သင့်တစ်နေ့တာကို အခုထက် ပိုမို အဆင်ပြေစေချင်သလား။ ငါးမိနစ်ပဲအချိန်ပေးဖို့ လိုပါတယ်။ အလုပ်များလှတဲ့ နေ့ရက်တွေအတွင်း တစ်နေ့တာ ပိုမို အဆင်ပြေလာစေဖို့ လုပ်သင့်တဲ့ အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
(၁) အိပ်ခန်းကို သာယာအောင် ပြင်ဆင်ပါ
နံနက် မိုးလင်းလာချိန်မှာ စိတ်ကြည်လင် လန်းဆန်းစေဖို့ အိပ်ခန်းက ရှင်းလင်းနေသင့်ပါတယ်။ တစ်နေ့မှာ အချိန် ငါးမိနစ်လောက် ပေးပြီး အိပ်ခန်းကို ရှင်းလင်းလိုက်ရင် နံနက်အချိန်က စပြီး တစ်နေကုန် စိတ်ဖိစီးမှု လျော့ကျကာစိတ်ခံစားမှုနဲ့ စွမ်းအင်အဆင့် မြင့်တက်နေပါလိမ့်မယ်။
(၂) သရေစာ သိမ်းထားပါ
နံနက်ခင်း အိမ်ပြင် မထွက်ခင်မှာ မီးဖိုချောင်ထဲဝင်ကာ သစ်သီးတစ်မျိုး(ငှက်ပျောသီး၊ ပန်းသီး၊ စပျစ်သီး) ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာ (ဆားမပါတဲ့ အခွံမာ အစေ့အဆန်) တွေကို ထုပ်ပိုးယူဆောင်သွားပါ။ ဒီလိုထုပ်ပိုးတာက အချိန်အနည်းငယ်ပဲ ပေးရပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့သရေစာတွေ ဝယ်စားဖြစ်တာကို လျော့ကျစေကာ ရေရှည်မှာ ကျန်းမာရေးကောင်းမွန်စေပါတယ်။
(၃) အလုပ်စားပွဲကို ရှင်းလင်းပါ
အလုပ်ကို ရောက်တဲ့အခါ စားပွဲခုံကို ရှင်းလင်းဖို့ အချိန် အနည်းငယ်ပေးပါ။ပြန့်ကျဲနေတဲ့ စာရွက်တွေကို စီတာ၊ ကော်ဖီခွက်ကို ဆေးကြောတာ၊ ဒီနေ့ လုပ်စရာရှိတဲ့ အရာတွေကို စာရင်းချရေးတာ ..ဒီနည်းတွေက သင့်ကိုအာရုံစူးစိုက်အား ကောင်းစေပြီး အလုပ်တွင်ကျယ်စေတဲ့ နည်းတွေပါ။
(၄) တေးသီချင်း နားဆင်ပါ
သီချင်းနားထောင်တာက သွေးဖိအား ကျစေတာ၊ စိတ်ဖိစီးမှု လျော့ကျတာနဲ့စိတ်ခံစားချက်ကို မြှင့်တင်ပေးတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ လေ့လာမှုများစွာက ဆိုထားပါတယ်။ ငါးမိနစ်လောက် အချိန်ပေးပြီး သင်အကြိုက်ဆုံးတေးသီချင်း နားဆင်ရင် ပြုံးပျော် ကြည်နူးမှုကို ရရှိစေပါတယ်။
(၅) သံပရာရနံ့ရှူပါ
စိတ်ဖိစီးမှု အမြန်လျော့ကျစေတဲ့ လှည့်ကွက်တစ်ရပ် အနေနဲ့ အနံ့ခံအာရုံကိုအလုပ်ပေးလိုက်ပါ။ သံပုရာသီးမှာပါတဲ့ ဓာတ်တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်တွေရှိပြီး စိတ်ဖိစီးမှု ဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေကို လျော့ကျစေတယ်လို့ …..ဂျပန်သုတေသီတွေက ဆိုပါတယ်။ ပင်စိမ်း၊ လာဗန်ဒါ စတဲ့ ရနံ့တွေကလည်း စိတ်ဖိစီးမှုကို လျော့ကျစေတာကိုတွေ့ရပါတယ်။
(၆) အကြောဆန့်ပါ
ခန္ဓာကိုယ်ကို ညင်ညင်သာသာ အကြောဆန့်ပေးတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။အလုပ်စားပွဲမှာပဲ လုပ်လို့ရပါတယ်။ လက်တွေကို ခေါင်းပေါ်မှာ မြှောက်ပြီး မြှင့်ထားလိုက်ပါ။ ပိုကောင်းတဲ့ အာနိသင်ရချင်ရင် အပြင်ထွက် လမ်းလျှောက်ပြီးခြေထောက်တွေကိုပါ ဆွဲဆန့်ပေးပါ။ အကြောဆန့်ပေးတာက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေကာ ဖိစီးမှုကင်းဝေးစေပါတယ်။
(၇) တရားထိုင်ပါ
တရားထိုင်တာနဲ့ အသက်ပြင်းပြင်း ရှူရှိုက်တဲ့ နည်းဟာစိတ်အပန်းပြေစေပါတယ်။တရားထိုင်ဖို့အတွက် ဘာအသုံးအဆောင်မှ မလိုအပ်ပါဘူး။ ကြမ်းပြင်ပေါ်မှာ သက်သောင့်သက်သာ အနေအထားမျိုးနဲ့ ထိုင်ပြီး ငါးမိနစ်လောက်တရားမှတ်ပေးရင် စိတ်ဓာတ်ကျတာကို ကင်းဝေးစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
(၈) ကျေးဇူးတင်ထိုက်သော အရာများကို ချရေးပါ
တစ်မိနစ်လောက် အချိန်ပေးပြီး ကျေးဇူးတင်ထိုက်တဲ့အရာ ကြီးငယ်မှန်သမျှချရေးလိုက်ပါ။ ဒီလိုလုပ်တာက ဘဝမှာ အကောင်းမြင်စိတ် တိုးလာစေပါတယ်။
(၉) လျှပ်စစ်ပစ္စည်းများကို ပိတ်ထားပါ
တစ်နေ့လုံး ကွန်ပျူတာ စကရင်ကို ကြည့်တာ၊ ဖုန်းပြောတာ စတဲ့ နည်းတွေကစွမ်းအင်ကို ထိခိုက်စေပြီး လှုပ်ရှားမှု လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ အီးမေး၊ ဖုန်း၊ အင်တာနက် စတဲ့ လျှပ်စစ် အသုံးအဆောင်တွေကိုခဏတာ အနားပေးတာက စိတ်အပန်းပြေစေတဲ့ နည်းလမ်းကောင်း တစ်ရပ် ဖြစ်ပါတယ်။
(၁၀) ဦးစားပေး လုပ်ဆောင်ပါ
လုပ်စရာ အလုပ်ကိစ္စတွေ အများကြီး ရှိနေရင် စိတ်ပင်ပန်း ရတတ်ပါတယ်။ဒါကြောင့် ဦးစားပေးရမယ့် အလုပ်တွေကို စာရင်းချရေးပြီး ပြီးဆုံးအောင် လုပ်သင့်ပါတယ်။ တစ်နေ့တာ ပြီးဆုံးသွားတဲ့ အခါမှာလည်းပြီးဆုံးအောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ အရာတွေကို စာရင်း ချရေးကြည့်လိုက်ပါ။ သင် ဘယ်လောက် အလုပ်တွင်ခဲ့တယ်ဆိုတာ သိပြီးကြည်နူးရပါလိမ့်မယ်။
ကေအမ် Ref: Good Health Source: http://news.yatanarpon.com.mm/news/news-58708







