Written by အငြိမ်းစားကျောင်းဆရာတစ်ဦး
http://ivn.us/wp-content/uploads/2014/04/antidote-big-money-politics-might-critical-thinking-83792.jpg
ဘယ်အကြောင်းအရာကိုမဆို ရှင်းလင်းပြတ်သားစွာ သိမြင်ချင်ရင်၊ ဆင်ခြင်တုံတရားနဲ့ ပိုင်းဖြတ်ချင်ရင် ခရစ်တစ်ကယ် သင့်ကင်း (Critical Thinking) ဆိုတာမျိုး လုပ်ရတယ်။ ခရစ်တစ်ကယ် သင့်ကင်းလုပ်ရင် လွတ်လပ်စွာ အနှောင် အဖွဲ့ကင်းစွာ လုပ်နိုင်ရမယ်။ ခရစ်တစ်ကယ် သင့်ကင်း လုပ်ရင်
– ယုတ္တိဗေဒနည်းကျကျ ဆက်နွှယ်နေတယ်ဆိုတာကို အထောက်အထား ပြနိုင်ရမယ်။
– အကြောင်းအရာတစ်ခုကို ခွဲခြားပိုင်းဖြတ်၊ ဖွဲ့စည်းတည်ဆောက်၊ စီစဉ်ပိုင်းဖြတ်နိုင်ရမယ်။
– ပြဿနာတစ်ရပ်ကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိရမယ်။
– ကြောင်းကျိုးဆီလျော်သလား၊ အရေးကြီးသလားဆိုတာကို ပိုင်းဖြတ်နိုင်စွမ်းရှိရမယ်။
– လူတစ်ယောက် ယုံကြည်လို့ လိုက်ယုံကြည်တာမျိုးမဟုတ်ဘူး။
ခရစ်တစ်ကယ် သင့်ကင်းလုပ်တယ်ဆိုတာ သတင်းအချက်အလက်တွေ စုဆောင်းတာမျိုးမဟုတ်ဘူး။ ဒါကြောင့် ကျောင်းတွေ မှာလို အလွတ်ကျက်၊ ပြန်ရွတ်ပြနိုင်တာ ခရစ်တစ်ကယ် သင့်ကင်းမဟုတ်ဘူး။ မှတ်ဉာဏ်ကောင်းတာနဲ့ ခရစ်တစ်ကယ် သင့်ကင်းမဆိုင်ဘူး။ ခရစ်တစ်ကယ် သင့်ကင်းလုပ်တတ်တဲ့သူဟာ မှတ်ဉာဏ်သူများထက်ကောင်းချင်မှလည်း ကောင်းမယ်။ ခွဲခြားပိုင်ဖြတ်နိုင်စွမ်းကို မှတ်ဉာဏ်မကောင်းလည်း လုပ်နိုင်တယ်။ ခရစ်တစ်ကယ် သင့်ကင်းလုပ်နိုင်စွမ်းရှိသူတွေဟာ သူသိ တာကို ကောက်ချက်ချတတ်တယ်။ ရထားတဲ့ အချက်အလက်အပေါ် အခြေခံပြီး ပြဿနာကို ဖြေရှင်းတတ်တယ်။ သူသိချင် တာကို ဆက်စပ်ပြီး ရှာဖွေဖော်ထုတ်တတ်တယ်။
Beyer ဆိုသူကတော့ ခရစ်တစ်ကယ် သင့်ကင်းဆိုတာကို “ရှင်းလင်းစွာ သိမြင်၊ ဆင်ခြင်ပြီး ဆုံးဖြတ်နိုင်စွမ်း” လို့ ပြောတယ်။ ဘာတွေးတွေး လေးလေးနက်နက်တွေး၊ သေသေချာချာ စဉ်းစားဆုံးဖြတ်နိုင်အောင်လုပ်ပေးတာကို ခရစ်တစ်ကယ် သင့်ကင်းလို့ ပြောနိုင်ပါတယ်။
ခရစ်တစ်ကယ် သင့်ကင်းကို လူတိုင်းမလုပ်နိုင်ဘူး။ လုပ်နိုင်အောင် လေ့ကျင့်ပေးမှရတယ်။ ဘယ်လိုအချိန်မှာ ခရစ်တစ်ကယ် သင့်ကင်းဖြစ်လာတတ်သလဲဆိုရင် ပြောတိုင်းမယုံတတ်မှ ဖြစ်လာတယ်။ ဒါကြောင့် ကျောင်းတွေမှာ ဆရာကချည်းပြောနေတာ တွေကို ထိုင်နားထောင်နေရတဲ့သူတွေမှ ခရစ်တစ်ကယ် သင့်ကင်းမဖြစ်လာနိုင်ဘူး။ အလွယ်ဆုံး ညွှန်းချင်တာကတော့ အိန္ဒိယ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ 3 Idiots ဆိုတဲ့ ဇာတ်ကားကို ကြည့်သင့်တယ်လို့ ထင်ပါတယ်။ အဲဒီအထဲမှာ အစဉ်အလာ လမ်းကြောင်းကို ခရစ်တစ်ကယ် သင့်ကင်းကောင်းတဲ့ ကျောင်းသားတစ်ယောက်က ဘယ်လိုဖောက်ပြီး ဆရာတွေကို ပညာပေး သွားသလဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။
“Critical thinkers are nature skeptical” လို့ဆိုပါတယ်။ ဆိုလိုချင်တာက ပြောတိုင်းယုံတတ်တဲ့ သူမျိုး မဟုတ်ဘူးပေါ့။ သူတို့ဟာ ဘာပဲပြောလိုက် ပြောလိုက် ထပ်တွန့်တက်ရမှ ကျေနပ်တယ်။ ဟိုက်ဒြိုဂျင်နှစ်ဆနဲ့ အောက်ဆီဂျင် တစ်ဆ ပေါင်းစပ်ရင် ရေဖြစ်တယ်လို့ ဆရာက ပြောလိုက်ရင်၊ အဲဒီ H2O ဆိုတာ မပေါ်ခင်ကတည်းက ရေပေါ်နေတာပဲဆိုပြီး ပြန်ပြောကောင်းပြောမယ်။ ဒါကို ဆရာက ငါ့ကို ပညာစမ်းတယ်၊ အာခံတယ်လို့ဆိုပြီး အပြစ်ပေးရင် ခရစ်တစ်ကယ် သင့်ကင်း ကို သတ်ပစ်လိုက်တာနဲ့ အတူတူပဲ။
ကျွန်တော်တို့ ပညာရေးစနစ်မှာ ခရစ်တစ်ကယ် သင့်ကင်းမလုပ်တာ ကြာပါပြီ။ ဒီလိုဖြစ်အောင် လုပ်ဖို့ဆိုတာ သင်ကြားတဲ့ ဆရာတွေမှာကိုက ခရစ်တစ်ကယ် သင့်ကင်းကို လက်ခံတဲ့ ဆရာတွေဖြစ်ရမယ်။ ခရစ်တစ်ကယ် သင့်ကင်းဆိုတာ စာအုပ်ထဲမှာ မပါဘူး။ ဘာလာလို့ ဘယ်လိုကြုံတွေ့ရမယ်ဆိုတာလည်း မျှော်မှန်းထားလို့ မရဘူး။ အချိန်မရွေး ကျောင်းသားတွေက ဆရာ တွေကို စိန်ခေါ်လာနိုင်တဲ့ သိလိုစိတ်တွေကို ရင်ဆိုင်ရလာနိုင်တာကြောင့် ဆရာကိုယ်တိုင် Active မဖြစ်လို့ မရဘူး။ ဆရာတွေ ညာလို့မရတော့တဲ့ အတွေးလို့ပဲဆိုပါတော့။
မြန်မာ့ပညာရေးစနစ်ဟာ ဘုန်းကြီးကျောင်းပညာရေးကနေ စခဲ့ရတဲ့ပညာရေးဖြစ်ပြီးတော့ ကြိမ်ကြောက်တဲ့ ပညာရေး ဖြစ်နေ တုန်းပါပဲ။ အကြောင်းအရာတစ်ခုကို ဆင်ခြင်စဉ်းစားစရာ မလိုဘဲ၊ စာအုပ်ထဲပါတဲ့အတိုင်း အလွတ်ကျက်ပြီး ပြန်ရွတ်ပြနိုင် တာကို ရှေးကတည်းက လူတော်လို့ သတ်မှတ်ခဲ့ကြတာပါ။ နှောင်းခေတ်မှာတော့ အလွတ်ကျက်ပြီး ပြန်ရေးနိုင်ရင် လူရည်ချွန် လို့ သတ်မှတ်ပါတော့တယ်။ ဒါကြောင့် နှစ်ပေါင်း ရာချီကြာလာတဲ့ ရှေးရိုးစွဲ ပညာရေးစနစ်ကြီးကို ဆက်လက်ကျင့်သုံးစေပြီး လူငယ်တွေကို နွံနှစ်ထားတဲ့ပညာရေးလို့လည်း ဆိုနိုင်ပါတယ်။
ခရစ်တစ်ကယ် သင့်ကင်းကို နားမလည်တဲ့ သူတွေဟာ
– အဖြူနဲ့ အမည်းကို ချပြထားပြီး ဟောဒါအဖြူ၊ ဟောဒါ အမည်းလို့ ပြောလိုက်ရင် ပြောတာပဲသိတယ်။ ထပ်ပြီး နောက်ဆက်တွဲကို မစဉ်းစားတော့ဘူး။ ဖြူတာ အမည်းအပေါ်ဆေးသုတ်ထားလို့၊ ဆေးကွာကျသွားရင် အဖြူပျောက် သွားနိုင်တယ်ဆိုပြီး နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစားတော့ဘူး။
– သူတို့ သိတာ “အမှန်” သို့မဟုတ် “အမှား” နှစ်မျိုးပဲ။ ဘာကြောင့် မှန်တယ်၊ မှားတယ်ဆိုတာ မသိဘူး။
– တစ်ခုနဲ့ တစ်ခုဟာ ကြောင်းကျိုးဆက်စပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ ဒါကြောင့်ကိုယ်ထင်တာ ကိုယ်လုပ်ပြီး အမှားတွေ ရင်ဆိုင်ရတော့တယ်။
– ဆရာက သင်ထားတာ “မာလကာသီး” ဆိုရင် “သစ်တော်သီး” လို့ ပြောင်းလိုက်တာနဲ့ သူတို့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။
– သူတို့ကို လမ်းဖောက်ပေးမှ လျှောက်တတ်တယ်။ လမ်းပိတ်ရင် ဖောက်မထွက်ဘဲ ငုတ်တုတ်ထိုင်နေလိမ့်မယ်။
ကျွန်တော် အထက်မှာ ပြောခဲ့တာတွေနဲ့ဆန့်ကျင်ဘက် လုပ်ဆောင်တတ်သူတွေဟာ ခရစ်တစ်ကယ် သင့်ကင်းဖြစ်နေတဲ့ သူတွေလို့ ပြောရမယ်။
ကျွန်တော်တို့တိုင်းပြည်ဟာ ၁၉၆၂ ခုနှစ်လောက်ကတည်းက ပြန်တွက်ရင် နှစ်ပေါင်း ၅၀ ကျော် ခရစ်တစ်ကယ် သင့်ကင်း ဆိုတာကို စနစ်တကျ ဖျက်ဆီးခြင်း ခံထားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဆရာတွေမှာ ခရစ်တစ်ကယ် သင့်ကင်းမဖြစ်အောင် ပထမဆုံး ဦးနှောက်တွေကိုဆေးကြောလိုက်တယ်။ ဦးနှောက်ထဲမှာ ပြန်မပြော၊ နားထောင်၊ ခိုင်းတာလုပ်၊ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့ အသိမျိုးတွေ ရောက်လာအောင် အရင်လုပ်ပေးလိုက်ပြီးမှ သူတို့ကတစ်ဆင့် ဘာမှ မသိ မတတ်လည်း အတန်းတက်၊ ဘွဲ့ရလေးတွေ မွေးထုတ်ပေးလိုက်တယ်။ ဒါကြောင့် ဘွဲ့ရပြီးတော့ ဘာမှ ဖြစ်မလာဘူးဆိုတာလည်း မဆန်းပါဘူး။
နှစ်ပေါင်းများစွာ ခရစ်တစ်ကယ် သင့်ကင်းကို ချောင်ထိုးခံထားရတဲ့ တိုင်းပြည်မှာ ခရစ်တစ်ကယ် သင့်ကင်းပြန်ဖြစ်လာ စေချင်ရင် ဆရာ ဆရာမတွေကအစ အားလုံးကို ပြန်ပြီး ဦးနှောက်ဆေးတာကို လုပ်မှရမှာ။ ကဲ ဘယ်သူ့မှာတာဝန်ရှိသလဲ။ ဘယ်သူတွေက လုပ်မလဲ။ ဘယ်တော့ လုပ်မလဲ။ ဘယ်လို လုပ်မလဲ စဉ်းစားမိရဲ့လား၊ စဉ်းစားပေးရဲ့လား။