မင်္ဂလာရှိသော ညနေခင်းလေးအတွက် ဆရာဖူးကျော်ဇင်(Future Wave) ရေးသားထားသော ” လူအမျိုးအစား (၄) မျိုး”

ဘဝအောင်မြင်မှုလမ်းကို လျှောက်လှမ်းတော့မယ်ဆိုရင် အရင်ဦးဆုံးလုပ်ရမယ့်အရာကတော့ ကိုယ့်အကြောင်းကိုယ်သိအောင် ဆန်းစစ်လေ့လာတာ ဖြစ် ပါတယ်။ ““ငါဟာ ဘယ် လိုလူမျိုးလဲ””၊ ““ဘယ်လို လူမျိုးဖြစ်ချင်တာလဲ”” အောင်မြင်တဲ့ လူသားတွေဟာ ““ဘယ်လို လူမျိုးတွေလဲ”” စသဖြင့် လေ့လာသုံးသပ်ရပါမယ်။
လောကမှာ လူတန်းစားပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံနဲ့ လူအမျိုးမျိုးရှိနေကြပါတယ်။ ဘဝအောင်မြင်မှုနဲ့ ပတ်သက်လာရင်တော့ လူတန်းစားလေးမျိုးကို တွေ့ရမှာပါ။ လူတွေရဲ့မတူညီတဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကြောင့် သူတို့တွေရဲ့ ဘဝအောင်မြင်မှုရလဒ်တွေဟာလည်း ကွဲပြားနေတာကိုတွေ့ရပါတယ်။ ဒီလိုခြားနားမှုတွေအရ လူအမျိုးအစားလေးမျိုးဆိုပြီး ခွဲခြားထွက်ပေါ်လာတာပါ။

(၁) Full Stop. လူမျိုး
Full Stop. ဆိုတဲ့အတိုင်း ဒီလိုလူမျိုးတွေဟာ ဘဝမှာ ရပ်တန့်နေတဲ့လူမျိုးတွေ၊ ပြီးဆုံးသွားပြီဆိုတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ဆက်မသွားတော့ဘူးဆိုပြီး၊ စိတ်ဓာတ်ခွန်အား နည်းတဲ့ လူမျိုးတွေဖြစ်ပါတယ်။ လူကသာ အသက်ရှင်နေပေမယ့် စိတ်ဓာတ်တွေ သေဆုံးနေတယ်လို့ ပြောရမယ့် လူစားမျိုးပါ။ ဘဝကိုလက်မြှောက်အရှုံးပေးတယ်။ ဖြစ်ချင်တာမဖြစ်ရလို့ ““ဖြစ်ချင်သလိုဖြစ်ကွာ””ဆိုပြီး ဘဝကိုရေဆန် မျောလိုက်သူတွေလည်း ဖြစ်ပါတယ်။
တစ်ချို့က သင်ယူသင်ကြားခြင်း (Learning) ကို ရပ်တန့်ပစ်လိုက်တယ်။ တစ်ချို့က ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေတဲ့ အခါမှာ လုပ်ငန်းတွေကို ရပ်တန့်ပစ်တယ်။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေလို့ ကိုယ့်ဘဝကို လမ်းဘေးပို့ပစ်တဲ့ လူတွေလည်း ပါ၀င်ပါတယ်။ အောင်မြင်မှုလမ်းကို လျှောက်လှမ်းနေတဲ့အခါမှာလည်း ဇွဲမရှိဘဲ လက်လျှော့ရပ်တန့်ပစ်တတ်တယ်။ ဘယ်အရာကိုမှ ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်၊ ဆုံးခန်းတိုင်အောင်မလုပ်နိုင်ဘဲ လမ်းတစ်ဝက်မှာ ရပ်တန့်ပစ်လေ့ရှိကြပါတယ်။
ဒါ့အပြင် သူတို့တွေဟာ လက်ရှိဘဝ အခြေအနေလေးကိုပဲ လက်ခံပြီး ဆက်လက် တိုးတက်ဖို့ မလုပ်ဆောင်တတ်ပါဘူး။ လက်ရှိနေရာလေးမှာပဲ ရပ်တန့်နေတတ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘူး။ အားငယ်တတ်တယ်၊ သိမ်ငယ်တတ်တယ်။ မဖြစ်နိုင်ဘူး၊ မတတ်နိုင်ဘူး၊၊ မလုပ်နိုင်ဘူးလို့အမြဲပြောတတ်ဆိုတတ်တယ်။
ကံကိုပဲ အပြစ်ပုံချတတ်ပြီး  ဉာဏ်၊ ၀ီရိယ ကို အားမကိုးဘဲ နေတတ်တဲ့လူမျိုးတွေ Full Stop လူသားထဲမှာ ပါ၀င်ပါတယ်။ ဘာဖြစ်ဖြစ် ကံပဲလေဆိုပြီး အတိတ်ကံပေါ်မှာ အပြစ်ဖို့နေပြီး ငုပ်တုတ်ထိုင်နေတတ်ကြပါတယ်။ ဒီလို ထိုင်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ဒါကြောင့် လူအများကလည်း သူတို့ကိုတွေ့ရင် ““ဆန်ကုန် မြေလေးပဲ””လို့ သတ်မှတ်ကြပါတယ်။
အဆိုးဆုံးရပ်တန့်ခြင်း Full Stop ကတော့ မိမိရဲ့ ဘဝကို မိမိအဆုံးသတ်ပစ်လိုက်ခြင်းပါပဲ။
လောကကြီးမှာ ဆက်လက်ရှင်သန်လိုစိတ် မရှိဘူး။ အသက်ရှင်နေလို့လည်း ငါ့ဘဝကဘာမှ မထူးပါဘူးဆိုပြီး၊ ကိုယ့်ဘဝကို အဆုံးစီရင်ပစ်တဲ့ Full Stop ကတော့ အဆိုးဆုံးအခြေအနေပါပဲ။
တစ်ချို့ Full Stop လူမျိုးတွေကတော့ ကိုယ်တိုင်ရပ်တန့်နေရတာ အားမရသေးဘူး။ တခြားသူများကို ရပ်တန့်ပစ်ဖို့တိုက်တွန်းကြတဲ့ သူတွေရှိပါတယ်။ ““ဒီအလုပ်မျိုး ငါလုပ်ဖူးတယ်၊ အဆင်မပြေပါဘူးကွာ၊ မင်းလည်းလုပ်မနေနဲ့၊ မဖြစ်နိုင်ဘူး”” လုပ်မနေပါနဲ့ကွာ၊ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ”” စသဖြင့် လိုက်လံပိတ်ပင် ရပ်တန့်တတ်ကြပါတယ်။ ကိုယ်ကလည်းရပ်တန့်နေရတာကိုသဘောကျပြီးသူများကိုလည်းဆက်မသွားစေချင်ကြသူတွေ
ပါပဲ။ဒီလောက်ဆို Ful Stop ဆိုတဲ့ ပထမလူ စားမျိုးဟာ ဘယ်လိုလူမျိုးတွေလည်းဆိုတာ
သဘောပေါက်လောက်ပါပြီ။ လူ့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေများလာရင် တိုးတက်မှုတွေ နှောင့်နှေးနေဦးမှာပါပဲ၊ ဒီလိုလူတွေဟာ မိမိကိုယ်တိုင်ရော၊ နိုင်ငံနဲ့လူမျိုးအတွက်
သာမက လောကကြီးကိုပါ ရပ်တန့်ခြင်းတွေဖြစ်စေနေဦးမှာပါ။

(၂) Question Mark?၊ လူမျိုး
နောက်ထပ် လူတစ်မျိုးကတော့ Question Mark?၊ ဆိုတဲ့လူမျိုး ဖြစ်ပါတယ်။ သူက Full Stop လို ရပ်တန့်နေတဲ့လူမျိုးတော့ မဟုတ်ပါဘူး။ သူတို့က ရပ်တန့်ခြင်းကိုလည်း အလိုမရှိ ပါ။ သူတို့တွေက ရှင်သန်သွားလာ လှုပ်ရှားနေ တဲ့သူတွေပါ။ ဒါပေမယ့်ခက်တာက သူတို့ဘယ်သွားနေတယ်၊ ဘာလုပ်နေတယ်၊ ဘယ်ရည်မှန်း ချက်ဆီကိုဦးတည်နေတယ်
ဆိုတာမသိရှာတာပါပဲ။ သူတို့က နေ့ရှိသရွေ့၊ ညရှိသရွေ့ အလုပ်တွေကြိုးစားကြတယ်။
ဘာကြောင့်လုပ်နေသလဲ သူတို့ကိုယ်တိုင်မသိဘူး၊ ဘာအတွက်လုပ်နေ တာလဲဆိုတဲ့ အဓိကရည်ရွယ်ချက်ကို မသိကြဘူး။ ရည်မှန်းချက်မဲ့ပြီး ပန်းတိုင်ပျောက်နေကြတယ်။ အလုပ်တွေလုပ်နေတာ စားဝတ်နေရေး အဆင်ပြေအောင် ဖြေရှင်းနိုင်ဖို့ပါပဲဆိုတဲ့ အချက်လောက်ပဲသိတယ်။ ပြောချင်တာကတော့ Question mark?၊
လူမျိုးတွေဟာ လုပ်တော့လုပ်နေတယ်၊ ဘာအတွက်လုပ်နေမှန်း မသိကြဘူး။ ဘဝလောကကြီးမှာ ရှင်သန်သွားလာနေတယ်၊ ဘယ်ကိုဦးတည်နေတယ်ဆိုတဲ့ ပန်းတိုင်တွေမရှိကြဘူး၊ မသိကြဘူး။ ဒါကိုဆိုလိုတာပါ။
ဘဝမှာ ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘယ်ကိုရောက်ချင်တာလဲဆိုတာ ဘာမှတိတိကျကျမရှိကြပါဘူး။ ဦးတည်ရာပန်းတိုင် မရှိဘဲ လျှောက်လှမ်းနေရင်တော့ ဘယ်မှရောက်မှာမဟုတ်ပါဘူး။ ဒီလိုပန်းတိုင်ပျောက်ပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်း မသိကြတဲ့လူတွေ၊ နားမလည်ကြတဲ့လူတွေကို Question Mark? လို့ တင်စားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကဘဝမှာ အောင်မြင်ချင်ရင် Question Mark? လို လူမျိုးမဖြစ်ရအောင် တိကျသေချာတဲ့ ပန်းတိုင်တွေကို ချမှတ်ထား ဖို့လိုပါတယ်။ ကိုယ်ဘာလုပ်နေပြီး ဘယ်ကိုဦးတည်နေတယ်ဆိုတာ သိနေတယ်ဆိုရင်တော ကိုယ်ဟာ Question Mark? လိုလူမျိုး မဟုတ်တော့ပါဘူး။

(၃) The C လူမျိုး
နောက်တစ်မျိုးကတော့ Colon : ဆိုတဲ့လူတွေပါပဲ။ ဒီလိုလူမျိုး တွေဟာ အလယ်အလတ်တန်းစား လူမျိုးတွေပါပဲ။ Colon : ဆိုတဲ့အတိုင်း အလယ်မှာနေသူတွေ၊ ကြားနေသူတွေဖြစ်ပါတယ်။ သူတို့မှာတော့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေရှိကြပါတယ်။ ပန်းတိုင်တွေ ချမှတ်ထား တာတွေလည်းရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပန်းတိုင်တွေဟာ
သူလို ကိုယ်လို ပန်းတိုင်တွေပါပဲ။ သေးငယ်တဲ့ရည်မှန်းချက်တွေပဲ ရှိကြပါတယ်။
သူတို့တွေရဲ့ အားနည်းချက်ကတော့ သူများတွေလုပ်သလို လုပ်တတ် ကြတာပါပဲ။ သူများပြောသလို လိုက်လံဆောင်ရွက် တတ်ကြတာပါပဲ။ သူများယောင်ရင် လိုက်ယောင်တတ်ကြပါတယ်။ လူအုပ်ကြီး နောက်ကို လိုက်တတ်ကြပါတယ်။ သူလိုကိုယ်လို သာမန်လူတန်းစားမျိုး တွေပဲ ဖြစ်ပါတယ်။
ဆင်းရဲလားဆိုရင် မဆင်းရဲပါဘူး။ ချမ်းသာလားဆိုတော့လည်း မချမ်းသာဘူး။ Middle Class ဆိုတဲ့ လူလတ်တန်းစားတွေပါပဲ။ Colon : ဆိုတဲ့အတိုင်း ကြားနေဝါဒပေါ့။ သူတို့အမြဲပြောလေ့ရှိတာက ““ငါတို့ အရမ်းကြီးလည်း မချမ်းသာချင်ပါဘူး။ မအောင်မြင်၊ မကျော်ကြား ချင်ပါဘူ။ ဆင်းရဲတာမျိုးလည်း မလိုချင်ဘူး။ လောကမှာ အေးအေး ဆေးဆေးနဲ့ လူတန်းစေ့နေနိုင်ရင် တော်ပါပြီ””တဲ့။
ဟုတ်ပါတယ်။ Colon : ဆိုတဲ့လူတွေဟာ အေးအေးချမ်းချမ်းနဲ့ ဘဝမှာ အရိုးရှင်းဆုံးဖြတ်သန်းချင်သူတွေပါ။ သူတို့ဟာ အနိုင်မရချင်သလို အရှုံးကိုလည်းအလိုမရှိပါဘူး။ ရှုံးမှာကြောက်တဲ့ သူတွေထဲမှာ ပါ၀င်သလို အနိုင်မရရင်လည်း ကျေနပ်နိုင်ပါတယ်။ အနိုင်မရှိ အရှုံးမရှိ သရေကျတာကို နှစ်သက်တယ်ပေါ့။ သူများကိုလည်း
ကျော်မတက်ချင် သလို သူများနောက်မှာလည်း မနေနိုင်ပါဘူး။ ရင်ဘောင်တန်းနိုင်ရင်
တော်ပြီပေါ့။ ဒါဟာ Colon : ဆိုတဲ့လူမျိုးတွေပဲဖြစ်ပါတယ်။

(၄) Exclamation! လူမျိုး
နောက်ဆုံးလူအမျိုးအစားကတော့ Exclamation! ဆိုတဲ့ အံ့အား
သင့်စရာ လူမျိုးတွေဖြစ်ပါတယ်။ သူတို့တွေဟာ လူတွေကို Exclamation! အာမေဋိတ်ဖြစ်စေတယ်။ သူတို့ရဲ့စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေဟာ လူတွေကို အံ့သြမင်သက်စေတယ်။ သူတို့ရဲ့လုပ်ရပ်နဲ့ အောင်မြင်မှု တွေဟာ လူတွေကို ဟာခနဲ၊ ဟင်ခနဲ ဖြစ်စေနိုင်တယ်။ လူတွေရဲ့ ““မဖြစ်နိုင်ပါဘူး””လို့ ပြောတဲ့စကားတွေကို
ဖြစ်အောင်လုပ်ပြတတ်ပြီး ပါးစပ်အဟောင်းသားဖြစ်စေတဲ့ လူမျိုးတွေပါ။
ပြီးတော့ သူတို့ဟာ လူအများအားကျအောင် ကိုယ့်ဘဝကို အကြီးကျယ်ဆုံး ဖန်တီးကြတဲ့သူတွေပါ။ စံပြပုဂ်္ဂိုလ်တွေဖြစ်အောင် နေထိုင် ကြပါတယ်။ ရည်မှန်းချက်တွေ ပန်းတိုင်တွေက အင်မတန်ကြီးမားတယ်။ တခြားသူတွေကို သူတို့က သြဇာလွှမ်းမိုးနိုင်တယ်။
လောကမှာ အများ အံ့သြကြရတဲ့ အောင်မြင်သူကြီးတွေ၊ ခေါင်းဆောင်ကြီးတွေ၊
သန်းကြွယ် သူဌေးကြီးတွေ၊  ဉာဏ်ကြီးရှင်ကြီးတွေဖြစ်ကြပါတယ်။ ဖြစ်အောင်လည်း လုပ်မယ်ဆိုတဲ့ ဆန္ဒကြီးမားသူတွေပါ။ သူတို့တွေဟာ ကိုယ့်ကိုယ်ကို အမြဲ
တိုးတက်နေအောင်လုပ်တယ်။ ပြောင်းလဲမှုတွေကို နှစ်သက်တယ်။ အဆက်မပြတ်
သင်ယူသင်ကြားမှု တွေကိုလုပ်တယ်။ အောင်မြင်မှုတွေပေါ်မှာ
အာရုံစိုက်တတ်တယ်။ အခက်အခဲတွေ၊ ပြဿ နာတွေရှိရင်လည်း အပြောင်မြောက်ဆုံး ကျော်လွှားဖြေရှင်းနိုင်ကြတယ်။
Exclamation! ဆိုတဲ့အတိုင်း စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ ယုံကြည်မှုကတော့ တကယ့်အံ့မခန်းပါပဲ။ ဒါဆိုရင် Exclamation! ဆိုတဲ့လူမျိုးတွေဟာ ဘယ်လိုလဲဆိုတာကို သိရှိလောက်ပါပြီ။သင်ဘယ်လိုလူလဲ သင်ဘယ်လိုလူလဲဆိုတာ သိဖို့အရေးကြီးပါတယ်။
ဒါပေမယ့် ဒီထက် အရေးကြီးဆုံးကတော့ ““သင်ဘယ်လိုလူမျိုးဖြစ်ချင်သလဲ”” ဆိုတာ ပါပဲ။ ဒီလူအမျိုးအစားလေးမျိုးကို သေချာသုံးသပ်ပြီး ကိုယ့်ဘဝကိုယ် ပြောင်းလဲဖို့
စတင်နိုင်ပါတယ်။ ကိုယ့်ဘဝဟာ ကိုယ့်လက်ထဲမှာပါပဲ။ ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ပါတယ်။ အခုချက်ချင်းပဲ သင်လက်ရှိဖြစ်နေတဲ့ လူအမျိုးအစားထဲကနေ သင်အနာဂတ်မှာ ဖြစ်ချင်နေတဲ့ လူမျိုးဖြစ်အောင်စတင်
လိုက်ပါတော့လို့တိုက်တွန်းလိုက်ပါတယ်။

Let’s Fly Together!
ဖူးကျော်ဇင် (Future Wave)