သီတင်းကျွတ်တော့မှာပါလား။
အရင်ဆုံးစတင်သတိထားမိတာက ရာသီဥတု ဖြစ်သည်။
ဆောင်းဆန်သော အေးစိမ့်စိမ့်ရာသီဥတု မျိုးကို စတင်ခံစားရပြီ။
နောက်တစ်ခုက တော မီးရှူးသံများ၊ဗြောက်သံများဖြစ်သည်။
ရင်ထဲမှာတော့.. ပျော်ပွွဲှရွှင်ပွဲတွေ အတိနှင့် လျှောက်လည်ကာပျော်နေသည်။
တောင်ကြီး တန်ဆောင်တိုင်ကိုရောက်လိုက်၊ မန္တလေးက ဆောင်းရာသီညနေတွေဆီရောက်လိုက်၊
မန္တလေးက သင်္ကြန်ရက်တွေကို ရောက်လိုက်နှင့်။

မဝတ်တာကြာပြီ ဖြစ်သည့် ကုတ် အနွေးထည်လေးတစ်ထည်ကို ပြန်ဝတ်မိသည့်အခါ
တစ်ချိန်က နုပျိုတက်ကြွမှုနှင့် လန်းဆန်းပျော်ရွှင်မှုတို့ကို အနည်းငယ်ပြန်လည်ခံစားရရှိမိသည်။

နေရောင်နွေးနွေး၊
ကော်ဖီရနံ့သင်းသင်းနှင့်
တစ်ချက်တစ်ချက် တိုက်ခတ်လာတတ်သော
အေးစိမ့်စိမ့်လေများက
ကျွန်တော်အပူအပင်မဲ့ ပျော်ရွှင်ခဲ့ဖူးသောရက်များနှယ်ပင်။
ပျောက်ဆုံးနေသော ရတနာကို ပြန်လည်ရှာဖွေတွေ့မိရသလို….

ကျွန်တော်သိသော ထိုအချိန်က ဘဝသည်
အနှောင့်အယှက်ကင်းသည်။
လွတ်လပ်သည်။
တာဝန်ယူရမှုနည်းသည်။
ခြိမ်းခြောက်မှု ဟူ၍မရှိ။
ထိုအချိန်မှာရှိသည့်စိတ်ထက်အေးချမ်းပြီး
အကောင်းမြင် တက်ကြွသော စိတ်ကို ယခု အခိျန်မှာ ဘယ်လိုမှ ပြန်မရရှိနိုင်ပါ။

အတိတ်တွေထဲမှာပဲ ပိတ်မိနေသူလားဟုတောင်တစ်ခါတစ်ရံထင်မိသည်။
လက်တွေ့ဘဝက ရက်စက် လွန်းသည်ထင်မိတိုင်း ကြည်နူးခဲ့ရသောဘဝနှင့်ပြန်ဖြေရသည်။

တစ်ချိန်က ယခုလိုအချိန်သည် ကျွန်တော်တို့ အသည်းအသန် စာတွေ ကျက်ခဲ့ရချိန်။
၂၀၁၁တစ်နှစ်လုံးသည် နှစ်စပိုင်းတွေမှာ တော်တော်လေခဲ့တာကလွဲ လို့
ကျန်တဲ့လတွေက တကယ်စာလုပ်ခဲ့သောအချိန်တွေပါ။
အင်တာနက်ဆိုတာ ဖုန်းထဲအလွယ်တကူမရှိသေးတော့
စိတ်ကို အနှောင့်ယှက်ပေးမယ့်အရာ မများဘူး။
ဒါပေမယ့် လိုချင်တဲ့ အချက်အလက်တွေကို ရှာဖွေနိုင်မှုနည်းတော့ အသိလည်းမကြွယ်ဘူး။

ဒါပေမယ့် ထိုအချိန်များကို မြတ်နိုးပါသည်။
ကျွန်တော်ချစ်သော သူငယ်ချင်းများလည််းရှိသည်။စကားများရန်ဖြစ်ဖော််သူငယ်ချင်းများလည်းရှိသည်။
အလုပ်တူတူလုပ်ဖက်သူငယ်ချင်းများလည်းရှိသည်။
လျှောက်လည်မည့်သူငယ်ချင်းများလည်းရှိသည်။

စာကြည့်စားပွဲပေါ် အတည်တကျ ထိုင်စာကြည့်ပြီး
စာရွက်တွေဝိုင်းပတ်နေသော စာကြည့်ရသည့်ဘဝကို လွမ်းပါသည်။

ယခုအ ချိန်သည်
နာစရာ ရှာမရသော လွမ်းစရာ ညနေခင်းတစ်ခုဖြစ်ပါသည်။