၂၀၁၆ ခုနှစ်က Google မှာ မြန်မာစာ တစ်ချို့ကို ဇော်ဂျီနဲ့ကော ယူနီကုဒ်နဲ့ ပါစမ်းသပ်ရှာဖွေကြည့်ခဲ့ပါတယ်။ ပြီးတော့ ရလာတဲ့ ရလဒ်ကို ယှဉ်ကြည့်ပြီး ဘယ်လောက်ထိ တိတိကျကျ အဖြေကို ဖော်ပြနိုင်လဲဆိုတာကို စမ်းစစ်ခဲ့ပါတယ်။
အဲဒီအချိန်က ရှာဖွေကြည့်ခဲ့တဲ့ စာလုံးကတော့ “ဝေးလွင့်ခြင်းရဲ့ နောက်ဆုံးခြေရာ” ဆိုတဲ့သီချင်းနာမည်ပါ။ ရှာဖွေခဲ့တဲ့ အချိန်ကတော့ ၂၀၁၆ ဇန်နဝါရီလပါ။
ပထမဆုံးကွန်ပျူတာထဲက လက်ကွက်ကို ယူနီကုဒ်ကိုပြောင်းပြီး ရိုက်ပါတယ်။ ရလာတဲ့အဖြေက အောက်ပါအတိုင်းဖြစ်ပါတယ်။
၂၀၁၆ခုနှစ်တွင် ရှာဖွေစဉ်က ရရှိသော ရလဒ်


ဒီနှစ်ခုကို ယှဉ်ကြည့်လို့ ရလာတဲ့အဖြေကတော့ Google မှာ မြန်မာလိုရှာလို့ ရပါတယ်။ ယူနီကုဒ်နဲ့ ရှာဖွေတဲ့အခါမှာ ပထမဆုံးပြတဲ့ ရလဒ်တွေကတော့ ကျွန်တော်ရှာဖွေလိုတဲ့ သီချင်းတွေကို မှန်မှန်ကန်ကန် ဖော်ပြပေးနိုင်ပြီးတော့ ဇော်ဂျီနဲ့ ရှာတဲ့အခါတော့ သိပ်ပြီး မသက်ဆိုင်တဲ့ အရာတွေကို ထိပ်ဆုံးမှာဖော်ပြပေးပါတယ်။
ယူနီကုဒ်နဲ့ရှာတဲ့အခါ အချက်အလက်ပေါင်း ၃၇၁၀ ထွက်ရှိလာပါတယ်။ ဇော်ဂျီနဲ့ရိုက်ရှာတဲ့အခါမှာတော့ ၁၆၉ ခုပဲတွေ့ပါတယ်။ ကျန်တဲ့အချက်တွေ ပျောက်ဆုံးနေပါတယ်။ တစ်နည်းအားဖြင့် ရှာဖွေလို့ မတွေ့ပါဘူး။
၂၀၁၉ ခုနှစ်တွင် ရှာဖွေစဉ် တွေ့ရသော ရလဒ်
အခု ၃နှစ်ကျော်လာက်ကြာတဲ့အခါမှာ ဒီစမ်းသပ်မှုကို နောက်တစ်ခါပြန်လုပ်ကြည့်ပါတယ်။ အဲဒီအချိန်က ရှာခဲ့တဲ့ စာလုံးကိုပဲ ပြန်ရှာကြည့်တဲ့အခါ ရလဒ်က အောက်ပါအတိုင်းဖြစ်ပါတယ်။


ဒီ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ကျွန်တော်က မတူညီတဲ့ စာရိုက်နည်းနှစ်ခုနဲ့ Google မှာရှိက်ရှာခဲ့ပေမယ့် အဖြေကတော့ ၁၅၅၀၀ ခုထွက်လာပါတယ်။ နှစ်ခုစလုံးဟာ ပထမဆုံးပြတဲ့ရလဒ် ခြင်းလည်းအတူတူဖြစ်ပါတယ်။ ပြီးတော့ ထွက်လာတဲ့အဖြေချင်းလည်းအတူတူဖြစ်ပါတယ်။
ဒါကြောင့် Google က ဒီနှစ်ပိုင်းတွေအတွင်းမှာ မြန်မာစာနဲ့ ရှာလို့ရတဲ့ အဖြေကို ပိုတိုးတက်အောင် ပြုလုပ်နေတယ်ဆိုတာသိသာထင်ရှားပါတယ်။ ဇော်ဂျီပဲ သုံးသုံး ယူနီကုဒ်ပဲ သုံးသုံး ရှာလို့ထွက်လာတဲ့အဖြေကို အတူတူပဲ ပြအောင် လုပ်လျက်ရှိပါတယ်။ နောက်တစ်ခု ဒီမှာ မဖော်ပြထားပမယ့် သတိပြုမိတဲ့အချက်ကတော့ ယခင်က အစစာလုံးရိုက်ရင် ဖော်ပြစမြဲ ဖြစ်တဲ့ sex နဲ့ ပတ်သက်တဲ့ စာလုံးတွေကို auto complete တွေမှာ အတွေ့ရနည်းလာပါတယ်။
အလားတူစမ်းသပ်မှုမျိုးကို အခြားစကားလုံးတွေနဲ့လည်း စမ်းကြည့်လို့ရပါသေးတယ်။


အခြား search engine များတွင်ရှာဖွေခြင်း
ဒါမျိုးကို Google မှာမဟုတ်ပဲ အခြား search engine တွေမှာ ရှာကြည့်ရင်ကော ဘယ်လိုဖြစ်မလဲ၊
Bing မှာရှာကြည့်တဲ့အခါ တွေ့ရတဲ့အဖြေက အောက်ပါအတိုင်း မတူပဲကွဲပြားပါတယ်။


ရလဒ် အရေအတွက်အားဖြင့် ကြည့်လိုက်ရင် လည်း အလွန်ကိုနည်းတာတွေ့ရပါတယ်။ ယူနီကုဒ် နဲ့ရှာရင် ၉၇ ခု ထွက်လာပြီး ၊ ဇော်ဂျီနဲ့ရှာရင်တော့ ၂၀ ခုပဲတွေ့ရပါတယ်။ Google search မှာတော့ အဖြေပေါင်း ၂.၅ သန်းကျော်ထွက်လာပါတယ်။
Conclusion
အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ Google မှာ မြန်မာလို စရှာဖို့ အတွက် အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်။ ကိုယ်သိချင်တဲ့ နည်းပညာ၊ အချက်အလက်တွေကို မြန်မာလို ရိုက်လိုက်ပြီး ရှာဖွေဖတ်ရှု့နိုင်မယ်ဆိုရင် အများစုအတွက် language barrier တစ်ခုလိုဖြစ်နေတဲ့ အင်္ဂလိပ်စာ အခက်အခဲကို ကျော်လွှားနိုင်မှာပါ။ နောက်ပြီး ယူနီကုဒ်နဲ့ ရှာဖွေတဲ့အခါ ပိုမိုရှာဖွေတွေ့ရှိတာကိုလည်း အစောပိုင်း ကစမ်းသပ်ချက်တွေအရ မြင်တွေ့နိုင်ပါတယ် ။
Google ရဲ့ အလိုအလျောက် ဇော်ဂျီ ကနေယူနီကုဒ် ၊ ယူနီကုဒ် ကနေ ဇော်ဂျီပြောင်းလဲတဲ့ စနစ်တွေအလုပ်လုပ်နေတဲ့အတွက် ကြောင့်လည်း ခုလိုမျိုး အဖြေအတူတူထွက်လာတယ်လို့ ယူဆရပါတယ်။ မူရင်း website များမှာ ဇော်ဂျီနဲ့ ရေးသားထားရင်တောင် Google search မှာ ယူနီကုဒ် အနေနဲ့ပြောင်းလဲဖော်ပြပေးလျက်ရှိနေတာကို လည်း သတိထားမိကြမယ်ထင်ပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေက စနစ်တစ်ခုကနေ တစ်ခုကူးပြောင်းတဲ့အခါ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေကြတဲ့အချိန် ကျွန်တော်တို့လည်း ယူနီကုဒ် ဘက်ကို စတင်ကူးပြောင်းတော့မယ်ဆိုရင် အခုအချိန်ဟာ အချိန်ကောင်းတစ်ခုပဲလို့ ပြောရင်း ဒီနေရာမှာပဲ ခတ္တရပ်ပါရစေ၊ ယူနီကုဒ်အကြောင်း ဆက်လေ့လာလိုရင် Unicode toolkit မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်
- Myanmar Unicode made easy. - August 27, 2019
- Search Engine မှာ ယူနီကုဒ်နဲ့ ဇော်ဂျီ ယှဉ်ပြီး ရှာတဲ့အခါ - June 28, 2019
- Civil War Between Fonts - June 21, 2019
