စာရေးချင်စိတ်ပေါ် ပေါ်နေလို့ ရေးလိုက်ပါဦးမယ်။ အခုတလော စာအုပ်တစ်အုပ်ဖတ်ဖြစ်နေတယ်။ စာအုပ်ရဲ့နာမည်က ထက်မြက်သောဓားသွားပေါ်က ချိုမြမြပျားရည်စက်တဲ့။
စာရေးဆရာ ညီပုလေး ရေးတာ။ တကယ်တော့ဆရာ ညီပုလေးရဲ့စာအုပ်တွေကို မဖတ်ဖူးပါဘူး။
ဒါပထမဆုံးပဲ။ ဒါပေမယ့်လက်ကမချချင်လောက်အောင်ကောင်းတယ်။
စာအုပ်ရဲ့အကြောင်းက သူလုပ်ချင်ရာလုပ်တတ်တဲ့ အရမ်းတော်တဲ့ ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်အကြောင်း။
ခွဲစိတ်ဆရာဝန်ကြီးဆိုပေမယ့် မြို့ကြီးပြကြီးမှာနေတဲ့ ခွဲစိတ်ဆရာဝန်ကြီးမဟုတ်ဘူး ။
ဟိုးဝေးလံခေါင်ဖျားတဲ့ ချင်းတောင်ပေါ်မှာ နှစ်ရှည်လများနေပြီး ခွဲစိတ်တာတွေလုပ်ခဲ့ ၊ဒေသဖွံ့ဖြိုးရေးတွေလုပ်၊ ငြိမ်းချမ်းရေးတွေရအောင်လုပ်ခဲ့သူတစ်ဦး။
သူ့နာမည်က ဦးသိန်းလှိုင်တဲ့ ။ နာဂသိန်းလှိုင်လို့နာမည်ကြီးတယ်။ သူက တရုတ်သွေးစပ်တဲ့ ကပြားတစ်ဦး။
ချမ်းသာတဲ့မိသားစုကမွေးလာတယ်။ သူ့အတွက်ဘာမှလိုလေသေးမရှိတဲ့ဘဝ မှာနေလာတယ်။ ဒါပေမယ့် လူကြီးတွေကိုမျက်နှာချိုမသွေးတတ်၊ လူကြီးတွေမျက်စိထဲ မျက်စိစပါးမွှေးဆူးစရာ လူတစ်ဦးဖြစ်တဲ့အခါ သူ့လိုလူမှာလည်း ကံဆိုးခြင်းတွေ ရောက်လာခဲ့တယ်။ သူကံဆိုးတာ က အခြားသူတွေ ကံကောင်းဖို့ဖြစ်လာတယ်။
အထူးသဖြင့်တောင်ပေါ်ဒေသ နဲ့အနီးတဝိုက်ကလူနာတွေပေါ့။
သူကကျောင်းသားဘဝထဲက ခွဲစိတ်ပညာကိုဝါသနာပါတယ်။ အခြားကျောင်းသားတွေထက် လည်းပိုမိုအတွေ့အကြုံရှိခဲ့တယ်။ လူသေတွေကိုခွဲစိတ်လို့ရအောင် အမျိူးမျိုးကြံဖန်ခဲ့တာကိုး။
သူ ဖတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်က ဆရာဝန်တွေရဲ့ဘဝမှတ်တမ်းဆိုတဲ့ စာအုပ်ကြီးတစ်အုပ်။ စာကြည့်တိုက်က နေရှာတွေ့ခဲ့တာ။ သူအဲဒီစာအုပ်ကိုဖတ်ပြီးတော့ ဆရာဝန်တွေ ဘယ်လို ဘဝကို ကျော်ဖြတ်လဲဆိုတာကို စိတ်ဝင်စားခဲ့တယ်။ အလုပ်သင်ဆင်းတဲ့အခါ အလုပ်သင်ဆရာဝန်တိုင်း ချီးမြင့်ငွေမရတဲ့အတွက် အစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုကိုဦးဆောင်ခဲ့တယ်။
ဦးနုအစိုးရက ချော့တစ်လှည့်ခြောက်တစ်လှည့် သူ့ကို ဖိအားပေးပေမယ့် ဆရာဝန်တွေ သပိတ်မှောက်ပါတယ်ဆိုပြီးဖြစ်အောင် အမျိူးမျိူးကြံစည်ခဲ့တယ်။
နောက်ဆုံးမှာ ဆရာဝန်တိုင်း ချီးမြင့်ငွေရခဲ့ပေမယ့် သူ့ကိုတော့ ကွန်မြူနစ်ပါဆိုပြီး စွပ်စွဲထားတဲ့ စာမှာ အတင်းလက်မှတ်ရေးထိုးခံရတယ်။
ဆရာဝန်တွေအားလုံးချီးမြင့်ငွေရပုံမှန်ရဖို့အတွက် .. နောက်တက်လာတဲ့ဆရာဝန်တိုင်းချီးမြင့်ငွေ ပေးဖို့အတွက် သူအဲဒီစာချုပ်မှာလက်မှတ်ထိုးပေးခဲ့ရတယ်။
အဲ ဒါကြောင့်ပဲ လူကြီးတွေရဲ့အမျက်ရှခံရတယ်။
အလုပ်သင်ဆရာဝန်ဘဝကို ပြီးအောင်မနေခဲ့ရဘူး။
နောက်ဆုံး တာဝန်ချပေးတဲ့နေရာမှာ သူ့ရဲ့နာမည်ပါမလာဘူး။
အဲဒီနောက်သင်္ဘော ဆရာဝန်ဖြစ်တယ်။
တနင်္သာရီဘက်မှာ ဆရာဝန်သွားလုပ်ခဲ့ရတယ်။
နောက်မန္တလေးကိုပြန်ရောက် ပြီး ဆေးရုံကြီးမှာ လုပ်နေတုန်း ရန်ကုန်ကနေစာရောက်လာပြီး .. သူမပါဝင်တဲ့ ကုသမှုတစ်ခုမှာ လူနာသေသွားပါတယ်ဆိုပြီး စွပ်စွဲခံရတယ်။
သူနဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ပေမယ့် ထုံးစံအတိုင်း လူကြီးကအမျက်ရှပြီး .. အခေါင်ခိုက်ဆုံးနေရာဖြစ်တဲ့ ချင်းတောင် ခန္တီးကိုပို့လိုက်တယ်။
ပစ္စည်းဘာမှ ပြည့်ပြည့်စုံစုံ မရှိ ၊ စားစရာခက်ခဲ၊ သွားလာရေးခက်ခဲ၊ ဆေးဝါးခက်ခဲတဲ့ဒေသမှာ သူ နေပြီး .. ချင်းတောင်တစ်ဝိုက်က အလုံးကြိတ်တွေ လိုက်ခွဲခဲ့တယ်။
စရောက်ခါစက ဆေးရုံမှာ လူနာမရှိပေမယ့် လည်ပင်းကြီးရောဂါသည်တွေများလွန်းတဲ့ဒေသမှာ လည်ပင်းကြီးရောဂါတွေကို ခွဲဖို့လိုက်ဆွယ်ခဲ့တယ်။
သူ့ရဲ့ပထမဆုံးလူနာက စော်ဘွားတစ်ဦးရဲ့တူမ ၊ ထရော်လီပေါ်မှာတင်ပြီး ပစ္စည်းစုံစုံလင်လင်မရှိ၊ ခွဲစိတ်အတွေ့အကြုံမရှိတဲ့ သူနာပြုတွေနဲ့ စတင်ခဲ့ရတယ်။
မေ့ဆေးပေးတဲ့အချိုးအဆမညီလို့ .လူနာသေမလိုဖြစ်ခဲ့ပြီး နောက်မှာတော့ ပထမဆုံး လည်ပင်းကြီးရောဂါသည်ကိုအောင်အောင်မြင်မြင်ခွဲနိုင်ခဲ့တယ်။
အဲဒီနောက်တော့ ဆေးရုံကိုတဖွဲဖွဲလာတဲ့လူနာတွေကိုခွဲပေးတဲ့အပြင် ၊ ရွာတွေကိုပတ်ပြီး ခွဲတာစိတ်တာလည်လုပ်ခဲ့တယ်။
ရွာတွေက ခေတ်နဲ့အဆက်ပြတ်နေပြီးသိပ်ယဉ်ကျေးလှသော ဒေသတွေတော့မဟုတ်ခဲ့ဘူး။
ပြောစမှတ်တွင်ခဲ့တာကတော့ သူသွားခဲ့တဲ့ရွာတွေမှာ လူနာကိုခွဲပေးရင် မလှမ်းမကမ်းမှာ လူနာရဲ့ဆွေမျိုးက ဓားသွေးနေတယ်။
ဆရာဝန်ကုလို့လူနာသေရင် သူ့ခေါင်းကိုဖြတ်မယ်ဆိုတဲ့လူတွေပါ။
လူနာမသေရင်တော့ ဆရာဝန်ကိုနတ်လို့သတ်မှတ်ပြီး
လူနာသေရင် တော့ သာမာန်လူ ဖြစ်လို့ခေါင်းဖြတ်မယ်လို့ယူဆသူတွေပေါ့။ ဒါပေမယ့် တစ်ခါမှအဖိတ်အစင်မရှိခဲ့ဘူး။
လည်ပင်းကအကြိတ်၊ ဗိုက်ကအလုံး၊ရင်ဘတ်အလုံး ၊အူကျတာ စတာတွေအားလုံးကိုခွဲခန်းမရှိပဲတစ်ထိုင်တိုင်း ခွဲပေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေနဲ့တိုက်ပွဲမဖြစ်အောင် ကူညီခဲ့တာတွေလည်းရှိပါသေးတယ်။
နောက် အစိုးရစီမံချက်ထဲ လည်ပင်းကြီးရောဂါပပျောက်ရေးပါလာတာ။
ဆေးရုံတွေမှာ သူနာပြုအကူတွေမွေးထုတ်ရေး စီမံကိန်းတွေဖြစ်လာတာတွေလည်း ဆရာကြီးနာဂသိန်းလှိုင် လက်ချက်တွေပါပါတယ်။
ကျွန်တော်ဖတ်ပြီးတာ ပထမစာအုပ်နဲ့ဒုတိယစာအုပ်ပဲရှိပါသေးတယ်။
တတိယစာအုပ်အစမှာတော့ နိုင်ငံခြားကို ပညာတော်သင်သွားဘွဲ့ယူဖို့ ဖြစ်မလားမဖြစ်ဘူးလားဆိုတာကိုဖတ်ရမှာပါ။
ဖတ်ပြီးမှတ်ချက်ချရရင်တော့ ရှားမှရှားတဲ့ သူလိုလူပါ။ အရမ်းတော်တဲ့လူတွေမှာ ရှိတတ်တဲ့အားနည်းချက်တွေသူ့မှာအပြည့်အဝရှိတယ်။
စိတ်ထင်ရာလုပ်တယ်။ မာနကြီးတယ်။ လူကြီးတွေနဲ့ဆက်ဆံရေးမပြေပြစ်တတ်။ အခြေခံလူတန်းစားတိုင်းနဲ့အဆင်ပြေတယ်။
မိသားစုကိုပြန်လည်မကြည့်နိုင်တာ ( စာအုပ်ထဲမှာ မိသားစုအကြောင်းသိပ်မပါပါဘူး) စတာတွေပေါ့။
လက်ရှိဆရာဝန်လောကကို ဆရာကြီးတော့ဘယ်လိုမှ သဘောမကျနိုင်ဘူးဆိုတာ တွေးကြည့်စရာမလိုအောင်ပါပဲ။
အခုတော့ အသက်၉၀နားနီးနေပြီး ပြင်ဦးလွင်မှာ နေတယ်။
တစ်ခေါက်လောက် ဆရာကြီးကို ဂါရဝသွားပြုချင်မိတယ်။