြသခွင့်ရခဲ့သည် ။
(၃)
စောဝေလှတစ်ယောက် ဘန်ကောက်ရောက်ရောက်ခြင်းကိုအောင်မင်းတို့နှင့်အတူ ဂစ်တာတီးသည့် အလုပ်ကို ရပြီ ။
ကိုအောင်မင်းတို့နှင့်အတူနေသည်။
ကိုအောင်မင်းတို့နေတာက ဘန်ကောက် အေးဘတ်တက္ကသိုလ်ဝန်းထဲတွင် ။
ဒီတော့ တက္ကသိုလ်ထဲတွင် မြန်မာပြည်မှထွက်ခွာလာကြသည့် တက္ကသိုလ်ဆရာအသိုင်းအဝိုင်းကလည်း ရှိနေသည် ။
ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့တွင်ပင် စောဝေလှ မာစတာတန်းတက်ခဲ့စဉ်က ဆရာရင်း ဒေါက်တာခိုင်ညွန့်နှင့် တက္ကသိုလ်တွင်းလမ်းတစ်ခုတွင် ဆုံမိကြသည် ။
ဘန်ကောက်တွင် အင်ဂျင်နီယာကောလိပ်ကို စဖွင့်စအချိန်ဖြစ်သဖြင့် ဆရာအင်အားက လိုနေသည် ။
ထိုင်းနိုင်ငံရှိ တက္ကသိုလ်တော်တော်များများက မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံမှ အလုပ်ထွက်လာကြသည့် ပညာရှင်မြန်မာဆရာတို့၏ အင်အားဖြင့် သူတို့နိုင်ငံ၏ ပညာရေးကို တည်ဆောက်နေချိန် ။
ရန်ကုန် RIT မှ ဒေါက်တာဝင်းတင် ၊ ဒေါက်တာခိုင်ညွန့်တို့က စောဝေ ကို ဘန်ကောက်မှာ တက္ကသိုလ်ဆရာလုပ်ဖို့ ကမ်းလှမ်းသည် ။
အိုခေ…စောဝေ ခေါင်းညိတ်လိုက်ပြီ ။
ဘန်ကောက်သို့ရောက်ပြီး နှစ်ရက်အတွင်းတွင် ဂစ်တာတီးသည့်အလုပ်ရော ၊ တက္ကသိုလ်ဆရာအလုပ်ကိုပါ စောဝေလှ တစ်ပြိုင်တည်းရရှိလိုက်သည် ။
ကံကြမ္မာကား ကိုယ့်ဘက်မှာ စောဝေလှဘက်မှာ အသာစီး ။
ရုပ်ရှင်မင်းသား ကိုမြင့်တို့နှင့်အတူ ဘန်ကောက်တွင် တစ်နှစ်ဂစ်တာတီးသည် ။
နေ့ပိုင်းတွင် စာသင် ညပိုင်းတွင် ဘားမှာ ဂစ်တာလိုက်တီးသည် ။
ဘန်ကောက်ရှိ စီယံပတ်ခ် ဆိုသည့်နေရာတွင် စနေတနင်္ဂနွေ အားလပ်ရက်များတွင် ဂစ်တာတီးသည် ။
ဘန်ကောက်နေ့စွဲများသည် စောဝေလှအတွက် အပျော်ရွှင်ဆုံးဖြတ်သန်းမှုများဖြစ်ခဲ့ရ၏ ။
ကိုယ်တီးချင်သည့် ဂစ်တာလည်း တီးရသည် ။ စာသင်သည့်အလုပ်ကိုလည်း မစွန့်လွှတ်ရ ။
ဒီလိုနှင့် တစ်နှစ်ကျော်ကာလကို အသာလေးဖြတ်သန်းသွားနိုင်ခဲ့၏ ။
တစ်ရက်တော့ အီတလီနိုင်ငံတွင် ရူပဗေဒဘွဲ့လွန်သင်တန်းတစ်ခုအတွက် စကောလားရှစ်လျှောက်လွှာတစ်စောင် ကို စောဝေလှ သွားတွေ့သည် ။
လှမ်းလျှောက်ကြည့်သည် ။ စကောလားရှစ်ရသည် ။အဆင်ပြေသည် ။
ဒီတော့ ထိုင်းတက္ကသိုလ်ကလည်း အီတလီသွားရန် ခွင့်ပြုလိုက်သည်။ လစာရနေမည် ။ ပညာသင်ပြီးပြန်လာလျှင် ဒီတက္ကသိုလ်တွင်ပင် ရာထူးတိုး လစာတိုးဖြင့် ဆရာပြန်ဝင်လုပ် ။
ထိုင်းတွေက အကွက်မြင်သည် ။ ပညာတတ်၏ တန်ဖိုးကို သိသည် ။ ဆွဲဆောင်သည် ။
ထိုကာလတွင် မြန်မာပြည်တွင်တော့ ကျောင်းများက တံခါးပိတ်ထားဆဲ ။
ဘန်ကောက်မှသည် အီတလီ သို့ မြန်မာပြည်သားဘေ့စ်ဂစ်တာသမား ရူပဗေဒဆရာပေါက်စ စောဝေလှ ခရီးဆက်ပြီ ။
(၄)
ထိုစဉ်က ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သော အရင်းရှင်အမေရိကန်နှင့် ကွန်မြူနစ်ဆိုဗီယက်တို့၏ စစ်အေးတိုက်ပွဲနောက်ဆုံးနှစ်များဖြစ်သည် ။
အနုမြူသီအိုရီနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုကား ပြင်းထန်နေချိန် ။
ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော ယူနက်စကို ၏ အောက်တွင် ICDP ခေါ် နိုင်ငံတကာရူပဗေဒလေ့လာရေးဌာနရှိသည် ။
ICDP တွင် အမေရိကန်အုပ်စုမှ အနုမြူသိပ္ဖံပညာရှင်များနှင့် ရုရှအုပ်စုဘက်မှ အနုမြူသိပ္ဖံပညာရှင်များ တစ်နှစ်လျှင် (၅၀၀၀)ခန့်တက်ရောက်ကာ ဆွေးနွေးပွဲများပြုလုပ်သည့်အစီအစဉ်ကျင်းပကြသည် ။
ယင်းအစီအစဉ်မှတဆင့် မျိုးဆက်သစ်သိပ္ဖံပညာရှင်များမွေးထုတ်ရန် ပရိုဂရမ်တစ်ခုရေးဆွဲကြသည် ။
တစ်ကမ္ဘာလုံးမှ မျိုးဆက်သစ်သိပ္ဖံပညာရှင် (၁၀) ဦးကို ရွေးချယ်ကာ ပညာသင်ဆုပေးရန် စီစဉ်ခဲ့ကြသည် ။
တစ်ကမ္ဘာလုံးမှ လူခြောက်ရာ ဝင်လျှောက်ကြသည် ။
စောဝေလှက အရွေးခံရသည့် (၁၀)ယောက်ထဲ ပါသွားသည် ။ အီတလီတွင်အင်တာဗျူးဖြေရမည် ။
စောဝေလှ ဗန်ကောက်မှတဆင့် ရောမမြို့သို့ ရောက်သည် ။
ထိုမှတဆင့် အီတလီနှင့် ဆလိုဗေးနီးယား နယ်စပ်ရှိ တူးရစ်ဆိုသည့် ပင်လယ်ကမ်းခြေမြို့လေးသို့ ခရီးဆက်ရသည် ။
ဥရောပသားဆရာတွေက ရှင်းရှင်းပဲပြောသည် ။
စာသင်မည် ။ စာမေးပွဲစစ်မည် ။ အမှတ်မကောင်းလျင် လာရာလမ်းကို ပြန်ပို့မည် ။
သုံးလပြည့်တော့ စောဝေလှ ရန်ကုန်တက္ကသိုလ်မှာ သိထား တတ်ထားသမျှ ပညာရပ်က ကုန်ပြီ ။
ကျန်တာတွေ ဘာမှ မသိတော့ ။
အနောက်သားတွေကြားမှာ ကိုယ်က တစ်ဦးတည်းသော မြန်မာ ။
နောက်ဆုတ်လို့ကမဖြစ် ။ ရှေ့တိုးဖို့ပဲ ရှိတော့သည် ။
ဒီတော့ ဘုရင့်နောင်ဖောင်ဖျက် စောဝေလှ ရှေ့သို့သာ ကုန်းရုန်းတက်ရချေပြီ ။
ပထမသုံးလပတ်စာမေးပွဲ စစ်သည် ။
ဆယ်ယောက်မှာ နှစ်ယောက်ကျသည် ။
ကျသည့် ထဲ မြန်မာပြည်သား စောဝေလှ မပါ ။ အဆင့် B နှင့် အောင်သည် ။
စာမေးပွဲကျသည့် ရိုမေးနီးယားနှင့် ကျူးဘားသားနှစ်ယောက် အိမ်ပြန်သွားရပြီ ။
B ရှေ့မှာ A ရှိသေးသည် ။
ဒုတိယ စာသင်နှစ်ကျ ဘာသာရပ်အားလုံးတွင် စောဝေလှ ရသည်က B ရှေ့က A ။
တတိယစာသင်နှစ်မှာ ဒီဂရီရတော့…စာသင်သားအားလုံးထဲမှာ စောဝေလှ သည် ပထမ ။
မြန်မာပြည်က လူညိုကောင်လေးသည့် ပထမ ။
ဒီတော့ အီတလီတက္ကသိုလ်က စောဝေလှကို PhD ဆက်တက်ဖို့ ကမ်းလှမ်းလာရပြီ ။
အင်္ဂလန်ရှိ လစ်ဗာပူးလ်တက္ကသိုလ်ကလည်း မြန်မာပြည်သားစောဝေလှ ကို စကောလာပေးပြီး ကမ်းလှမ်းလာခဲ့ပြီ ။
အမြဲတမ်းလမ်းဆုံမှာ ရွေးရခက်သည့် စောဝေလှ ။
ဂစ်တာကိုချစ်သည့်စောဝေလှ သည် တစ်ချိန်က စစ်ဗိုလ်ဘဝနှင့် ကျောင်းဆရာဘဝတွင် ဂစ်တာနှင့် နီးစပ်သည့် ကျောင်းဆရာဘဝကို ရွေးခဲ့သလို..။
ယခုတစ်ချိန်တွင်လည်း သူ၏ ဥရောပနေ့ရက်များ အစပြုခဲ့ရာ တူးရင့်မြို့မှ တက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့ပြန်သည် ။
အီတလီနှင့် စလိုဗေးနီးယားနယ်စပ်မြို့လေး။
၁၉၉၃ တွင် PhD ကျောင်းသားဘဝစပြီ ။
ဒီတော့ အီတလီနှင့် စလိုဗေးနီးယားနှစ်နိုင်ငံခြား သုတေသနခရီးတွေ အကြိမ်ကြိမ်သွားခဲ့ရသည် ။
ပထမဆုံး အီတလီမှ ဆလိုဗေးနီးယားဘက်ခြမ်းသို့ သွားရသည့်ခရီးစဉ်တွင် အဖြစ်အပျက်တစ်ခုကြုံခဲ့ရပြန်သည် ။
နယ်စပ်မြို့နှစ်မြို့ဖြစ်သဖြင့် ရထားဖြင့်သွားသည့်ခရီးတွင် ရထားတစ်စင်းလုံးတွင် အာရှသားကား စောဝေလှတစ်ယောက်တည်း ။
နယ်စပ်အရောက်တွင် အီတလီရဲမှ ပတ်စ်ပို့လာရောက်စစ်ရင်း စောဝေလှ ပတ်စ်ပို့ကို ယူသွားသည် ။
ပတ်စ်ပို့ပြန်လာမပေးသဖြင့် နာရီဝက်ခန့် ရထားတစ်စင်းလုံးစောင့်နေကြရသည် ။
ခဏနေတော့ အီတာလျံ ရဲ ပြန်ရောက်လာသည် ။
“ဟဲလို မစ္စတာ..ဒီ ပတ်စ်ပို့ က ကမ္ဘာပေါ်မှာ မရှိတဲ့နိုင်ငံ ဖြစ်နေပါတယ်”
စောဝေလှ ခေါင်းစားရပြီ ။
“ရှိပါတယ်..ကျွန်တော်မြေပုံမှာ လိုက်ပြပါ့မယ်”
အစောင့်ရဲ နှင့် စောဝေလှ ရဲစခန်းထဲ ဝင်ပြီး ကမ္ဘာ့မြေပုံရှေ့ မတ်တပ်ရပ်ကြသည် ။ကပ္ဖလီပင်လယ် ၊ ဘင်္ဂလားပင်လယ် ၊ ချိုင်းနား ၊ အိန္ဒိယကြား ဟော့ဒီမှာ.ခြေတစ်ပေါင်ကျိုး နိုင်ငံလေး.။
မြေပုံပေါ်မှာက အီတလီလိုရေးထားသည် ။
မြန်မာ မဟုတ် အီတလီအခေါ် ဘေရ်မန်းနီးယား..တဲ့..။
အီတလီရဲက ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြပြီး ခွင့်ပြုလိုက်သည် ။
စလိုဗေးနီးယားအခြမ်း..ရောက်ပြန်ပြီ ။
ထုံးစံအတိုင်း စလိုဗေးနီးယားရဲက မေးသည် ။
စောဝေလှက ဖြေသည် ။
“မြန်မာ”
“၀ိုး မလေးရှား”
“နိုး..မြန်..မာ”
“မရာကာစတာ”
“နိုး..နိုး..ဘားမား”
“အိုး..ဘဟားမား”
စာသင်နှစ်တစ်နှစ်ပတ်လုံး စလိုဗေးနီးယားရဲများအကြား မြန်မာသည် မလေးရှား ၊ မာရာကာစတာ ၊ ဘဟားမား အမျိုးမျိုးဖြစ်ခဲ့ရလေသည် ။
စောဝေလှ PhD ဘွဲ့ရပြီ ။ဒေါက်တာ စောဝေလှ ဖြစ်ပြီ ။ ပရော်ဖက်ဆာစောဝေလှဖြစ်ပြီ ။ သိပ္ဖံပညာရှင် စောဝေလှဖြစ်ပြီ ။
အီတလီတက္ကသိုလ်တွင်ပင် တာဝန်ထမ်းဆောင်နေစဉ် ဂျာမနီရှိ ဘာလင်တက္ကသိုလ်မှ ဧည့်ပါမောက္ခအဖြစ် သင်ပြပေးရန် ကမ်းလှမ်းပြန်သည် ။
ဘာလင်တက္ကသိုလ်တွင် လေးနှစ်တာ စာသင်ကြားရင်း နာနိုရူပဗေဒ ဆက်လက်လေ့လာသည် ။
ထိုသို့လေ့လာရင်း Chemical Reaction ကို မော်လီကျူးတစ်လုံးထဲဖြင့် ထုတ်လုပ်နိုင်သည့်နည်းကို စောဝေလှ အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည် ။
ကမ္ဘာပေါ်တွင် မည်သည့်သိပ္ဖံပညာရှင်မှ မအောင်မြင်သေးသည်ကို မြန်မာလူမျိုး ပရော်ဖက်ဆာ က ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည် ။
၂၀၀၀ ပြည့်နှစ်ကမ္ဘာ့ထိပ်တန်းသိပ္ဖံပညာရှင် (၁၀၀) စာရင်းတွင် စောဝေလှ ပါဝင်ခဲ့ပြီ ။
ဂစ်တာသမားစောဝေလှ မှ ကမ္ဘာကျော်သိပ္ဖံပညာရှင် စောဝေလှ ဖြစ်ခဲ့ပြီ ။
(၅)
အမေရိကားသည့် ပထမ ဆိုသည့် လူများအတွက် အခွင့်အရေးအများဆုံးပေးကာ စုစည်းသည့်နိုင်ငံဖြစ်သည် ။
၂၀၀၁ အမေရိကန်အစိုးရနှင့် တက္ကသိုလ်များက ဒေါက်တာ စောဝေလှ ကို ကမ်းလှမ်းလေပြီ ။
Ohio တက္ကသိုလ်တွင် ပါမောက္ခတာဝန်ယူရန် ဒေါက်တာစောဝေလှ လက်ခံလိုက်သည် ။
နှစ်နှစ်အတွင်း တက္ကသိုလ်၏ ရာသက်ပန်ပေါမောက္ခဖြစ်လာသည် ။
အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးအဆင့်ပေါမောက္ခ ဒေါက်တာစောဝေလှဖြစ်လာသည် ။
၂၀၁၁ ခုနှစ်အထိ (၁၄)နှစ်အတွင်း PhD ကျောင်းသား (၉)ယောက်ကို ပရော်ဖက်ဆာဒေါက်တာစောဝေလှ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည် ။
မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဆယ်နှစ်အတွင်း PhD ဘွဲ့ရပေါင်း ဒါဇင်များနှင့်ချီကာ ထွက်နေသော်လည်း အမေရိကန်၏ စံနှုန်းအရ PhD ဘွဲ့ (၉)ယောက်ဆိုသည်မှာ များပြားသည့် ဦးရေဖြစ်သည် ။
အမေရိကန်နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနစီမံကိန်းများတွင်လည်း ဒေါက်တာစောဝေလှ ပါဝင်ထမ်းဆောင်နေသည်။
ကမ္ဘာ့အနှံတက္ကသိုလ်များ၏ ဖိတ်ကြားချက်အရ ဒေါက်တာစောဝေလှ ကမ္ဘာပတ်ကာ ဟောပြောပွဲတွေ လုပ်ပေးရသည် ။
တစ်လလျင် ဟောပြောပွဲ နှစ်ခေါက်ထွက်ရသည် ။ နိုင်ငံပေါင်း(၂၀)ကျော် လှည့်လည်ခဲ့ရသည် ။
နိုင်ငံတကာကွန်ဖရင့်တွေ တက်ရသည် ။
သက်ဆိုင်ရာတက္ကသိုလ်များက ငွေကြေးအကုန်အကျခံကာ ဒေါက်တာစောဝေလှကို လက်ချာပေးရန် ဖိတ်ကြားကြရသည် ။
သွားသည့်နိုင်ငံတိုင်းတွင် ဒေါက်တာစောဝေလှ အမေးခံရသည် ။
“ဒေါက်တာက အမေရိကန်နိုင်ငံသားတော့ ဟုတ်ပါပြီ..ဒါပေမယ့် အာရှမျိုးနွယ်မဟုတ်လား” ဆိုသည့် မေးခွန်း ။
“ဖိလစ်ပိုင်လား ၊ အင်ဒိုနီးရှားလား ၊ ထိုင်းလား”
ထိုသို့မေးသည့်အခါတိုင်း သူ စိတ်မကောင်းဖြစ်ရသည် ။
မေးသည့်သူများသည် မြန်မာကို သိကြ၏ ။
သို့သော် ထက်မြက်ထူးချွန်သော ပညာရေးနှင့်တွဲစပ်လာလျက် မြန်မာကို စာရင်းထဲမထည့် ။
ထိုအခါကျ ဒေါက်တာစောဝေလှ ရင်ကို ကော့ပြီး ပြောပြရသည် ။
“No No. I am Burmese”
မြန်မာထဲမှာ ဒီလိုသိပ္ဖံပညာရှင်မျိုး ရှိလား အံသြတကြီး ထပ်မေးကြသည် ။
ရှိလို့ မင်းမြင်နေရတာပေါ့ ဒေါက်တာက အဲ့ဒီလိုပဲ ဖြေတတ်သည် ။
မြန်မာပြည်မှ ထွက်ခွာလာခဲ့သော ဘေ့စ်ဂစ်တာသမား ရူပဗေဒ ကျောင်းဆရာလေးဘဝမှ ကမ္ဘာကျော်သိပ္ဖံပညာရှင် ပရော်ဖက်ဆာတစ်ယောက်ဘဝအကြား ဘန်ကောက်တွင် သုံးနှစ် ၊ ဥရောပတွင် (၁၁)နှစ် အမေရိကားတွင် (၁၄)နှစ် ။
ဓာတ်ခွဲခန်းတွေ ဖော်မြူလာတွေကြားမှာ ဘေ့စ်ဂစ်တာသမားသည် အမိမြေ ဖြစ်သည့် မြန်မာနိုင်ငံကိုတော့ မမေ့နိုင်ခဲ့တာ သေချာသည် ။
မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ ပညာရေးစနစ်တွေကို သိစေချင်သည့် ဆန္ဒ ဒေါက်တာစောဝေလှမှာ ရှိနေပြန်သည် ။
တိုးတက်သောပညာရေးစနစ်များအကြောင်း ဒေါက်တာစောဝေလှက သူ့အတွေ့အကြုံနှင့်ယှဉ်ကာ မျှေဝ လိုသည် ။
ထို့ကြောင့်…………….
(၆)
ပညာရေးစနစ်တစ်ခုကို အပြစ်ထိုင်ပြောနေလို့တော့ ဘာအဖြေမှ ထွက်မှာ မဟုတ်ဘူး ။
ဒီတော့ သူများနိုင်ငံက ပညာရေးစနစ်တွေရဲ့ ကောင်းကွက် ဆိုးကွက်တွေ အတုယူသင့်တာလေးတွေကို ကျွန်တော်ရှင်းပြချင်တယ် ။
အမေရိကန်ရဲ့ တက္ကသိုလ်ပညာရေးစနစ်က စပြီး ရှင်းပြမယ် ။
အမေရိကန်ရဲ့ တက္ကသိုလ်အားလုံးက အဆင့်ဆင့်သောပရော်ဖက်ဆာတွေအားလုံးဟာ အင်ဒီပန်းဒန့် လွတ်လပ်သူတွေပဲ ။
ဘယ်သူ့လက်အောက်မှာမှ ဘယ်သူမရှိဘူး ။
ပရော်ဖက်ဆာခန့်တော့မယ်ဆိုရင်လည်း တကမ္ဘာလုံးကို လျှောက်လွှာခေါ်ပြီး အတော်ဆုံးလူတွေကို ရွေးခန့်တယ် ။
ကြိုက်တဲ့နေရာကလာ အတော်ဆုံးလူဖြစ်ရင်ပြီးရော ။
ပရော်ဖက်ဆာခန့်ပြီဆိုတာနဲ့ တက္ကသိုလ်အာဏာပိုင်အဖွဲ့က ခေါ်တွေ့တယ် ။
ပရော်ဖက်ဆာမှန်ရင် ကို်ယ်ပိုင် ဓာတ်ခွဲခန်းရှိရမယ် ။ အဲ့ဒီအတွက် လိုအပ်တဲ့ငွေကိုပြော ။ ဒေါ်လာနှစ်သန်းလိုလား ။ နှစ်နှစ်အတွင်းမှာ အဲ့ငွေကို ကုန်အောင်သုံး ။ ပြီးသွားရင် ငွေတစ်ပြားမှ မပေးတော့ဘူး ။
ပြီးတော့ ထူးခြားတာက PhD ကျောင်းသားတွေကို သက်ဆိုင်ရာပရော်ဖက်ဆာက လစာပေးရတယ် ။
ကျွန်တော်တို့ အိုဟိုင်းယို တက္ကသိုလ်မှာဆို PhD ကျောင်းသားတစ်ယောက်ကို တစ်နှစ် ဒေါ်လာ နှစ်သောင်းပေးရတယ် ။
ပရော်ဖက်ဆာက ဘာကြောင့် PhD ကျောင်းသားတွေကို လစာပေးရသလဲ ။ ကျွန်တော်ရှင်းပြမယ် ။
ပရော်ဖက်ဆာတစ်ယောက်မှာ တာဝန်သုံးခုရှိတယ် ။
တစ်ခုက တက္ကသိုလ်မှာ စာသင်ရတယ် ။ တစ်ပတ်ကို လေးနာရီထက်ပိုမများပဲသင်ရတယ် ။
ရိုးရိုးတန်းနဲ့ ဂုဏ်ထူးတန်းကျောင်းသားတွေကို သင်ရတာ ။
ဒုတိယတာဝန်က PhD ကျောင်းသားတွေနဲ့ သုတေသနလုပ်ရတယ် ။
တတိယတာဝန်က အမေရိကန်အစိုးရက တောင်းတဲ့အကြံဉာဏ်တွေပေးရတယ် ။
အဲဒီသုံးခု ကို အဓိက လုပ်ရတယ် ။
စာသင်တာအတွက်က လစာရတယ် ။
သုတေသနပိုင်းကျတော့ ငွေကြေးကို ကိုယ့်ဘာသာရှာရတယ် ။
ဘယ်လိုရှာရသလဲဆိုတော့ နာနို နည်းပညာဆို သူနဲ့ပတ်သက်တဲ့ ကုမ္မဏီတွေရှိတယ် ။
သူတို့ကို ကျွန်တော်တို့ သုတေသနလုပ်မယ့်ပရော့ဂျက်နဲ့ပတ်သက်ပြီး ပြောပြရတယ် ။
သူတို့က ငွေကြေးချပေးမယ် ။ သုတေသနအောင်မြင်သွားတဲ့နည်းပညာကို သူတို့နဲ့ အကျိုးတူသုံးစွဲမယ် ။
အမေရိကန်မှာ မြန်မာနဲ့မတူတာတစ်ခုက ဆေးတက္ကသိုလ်ကိစ္စပဲ ။
အမေရိကန်မှာက ဆေးတက္ကသိုလ်ကို တိုက်ရိုက်တက်ခွင့်မရှိဘူး ။
ပထမသိပ္ဖံ ဒီဂရီဘွဲ့တစ်ခုခုရပြီးမှ ဆေးကျောင်းကို လျှောက်ခွင့်ရှိတယ် ။
အခြေခံပညာတန်းပြီးရုံနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်မရှိဘူး ။
ဒီဂရီနှစ်ခုရမှ ဆရာဝန်ဖြစ်တဲ့အတွက် ဒေါက်တာ လို့ သတ်မှတ်တာ ။ပရော်ဖက်ဆာတွေနဲ့ အဆင့်တူသတ်မှတ်လိုက်ပြီး ဒေါက်တာလို့ခေါ်ကြတာ ဖြစ်တယ် ။
ကျွန်တော်တို့ကိုလစာပေးတာကလည်း အစိုးရမဟုတ်ဘူး ။ First Year ကျောင်းသားတွေ ။
ပထမနှစ် ကျောင်းသားတွေက ကျွန်တော့်ရဲ့ ဘောစ်တွေ ။ အလုပ်ရှင်တွေ ။
ကျွန်တော့်အတန်းကိုလာတက်တဲ့ ပထမနှစ်ကျောင်းသားတွေက ကျွန်တော့်စာသင်ပုံပေါ် မူတည်ပြီး ကွန်မန့်တွေပေးကြရတယ် ။
သူတို့ကွန်မန့်တွေပေါ် မူတည်ပြီး တက္ကသိုလ်က ကျွန်တော်တို့ရဲ့ လစာအတိုးအလျော့တွေ ၊ ရာထူးအတိုးအလျော့တွေကို ဆုံးဖြတ်တယ် ။
သူတို့ကလည်း တကယ့်ကို မှန်မှန်ကန်ကန် အကဲဖြတ်ကြတာ ။
မကြိုက်ရင် မကြိုက်ဘူး ကြိုက်ရင်ကြိုက်တယ် ပဲ ။
ပထမနှစ်ဝက်မှာ ကျောင်းသားတွေက ပရော်ဖက်ဆာကို ကွန်မန့်ရေးတဲ့အချိန် ကျွန်တော်တို့က အထဲမဝင်ရဘူး ။
သူတို့က ရေးပြီးသားတွေကို မဲပုံးထဲ ထည့်ခဲ့တာ ။
အဲဒါကို တက္ကသိုလ်ဘုတ်အဖွဲ့က ကြည့်ပြီး ပရော်ဖက်ဆာကို မိတ္ထူပေးတယ် ။
ကျွန်တော်တို့ အဲ့ဒီမှာ ကိုယ့်အားနည်းချက်ကို ဖတ်ပြီး လိုအပ်တာရှိ ပြုပြင်ရတယ် ။
အထက်က ဆရာက ကိုယ်မသိတဲ့ အားနည်းချက်ကို တပည့်တွေက ထောက်ပြတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ပြန်ပြုပြင်နိုင်လာတယ် ။
သူတို့နိုင်ငံရဲ့ စနစ်မှာက အထက်ကလူရဲ့ ရပ်တည်ချက်ကို အောက်ကလူများစု က အကဲဖြတ် ဆုံးဖြတ်ပေးတာပဲ ။
ကျွန်တော်တို့ကို ကျောင်းသားတွေက စောင့်ကြည့်အကဲဖြတ်သလို ကျွန်တော်တို့ကလည်း သမ္မတတို့ ဒုသမ္မတတို့ အစိုးရအဖွဲ့တို့ကို စောင့်ကြည့်အကဲဖြတ်ရတယ် ။
ကျွန်တော်တို့ဆီက တက္ကသိုလ်ဆိုတာ ဆေးကောလိပ်ပါတယ် ။ နည်းပညာကောလိပ်ပါတယ် ။ အခြားအသက်မွေးကောလိပ်တွေပါတယ် ။ ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေရှိတယ် ။ ကိုယ်ပိုင်လေယာဉ်ကွင်းတွေ . ကိုယ်ပိုင်ဂျက်လေယာဉ်တွေရှိတယ် ။
ပရော်ဖက်ဆာ အယောက် (၇၆၀)ကျော်ရှိတယ် ။
တစ်နှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာတစ်ယောက်ကို ဆုပေးလေ့ရှိတယ် ။
(၂၀၀၆)ခုနှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာဆု ကျွန်တော်ရခဲ့တယ် ။
အဲ့ဒီဆု ဘာလို့ရသလဲ ။
ကျောင်းသားတွေပေးတဲ့ကွန်မန့်တွေဖတ်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ပြုပြင်ခဲ့လို့ ရတာ ။
ဒါကတော့ အမေရိကားပညာရေးစနစ်ရဲ့ ဆရာတွေနဲ့ ပတ်သက်တဲ့ကိစ္စပါပဲ ။
(၇)
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ဝေဖန်ရရင်တော့ ပြောင်းတာမြန်ပါတယ် ။
အထဲကလူထက်စာရင် အပြင်က လာတဲ့လူအနေနဲ့ ပိုမြင်သာတယ် ။ မနှစ်က ကျွန်တော်ပြန်လာတာ တစ်လကြာတယ် ။
ကျွန်တော်သဘောကျသော ကောင်မလေးတစ်ယောက်ရှိသည်။

